အခန်း (၉၉၃-၉၉၄)
Vol. 72 Ch. 993-994
အခန်း ၉၉၃ ဟန်ဆောင်မှုတစ်ခု ဖန်တီးခြင်း
မီးမိစ္ဆာဘိုးဘေးသည် ဤကပ်ဘေးမှ အသက်ရှင်လွတ်မြောက်နိုင်လိမ့်မည်ဟု လောင်းကြေးထပ်ထားသည်။ ထို့အပြင် သူ့တွင် ဆုံးရှုံးစရာ လုံးဝ မကျန်တော့ချေ။ အကယ်၍ သူသာ အခြေအနေကို မှားယွင်းစွာ တွက်ချက်မိပြီး သူ့နောက်သို့ မည်သူမျှ လိုက်မလာဘဲ စုမင်လက်ချက်ဖြင့် သေဆုံးသွားရပါက သူ ပျောက်ကွယ်သွားသည့်အခါ စုမင်က သူ့၏ နတ်ဘုရားဝိညာဉ်ကို ရသွားကြောင်း လူတိုင်း သိရှိသွားမည်ဖြစ်ပြီး ထိုအချက်ကြောင့်ပင် သူသည် ကပ်ဘေးကို အခြားလမ်းကြောင်းတစ်ခုသို့ အမှန်တကယ် လွှဲပြောင်းပေးနိုင်သွားမည် ဖြစ်သည်။
ဤအခြေအနေကြောင့် မီးမိစ္ဆာဘိုးဘေး မည်သို့ပင် လုပ်ဆောင်စေကာမူ စုမင်အနေဖြင့် အလိုက်အထိုက် တိုက်ခိုက်ခံရမည့်အရေးမှ လွတ်မြောက်ရန် ခက်ခဲနေသကဲ့သို့ ဖြစ်နေသည်။
အကယ်၍ စုမင်သာ သူ့ကို ကျူးယိုချိုက် မကယ်နိုင်မီ အချိန်အတွင်း လျင်မြန်စွာ ချုပ်နှောင်နိုင်ပြီး အခြားသူများလည်း မဝင်ရောက်နိုင်အောင် လုပ်ဆောင်နိုင်ပါက သူသည် ဤထောင်ချောက်ကို ဖျက်ဆီးလိုက်နိုင်သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း အဓိက အခြေအနေမှာ သူသည် မီးမိစ္ဆာဘိုးဘေး၏ နတ်ဘုရားဝိညာဉ်ကို အခြားတစ်ဦးဦးထံသို့ ပေးအပ်လိုက်ခြင်းပင် ဖြစ်သည်။
သို့သော် စုမင်သည် ဤနည်းလမ်းဖြင့် ထောင်ချောက်ကို ဖျက်ဆီးရန် မရွေးချယ်ခဲ့ပေ။ ဘိုးဘေးလုံဟိုင်းအား အစွမ်းကုန် ထုတ်သုံးခိုင်းပြီး အိစန်းကိုယ်ပွားနှင့် ပေါင်းစပ်လိုက်ပါက သူ လုပ်နိုင်သည်ကို သိနေသော်လည်း ဖြစ်သည်။
သူ့နှုတ်ခမ်းဖျားတွင် မထင်ရှားသော အပြုံးတစ်ခု ပေါ်လာ၏။
"ကောင်းပြီလေ" သူက ဆိုသည်။ ဤစကားကို ပြောလိုက်သည်နှင့် လူအားလုံး၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားသည်။ ရှေးဟောင်း မိစ္ဆာအိုကြီးများ၏ အကြည့်အောက်တွင် စုမင်သည် သူ့မျက်နှာအမူအရာ မပြောင်းလဲဘဲ တည်ငြိမ်စွာ ထိုင်နေခဲ့သည်။
သူ့စကားကြောင့် မီးမိစ္ဆာဘိုးဘေးပင် မျက်လုံးကို အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ့မျက်လုံးထဲရှိ ရူးသွပ်မှုများ ပျောက်ကွယ်သွားပြီး ဝေခွဲမရသည့် အရိပ်အယောင်များဖြင့် အစားထိုးခံလိုက်ရသော်လည်း သူ ဦးညွှတ်လိုက်သည့်အခါ ထိုအရိပ်အယောင်များ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
"ကျေးဇူးတင်ပါတယ်၊ တာအိုရောင်းရင်း" မီးမိစ္ဆာဘိုးဘေးသည် နှလုံးသားထဲမှ ဒေါသအငြိုးများကို မျိုသိပ်ရင်း ဤစကားများအား ပြောရန် အတင်းအကျပ် ပြုလုပ်ခဲ့ရသည်။
ကျူးယိုချိုက်သည် မျက်မှောင်ကြုတ်ကာ မီးမိစ္ဆာဘိုးဘေးကို အကဲခတ်လိုက်ပြီးနောက် စုမင်အား တစ်ချက်ကြည့်၍ အကြည့်လွှဲလိုက်ကာ တွေးတောမှုများဖြင့် အလုပ်ရှုပ်နေတော့သည်။ အခြားသူများမှာမူ မည်သည်ကို တွေးနေမှန်း မသိနိုင်သော်လည်း သူတို့၏ အမူအရာကို ကြည့်ရသမျှတော့ ထူးခြားစွာ ပြောင်းလဲသွားပုံ မပေါ်ပေ။ ကင်းခြေများ ဖြစ်သော ဝတ်စုံဖြူလုလင် တစ်ဦးသာ မီးမိစ္ဆာဘိုးဘေးအား ကြမ်းတမ်းသော အကြည့်ဖြင့် ကြည့်ပြီးနောက် မျက်မှောင်ကြုတ်ကာ စုမင်ကိုပါ ဝေ့ကြည့်သွားခဲ့သည်။
"စကားလုံးတွေကတော့ အချည်းနှီးပါပဲ။ ခင်ဗျားက ကျုပ်ကို သတိလက်လွတ်ဖြစ်နေချိန်မှာ တိုက်ခိုက်ရင် ကျုပ် ဆုံးဖြတ်ရ ခက်သွားလိမ့်မယ်။ ခင်ဗျား အကျိန်ဆိုလိုက်တာ အကောင်းဆုံးပဲ" စုမင်သည် ခေါင်းလှည့်ကာ မီးမိစ္ဆာဘိုးဘေးကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ပြုံးယောင်သန်းနေပြီး မျက်လုံးထဲတွင်မူ မည်သူမျှ နားမလည်နိုင်သော တည်ငြိမ်မှုများ ရှိနေသည်။ မီးမိစ္ဆာဘိုးဘေး တစ်ဦးတည်းသာ နားလည်နိုင်ပေမည်။
