← Chapters

အခန်း (၉၉၁-၉၉၂)

Vol. 72 Ch. 991-992

အခန်း (၉၉၁-၉၉၂)

Vol. 72 Ch. 991-992

အခန်း ၉၉၁ သတ်ဖြတ်ခြင်းအာရုံ

ပဉ္စမမြောက် မီးဖို၏ မရေမတွက်နိုင်သော ဟင်းလင်းပြင် ကမ္ဘာများထဲတွင် နယ်စပ်စည်း သုံးကြောင်း ရှိနေသည်။ ယင်းတို့သည် ပဉ္စမမြောက် မီးဖိုကြီး တစ်ခုလုံးကို နယ်မြေလေးခုအဖြစ် ပိုင်းခြားထားသည့် နယ်နိမိတ်စည်းများကဲ့သို့ပင် ဖြစ်၏။

ထိုနယ်စပ်စည်းများကို လေထဲတွင် လွင့်မျောနေသော စင်မြင့်အဝိုင်းများဖြင့် ဖွဲ့စည်းထားပြီး ယင်းတို့အနက် တစ်စင်ချင်းစီကို ဝိညာဉ် ဖြတ်သန်းခြင်း စင်မြင့်ဟု ခေါ်ဆိုကြသည်။

ထိုအခိုက်အတန့်တွင် မှေးမှိန်သော အလင်းရောင်များ တောက်ပနေသည့် စင်မြင့်ခြောက်စင် ရှိနေသည်။ စင်မြင့်တို့သည် တစ်စင်နှင့်တစ်စင် ဆက်နွှယ်နေကြပြီး ဝေးကွာသော နေရာမှပင် လှမ်းမြင်နိုင်၏။ ကျန်ရှိသော စင်မြင့်များမှာမူ မြူခိုးလွှာတစ်လွှာအောက်တွင် ဖုံးကွယ်နေသဖြင့် လူတို့အနေဖြင့် ၎င်းတို့ကို ရှင်းလင်းစွာ မမြင်နိုင်သလို ထိုပေါ်တွင် အဘယ်အရာ ရှိနေသည်ကိုလည်း အသေသေချာချာ မသိနိုင်ချေ။

တောက်ပနေသော ဝိညာဉ် ဖြတ်သန်းခြင်း စင်မြင့် ခြောက်စင်ဟူသည် ပဉ္စမမြောက် မီးဖိုအတွင်းသို့ လှမ်းဝင်လာသူ ခြောက်ဦး ရှိနေခြင်းကို အဓိပ္ပာယ်ရသည်။ အကယ်၍ လူများ ပိုမိုရောက်ရှိလာပါက မှုန်ဝါးဝါး အခြေအနေတွင် ရှိနေသော စင်မြင့်များမှာ ပိုမိုထင်ရှားစွာ ပေါ်ထွက်လာပေမည်။

ဤသည်မှာ ပဉ္စမမြောက် မီးဖို၏ ဆန်းကြယ်သော အချက်ပင် ဖြစ်သည်။ မီးဖိုသည် အသက် ရှိနေသကဲ့သို့ ထူးဆန်းပြီး အထဲသို့ လှမ်းဝင်လာသည့် လူဦးရေကို အာရုံခံနိုင်စွမ်း ရှိပုံရကာ နယ်စပ်စည်း သုံးကြောင်းရှိ ဝိညာဉ်ဖြတ်သန်းခြင်း စင်မြင့်များကို အသုံးပြု၍ လူဦးရေအား ဖော်ပြပေးနေခြင်း ဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက် သေဆုံးသွားပါက သူနှင့် သက်ဆိုင်သော ဝိညာဉ်ဖြတ်သန်းခြင်း စင်မြင့်သည်လည်း ပျောက်ကွယ်သွားပေမည်။

ထိုအချိန်တွင် စင်မြင့်ခြောက်စင်အနက် နှစ်စင်ပေါ်၌ ထိုင်၍ ကျင့်ကြံနေသူ နှစ်ဦး ရှိနေသည်။ သူတို့က အခြားသူများ မဟုတ်ဘဲ ဆရာတော် ကျိလုံနှင့် မျက်ခုံးဝါ အမျိုးသားတို့ပင် ဖြစ်သည်မှာ အထူးတလည် ပြောနေစရာပင် မလိုတော့ချေ။

သူတို့၏ ကျင့်ကြံခြင်းအဆင့်က အမြင့်မားဆုံး ဖြစ်သောကြောင့် ပြင်ပအလွှာရှိ ဟင်းလင်းပြင် ကမ္ဘာများကို အမြန်ဆုံး ဖြတ်သန်းကာ တတိယမြောက် အဆင့်၏ နယ်စပ်စည်းသို့ ရောက်ရှိလာနိုင်ခြင်း ဖြစ်သည်။ သူတို့သည် ဤနေရာ၌ စောင့်ဆိုင်းနေခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်၏။

ထိုနှစ်ဦးစလုံးသည် ရှေ့သို့ ဆက်လက် လှမ်းတက်ရန် မရွေးချယ်ခဲ့ဘဲ အခြားသူများကို စောင့်ဆိုင်းရန်သာ ဆုံးဖြတ်ခဲ့ကြသည်။ သူတို့အတွက်မူ တတိယမြောက် အဆင့်၏ နယ်စပ်စည်းကို ကျော်လွန်သော ဟင်းလင်းပြင် ကမ္ဘာများသည် ရှုပ်ထွေးပွေလီနေနိုင်သော်လည်း ကံတရားက အလွန်အမင်း ဆိုးဝါးမနေသရွေ့ သူတို့၏ စွမ်းအားဖြင့် သေဆုံးရန် အကြောင်းမရှိချေ။ အလွန်ဆုံးရှိလှ ကုန်ဆုံးမည့် အချိန်ပမာဏသာ ကွာခြားပြီး ဤနေရာသို့ ရောက်ရှိလာကြမည် ဖြစ်သည်။

သူတို့၏ တွက်ချက်မှုအရ နောက်ထပ် တစ်ရက်မျှ ကြာလျှင် အခြားသူများသည်လည်း တစ်ယောက်ပြီး တစ်ယောက် အစီအရီ ရောက်ရှိလာကြပေလိမ့်မည်။

သို့သော် ထိုခဏ၌ပင် မျက်ခုံးဝါ အမျိုးသားနှင့် ဆရာတော် ကျိလုံတို့သည် မျက်လုံးများကို မှိတ်ကာ စကားတစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်ငြိမ်သက်ခြင်း တံတိုင်းကြီးအား တည်ဆောက်ထားစဉ် တတိယမြောက် စင်မြင့်ထံမှ အလင်းတန်းများ စတင်ဖြာထွက်လာခဲ့သည်။

လင်းလက်လာသော အလင်းရောင်ကြောင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်မှာ ချက်ချင်းပင် လင်းထိန်သွားခဲ့ပြီး ဆရာတော် ကျိလုံအား အံ့အားသင့်ရိပ် အနည်းငယ်ဖြင့် မျက်လုံးများကို ဖွင့်ကြည့်မိသွားစေခဲ့သည်။

အခြားစင်မြင့်ပေါ်မှ မျက်ခုံးဝါ အမျိုးသားသည်လည်း မျက်လုံးများကို ဖွင့်လိုက်၏။ သူ့အကြည့်က လင်းလက်နေသော စင်မြင့်ထံသို့ ကျရောက်သွားခဲ့ပြီး မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိသော်လည်း နှလုံးသားထဲတွင်မူ စုစုစိုက်စိုက် စိတ်ဝင်စားမှုများ ပြည့်နှက်သွားခဲ့သည်။ သူနှင့် ကျိလုံပြီးနောက် ဤနေရာသို့ တတိယမြောက် ရောက်ရှိလာမည့်သူမှာ မည်သူဖြစ်မည်နည်း။ ထိုသူသည် သူတို့ ခန့်မှန်းထားသည့် အချိန်ထက် သိသိသာသာ စောစီးစွာ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သူတို့နှစ်ဦးစလုံး လှမ်းကြည့်လိုက်သောအခါ တတိယမြောက် စင်မြင့်ထံမှ လင်းလက်နေသည့် အလင်းရောင်မှာ ချက်ချင်းပင် အတောက်ပဆုံး အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ထိုအလင်းက လျင်မြန်စွာ လင်းလက်တုန်ခါနေသဖြင့် စင်မြင့်ကြီး ကိုယ်တိုင်ပင် ရှုပ်ထွေးပွေလီသော ဖြစ်တည်မှုအဖြစ်သို့ ကျရောက်သွားကာ ပုံရိပ်ယောင် အသွင်မှ တကယ့် အစစ်အမှန် အသွင်သို့ မပြတ်မစဲ ကူးပြောင်းနေသကဲ့သို့ပင်။