မီးမိစ္ဆာဘိုးဘေးသည် ခဏမျှ တွန့်ဆုတ်နေပြီးနောက် စုမင်ကို ကြည့်လိုက်ရာ သူတို့နှစ်ဦး၏ အကြည့်ချင်း ဆုံမိသွားကြသည်။
"ငါ၊ ဟောင်ကွေ့ဟာ ငါ့ရဲ့ နတ်ဘုရားဝိညာဉ်ကို သက်သေပြုပြီး ကတိသစ္စာဆိုတယ်။ တကယ်လို့ မင်းသာ ငါ့ရဲ့ ဘေးကင်းမှုကို အာမခံပေးဖို့ တကယ် ဆန္ဒရှိမယ်ဆိုရင် ပဉ္စမမြောက် မီးဖိုထဲမှာ ငါ မင်းကို ဘယ်တော့မှ မတိုက်ခိုက်ပါဘူး" စုမင်တစ်ဦးတည်းသာ သူ့စကားကို နားလည်နိုင်ခဲ့သည်။
သူသည် စုမင်ကို အသက်ရှင်လိုရုံသာ ရှိကြောင်း ပြောပြနေခြင်းဖြစ်ပြီး အကယ်၍ စုမင်သာ သူ့အား ကူညီပေးမည်ဆိုပါက အတိတ်က ရန်ငြိုးများကို ပဉ္စမမြောက် မီးဖိုထဲတွင် လုံးဝ စွန့်ပစ်လိုက်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
မီးမိစ္ဆာဘိုးဘေး ကတိဆိုလိုက်သည့်အခါ စုမင်၏ နှလုံးသားထဲတွင် မရေရာသော ချိတ်ဆက်မှုတစ်ခု ဖြစ်ပေါ်လာပြီး ကတိတည်ကြောင်း အချက်ပေးလိုက်သည်။
စုမင်သည် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ သူတို့ကြားတွင် အခြားစကားများ ထပ်ပြောမနေတော့ချေ။ သူ ကျင့်ကြံရန် ပြင်လိုက်ချိန်တွင် မျက်နှာပေါ်၌ မည်သည့်ခံစားချက်မှ ထွက်ပေါ်မလာခဲ့ပေ။ မီးမိစ္ဆာဘိုးဘေးအား ကတိပေးလိုက်ခြင်းသည် ထောင်ချောက်တစ်ခုမှန်း သိသော်လည်း စုမင်သည်ကိုယ်ပိုင် အကဲဖြတ်ချက်များရှိသဖြင့် ထိုထောင်ချောက်ထဲသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ မီးမိစ္ဆာဘိုးဘေးသာ ဝတ်စုံဖြူလုလင်ကို ရန်စရန် မရွေးချယ်ခဲ့ပါက သူ ဂရုစိုက်မည် မဟုတ်ပေ။ သို့သော် သူသည် စုမင် အသတ်ချင်ဆုံးလူကို ရွေးချယ်ခဲ့သဖြင့် စုမင်၏ ရည်ရွယ်ချက်အား ဖြည့်ဆည်းပေးလိုက်သည်ဟု ဆိုနိုင်သည်။
"ကောင်းပြီ၊ အားလုံးလည်း ရောက်ကြပြီဆိုတော့ နောက်ထပ် ဟင်းလင်းပြင်ကမ္ဘာထဲကို သွားကြရအောင်။ ဒီအဆင့်က ဟင်းလင်းပြင်ကမ္ဘာတွေက အရင်ကထက် ပိုပြီး အန္တရာယ်များလိမ့်မယ်။ ငါတို့အားလုံး ဒုတိယမြောက် နယ်စပ်ရဲ့ ဝိညာဉ်ဖြတ်သန်းခြင်း စင်မြင့်တွေပေါ်မှာ ပြန်ပေါ်လာကြပြီး ဒီနေရာမှာ ထာဝရ မြှုပ်နှံမခံရပါစေနဲ့လို့ မျှော်လင့်ပါတယ်" မျက်ခုံးဝါ အမျိုးသားက အေးစက်စက် ပြောလိုက်သည်။
သူပြောနေစဉ် လက်ယာလက်ကို မြှောက်ကာ သူ့အောက်ရှိ ဝိညာဉ်ဖြတ်သန်းခြင်း စင်မြင့်ကို အားပြင်းပြင်း ဖိချလိုက်သည်။ ချက်ချင်းပင် အလင်းရောင်များ တောက်ပလာပြီး သူ့ခြေရင်းတွင် ဝဲဂယက် တစ်ဝဲ ပေါ်လာခဲ့သည်။ ဤသည်က နေရာရွှေ့ပြောင်းခြင်း မှော်သင်္ကေတနှင့် တူသည်။
အခြားသူများလည်း သူ့လုပ်ရပ်အတိုင်း လိုက်လုပ်ကြရာ ဝဲဂယက်များ ပေါ်လာပြီးနောက် စုမင်၏ ခြေရင်းတွင်လည်း အလင်းရောင်များ ပွင့်ထွက်လာသည်။
စင်မြင့်အားလုံးရှိ မှော်သင်္ကေတများမှ အသံများ မြည်ဟည်းလာချိန်တွင် ဝေးလံသော နေရာရှိ ဟင်းလင်းပြင်ထဲမှ လှိုင်းလုံးကြီးများ တိုးဝင်လာကြသည်။ ယင်းတို့မှာ ဆူညံသံကို ကြားရ၍ အလောတကြီး ရောက်လာကြသည့် မီးဝိညာဉ်များ ဖြစ်ကြသည်။
ကျိလုံသည် စုမင်ကို အဓိပ္ပါယ်ပါသော အကြည့်ဖြင့် တစ်ချက်ကြည့်ပြီးနောက် သူ့အောက်ရှိ မှော်သင်္ကေတထဲသို့ ပျောက်ကွယ်သွားသည်။ ထို့နောက် မျက်ခုံးဝါ အမျိုးသားသည်လည်း ခဏမျှ တွန့်ဆုတ်နေဟန်ဖြင့် ပျောက်ကွယ်သွားပြန်သည်။
ကျူးယိုချိုက်မှာမူ အသက်ရှိုက်စာ အနည်းငယ်မျှ ငြိမ်သက်နေခဲ့သည်။ သူ့ပတ်ဝန်းကျင်မှ ဟင်းလင်းပြင်များ ပိုမိုလှုပ်ခါလာပြီး အော်ဟစ်သံများ နီးကပ်လာသည်ကို မြင်သောအခါ သူသည် မီးမိစ္ဆာဘိုးဘေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့အောက်ရှိ မှော်သင်္ကေတထဲသို့ ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် စုမင်၊ မီးမိစ္ဆာဘိုးဘေးနှင့် ဝတ်စုံဖြူလုလင်တို့သာ သူတို့၏ စင်မြင့်ပေါ်တွင် ကျန်ရှိနေသေးသည်။
စုမင်၏ အမူအရာမှာ မပြောင်းလဲဘဲ ညာဘက်ကို ကြည့်နေဆဲ ဖြစ်သည်။
ဝတ်စုံဖြူလုလင်သည်လည်း ပြန်ကြည့်နေသည်။ အချိန်အနည်းငယ် ကြာပြီးနောက် သူတို့ပတ်လည်ရှိဟင်းလင်းပြင်ထဲတွင် မီးဝိညာဉ်များ၏ အရိပ်များ ပေါ်လာသည်ကို မြင်သောအခါ သူသည် အေးစက်စက် ညည်းညူလိုက်ပြီး ပျောက်ကွယ်သွားတော့သည်။ သူ ပျောက်ကွယ်သွားပြီးနောက် စုမင်သည်လည်း အောက်ရှိ မှော်သင်္ကေတထဲသို့ ခြေလှမ်းလိုက်သည်။ မီးမိစ္ဆာဘိုးဘေး၏ မျက်လုံးများ အရောင်လက်သွားပြီး တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် အံကိုကြိတ်ကာ မှော်သင်္ကေတထဲသို့ ခြေလှမ်းဝင်သွားခဲ့သည်။
သူတို့နှစ်ဦး ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် ဝတ်စုံဖြူလုလင် ရှိခဲ့သော စင်မြင့်ပေါ်ရှိ အလင်းရောင်သည် ရုတ်တရက် ပြောင်းပြန် စီးဆင်းသွားပြီး ထိုလူငယ်သည် ပြန်လည် ပေါ်ထွက်လာခဲ့သည်။
'ငါ့ရဲ့ အစီအရင် ကျွမ်းကျင်မှုက တခြားသူတွေထက် သာလွန်တယ်။ ဒါပေမဲ့ မင်းတို့လို လူတွေက ဘာသိမှာလဲ' ဝတ်စုံဖြူလုလင်သည် ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး စုမင် ပျောက်ကွယ်သွားသည့် စင်မြင့်ထံသို့ အရှိန်ဖြင့် ချီတက်သွားကာ မှော်သင်္ကေတထဲသို့ ဝင်ရောက်သွားခဲ့သည်။
လူများ ပျောက်ကွယ်သွားပြီးနောက် မီးဝိညာဉ် အုပ်စုကြီးမှာ စင်မြင့်များဆီသို့ ရောက်ရှိလာသည်။ တစ်ခဏချင်းပင် နေရာအနှံ့ ပြည့်နှက်သွားတော့သည်။ အော်ဟစ်သံများမှာ လေထဲသို့ ပျံ့လွင့်သွားပြီး မှော်သင်္ကေတထဲသို့ အနည်းငယ် စိမ့်ဝင်သွားကာ ပျောက်ကွယ်သွားခဲ့သည်။
စုမင်သည် မီးတောက်များဖြင့် ပြည့်နှက်နေသည့် မြေပြင်တစ်ပြင်တွင် ပေါ်လာသည်။ ကောင်းကင်မှာ လောင်ကျွမ်းနေပြီး မြေကြီးမှာ ဟိန်းဟောက်နေကာ သူ ကြည့်လိုက်သောအခါ မီးတောင်များက ရူးသွပ်စွာ ပေါက်ကွဲနေသည်ကို တွေ့ရသည်။ မီးခိုးမည်းများမှာ ကောင်းကင်ကို ဖုံးလွှမ်းနိုင်မည့်အလား လိပ်တက်နေသော်လည်း အပေါ်ရှိ မီးပင်လယ်အား မဖုံးလွှမ်းနိုင်ဘဲ အရပ်မျက်နှာအနှံ့ကို အဆက်မပြတ် လောင်ကျွမ်းနေသည်။
မြေပြင်ပေါ်တွင် မြစ်များ ရှိသော်လည်း အထဲရှိ ရေမှာ အနီရောင် ဖြစ်နေသည်။ ယင်းမှာ သွေးမဟုတ်ဘဲ ချော်ရည်များ ဖြစ်သည်။
မြေပြင်ပေါ်တွင် အစိမ်းရောင် အရိပ်အယောင်မျှ မရှိချေ။ ဤသည်မှာ မီးကမ္ဘာ ဖြစ်သည်။
စုမင် ပေါ်လာသည်နှင့် မီးမိစ္ဆာဘိုးဘေးသည်လည်း သူ့နောက်တွင် ပေါ်လာသည်။ သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် နောက်သို့ ဆုတ်လိုက်ပြီး စုမင်နှင့် အကွာအဝေး တစ်ခုကို ထိန်းထားလိုက်သည်။ ဤနေရာတွင် အခြားသူ မရှိတော့သဖြင့် သူသည် စုမင်ကို စိုက်ကြည့်ရင်း သူ့မျက်လုံးထဲရှိ အငြိုးအား မဖုံးကွယ်တော့ပေ။
"မင်းသာ ငါ့ကို သတ်လိုက်ရင် မင်းမှာ ငါ့ရဲ့ နတ်ဘုရားဝိညာဉ်ကို ထိန်းချုပ်ထားတယ်ဆိုတာ လူတိုင်း သိသွားလိမ့်မယ်။ ပြီးရင် မင်း အားလုံးဆီကနေ လွတ်မြောက်ဖို့ ခက်ခဲလိမ့်မယ်" မီးမိစ္ဆာဘိုးဘေးက အေးစက်သော အသံဖြင့် ဆိုသည်။
"ငါက မင်းကို ဘာလို့ သတ်ရမှာလဲ" စုမင်က သတိကြီးစွာ ထားနေသော မီးမိစ္ဆာဘိုးဘေးကို တည်ငြိမ်စွာ မေးလိုက်သည်။