ခေတ္တမျှ ကြာပြီးနောက် ဟင်းလင်းပြင်ထဲမှ မသဲမကွဲ ပုံရိပ်တစ်ရိပ် လေဟာနယ်ထဲတွင် ရုတ်ချည်း ပေါ်ထွက်လာပြီး တဖြည်းဖြည်းနှင့် ခန္ဓာကိုယ်အသွင် သဏ္ဌာန် ပေါ်လာခဲ့လေသည်။ ထိုပုံရိပ်၏ အဝန်းအဝိုင်းကို ကြည့်ရုံမျှဖြင့် ကျိလုံနှင့် မျက်ခုံးဝါ အမျိုးသားတို့သည် ဤသူမှာ ကျူးယိုချိုက် သို့မဟုတ် မီးမိစ္ဆာဘိုးဘေး မဟုတ်ကြောင်း ကောင်းစွာ သိရှိနိုင်ကြပေသည်။

ဤသူသည် ကင်းခြေများ ဖြစ်သော ဝတ်စုံဖြူလုလင် သို့မဟုတ် သူတို့ထဲတွင် ကျင့်ကြံခြင်း အဆင့်အတန်း အနိမ့်ဆုံးဖြစ်သော်လည်း ဆန်းကြယ်နက်နဲမှု အချို့ကို ပိုင်ဆိုင်ထားပုံရသည့် စုမင်သာလျှင် ဖြစ်ရပေမည်။

အသက်ရှိုက်စာ အနည်းငယ်အကြာတွင် ထိုပုံရိပ်မှာ အစစ်အမှန် ခန္ဓာကိုယ်အဖြစ်သို့ အပြည့်အဝ ပြောင်းလဲသွားပြီး စုမင်သည် စင်မြင့်ပေါ်တွင် မတ်တတ်ရပ်လျက် ပေါ်ထွက်လာခဲ့သည်။ သူ့မျက်နှာ အမူအရာမှာ အေးစက်တည်ငြိမ်နေပြီး မည်သည့် ခံစားချက် အရိပ်အယောင်မျှ မရှိချေ။ သူသည် ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ ဝေ့ကြည့်လိုက်ပြီးနောက် တင်ပျဉ်ခွေလျက် ငြိမ်သက်စွာ ထိုင်ချလိုက်တော့သည်။

စုမင် ပေါ်လာခြင်းက မျက်ခုံးဝါ အမျိုးသား၏ မျက်လုံးများကို ချက်ချင်းပင် အရောင်တောက်ပသွားစေခဲ့သည်။ ဤသည်မှာ သူ့ရှေ့တွင် စကားနည်းသော ထိုလူသားအပေါ် သူ အလေးထား ဂရုပြုမိခြင်း ဒုတိယအကြိမ်မြောက် ဖြစ်၏။

ပထမအကြိမ်သည် ယခင် လောင်းကြေးထပ်စဉ်က ဖြစ်သော်လည်း ယခုအကြိမ်နှင့် နှိုင်းယှဉ်လျှင် ထိုစဉ်က ဂရုပြုမိမှုမှာ ပြောပလောက်အောင် မရှိခဲ့ချေ။ မျက်ခုံးဝါ အမျိုးသားသည် စုမင်အား နက်ရှိုင်းသော အကြည့်တစ်ချက်ဖြင့် စိုက်ကြည့်လိုက်သည်။ လောင်းကြေးထပ်စဉ်က စုမင် အစောဆုံး ရောက်ရှိလာခြင်းကို ကံတရားဟူသော စကားလုံးဖြင့် ဆင်ခြေပေးနိုင်သော်လည်း ယခုအကြိမ်တွင် တတိယမြောက် လှမ်းထွက်လာသူ ဖြစ်လာခြင်းကမူ သူ၏ စွမ်းအား အစစ်အမှန်အား သက်သေပြရန် လုံလောက်နေပြီဖြစ်ကြောင်း သူ ကောင်းစွာ သိရှိလေသည်။

အင်အားရှိသူ မှန်သမျှသည် မည်သည့်နေရာသို့ ရောက်ရှိပါစေ အလေးအမြတ်ပြုခြင်းကို ခံရမြဲ ဖြစ်သည်။ မျက်ခုံးဝါ အမျိုးသားသည် ခေတ္တမျှ တွေးတော ငြိမ်သက်သွားပြီးနောက် စုမင်၏ ခန္ဓာကိုယ်ထံမှ အကြည့်ကို လွှဲလိုက်ကာ စိတ်ထဲတွင် အတွေးအချို့ ပေါ်ပေါက်လာခဲ့၏။

လှမ်းထွက်လာသူမှာ စုမင် ဖြစ်နေကြောင်း ကျိလုံ မြင်လိုက်ရသောအခါ သူ့မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားခဲ့သော်လည်း စကားတစ်ခွန်းမျှ မဆိုခဲ့ချေ။ ထို့ပြင် မျက်လုံးများကို မှိတ်ကာ ကျင့်ကြံခြင်းထဲသို့ ပြန်လည် နစ်မြုပ်သွားခဲ့လေသည်။

ပတ်ဝန်းကျင် တစ်ခွင်လုံးက အလွန် ငြိမ်သက်နေခဲ့သည်။ စုမင်နှင့် ကျန်နှစ်ဦးစလုံးသည် တင်ပျဉ်ခွေလျက် ထိုင်နေကြပြီး မည်သူမျှ စကားမဆိုကြချေ။ စုမင်သည် ခေါင်းကို မော့ကာ လေထုထဲသို့ လှမ်းကြည့်လိုက်သည်။ လေထဲတွင် မြူခိုးများ လှိမ့်ဝင်ကာ အုံ့မှိုင်းသော အသွင် ဆောင်နေသည်ကို ကြည့်ရင်း စိတ်ထဲ၌ ယခင်က ပြုလုပ်ခဲ့သော ခန့်မှန်းချက်နှစ်ချက်အား ပြန်လည် တွေးတောမိနေခဲ့သည်။

အဘယ် ခန့်မှန်းချက်က မှန်ကန်သည်ဖြစ်စေ သူ့အတွက်မူ ယခုအကြိမ် ပဉ္စမမြောက် မီးဖိုသို့ လာရောက်သည့် ခရီးစဉ်သည် သူ့ဘဝသက်တမ်းတစ်လျှောက် မည်သည့်အခါမျှ ဖျက်ဆီး၍ မရနိုင်တော့မည့် တံဆိပ်ခတ်ခြင်း တစ်ခု ဖြစ်လာတော့မည်မှာ မြေကြီးလက်ခတ်မလွဲပင်။

စုမင် မျက်လုံးများကို မှိတ်လိုက်သည်။ သူသည် ဤကိစ္စနှင့် ပတ်သက်၍ အဖြေ မရရှိသေးသော်လည်း ပဉ္စမမြောက် မီးဖို၏ ဗဟိုချက်နှင့် ပိုမိုနီးကပ်လာလေလေ သူ၏ သံသယ မေးခွန်းများမှာ ပိုမို၍ အဖြေပေါ်လာလိမ့်မည်ဖြစ်ကြောင်း ကောင်းစွာ သိရှိနေ၏။ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့ရသည့်တိုင်အောင် တဖြည်းဖြည်း ပိုမိုထင်ရှားလာမည်ဖြစ်ပြီး သူ၏ ခန့်မှန်းချက် နှစ်ချက်အနက် မည်သည့်အရာက အမှန်တရားဖြစ်ကြောင်း မျက်ဝါးထင်ထင် မြင်တွေ့ရပေမည်။

စုမင် ကျင့်ကြံနေစဉ် အချိန်များသည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။ တစ်ရက်ခန့် ကုန်လွန်သွားသောအခါ စတုတ္ထမြောက် စင်မြင့်ထံမှ အလင်းရောင်များ ဖြာထွက်လာခဲ့လေသည်။ ယခင်က စုမင် ပေါ်လာစဉ်ကကဲ့သို့ပင် စတုတ္ထမြောက် စင်မြင့်၏ အလင်းရောင် အတောက်ပဆုံး အခြေအနေသို့ ရောက်ရှိသွားချိန်တွင် အထဲ၌ မသဲမကွဲ ပုံရိပ်တစ်ရိပ် ပေါ်ထွက်လာခဲ့၏။

ထိုပုံရိပ် ရှင်းလင်းပြတ်သားခြင်း မရှိသေးမီမှာပင် ပဉ္စမမြောက် စင်မြင့်သည်လည်း စတင် လင်းလက်လာခဲ့ပြီး ထိုနေရာ၌လည်း မသဲမကွဲ ပုံရိပ်တစ်ရိပ် ပေါ်လာခဲ့ပြန်သည်။