"မင်း ငါ့ကို ဘာလို့ ချုံခိုတိုက်ပြီး ရုပ်ခန္ဓာကို ပေါက်ကွဲအောင် အတင်းအကျပ် လုပ်ခဲ့တာလဲဆိုတာ ငါ ဘယ်လိုလုပ် သိမှာလဲ။ မင်းကြောင့်ပဲ ငါ ဒီအခြေအနေဆိုးထဲ ရောက်နေရတာ" မီးမိစ္ဆာဘိုးဘေး၏ မျက်နှာပေါ်တွင် အငြိုးအတေးများ ချက်ချင်း ပေါက်ကွဲလာသည်။ စုမင်အပေါ် သူ၏ မုန်းတီးမှုမှာ အလွန် ပြင်းထန်သော အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
"မင်း ငါ့ကို သတ်ဖို့ ကြံရွယ်ခဲ့လို့ ငါ တိုက်ခိုက်ခဲ့တာပဲ။ မင်းသာ ငါ့ကို မုန်းတီးမှု မပြခဲ့ရင် ငါ မင်းကို တိုက်ခိုက်မှာ မဟုတ်ဘူး။ မင်းရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးလိုက်တာက သတိပေးချက် တစ်ချက်ပဲ။ အခု နောက်တစ်ကြိမ် ထပ်သတိပေးမယ်။ ငါ့ကို မစော်ကားနဲ့" စုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ ပြောနေစဉ် ကိုယ်ခန္ဓာမှ ကြီးစိုးသော ဖိအားများ ပျံ့နှံ့သွားသည်။ ထိုဖိအားကြောင့် ပတ်ဝန်းကျင်ရှိ မီးပင်လယ်မှာ ယခင်ကထက် ပိုမိုပြင်းထန်စွာ လှုပ်ခါသွားခဲ့သည်။
မီးမိစ္ဆာဘိုးဘေးသည် တိတ်ဆိတ်နေပြီး စကားတစ်ခွန်းမျှ မပြောတော့ပေ။
"ငါ သတိပေးပြီးပြီ။ မင်းကလည်း ငါ့ကိုပဲ ကာကွယ်ဖို့ ရွေးချယ်ခဲ့တယ်ဆိုတော့ ငါ မင်းကို မသတ်ဘူး။ ဒါပေမဲ့ မင်း နောက်ထပ် ရုပ်ခန္ဓာ တစ်ခု လိုချင်သေးလား" စုမင်က ခပ်အေးအေး မေးလိုက်သည်။
"ငါတို့ မီးမိစ္ဆာတွေအတွက် ရုပ်ခန္ဓာ ရွေးချယ်တာက အလွန် အရေးကြီးတယ်။ အရှင်သခင် အဆင့် ရုပ်ခန္ဓာ မဟုတ်ရင် ငါတို့ရဲ့ နတ်ဘုရားဝိညာဉ်တွေနဲ့တင် အကျိုးသက်ရောက်မှု ပိုနည်းလိမ့်မယ်"
"မင်း ဖျက်ဆီးလိုက်တဲ့ ငါ့ရဲ့ အရင် ရုပ်ခန္ဓာက အရင်က အပင်ပန်းခံပြီး ရထားတာ။ အခုတော့ ငါ့လူတွေဆီမှာ အရံ ရုပ်ခန္ဓာတွေ ရှိသေးပေမဲ့ အကုန်လုံးက နေကပ်ဘေး အဆင့်တွေပဲ ရှိသေးတယ်။ အရှင်သခင် အဆင့် မဟုတ်ကြဘူး" သူက စုမင်၏ အတွေးကို နားလည်သလိုဖြင့် အသေးစိတ် ရှင်းပြလာသည်။ သူ့မျက်လုံးထဲတွင် အရောင်တစ်ချက် လက်သွားသည်။
"ပြီးတော့ ကျူးယိုချိုက်နဲ့လည်း ငါက အတော်လေး ရင်းနှီးတယ်..." မီးမိစ္ဆာဘိုးဘေးက ထပ်ပြောပြန်သည်။
သူ့စကား၏ အဓိပ္ပာယ်မှာ မရေရာသကဲ့သို့ ရှိသော်လည်း တကယ်တမ်းတွင်မူ အလွန်ပင် ရှင်းလင်းနေသည်။
"မင်း မကြာခင်မှာ ရုပ်ခန္ဓာအသစ် ရလိမ့်မယ်" စုမင်က ဖြည်းညှင်းစွာ ပြောလိုက်သည်။ စင်စစ် ဘိုးဘေးလုံဟိုင်းကလည်း ရုပ်ခန္ဓာ လိုအပ်သော်ငြား စုမင်သည် ဝတ်စုံဖြူလုလင်၏ ရုပ်ခန္ဓာကို သူ့အား ပေးရန် စိတ်မဝင်စားပေ။
"ဟွမ်မေးနဲ့ ကျိလုံတို့က ကျင့်ကြံခြင်း အဆင့်ခြင်း တူညီကြတယ်။ သူတို့နှစ်ယောက်လုံးက တစ်ယောက်ကို တစ်ယောက် သတိထားနေကြတော့ တစ်ယောက်နဲ့တစ်ယောက် ထိန်းချုပ်ထားသလို ဖြစ်နေတယ်။ သူတို့ထဲက ဘယ်သူမှ လွယ်လွယ်နဲ့ တိုက်ခိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဟိုလူငယ်ကတော့ ထူးခြားတဲ့ စွမ်းအားရှိတယ်။ သူက ကောင်းကင် ကင်းခြေများရဲ့ ပြယုဂ်လည်း ဖြစ်တယ်။ သူက မဟာလောကကြီး လေးခုရဲ့ အပြင်ဘက်က ရှေးဟောင်းဝူရဲ့ သွေးကို ပိုင်ဆိုင်ထားတယ်လို့ ကြားဖူးတယ်။ သူသာ သွေးကို နိုးထစေရင် ရှေးဟောင်းဝူကို ခေါ်ယူနိုင်ပြီး ရှေးဟောင်း စွမ်းအားအဖြစ် ပြောင်းလဲနိုင်လိမ့်မယ်"
မီးမိစ္ဆာဘိုးဘေး ပြောပြီးသည်နှင့် စုမင် ဘေးနားရှိ လွတ်နေသော နေရာမှ ပြင်းထန်သော မကျေမချမ်း အရှိန်အဝါများ ထွက်ပေါ်လာသည်။ ထိုမကျေမချမ်း အရှိန်အဝါများမှာ တစ်နေရာလုံးသို့ ပျံ့နှံ့သွားပြီး မီးတောက်များကို အပြင်ဘက်သို့ တွန်းထုတ်သွားသည်။
မကျေမချမ်း အရှိန်အဝါများ စုစည်းမိသောအခါ မကျေမချမ်းဝေ ပေါ်ထွက်လာသည်။ နဂါးခေါင်းနှစ်လုံး၏ မျက်လုံးများမှာ ထူးဆန်းသော အလင်းတန်းဖြင့် မီးမိစ္ဆာဘိုးဘေးကို စိုက်ကြည့်နေသဖြင့် သူသည် မသိစိတ်ဖြင့် နောက်သို့ ဆုတ်မိသွားသည်။