စင်မြင့် နှစ်စင်စလုံး လင်းလက်နေသဖြင့် ပတ်ဝန်းကျင် နယ်မြေတစ်ခုလုံးမှာ အလင်းနှင့်အမှောင် အလဲအလှဲ ဖြစ်ပေါ်နေခဲ့သည်။ အသက်ရှိုက်စာ အနည်းငယ်အကြာတွင် ကျူးယိုချိုက်သည် စတုတ္ထမြောက် စင်မြင့်ပေါ်သို့ လှမ်းတက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ကြီးမှာ အလွန် ကြီးမားသဖြင့် ခြေထောက်က စင်မြင့်ပေါ်သို့ ကျရောက်သွားသည့် အခိုက်အတန့်တွင် စင်မြင့်ကြီးပင် တုန်ခါသွားခဲ့ရ၏။

သူ ပေါ်လာသည်နှင့် တပြိုင်နက် တောက်ပနေသော ပဉ္စမမြောက် စင်မြင့်ထံသို့ ချက်ချင်း လှမ်းကြည့်လိုက်သော်လည်း မကြာမီပင် သူ့မျက်လုံးများထဲ၌ အံ့အားသင့်ရိပ်များ ပေါ်လာခဲ့သည်။ ပဉ္စမမြောက် စင်မြင့်ပေါ်တွင် ကင်းခြေများ ဖြစ်သော ဝတ်စုံဖြူလုလင်၏ ခန္ဓာကိုယ်မှာ ရုပ်လုံးပေါ်လာခဲ့ခြင်း ဖြစ်သည်။

ကျူးယိုချိုက် လှမ်းကြည့်လိုက်သောအခါ ဝတ်စုံဖြူလုလင်သည်လည်း သူ့အကြည့်ကို ဆုံလိုက်သည်။ သူတို့နှစ်ဦး အကြည့်ချင်း ဆုံမိသွားကြပြီးနောက် စကားမဆိုကြဘဲ ပတ်ဝန်းကျင်ကို တစ်ပြိုင်နက်တည်း ဝေ့ကြည့်လိုက်ကြ၏။ မျက်ခုံးဝါ အမျိုးသားနှင့် ဆရာတော် ကျိလုံတို့၏ ပုံရိပ်များက သူတို့ မျက်နှာအမူအရာကို ကြီးကြီးမားမား ပြောင်းလဲခြင်း မရှိစေခဲ့သော်လည်း စုမင်အား မြင်လိုက်ရသောအခါတွင်မူ သူတို့၏ မျက်သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့ကြရသည်။

စုမင်သည် တတိယမြောက် စင်မြင့်ပေါ်တွင် ရှိနေပြီး စတုတ္ထနှင့် ပဉ္စမမြောက် စင်မြင့်များထံမှ လင်းလက်လာသော အလင်းရောင်များကြောင့် မျက်လုံးများကို ဖွင့်မကြည့်ခဲ့ချေ။ သို့သော် ကျူးယိုချိုက်နှင့် ဝတ်စုံဖြူလုလင်တို့က သူ့ဘက်သို့ လှမ်းကြည့်လိုက်ကြသောအခါ သူသည် အာရုံခံမိပုံရပြီး မျက်လုံးများကို ဖွင့်ကာ အေးစက်တည်ငြိမ်စွာ ပြန်လည် စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် မသိမသာ မထုံတတ်တေး ပြုမူသော အကြည့်များနှင့် အေးစက်သော အမူအရာများ ကိန်းအောင်းနေခဲ့၏။

ကျူးယိုချိုက်၏ မျက်လုံးများ လင်းလက်သွားပြီးနောက် အကြည့်ကို လွှဲဖယ်ရန် ရွေးချယ်လိုက်သည်။ သူသည် စုမင်အား အချိန်အကြာကြီး စိုက်မကြည့်ဝံ့ဘဲ တင်ပျဉ်ခွေလျက် ထိုင်ချလိုက်ပြီးနောက် လွတ်လပ်နေသော ဆဋ္ဌမမြောက် စင်မြင့်ထံသို့ အကြည့်ကို ပို့လွှတ်လိုက်၏။ သူ့နှလုံးသားထဲတွင် အနည်းငယ် ဝေခွဲမရ ဖြစ်နေခဲ့သည်။ မီးမိစ္ဆာဘိုးဘေးထံတွင် အဘယ်အရာများ အတိအကျ ဖြစ်ပွားခဲ့သဖြင့် ယခုတိုင်အောင် ဤနေရာသို့ အပြေးအလွှား ရောက်ရှိမလာနိုင်ရသနည်း။

ဝတ်စုံဖြူလုလင်ကမူ စုမင်အား စေတနာအရိပ်အယောင် ပါရှိသော အပြုံးတစ်ခု ပြုံးပြလိုက်ပြီးနောက် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်၏။ ထိုသို့ ပြုလုပ်ပြီးနောက် သူသည် ထိုင်ချလိုက်ပြီး ညာလက်ဖြင့် လေထုကို ဆွဲကိုင်လိုက်သည်။ ထိုအခါ ကြောင်အမျိုးသမီးသည် ချက်ချင်း ပေါ်ထွက်လာခဲ့လေသည်။ သူမသည် ပိန်လှီကာ နွမ်းလျနေပုံရပြီး လည်ပင်းပေါ်ရှိ အကိုက်ခံထားရသော အမှတ်အသားများမှာ မည်းမှောင်နေခဲ့ပြီ ဖြစ်သော်လည်း မျက်လုံးများမှာမူ ဝိညာဉ် ပျောက်ဆုံးနေသကဲ့သို့ တည်ငြိမ်အေးစက်နေဆဲပင်။

ဝတ်စုံဖြူလုလင်သည် သူမ၏ လည်ပင်းကို နောက်တစ်ကြိမ် ထပ်မံ ကိုက်ခဲလိုက်ပြန်သည်။ စုမင်သည် ဤမြင်ကွင်းကို အေးစက်သော အကြည့်ဖြင့် စောင့်ကြည့်နေခဲ့၏။ သူ့မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိသော်လည်း အထွတ်အထိပ် ရတနာဖြင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်အတွင်းရှိ လူများအားလုံးသည် စုမင်၏ ဝိညာဉ်ထံမှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်းအာရုံကို ထင်ရှားစွာ ခံစားလိုက်ကြရသည်။

ဤသတ်ဖြတ်ခြင်း အာရုံက သူတို့၏ ဝိညာဉ်များကို အေးစက် တုန်ရင်သွားစေခဲ့သည်။ ဘိုးဘေးလုံဟိုင်း တစ်ဦးတည်းသာလျှင် ကြောင်အမျိုးသမီးကို မြင်သောအခါ အရာတစ်ခုအား တွေးတောမိသွားခဲ့၏။ အမှန်စင်စစ် သူသည် အစောပိုင်းက အထွတ်အထိပ် ရတနာဖြင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားစဉ်ကပင် ရွှီဟွေကို သတိပြုမိခဲ့ပြီး ထိုသို့ သတိပြုမိသည်နှင့် နှလုံးသားထဲ၌ ခန့်မှန်းချက် အချို့ ပေါ်ပေါက်နေခဲ့ပြီး ဖြစ်သည်။ ဘိုးဘေးလုံဟိုင်းသည် ရွှီဟွေအား ယခင်က မမြင်ဖူးသော်လည်း သူမ၏ ဖြစ်တည်မှုနှင့် ဖီးနစ်ဂိုဏ်း၏ သီးသန့်ကျင့်စဉ်တို့မှာ သူ့အာရုံကို သဘာဝအတိုင်း ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။

'ဖီးနစ်ဂိုဏ်းရဲ့ သန့်စင်တဲ့ အမျိုးသမီး၊ ရွှမ်မိသားစုရဲ့ အထွတ်အထိပ် ရတနာ၊ ပြီးတော့ ဖီးနစ်ဂိုဏ်းရဲ့ ရုပ်ပြောင်းကျိန်စာ တိုက်ခိုက်ခံထားရတာ ထင်ရှားတဲ့ ဒီကြောင်အမျိုးသမီး၊ အဲဒါတင်မကသေးဘူး သူက အဲဒီ ကျိန်စာသင့် သစ်ပင်ကြီးကိုတောင် သူ့ကို အရိုအသေပေးအောင် လုပ်နိုင်ခဲ့တယ်။ တကယ်တော့ ဒီလူက ဘယ်သူလဲ'

ဘိုးဘေးလုံဟိုင်း၏ မျက်နှာအမူအရာမှာ ယခင်အတိုင်း တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူသည် စုမင်၏ အထောက်အထားကို စတင် ခန့်မှန်းနေခဲ့ပြီ ဖြစ်သည်။

စုမင်သည် ဝတ်စုံဖြူလုလင်က ကြောင်အမျိုးသမီး၏ သွေးနှင့် အနှစ်သာရများအား စုပ်ယူနေသည်ကို စောင့်ကြည့်နေခဲ့သည်။ ဤအမျိုးသမီးသည် သူနှင့် ကြီးမားသော ဆက်နွှယ်မှု မရှိသော်လည်း သူမက သူ့အား သခင်လေးဟု ခေါ်ဆိုခဲ့ဖူးသည်။ သူသည် တာအိုခုန်း၏ အရာအားလုံးကို အစားထိုးခဲ့ပြီးနောက် စုမင်သည် မိမိ၏ လူများအပေါ် ကာကွယ်လိုစိတ် ကြီးမားသဖြင့် ဤအချက် တစ်ချက်တည်းဖြင့်ပင် သူ၏ သတ်ဖြတ်ခြင်း အာရုံကို နှိုးဆွရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။

အကယ်၍ ဝတ်စုံဖြူလုလင်သည် ဆရာတော် ကျိလုံနှင့် တစ်ဖွဲ့တည်း ဖြစ်နေသည်ကို သိမထားပါက ထို့ပြင် သူ တိုက်ခိုက်လိုက်လျှင် သူ့ရည်ရွယ်ချက်ကို မအောင်မြင်နိုင်သည့်အပြင် ဘေးအန္တရာယ်နှင့်ပင် ကြုံတွေ့ရနိုင်ကြောင်း သတိမပြုမိပါက သူသည် လွန်ခဲ့သော အချိန်ကတည်းကပင် လက်ဦးမှု ယူခဲ့ပြီး ဖြစ်ပေမည်။

ထိုခဏ၌ သူသည် ဝတ်စုံဖြူလုလင်ထံမှ အကြည့်ကို လွှဲလိုက်သည်။ သူ့မျက်နှာအမူအရာမှာ ယခင်အတိုင်းပင် ဖြစ်သဖြင့် အခြားသူများအနေဖြင့် သူ့တွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒ ရှိနေကြောင်း မသိနိုင်ကြချေ။ သူ့အပေါ် မကောင်းသောအကြံ ကြံစည်ခဲ့သည့် မီးမိစ္ဆာဘိုးဘေးကိုပင် သူ ဥပါယ်တံမျဉ်ဖြင့် ရှင်းလင်းနိုင်ခဲ့လျှင် အလားတူ နည်းလမ်းအား အသုံးပြု၍ နောက်ထပ် လူတစ်ယောက်ကို သတ်ဖြတ်ရန်မှာ သဘာဝကျပေသည်။

သူသည် ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင် တစ်ဦး ဖြစ်နေလျှင်ကော ဘာဖြစ်သနည်း။

အကယ်၍ စုမင်သာ သူ့စွမ်းအား အပြည့်အဝကို ထုတ်သုံးပြီး ဘိုးဘေးလုံဟိုင်းအား အစွမ်းကုန် တိုက်ခိုက်ခိုင်းမည်ဆိုပါက ထိုသည်က ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင်တို့၏ စွမ်းအားမျှသာ ဖြစ်တော့မည် မဟုတ်ချေ။ ထိုအစား သူသည် ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင်တစ်ဦး ပိုင်ဆိုင်အပ်သော စွမ်းအား အစစ်အမှန်ကို အမှန်တကယ် ပိုင်ဆိုင်လာရမည်။ ဤသည်မှာလည်း စုမင်က ဘိုးဘေးလုံဟိုင်းကို ကယ်တင်ခဲ့ရသည့် အကြောင်းရင်းများအနက် တစ်စိတ်တစ်ပိုင်း ဖြစ်၏။

စုမင်သည် အကြည့်အား လွှဲလိုက်စဉ် မျက်လုံးများကို မှိတ်လိုက်ပြီး မည်သူမျှ သတိမပြုမိနိုင်သော သတ်ဖြတ်ခြင်းအာရုံအား တည်ငြိမ်သော အကြည့်အောက်တွင် ဖုံးကွယ်ထားလိုက်သည်။ သို့သော် သူ မျက်လုံးများကို မှိတ်လိုက်သည့် အခိုက်အတန့်တွင်ပင် ချက်ချင်းဆိုသလို ပြန်လည် ဖွင့်ကြည့်လိုက်မိပြန်သည်။

သူ့အကြည့်က ကြောင်အမျိုးသမီးထံသို့ ကျရောက်သွားခဲ့ပြီး အချိန်အတော်ကြာမှ မျက်လုံးများကို ပြန်မှိတ်ကာ ကျင့်ကြံလိုက်သော်လည်း သူ့နှလုံးသားထဲတွင်မူ ကြီးမားသော လှိုင်းတံပိုးကြီး တစ်လုံးက ထကြွ လှုပ်ရှားသွားခဲ့လေသည်။

ထိုအခိုက်အတန့်လေးအတွင်း စုမင်သည် အရာတစ်ခုကို ရုတ်ချည်း တွေးတောမိသွားခဲ့ခြင်း ဖြစ်သည်။ သူသည် တာအိုခုန်း၏ နေရာအား အစားထိုးကာ သူနှင့် ပတ်သက်သမျှ အရာအားလုံးကို ထိန်းချုပ်နိုင်ခဲ့ခြင်း၏ အဓိက အကြောင်းရင်းမှာ သူသည် အသူရာမျိုးနွယ်စုဝင် တစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။ သူ၌ အခြားသူများကို ဝါးမြိုသိမ်းပိုက်နိုင်သော မွေးရာပါ စွမ်းရည် ရှိနေခဲ့၏။

သို့ဆိုလျှင် စုရွှမ်ရီ ပိုင်ဆိုင်ထားသည့် မြင့်မားသော ကျင့်ကြံခြင်း အဆင့်အတန်းနှင့်ဆိုပါက သူ၏ ဝါးမြိုသိမ်းပိုက်နိုင်စွမ်းသော မွေးရာပါ စွမ်းရည်မှာ အဘယ်မျှအထိ ကြီးမား ထက်မြက်လိုက်မည်နည်း။

အကယ်၍ စုမင်သာ အီစန်းကို ဝါးမြိုသိမ်းပိုက်နိုင်ခဲ့လျှင် စုရွှမ်ရီသည်လည်း တာအိုချန်နှင့် တိုက်ခိုက်ပြီးနောက်တွင် လုပ်ဆောင်ခဲ့နိုင်မည် မဟုတ်လော။

ဤရုတ်ချည်း ပေါ်ပေါက်လာသော အတွေးကြောင့် စုမင်၏ အသက်ရှူသံများပင် မြန်ဆန်သွားခဲ့ရသည်။ သူသည် တာအိုချန် တံခါးပိတ် ကျင့်ကြံခြင်းထဲသို့ ဝင်ရောက်သွားခဲ့သည်ကို ပြန်လည် အမှတ်ရမိသွားခဲ့သည်။ ထို့ပြင် သူ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်သို့ ရောက်ရှိလာစဉ်က တာအိုခုန်းနှင့် မည်သို့ ဆုံတွေ့ခဲ့ရသည်ကိုလည်း ပြန်လည် မြင်ယောင်လာခဲ့၏။

'တကယ်လို့ ဒီအရာအားလုံးက သူ့ရဲ့ စိတ်ဆန္ဒအတိုင်း ဖြစ်တည်နေတာဆိုရင် တာအိုခုန်း ဒီနေရာမှာ ပေါ်လာတာကလည်း သူ့ရဲ့ စီစဉ်မှု ဖြစ်နေနိုင်မလား။ ပြီးတော့ ရွှီဟွေကော… သူလည်း ဒီနေရာကို အတူတူ ပို့ဆောင်ခံခဲ့ရတာလား'

စုမင်၏ အတွေးများ ကမောက်ကမ ဖြစ်နေစဉ် ဆဋ္ဌမမြောက် ဝိညာဉ် ဖြတ်သန်းခြင်း စင်မြင့်သည် ပြင်းထန်သော အလင်းရောင်များဖြင့် ရုတ်ချည်း လင်းလက်လာခဲ့လေသည်။

ဆဋ္ဌမမြောက် ဝိညာဉ် ဖြတ်သန်းခြင်း စင်မြင့်ပေါ်မှ လှမ်းထွက်လာနိုင်သည့် တစ်ဦးတည်းသောသူမှာမူ ရုပ်ခန္ဓာ ပျက်စီးဆုံးရှုံးသွားခဲ့ရပြီး ယခုအခါ နတ်ဘုရားဝိညာဉ်မျှသာ ကျန်ရှိတော့သည့် မီးမိစ္ဆာဘိုးဘေးပင် ဖြစ်တော့သည်။

စုမင် ခေါင်းကို မော့ကာ လှမ်းကြည့်လိုက်သောအခါ မျက်လုံးများထဲ၌ စူးရှအေးစက်သော အလင်းတန်းတစ်ချက် တောက်ပသွားခဲ့သည်။ ရုပ်ခန္ဓာ ပျက်စီးသွားပြီးနောက် မီးမိစ္ဆာဘိုးဘေးသည် စုမင်အား မြင်လိုက်ရသည့် အခိုက်အတန့်တွင် မည်သို့သော စကားကို ဆို၍ မည်သို့သော မျက်နှာအမူအရာမျိုး ရှိနေမည်အား သူ စောင့်ကြည့်လိုသည်။