"မင်းကို ဒီအထဲ ထည့်လိုက်ရင် လုံလောက်မလား" စုမင်က တည်ငြိမ်စွာ မေးလိုက်သည်။
"သူက စကြာဝဠာကိုတောင် ဖောက်ထွင်းနိုင်လောက်အောင် မြန်ပါတယ်" မီးမိစ္ဆာဘိုးဘေးက ချက်ချင်း ဆိုသည်။ သူ၏ မျက်လုံးများမှာ တောက်ပလာပြီ ဖြစ်သည်။
"ဒါဆိုရင် သူ မပြေးသွားအောင် ဟန်ဆောင်ပြလိုက်ကြတာပေါ့" စုမင်က ဤသို့ဆိုလိုက်ချိန်တွင် မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာပြီး မီးမိစ္ဆာဘိုးဘေးဆီသို့ အရှိန်ဖြင့် ချီတက်သွားသည်။
မကျေမချမ်းဝေ လှုပ်ရှားလိုက်ပြီး ခြေအောက်မှ မည်းနက်သော အငြိုးအတေး မီးတောက်များမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားကာ မီးမိစ္ဆာဘိုးဘေး၏ ပတ်ဝန်းကျင်ကို ချက်ချင်း ပြည့်နှက်သွားစေသည်။ ထိုအချိန်အတွင်း စုမင်မှာ နီးကပ်လာပြီ ဖြစ်သည်။ သူ လက်ယာလက်ကို မြှောက်လိုက်ပြီး မီးမိစ္ဆာဘိုးဘေး၏ ဦးတည်ရာဆီသို့ လေထဲတွင် ဆုပ်ကိုင်လိုက်သည်။
ထိုအခါ မီးမိစ္ဆာ၏ ခေါင်းထဲတွင် အတွေးများစွာ ပေါ်လာသည်။ သူသည် မသိစိတ်ဖြင့် နောက်သို့ ဆုတ်လိုက်ပြီးနောက် ပါးစပ်ကို ဟကာ အော်ဟစ်လိုက်သည်။ ထိုသို့ လုပ်ဆောင်စဉ် သူ၏ နတ်ဘုရားဝိညာဉ် စွမ်းအားများ တောက်ပလာပြီး ခန္ဓာကိုယ်ထဲမှ အရိုးလက်မောင်းတစ်ဖက် ထွက်ပေါ်လာသည်။ ထိုသည်က ပုံရိပ်ယောင် အသွင်ဆောင်သော်လည်း စုမင်၏ လက်ဝါးနှင့် ပြင်းထန်စွာ တိုက်မိသွားသည်။
ပေါက်ကွဲသံများ မြည်ဟည်းလာပြီး စုမင်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ မီးမိစ္ဆာဘိုးဘေးလည်း တုန်ခါသွားပြီး နောက်သို့ ယိုင်သွားသော်လည်း နှလုံးသားထဲတွင်မူ သက်ပြင်းကြီး ချနိုင်ခဲ့သည်။ စုမင်သည် အစွမ်းကုန် တိုက်ခိုက်လိုက်သယောင် ရှိသော်လည်း မီးမိစ္ဆာဘိုးဘေးမှာ စုမင်၏ စွမ်းအား အစစ်အမှန်ကို အနည်းငယ် နားလည်ထားသဖြင့် သူ အစွမ်းကုန် မသုံးထားကြောင်း သိလိုက်သည်။
မီးမိစ္ဆာဘိုးဘေးသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ထပ်မံ တိုက်ခိုက်သောအခါ စုမင်ထံသို့ နတ်ဘုရားအသိတစ်ခု ပို့လိုက်သည်။ "ဒီဟန်ဆောင်တာကို ဘယ်လောက်ကြာကြာ လုပ်ရမှာလဲ"
"သူ လှုပ်ရှားလာတဲ့အထိပဲ"
"သူက မတိုက်ခိုက်ရင်ကော"
"ဒါဆိုရင်တော့ ဒါက အစစ်လား၊ အတုလားဆိုတာ ဘယ်သူမှ မခွဲခြားနိုင်တဲ့အထိ ဆက်လုပ်ရမှာပဲ" စုမင်သည် ဤအသိကို ပို့လိုက်သည့် အခိုက်အတန့်တွင် လက်ယာလက်အား မြှောက်လိုက်သည်။ ရာသီဥတု ပြောင်းလဲသွားပြီး မီးပင်လယ်များ လှုပ်ခါသွားကာ ရှေ့တွင် လက်ဝါးကြီးတစ်ဖက် ပေါ်ထွက်လာသည်။ ထိုလက်ဝါးမှာ မီးမိစ္ဆာဘိုးဘေးထံသို့ ပေါက်ကွဲသံနှင့်အတူ အရှိန်အဟုန်ဖြင့် ချီတက်သွားတော့သည်။
အခန်း ၉၉၄ အစစ်လား၊ အတုလား
တိုက်ပွဲကြောင့် ရာသီဥတုများ ပြောင်းလဲသွားပြီး လောကကြီး တစ်ခုလုံး ဟိန်းဟောက် မြည်ဟည်းနေခဲ့သည်။
ကောင်းကင်ယံရှိ မီးပင်လယ်မှာ အဆက်မပြတ် လှုပ်ခါလျက် နောက်သို့ လိပ်တက်သွားပြီး မြေပြင်ပေါ်ရှိ မီးတောက်များမှာလည်း ရိုက်ခတ်မှုကြောင့် ပျံ့နှံ့သွားကာ ချော်ရည်များကို နောက်ပြန်စီးဆင်းသွားစေသည်။ လေထုထဲတွင် စူးရှတောက်ပသော အလင်းတန်းများ ဖြာထွက်နေပြီး ကောင်းကင်ကြီးမှာ အရပ်မျက်နှာအနှံ့ကို မည်းနက်သော မကျေမချမ်း မီးတောက်များဖြင့် ပိတ်ဆို့ချိပ်ပိတ်ထားသည့်အလား ဖြစ်နေကာ မီးမိစ္ဆာဘိုးဘေးမှာမူ လွတ်မြောက်နိုင်စွမ်း မရှိတော့သည့်ပုံစံ ဖြစ်နေသည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ပျံ့နှံ့သွားစဉ် စုမင်သည် မရေမတွက်နိုင်သော နတ်ဘုရားစွမ်းရည်များကို ထုတ်ဖော်လိုက်သည်။ မီးမိစ္ဆာဘိုးဘေးမှာမူ ဤပြဇာတ် တိုက်ပွဲတွင် ဆက်လက်ဟန်ဆောင်နေသော်လည်း တဖြည်းဖြည်းနှင့် ထူးခြားသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