အခန်း ၉၉၂ ကပ်ဘေးကို လမ်းကြောင်းလွှဲခြင်း

ဆဋ္ဌမမြောက် စင်မြင့်ထံသို့ အကြည့်ပို့လိုက်သူမှာ စုမင်တစ်ဦးတည်း မဟုတ်ချေ။ ကျန်ရှိနေသော လူလေးဦးစလုံးသည်လည်း ထိုနေရာသို့ လှမ်းမြော်ကြည့်လိုက်ကြ၏။ အထူးသဖြင့် ကျူးယိုချိုက်၏ မျက်နှာပေါ်တွင် ဝေခွဲမရခြင်း အရိပ်အယောင်များ ထင်ဟပ်နေသည်။ အဘယ်ကြောင့် မီးမိစ္ဆာဘိုးဘေးသည် နောက်ဆုံးမှ ရောက်ရှိလာရသနည်းဟူသော အချက်က သူ့အား အလွန်အမင်း အံ့ဩမိန်းမောစေဟန် ရှိသည်။

ကင်းခြေများအသွင် ဝတ်စုံဖြူလုလင်၏ မျက်လုံးများထဲတွင်မူ မှောင်မိုက်သော အလင်းတန်းတစ်စ ဖြတ်သန်းသွားပြီး ဆဋ္ဌမမြောက် စင်မြင့်ကို ကြည့်နေစဉ် မျက်နှာထက်၌ တွေးတောမြော်မြင်နေသော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

တစ်စုတစ်ဖွဲ့လုံးတွင် စုမင်၏ မျက်နှာအမူအရာမှာ အတည်ငြိမ်ဆုံး ဖြစ်သည်ဟု ဆိုရပေမည်။ သူသည် ဆဋ္ဌမမြောက် စင်မြင့်ကြီး လင်းလက် တောက်ပလာသည်ကို တည်ငြိမ်စွာ စောင့်ကြည့်ရင်း မီးမိစ္ဆာဘိုးဘေး ရောက်ရှိလာမည့် အချိန်အား စောင့်ဆိုင်းနေခဲ့သည်။ ထိုဘိုးဘေးအိုကြီး အနေဖြင့် အမှန်တရားကို ထုတ်ဖော်ပြောကြားရန် သတ္တိ ရှိ၊ မရှိကို သူ သိလိုသည်။

ဆဋ္ဌမမြောက် စင်မြင့်ကြီးမှာ ပိုမို၍ လင်းထိန်လာခဲ့ပြီး ခေတ္တမျှအကြာတွင် မသဲမကွဲ ပုံရိပ်တစ်ရိပ် စင်မြင့်ပေါ်၌ ထင်ရှား ပေါ်ထွက်လာခဲ့လေသည်။ ထိုပုံရိပ် ပေါ်လာသည်နှင့် တပြိုင်နက် မျက်ခုံးဝါ အမျိုးသားနှင့် ဆရာတော် ကျိလုံတို့သည် အံ့အားသင့်လွန်းသဖြင့် လေသံတိုးတိုးဖြင့် ညည်းညူလိုက်ကြ၏။

ကျိလုံ၏ အကြည့်များသည် ဆဋ္ဌမမြောက် စင်မြင့်ပေါ်ရှိ ဝေဝါးသော ပုံရိပ်ထံတွင် စူးစိုက်သွားပြီးနောက် သူသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။ သူ့မျက်လုံးများထဲ၌ အံ့ဩတုန်လှုပ်ခြင်း အရိပ်အယောင်များနှင့်အတူ ဝတ်စုံဖြူလုလင်ထံသို့ လှမ်းကြည့်လိုက်လေသည်။

ကျိလုံ၏ ရုတ်ချည်း မတ်တတ်ရပ်လိုက်မှုနှင့် စူးစိုက်ကြည့်လိုက်သော အကြည့်တို့ကြောင့် ဝတ်စုံဖြူလုလင်မှာ ချက်ချင်းပင် ဆွံ့အ မှင်တက်သွားရ၏။ အထူးသဖြင့် ကျိလုံ၏ မျက်လုံးများထဲမှ အံ့ဩရိပ်များက သူ့အား များစွာ ဝေခွဲမရ ဖြစ်စေသည်။ သူ့အမြင်တွင်မူ ဆဋ္ဌမမြောက် စင်မြင့်ပေါ်၌ ထူးခြားဆန်းပြားမှု တစုံတရာ ရှိမနေသဖြင့် ကျိလုံ အဘယ်ကြောင့် ဤမျှအထိ တုံ့ပြန်ရသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေခဲ့ရသည်။

ဝတ်စုံဖြူလုလင်၏ မျက်နှာထက်မှ ဆွံ့အသွားသော အမူအရာကို ကျိလုံ မြင်လိုက်ရသောအခါ မျက်ခုံးအား တွန့်လိုက်မိပြီး ကျူးယိုချိုက်ထံသို့ လှမ်းကြည့်လိုက်ပြန်သည်။ သို့သော် မကြာမီပင် သူ့အကြည့်ကို လွှဲဖယ်လိုက်၏။ သူ့အကြည့်များသည် စုမင်၏ ခန္ဓာကိုယ်ပေါ်တွင် ဝေခွဲမရဟန်ဖြင့် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် မျက်ခုံးဝါ အမျိုးသားထံသို့ ရွှေ့ပြောင်းသွားခဲ့လေသည်။

ထိုအခိုက်အတန့်တွင် မျက်ခုံးဝါ အမျိုးသားသည်လည်း မတ်တတ်ရပ်လိုက်၏။ ဆဋ္ဌမမြောက် စင်မြင့်ကို စူးစိုက်ကြည့်နေစဉ် သူ့မျက်နှာအမူအရာမှာ အလွန်အမင်း ခက်ထန်တည်တင်းသွားခဲ့သည်။ သူ့မျက်လုံးများမှာ အကြိမ်အနည်းငယ်မျှ အရောင်တောက်ပသွားပြီးနောက် ကင်းခြေများ ဖြစ်သော ဝတ်စုံဖြူလုလင်ထံသို့ ပထမဦးစွာ လှမ်းကြည့်လိုက်ပြီး ကျူးယိုချိုက်နှင့် စုမင်တို့ထံသို့ အကြည့်ကို ဝေ့ဝဲ ပို့လွှတ်လိုက်ပြန်သည်။ နေနောက်ဆုံးတွင်မူ သူသည် ကျိလုံအား လှမ်းကြည့်လိုက်ရာ သူတို့နှစ်ဦး၏ အကြည့်ချင်း ဆုံမိသွားကြတော့သည်။

စုမင်သည် ဝေးကွာသော စင်မြင့်ထက်မှ ဤအရာအားလုံးကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သော်လည်း နှလုံးသားထဲတွင်မူ သတိအပြည့် ထားရှိနေခဲ့ပြီ ဖြစ်သည်။ ကျိလုံနှင့် ဟွမ်မေးတို့သည် အစွမ်းထက်ဆုံးသူများ ဖြစ်ကြောင်း သူ ယခင်ကတည်းက သိမြင်ခဲ့ပြီး ဖြစ်၏။ ယခု ဖြစ်ပျက်နေသော အခြေအနေကို ကြည့်ခြင်းအားဖြင့် သူတို့၏ စွမ်းအား နက်နဲမှုမှာ အရှင်သခင် အဆင့်မျှသာ မဟုတ်ဘဲ ကံကြမ္မာ၏ နိယာမများကိုပါ ပိုင်ဆိုင်ထားပုံရသည်။ သို့မဟုတ်ပါက ဝတ်စုံဖြူလုလင်၊ ကျူးယိုချိုက်နှင့် စုမင်ကိုယ်တိုင်ပင် မမြင်နိုင်သော ဆဋ္ဌမမြောက် စင်မြင့် လင်းလက်နေစဉ် ပေါ်ထွက်လာသည့် ဝေဝါးသော မီးမိစ္ဆာဘိုးဘေး၏ စွမ်းအင် ပြောင်းလဲမှုများအား သူတို့နှစ်ဦး မြင်တွေ့နိုင်ရန် အကြောင်းမရှိချေ။

'သူတို့နှစ်ဦးစလုံးက ပထမဦးဆုံးအနေနဲ့ ဝတ်စုံဖြူလုလင်ကို အမှောင်ထဲကနေ တိုက်ခိုက်ခဲ့တယ်လို့ သံသယဝင်ခဲ့ကြတယ်။ ဒါကိုကြည့်ရင် အဲဒီလုလင်က ရိုးရိုးစင်စင် မဟုတ်ဘူးဆိုတာ ထင်ရှားနေတာပဲ။ ရိုးရိုးပြောရရင်တော့ ဒီလူ့ဆီမှာ ကျိလုံနဲ့ မျက်ခုံးဝါတို့ နှစ်ယောက်စလုံး အလေး ထားရလောက်တဲ့ ဝှက်ဖဲတစ်ခုခု ရှိနေလို့ ဖြစ်ရမယ်'

'အဲဒီနောက်မှာတော့ ကျူးယိုချိုက်ကို သံသယဝင်ပြီး နောက်ဆုံးမှ ငါ့ဆီကို အကြည့်ရောက်လာတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံးက ဒါကို ဘယ်သူလုပ်ခဲ့လဲဆိုတာ အသေအချာ မသိကြသေးဘူး။ တကယ်တော့ သူတို့က တစ်ယောက်ကို တစ်ယောက်တောင် ပြန်ပြီး သံသယဝင်နေကြတာ'

စုမင်သည် ဤအရာအားလုံးကို ရှင်းလင်းပြတ်သားစွာ ရိပ်မိလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ့မျက်နှာထက်၌ ပုံမှန် မြင်တွေ့နေကျ အေးစက်တည်ငြိမ်သော အမူအရာမျိုး မဟုတ်ဘဲ ဆဋ္ဌမမြောက် စင်မြင့်ကို ကြည့်ရင်း အလွန်အမင်း ထိတ်လန့်အံ့ဩသွားသည့် အမူအရာတစ်ခုအား လုပ်ယူ ဖန်တီးထားလိုက်လေသည်။

အမှန်စင်စစ် ဤထိတ်လန့်သွားသော အမူအရာမှာ ဟန်ဆောင်မှု သက်သက်သာ ဖြစ်၏။ သို့မဟုတ်ပါက ကပ်ဘေးကို ဖန်တီးခဲ့သည့် တရားခံမှာ အလွန်အမင်း ထင်ရှားလွန်းနေပေမည်။

ကျိလုံနှင့် ဟွမ်မေးတို့၏ ထူးဆန်းသော ပြုမူလှုပ်ရှားမှုများကြောင့် ကျူးယိုချိုက်သည်လည်း မတ်တတ်ရပ်လိုက်မိသည်။ သူ့စိတ်ထဲ၌ မကောင်းသော နိမိတ်တစ်ခု ဖြစ်ပွားခဲ့ပြီဟူသော ခံစားချက် ဝေဝါးစွာ ပေါ်ပေါက်လာခဲ့၏။ ထိုခံစားချက် ပေါ်လာသည့် အခိုက်အတန့်မှာပင် သူ့မျက်နှာအမူအရာမှာ လုံးဝ ဥဿုံ ပြောင်းလဲသွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ဆဋ္ဌမမြောက် စင်မြင့်ပေါ်၌ ထင်ရှားလာသော မီးမိစ္ဆာဘိုးဘေးထံတွင် တစုံတရာ မှားယွင်းနေပြီဖြစ်ကြောင်း သူကိုယ်တိုင်ပင် အာရုံခံမိလိုက်သောကြောင့် ဖြစ်ပေသည်။

"သူ… သူက သူ့ရဲ့ ရုပ်ခန္ဓာ ပျက်စီးသွားခဲ့ပြီပဲ" ကျူးယိုချိုက်က တိုးညှင်းခက်ထန်သော လေသံဖြင့် ရေရွတ်လိုက်ရင်း မျက်နှာပျက်သွားခဲ့၏။

အခြားစင်မြင့်ပေါ်ရှိ ဝတ်စုံဖြူလုလင်သည်လည်း ဤအချက်ကို သတိပြုမိသွားခဲ့ပြီး ဖြစ်သည်။ သူ့မျက်နှာ အမူအရာမှာလည်း ချက်ချင်း ပြောင်းလဲသွားခဲ့၏။ ဆရာတော် ကျိလုံ အဘယ်ကြောင့် ဤမျှအထိ မျက်နှာတည်တင်းသွားရသနည်း၊ အဘယ်ကြောင့် သူ့ထံသို့ လှမ်းကြည့်ရသနည်း၊ ထို့ပြင် မျက်ခုံးဝါ အမျိုးသားကပါ သူ့အပေါ်သို့ အဘယ်ကြောင့် အကြည့်ချင်း စူးစိုက်ထားရသနည်း ဟူသော အချက်ကို ယခုအခါ သူ ကောင်းစွာ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

အမှန်တွင် ပဉ္စမမြောက် မီးဖိုကြီးသည် အလွန်အမင်း ဘေးအန္တရာယ် ထူပြောသည်ဆိုသော်ငြား တတိယမြောက် အဆင့်၏ နယ်စပ်စည်းကို ကျော်လွန်သော နယ်မြေများတွင် သူတို့၏ အသက်အန္တရာယ်အား စိုးမိုးနိုင်သည့် အရာများ ရှိနေသော်လည်း ထိုဘေးအန္တရာယ်များမှာ အလွန် ရှားပါးပေသည်။ တကယ့် အစစ်အမှန် ကပ်ဘေးကြီးများမှာမူ ဗဟိုချက်နှင့် နီးကပ်လာလေလေ ပိုမို၍ အကြိမ်ရေများစွာ ပေါ်ပေါက်လာလေ့ ရှိလေသည်။

သူတို့၏ အတွေ့အကြုံများအရ တတိယမြောက် အဆင့် နယ်စပ်ကို ကျော်လွန်ပြီးနောက် ပျောက်ဆုံးသွားသူ သို့မဟုတ် သေဆုံးသွားသူ ကျင့်ကြံသူများ အမှန်တကယ် ရှိခဲ့ဖူးသော်လည်း အရှင်သခင် အဆင့်သို့ အမှန်တကယ် တက်လှမ်းနိုင်ခဲ့သည့် တန်ခိုးရှင်ကြီးများထဲတွင် သေဆုံးသူဦးရေမှာ တစ်ဦး သို့မဟုတ် နှစ်ဦးမျှသာ ရှိခဲ့ဖူးသည်။

ထိုလူများ မည်သည့်အကြောင်းကြောင့် သေဆုံးခဲ့ရသည်ကိုမူ မည်သူမျှ မသိရှိကြချေ။ သူတို့သည် တပါးသူ၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံရ၍ သေဆုံးသွားခြင်းလည်း ဖြစ်နိုင်သလို အလွန် ရှားပါးသော ဘေးအန္တရာယ်ကြီးမားသည့် ဟင်းလင်းပြင် ကမ္ဘာများနှင့် ကြုံတွေ့ရပြီး အထဲတွင် ပျက်စီးသွားခြင်းလည်း ဖြစ်နိုင်သည်။

ထို့ကြောင့် မီးမိစ္ဆာဘိုးဘေးတွင် ရုပ်ခန္ဓာမရှိတော့ကြောင်း သတိပြုမိလိုက်ကြသောအခါ သူတို့၏ ပထမဦးဆုံး တုံ့ပြန်မှုမှာ သူသည် ချုံခိုတိုက်ခိုက်ခံခဲ့ရသည်ဟူသော အချက်ပင် ဖြစ်သည်။ သို့သော်လည်း အလွန် ရှားပါးသည့် ကပ်ဘေးကြီးများနှင့် ကြုံတွေ့ခဲ့ရသဖြင့် ယခုကဲ့သို့ စုတ်ပြတ်သတ်သော အခြေအနေသို့ ရောက်ရှိသွားခြင်းလည်း ဖြစ်နိုင်ပေသည်။ အကယ်၍ မီးမိစ္ဆာဘိုးဘေးအနေဖြင့် မိမိ၏ ရုပ်ခန္ဓာကို ပြတ်ပြတ်သားသား စွန့်လွှတ်ခဲ့ခြင်း မရှိပါက ရုပ်ခန္ဓာနှင့် ဝိညာဉ်နှစ်ခုစလုံး လုံးဝ ဥဿုံ ပျက်စီးခြင်းသို့ ရောက်ရှိသွားမည်ကို သူတို့ ကောင်းစွာ တွေးတောမိကြသည်။

'မီးမိစ္ဆာဘိုးဘေးက တခြားလူရဲ့ ချုံခိုတိုက်ခိုက်တာကို ခံခဲ့ရတာလား၊ ဒါမှမဟုတ် ဘေးအန္တရာယ်ကြီးမားတဲ့ ဟင်းလင်းပြင်နဲ့ ကြုံပြီး ဒီလို ဖြစ်သွားခဲ့ရတာလား' ဤသည်မှာ စုမင်မှလွဲ၍ ထိုနေရာရှိ လူအားလုံး၏ နှလုံးသားထဲတွင် ပေါ်ပေါက်လာသော အတွေးစများပင် ဖြစ်တော့သည်။