သူသည် အစကတည်းက စုမင်အပေါ် ရန်ငြိုးဖွဲ့ထားခြင်းဖြစ်ရာ စုမင်က မည်မျှပင် ရှင်းပြခဲ့ပါစေ ထိုရန်ငြိုးကို ဖြေဖျောက်ရန် ခက်ခဲပေမည်။ မူလက သူသည် ထိုရန်ငြိုးကို ဖိနှိပ်ထားသော်လည်း ယခု တိုက်ခိုက်နေကြစဉ် ထိုမကျေမချမ်းစိတ်အား ဆက်၍ မဖိနှိပ်နိုင်တော့ချေ။ ၎င်းမှာ သူ၏ တိုက်ကွက်များထဲသို့ ရောယှက်သွားပြီး သူတို့တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသော ပေါက်ကွဲသံများကြားတွင် လောကကြီးကို တုန်ခါသွားစေသည်။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ သူတို့နှစ်ဦးမှာ နေရာ တစ်နေရာတည်း၌ တိုက်ခိုက်နေခြင်း မဟုတ်ဘဲ ကောင်းကင်ယံတွင် တိုက်ခိုက်ရင်း ရှေ့သို့ ဆက်တိုက် ရွှေ့လျားနေကြသည်။ သို့သော် မီးမိစ္ဆာဘိုးဘေး မည်မျှပင် တိုက်ခိုက်ပါစေ သူသည် မည်းနက်သော မကျေမချမ်း မီးတောက်များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံထားရဆဲဖြစ်ပြီး ထိုမီးပင်လယ်မှာလည်း အဆက်မပြတ် ကျုံ့ဝင်နေသည်။ ၎င်းက အမြင့်ဆုံး အတိုင်းအတာအထိ ကျုံ့ဝင်သွားသည့် အကြိမ်တိုင်းတွင် မီးမိစ္ဆာဘိုးဘေးအား နတ်ဘုရားစွမ်းရည်များ သုံး၍ ရိုက်ခတ်ရန် အတင်းအကျပ် ဖြစ်စေပြီး ထိုသို့လုပ်မှသာ မကျေမချမ်း မီးတောက်များကို နောက်သို့ တစ်ကြိမ်ပြန်တွန်းထုတ်နိုင်၏။
ဝတ်စုံဖြူလုလင်မှာမူ ပေါ်မလာသေးချေ။ သို့သော် တကယ်တမ်းတွင် မြေပြင်ပေါ်ရှိ ချော်ရည်များထဲ၌ ပုန်းကွယ်နေသော ပုံရိပ်တစ်ခု ရှိနေသည်မှာ ကြာပြီ ဖြစ်သည်။ ထိုပုံရိပ်မှာ မကြီးမားဘဲ လက်ချောင်း တစ်ချောင်းစာခန့်သာရှိပြီး အနီရောင် ကင်းခြေများတစ်ကောင် ဖြစ်သည်။
ဤသည်မှာ ချော်ရည်ထဲတွင် ရှိနေပြီး ထူးခြားခြင်း မရှိသဖြင့် မည်သူမျှ ယင်း၏ တည်ရှိမှုကို သတိထားမိမည် မဟုတ်ပေ။
ချော်ရည်များကြားမှတစ်ဆင့် သူသည် ကောင်းကင်တွင် တိုက်ခိုက်နေကြသော စုမင်နှင့် မီးမိစ္ဆာဘိုးဘေးတို့ကို လှမ်းမြင်နေရသည်။ သူ့မျက်လုံးများ အရောင်တောက်သွားသော်လည်း ကိုယ်ထင်ပြရန် သို့မဟုတ် တိုက်ခိုက်ရန် မရွေးချယ်ခဲ့ပေ။ ၎င်းမှာ ပထမဦးစွာ ဤအရာက သူ့ကို မျှားခေါ်ရန် ဟန်ဆောင်နေခြင်း ဟုတ်မဟုတ် အကဲဖြတ်လိုခြင်း ဖြစ်သည်။
သူသည် သူတို့နောက်သို့ လိုက်လာခဲ့ခြင်း ဖြစ်သော်လည်း စုမင်နှင့် မီးမိစ္ဆာဘိုးဘေးကြားတွင် မိမိမသိသော ဆက်နွှယ်မှု တစ်မျိုးမျိုး ရှိနေသည်ဟု အမြဲ တွေးတောနေခဲ့သည်။
သူ စောင့်ဆိုင်းနေစဉ် စုမင်နှင့် မီးမိစ္ဆာဘိုးဘေးတို့၏ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာခဲ့သည်။ စင်စစ် မကျေမချမ်းဝေထံမှ မီးတောက်များကြောင့် မီးမိစ္ဆာဘိုးဘေး၏ နတ်ဘုရားဝိညာဉ် ပျက်စီးလုနီးပါး ဖြစ်သွားသည့် အကြိမ်အချို့ပင် ရှိခဲ့သည်။
သို့သော် ထိုကင်းခြေများမှာ တိုက်ခိုက်ခြင်း မပြုသေးချေ။ ထို့ပြင် သူ့မျက်လုံးထဲတွင် အေးစက်သော အကြည့်များနှင့်အတူ လှောင်ပြောင်လိုသော အရိပ်အယောင်များ ရှိနေသည်။
'တကယ့် အတုအယောင် ပြဇာတ်ပဲ။ ဒါကို အခုထိ ဟန်ဆောင်နိုင်နေသေးတယ်ပေါ့။ မြင်းနက်ကြီးက သူ့ကို ပိတ်ဆို့ရုံပဲလုပ်ပြီး တိုက်ပွဲထဲ ဝင်မပါဘူး။ ဒါ တစ်ခုခု လွဲနေတယ်။ သူတို့ ငါ့ကို မျှားခေါ်ဖို့ ကြိုးစားနေတာ သေချာတယ်' ဝတ်စုံဖြူလုလင် ဖြစ်သော ကင်းခြေများက ဤသို့တွေးကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