အသက်ရှိုက်စာ အနည်းငယ်အကြာတွင် ဆဋ္ဌမမြောက် စင်မြင့်၏ အလင်းရောင်မှာ အတောက်ပဆုံး အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ၎င်းက စူးရှသော အဆင့်သို့ ရောက်ရှိပြီးနောက် လျင်မြန်စွာပင် မှေးမှိန်သွားခဲ့ပြီး မီးမိစ္ဆာဘိုးဘေး၏ မောပန်းနွမ်းနယ်နေသော နတ်ဘုရားဝိညာဉ်သည် လူအများ၏ မျက်စိရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့လေသည်။

ဟွမ်မေးနှင့် ကျိလုံတို့သည် ခက်ထန်သော အကြည့်များဖြင့် သူ့အား စူးစိုက်ကြည့်လိုက်ကြ၏။

ကျူးယိုချိုက်မှာမူ နှလုံးသားထဲမှ သက်ပြင်းတစ်ချက်ကို ချလိုက်မိပြီး မီးမိစ္ဆာဘိုးဘေးအား စိတ်မကောင်းခြင်းများ ပြည့်နှက်နေသော မျက်နှာအမူအရာဖြင့် လှမ်းကြည့်လိုက်သည်။

ဝတ်စုံဖြူလုလင်သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အထဲ၌ မှေးမှိန်သော အလင်းတန်းတစ်စ တောက်ပသွားခဲ့သည်။ ပုံမှန်အတိုင်း ထင်ရသော်လည်း သူ့ကို နားလည်သောသူများသာ ရှိပါက မျက်လုံးများထဲမှ မှောင်မိုက်မှုနှင့်အတူ လောဘဇော အရိပ်အယောင် အနည်းငယ်အား အသေသေချာချာ မြင်တွေ့နိုင်ပေမည်။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ အလွန် ငြိမ်သက်နေခဲ့သည်။ လူတိုင်းသည် မီးမိစ္ဆာဘိုးဘေးထံသို့သာ လှမ်းကြည့်နေကြ၏။ စုမင်သည် မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သော်လည်း သူ၏ တည်ငြိမ်အေးစက်သော အကြည့်များကြောင့် လူတို့အနေဖြင့် သူ မည်သည်များ တွေးနေသည်အား သိရှိနိုင်ရန် မဖြစ်နိုင်ချေ။

သေခြင်းတရားကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့်အတူ မသဲမကွဲ ပြင်းထန်သော ဖိအားတစ်ခု သက်ရောက်လာခဲ့သည်။ ထိုသည်က မီးမိစ္ဆာဘိုးဘေးအား လွှမ်းခြုံထားသော်လည်း သူ့မျက်နှာအမူအရာကို ပြောင်းလဲခြင်း မရှိစေခဲ့ချေ။ ထင်ရှားလှသည်မှာ သူ ဤနေရာသို့ လှမ်းထွက်လာရန် ဆုံးဖြတ်ခဲ့သည့် အခိုက်အတန့်ကတည်းက ကြုံတွေ့ရနိုင်သမျှသော အရာအားလုံးကို တွေးတောမြော်မြင်ပြီး ဖြစ်ပေမည်။ သူသည် အဖော်များ၏ လောဘဇောများနှင့် ရုပ်ခန္ဓာ ပျက်စီးဆုံးရှုံးပြီးနောက် သူ့အစွမ်းများ ကျဆင်းသွားချိန်တွင် ရင်ဆိုင်ရမည့် ဘေးအန္တရာယ်များကို ကြိုတင် တွက်ချက်ထားပြီး ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သူ၏ စွမ်းရည်များ ကျဆင်းသွားရုံသာမက ယခုအခါ သူ့တွင် နတ်ဘုရားဝိညာဉ်မျှသာ ကျန်ရှိတော့သောကြောင့် ဖြစ်သည်။ အရှင်သခင် အဆင့် တန်ခိုးရှင်တစ်ဦး၏ နတ်ဘုရားဝိညာဉ်ဟူသည် အချို့သော ကျင့်ကြံသူများအတွက် အလွန် အဖိုးတန်သော အာဟာရဓာတ်တစ်မျိုးပင် ဖြစ်သည်။ သူတို့သည် ထိုဝိညာဉ်ကို အထွတ်အထိပ် ရတနာတစ်ခု၏ အကောင်းဆုံး ရတနာဝိညာဉ်အဖြစ်သို့လည်း ပြောင်းလဲပစ်နိုင်ကြ၏။

အမှန်စင်စစ် အခြားသော အသုံးပြုပုံများလည်း ရှိနေသေးသည်။ ဥပမာအားဖြင့် ဝိညာဉ်အား ရုပ်သေးရုပ် သို့မဟုတ် ဆေးလုံးအဖြစ် ပြောင်းလဲပစ်ခြင်းမျိုးပင်။ သူ့အား အသုံးပြုနိုင်သည့် နည်းလမ်းများစွာ ရှိနေပြီး ထိုသို့ ဖြစ်သွားပါက ကြုံတွေ့ရမည့် ဆင်းရဲဒုက္ခ အနိဋ္ဌာရုံ အဆင့်အတန်းမှာ လူတို့အား အဘယ်ကြောင့် ချက်ချင်း သေမသွားခဲ့ရသနည်းဟု နောင်တရစေရန် လုံလောက်ပေသည်။

လူတိုင်းမှာ တိတ်ဆိတ်နေကြသကဲ့သို့ မီးမိစ္ဆာဘိုးဘေးသည်လည်း နှုတ်ဆိတ်နေခဲ့သည်။ ဆဋ္ဌမမြောက် စင်မြင့်ပေါ်တွင် မတ်တတ်ရပ်လျက် သူသည် ခေါင်းကိုမော့ကာ မိမိပတ်ဝန်းကျင်အား အေးစက်စွာ ဝေ့ကြည့်လိုက်၏။ ထိုအခိုက်အတန့်တွင် လူအားလုံး၏ အကြည့်များအောက်၌ သူ ပထမဦးဆုံး လှမ်းကြည့်လိုက်သည့်သူမှာ စုမင် မဟုတ်ဘဲ ဝတ်စုံဖြူလုလင် သာလျှင် ဖြစ်နေခဲ့ရသည်။

သူ ထိုလုလင်ကို လှမ်းကြည့်လိုက်သောအခါ မျက်လုံးများထဲ၌ ပြင်းထန်သော နာကျည်းမုန်းတီးမှုများ ပေါ်ထွက်လာခဲ့၏။ ထိုနာကျည်းမှုမှာ အလွန်အမင်း ထင်ရှားပြင်းထန်သဖြင့် အခြားသူများကပါ ချက်ချင်း သတိပြုမိသွားကြသည်။

ဝတ်စုံဖြူလုလင်မှာ ပထမဦးစွာ ဆွံ့အသွားပြီးနောက် မျက်နှာအမူအရာမှာ လုံးဝ ပျက်စီးသွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဆရာတော် ကျိလုံက သူ့အား လှမ်းကြည့်လိုက်ရုံသာမက ဟွမ်မေးနှင့် ကျူးယိုချိုက်တို့ကပါ သူတို့၏ အကြည့်များကို သူ့ထံသို့ ပို့လွှတ်လိုက်ကြသောကြောင့် ဖြစ်၏။

"ကျုပ်လုပ်တာ မဟုတ်ဘူး" ဝတ်စုံဖြူလုလင်က ချက်ချင်းပင် အော်ဟစ်လိုက်ပြီး မီးမိစ္ဆာဘိုးဘေးအား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ "ခင်ဗျား အဘိုးအို အမိုက်မဲကြီး၊ ဒါက ဘာသဘောလဲ။ ခင်ဗျား တစ်မျိုးနွယ်စုလုံး အသေခံချင်လို့လား"

စုမင်သည် ဤသည်ကို မြင်သောအခါ မျက်လုံးများ အနည်းငယ် လင်းလက်သွားခဲ့သည်။ မထင်မရှားသော အပြုံးတစ်ခုက နှုတ်ခမ်းဖျားတွင် ပေါ်ပေါက်လာခဲ့၏။

'မီးမိစ္ဆာဘိုးဘေး… မင်းက တကယ့်ကို ကောက်ကျစ်စဉ်းလဲပြီး ပရိယာယ်များတဲ့ လူတစ်ယောက်ပဲ' စုမင်၏ အပြုံးမှာ တဖြည်းဖြည်းနှင့် အေးစက်သွားခဲ့လေသည်။