သုံးရက်ကြာပြီးနောက် စုမင်နှင့် မီးမိစ္ဆာဘိုးဘေးတို့သည် မီးတောင် တစ်တောင်ပေါ်သို့ ရောက်ရှိနေကြသည်။ အပြန်အလှန် တိုက်ခိုက်ရာတွင် သူတို့အသုံးပြုသော နတ်ဘုရား စွမ်းရည်များမှာ အဆုံးမရှိသကဲ့သို့ ဖြစ်နေပြီး အရပ်မျက်နှာအနှံ့ ပေါက်ကွဲသံများ ပျံ့နှံ့နေသည်။ မီးမိစ္ဆာဘိုးဘေး၏ နတ်ဘုရားဝိညာဉ်မှာ အလွန်အမင်း ကုန်ခမ်းနေပြီ ဖြစ်သည်။ စင်စစ် သူ ထွက်ပြေးရန် ကြံရွယ်သည့် အကြိမ်အချို့ ရှိခဲ့သော်လည်း မည်းနက်သော မကျေမချမ်း မီးတောက်များ၏ လိပ်တက် ဝိုင်းရံမှုကြောင့် နောက်သို့ ပြန်ဆုတ်လာခဲ့ရသည်။
စုမင်၏ တိုက်ကွက်များမှာ ပိုမိုပြင်းထန်လာကြောင်းကိုလည်း သူ သတိပြုမိသွားသည်။ စုမင်၏ စွမ်းအားမှာ လွန်ခဲ့သော ရက်အနည်းငယ်ကကဲ့သို့ မဟုတ်တော့ဘဲ အဆက်မပြတ် တိုးမြင့်လာနေခြင်း ဖြစ်သည်။ ထိုအချက်ကြောင့် မီးမိစ္ဆာဘိုးဘေး၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ချက်ချင်း ပေါ်ပေါက်လာတော့သည်။
'သူ ငါ့ကို တကယ် သတ်ချင်နေတာလား။ ဒါက ဟန်ဆောင်နေတာ မဟုတ်ဘူးလား...' မီးမိစ္ဆာဘိုးဘေး ဝေခွဲမရဖြစ်နေခဲ့သည်။ စင်စစ် စုမင်က ဝတ်စုံဖြူလုလင်ကို အမှန်တကယ် မျှားခေါ်ချင်နေသည်လော သို့မဟုတ် သူ့အား သတ်ပစ်ချင်နေသည်လော သူ ရှင်းရှင်းလင်းလင်း မခွဲခြားနိုင်တော့ချေ။
'ဒါပေမဲ့ သူသာ ငါ့ကို သတ်ချင်ရင် အစပိုင်း တိုက်ခိုက်ကတည်းက လွယ်လွယ်လေး လုပ်လို့ရတာပဲ။ ဘာလို့ အခုထိ အချိန်ဆွဲနေရတာလဲ' မီးမိစ္ဆာဘိုးဘေးသည် တဖန် သံသယဝင်လာပြန်သည်။
သူ ဤသို့ တွေးလိုက်သည့် အခိုက်အတန့်တွင် စုမင်သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူက လက်ယာလက်ကို မြှောက်လိုက်ရာ ဟင်းလင်းပြင်ထဲတွင် ဧရာမ တောင်ကြီးတစ်လုံး ပေါ်ထွက်လာသည်။ ထိုတောင်မှာ အခြားမဟုတ်ဘဲ တာအိုရိပ်သာတောင် ဖြစ်ပြီး မီးမိစ္ဆာဘိုးဘေးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
ထိုတောင်ကြီး မိမိထံသို့ နီးကပ်လာချိန်တွင် မီးမိစ္ဆာသည် အသံနိမ့်ဖြင့် ဟိန်းဟောက်လိုက်ပြီး လက်နှစ်ဖက်ဖြင့် လပ်ဟန်တစ်ခု ပြုလုပ်လိုက်သည်။ သူ၏ နတ်ဘုရားဝိညာဉ်မှာ ချက်ချင်း ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံတက်သွားသော ပျံသန်းနေသည့် ငှက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
သို့သော် သူ ပျံတက်သွားသည့် အခိုက်အတန့်တွင် စုမင်၏ မျက်လုံးထဲ၌ နက်မှောင်သော အလင်းတန်းတစ်ချက် လက်သွားသည်။ သူက လက်ဝဲလက်ဖြင့် လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ မျက်လုံးထဲတွင် နေ၊ လနှင့် ကြယ်တာရာတို့၏ ပုံရိပ်များ ထိန်ထိန်လင်းသွားသည်။ ချက်ချင်းပင် လောကကြီး ဟိန်းဟောက် မြည်ဟည်းသွားပြီး မီးမိစ္ဆာဘိုးဘေး၏ အထက်ရှိ ကောင်းကင်တစ်ပြင်လုံး မှောင်မိုက်သွားခဲ့သည်။ မီးပင်လယ်မှာ ပြန့်ကားသွားပြီး ကောင်းကင်ယံတွင် ဧရာမ မျက်နှာကြီးတစ်ခု ချက်ချင်း ပေါ်ထွက်လာသည်။
ဤသည်မှာ ပုံရိပ်ယောင် တစ်ခု ဖြစ်ပြီး စုမင်၏ နေ၊ လနှင့် ကြယ်တာရာ ပုံရိပ်ယောင် စွမ်းရည် ဖြစ်သည်။ ထိုစွမ်းရည်သည် ယုံကြည်သရွေ့ တည်ရှိမည့် စွမ်းရည် ဖြစ်သည်။
ထိုမျက်နှာမှာ စုမင် ထိန်းချုပ်ထားသော အထွတ်အထိပ် ရတနာ၏ ခန္ဓာကိုယ်ပုံစံ ဖြစ်သည်။ သူ ပေါ်လာသည်နှင့် ပါးစပ်ကို အကျယ်ကြီး ဟလိုက်ပြီး မီးမိစ္ဆာဘိုးဘေးရှိရာ ဘက်သို့ ပြင်းထန်စွာ စုပ်ယူလိုက်တော့သည်။