'သူက နတ်ဘုရားဝိညာဉ် တစ်ခုအနေနဲ့ တခြားသူတွေရဲ့ ပစ်မှတ်ထားတာကို မုချခံရမယ်ဆိုတာ သိပေမဲ့ မသေချင်သေးဘူး။ တကယ်လို့ ငါ့ကြောင့် ဒဏ်ရာရခဲ့တာလို့ အခြားလူတွေကို ပြောပြရင် သူ့အတွက် ဘာအကျိုးအမြတ်မှ ရှိလာမှာ မဟုတ်ဘူး။ အလွန်ဆုံးရှိလှ အခြားလူတွေကို ငါ့အပေါ် သတိထားမိသွားစေရုံပဲ ရှိလိမ့်မယ်။ အမှန်တော့ ငါ့ကို သံသယဝင်နေတဲ့ သူတွေက သူ့အတွက်နဲ့ ငါ့ကိုလာပြီး ရန်စမှာ မဟုတ်ဘူး။ ဒါ့အပြင် သူက အခုအချိန်မှာ အထွတ်အထိပ် ရတနာတစ်ခုလို အဖိုးတန်နေတာ။ ဒါကြောင့်ပဲ သူက ငါ့အပေါ်ထားတဲ့ နာကျည်းချက်တွေကို အောင့်အည်းမျိုသိပ်ပြီး မပြောဖို့ ရွေးချယ်ခဲ့တာပဲ။ ဘာကြောင့်လဲဆိုတော့ အခြားသူတွေလည်း သူ့လို အခြေအနေမျိုး ကြုံတွေ့လာရမယ့် အချိန်ကို သူ စောင့်နေတာ ဖြစ်ရမယ်'

'သူက ပစ်မှတ်ကို ဝတ်စုံဖြူလုလင်ဆီ လမ်းကြောင်းလွှဲလိုက်ပြီး အခြားလူတွေ သူ့ကို သံသယဝင်အောင် လုပ်ခဲ့တယ်။ ဒါက သူ့ရဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ရမယ်။ ငါသာ သူ့နေရာမှာဆိုရင် နောက်ထပ် လုပ်မယ့် အဆင့်ကတော့…'

စုမင်သည် မီးမိစ္ဆာဘိုးဘေးထံသို့ လှမ်းကြည့်လိုက်သောအခါ ထိုဘိုးဘေး လှုပ်ရှားလိုက်သည်ကို မြင်လိုက်ရ၏။ သူသည် အလွန်အမင်း လျင်မြန်သော အရှိန်အဟုန်ဖြင့် ဆဋ္ဌမမြောက် စင်မြင့်ထက်မှ နတ်ဘုရားဝိညာဉ် အသွင်ဖြင့် လှမ်းထွက်လိုက်ပြီး စုမင်၏ စင်မြင့်ပေါ်သို့ ရုတ်ချည်း ရောက်ရှိလာခဲ့လေသည်။

ဤမြင်ကွင်းက ကျန်ရှိနေသော လူများအားလုံး၏ အာရုံကို ဆွဲဆောင်သွားခဲ့တော့သည်။

"တာအိုရောင်းရင်း… တကယ်လို့ မင်းက ငါ့ရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံပေးနိုင်မယ်ဆိုရင် ငါ့ရဲ့ မျိုးနွယ်စုတွေ မှီတင်းနေထိုင်တဲ့ ကြယ်ကမ္ဘာကို မင်းကို အဖိုးအခအနေနဲ့ ပေးအပ်ဖို့ အသင့်ရှိပါတယ်။ ဒါ့အပြင် ငါ့မှာ ပဉ္စမမြောက် မီးဖိုနဲ့ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း နားလည်ထားတာတွေ ရှိတဲ့အတွက် မင်းကို လမ်းမှားတွေ မရောက်အောင် ကူညီပေးနိုင်ပါတယ်။ မင်း ဒါကို ဘယ်လိုသဘောရလဲ" မီးမိစ္ဆာဘိုးဘေးသည် စုမင်၏ စင်မြင့်ပေါ်တွင် ရပ်လျက် လက်သီးဆုပ်ကာ အရိုအသေပြုရင်း မေးမြန်းလိုက်၏။

အခြားသူများမှာမူ ဤအချက်ကို မသိရှိနိုင်ကြသော်လည်း စုမင်ကမူ ကောင်းစွာ သိရှိနေသည်။ မီးမိစ္ဆာဘိုးဘေးသည် သူ့အား ဦးညွှတ်အရိုအသေပြုနေစဉ် နှလုံးသားထဲမှ ခါးသီးနာကျင်မှုများနှင့် မကျေနပ်ချက်များမှာ ကောင်းကင်တမျှ ကြီးမားထက်သန်နေပေမည်။

'သူက ကပ်ဘေးကို လမ်းကြောင်းလွှဲနေတာပဲ' စုမင်၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိသော်လည်း နှလုံးသားထဲတွင်မူ အေးစက်စွာ ရယ်မောလိုက်မိသည်။

မီးမိစ္ဆာဘိုးဘေးသည် ကျူးယိုချိုက်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့ဖူးသဖြင့် ကျူးယိုချိုက်အား ဤရွှံ့ညွန်ထဲသို့ ဆွဲမသွင်းလိုခြင်း ဖြစ်ရမည်။ သူ အမုန်းတီးဆုံးသူမှာ စုမင် ဖြစ်သောကြောင့် သူ စုမင်၏ နံဘေးတွင် ရှိနေသရွေ့ ထိုကပ်ဘေးကြီးမှာ စုမင်ထံသို့သာ သက်ရောက်သွားပေမည်။ ထိုဘိုးဘေးကိုယ်တိုင်က အခြားသူများ၏ လောဘဇောကို ဆွဲဆောင်မည့် ငါးစာတစ်ခုအသွင် ပြုမူနေခြင်း ဖြစ်၏။

သူ ဤနေရာသို့ မလာရောက်မီကပင် ဝတ်စုံဖြူလုလင်အား ပထမဦးစွာ ရန်စခဲ့သဖြင့် သူ့အား လွယ်လွယ်နှင့် လွှတ်ပေးလိမ့်မည် မဟုတ်သောသူမှာ ထိုဝတ်စုံဖြူလုလင်သာ ဖြစ်လာမည်။

ဤပြုမူလှုပ်ရှားမှုများမှာ ရုတ်ချည်း ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ထင်ရသော်လည်း စုမင် သေသေချာချာ တွေးတောကြည့်သောအခါ အလွန်ပင် ကျိုးကြောင်းဆီလျော်ပေသည်။ အဘယ်ကြောင့်ဆိုသော် စုမင်၏ စွမ်းအားမှာ တစ်ဖွဲ့လုံးတွင် အနိမ့်ဆုံး ဖြစ်နေပြီး ထိုအခိုက်အတန့်တွင် အင်အားချည့်နဲ့နေသော မီးမိစ္ဆာဘိုးဘေးအနေဖြင့် စုမင်အား မိမိနှင့် တန်းတူ အဆင့်အတန်းရှိသူ တစ်ဦးအဖြစ် ရွေးချယ်ခြင်းက အခြားသူများ၏ မျက်စိထဲတွင် သဘာဝကျသောကြောင့် ဖြစ်၏။

အကယ်၍ သူသည် အခြားသူများကို မိမိအား ကာကွယ်ပေးရန် ရွေးချယ်ခဲ့ပါက သူသည် သေတွင်းထဲသို့ ကိုယ်တိုင် လှမ်းဝင်သွားခြင်းနှင့် အလားတူပင် ဖြစ်ပေမည်။

မီးမိစ္ဆာဘိုးဘေးသည် ခေါင်းကို မော့လိုက်၏။ သူ စုမင်အား စိုက်ကြည့်လိုက်သောအခါ မျက်လုံးများထဲ၌ စုမင်တစ်ဦးတည်းသာ သတိပြုမိနိုင်သော ရူးသွပ်မှုတစ်ခု ကိန်းအောင်းနေပြီး ဤရူးသွပ်မှုကို နားလည်ရန်မှာ အလွန် လွယ်ကူပေသည်။

အကယ်၍ စုမင်သာ ငြင်းပယ်ခဲ့ပါက မီးမိစ္ဆာဘိုးဘေးသည် သူ လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်တော့မည် ဖြစ်သည်။ စုမင်အား သတ်ဖြတ်ရန် သဘောတူညီသောသူ၏ ရတနာဝိညာဉ်အဖြစ်သို့ပင် လိုလိုလားလား ပြောင်းလဲပစ်ပေမည်။ ဤသည်မှာ သူ၏ သေခြင်းတရားကို အသုံးပြု၍ စုမင်အား ငရဲဘုံသို့ အတူတကွ ဆွဲချရန် ကြံစည်ခြင်း ဖြစ်၏။

သို့သော်လည်း သူသည် အမှန်တကယ် သေဆုံးလိုခြင်း မရှိသဖြင့် သူ့ရည်ရွယ်ချက်မှာ အလွန် ထင်ရှားပေသည်။

သူသည် စုမင်အနေဖြင့် သူ့အား ချက်ချင်း လက်ငင်း မသတ်ဖြတ်နိုင်ဟူသော အချက်နှင့် နောက်ထပ် ဟင်းလင်းပြင်ကမ္ဘာသို့ လှမ်းဝင်ပြီးနောက် အခြားသူများသည်လည်း သူတို့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာကြမည်ဟူသော အချက်အပေါ် လောင်းကြေးထပ်ထားခြင်းသာ ဖြစ်တော့သည်။

All Chapters