အဘိုးအို၏ မျက်နှာအမူအရာ ချက်ချင်းပင် ပျက်ပြားသွားသည်။ သူ နောက်သို့ ဆုတ်လိုက်စဉ် လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လိုက်ရာ သူ၏ နတ်ဘုရားဝိညာဉ်မှာ ဧရာမ စပါးအုန်းမြွေကြီး တစ်ကောင်အဖြစ် ထပ်မံ ပြောင်းလဲသွားပြန်သည်။ ထိုမြွေကြီးမှာ မြည်ဟည်းလျက် မှော်သင်္ကေတတစ်ခုအဖြစ် ခွေလိပ်လိုက်သော်လည်း သူ မြွေမှော်သင်္ကေတအား ဖန်တီးလိုက်သည့် အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ မကျေမချမ်းဝေသည် နောက်သို့ လျင်မြန်စွာ လိပ်တက်သွားသော မီးပင်လယ်တစ်စင်းကို ဖန်တီးလိုက်သည်။ တာအိုရိပ်သာတောင်နှင့်အတူ ကောင်းကင်ရှိ ဧရာမ မျက်နှာကြီးမှ ထွက်ပေါ်လာသော မည်းနက်သော မီးတောက်များသည် မီးမိစ္ဆာဘိုးဘေးထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။
မီးမိစ္ဆာဘိုးဘေး၏ မျက်နှာအမူအရာ တဖန် ပြောင်းလဲသွားပြန်သည်။ သူသည် ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်ကို ခံစားလိုက်ရပြီး ယင်းက သူ့နတ်ဘုရားဝိညာဉ်ကို တုန်လှုပ်သွားစေသည်။ ထိုအချိန်တွင် ဤသည်က ဟန်ဆောင်မှုတစ်ခု ဟုတ်မဟုတ် တွေးတောရန် အချိန်မရှိတော့ချေ။ သူ ပြောင်းလဲထားသော ဧရာမ စပါးအုန်းမြွေကြီးမှာ ချက်ချင်း ပြန့်ကားသွားပြီး တိုးဝင်လာသော မကျေမချမ်း မီးတောက်များနှင့် ပေါက်ကွဲသံနှင့်အတူ ရိုက်ခတ်မိသွားတော့သည်။
မကျေမချမ်း မီးတောက်များ ပြန့်ကားသွားစဉ် စုမင်၏ တာအိုရိပ်သာတောင်က နီးကပ်လာခဲ့သည်။ ကောင်းကင်ရှိ ဧရာမ မျက်နှာကြီးကလည်း ဖိနှိပ်ချလိုက်ရာ မီးမိစ္ဆာဘိုးဘေးသည် ကောင်းကင်တုန်ဟည်းမည့် အော်ဟစ်သံကို ထုတ်ဖော်လိုက်သည်။ သူ၏ နတ်ဘုရားဝိညာဉ်မှာ ကျုံ့ဝင်သွားပြီး ဧရာမ အလင်းလုံးကြီး တစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ယင်းတို့ အပြန်အလှန် ရိုက်ခတ်မိကြသောအခါ အလင်းလုံးကြီးမှာ လျင်မြန်စွာ ပြန့်ကားသွားသည်။ ဤသည်မှာ မီးမိစ္ဆာဘိုးဘေးက သူ၏ နတ်ဘုရားဝိညာဉ် အတွင်းရှိ အနှစ်သာရ စွမ်းအားကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ဤသုံးရက်တာအတွင်း စုမင်အား ပြန်လည်တိုက်ခိုက်ရန် ကိုယ်ပိုင် နတ်ဘုရားဝိညာဉ် စွမ်းအားကို သုံးစွဲရန် မတွန့်ဆုတ်ခဲ့ခြင်းမှာ ယခုက ပထမဆုံး အကြိမ်ပင် ဖြစ်သည်။
ပေါက်ကွဲသံကြီးများ ကောင်းကင်ယံသို့ လိပ်တက်သွားပြီး ကောင်းကင်တွင် အက်ကြောင်းများ ပေါ်ထွက်လာကာ မြေပြင်ကိုလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားစေသည်။ ထိုကျယ်လောင်သော ပေါက်ကွဲသံများကြားတွင် ကောင်းကင်ရှိ မျက်နှာကြီးမှာ ကြေမွသွားပြီး တာအိုရိပ်သာတောင်လည်း ပြိုလဲသွားကာ စုမင်မှာ လေထုထဲတွင် ခဏမျှ တောင့်တင်းသွားခဲ့သည်။ မီးမိစ္ဆာဘိုးဘေးသည် လျင်မြန်စွာ နောက်ဆုတ်သွားပြီး လူသားအသွင်သို့ ပြန်ပြောင်းလိုက်ရာ သူ၏ နတ်ဘုရားဝိညာဉ်မှာ အလွန်အမင်း မှေးမှိန်သွားခဲ့သည်။
"မင်း ဘာလုပ်နေတာလဲ"
မီးမိစ္ဆာဘိုးဘေး၏ မျက်နှာမှာ ပျက်ပြားနေသော်လည်း ဤစကားကို အပြင်သို့ ထုတ်မပြောခဲ့ချေ။ ယင်းအစား သူ လျင်မြန်စွာ နောက်ဆုတ်နေစဉ် စုမင်ထံသို့ နတ်ဘုရားအသိ ပေးပို့လိုက်ခြင်း ဖြစ်သည်။ သို့သော် သူ နောက်ဆုတ်လိုက်သည့် အခိုက်အတန့်တွင် မကျေမချမ်းဝေ ဖန်တီးထားသော မီးပင်လယ်မှာ လိပ်တက်လာပြီး သူ့ကို ထွက်ခွာခွင့်မပြုဘဲ ပိတ်ဆို့ထားလိုက်သည်။ ထိုမကျေမချမ်း မီးတောက်များထဲမှ သတ်ဖြတ်လိုသော အငွေ့အသက်များလည်း ပျံ့နှံ့လာခဲ့သည်။ ၎င်းနှင့် မီးတောက်များ၏ ပိတ်ဆို့မှုကြောင့် မီးမိစ္ဆာဘိုးဘေးသည် မိမိအနေဖြင့် ဤမကျေမချမ်း အရှိန်အဝါဖြင့် ဖွဲ့စည်းထားသော မီးကွင်းပြင်ထဲမှ အမှန်တကယ် မလွတ်မြောက်နိုင်တော့ကြောင်း ချက်ချင်း သိရှိသွားတော့သည်။
အကြောင်းမူကား မီးမိစ္ဆာဘိုးဘေးသည် လွန်ခဲ့သော အကြိမ်အချို့တွင် မိမိ မလွတ်မြောက်နိုင်သည့်အလား ရည်ရွယ်ချက်ရှိရှိ ဟန်ဆောင်ပြခဲ့ခြင်း ဖြစ်သည်။ သူ တကယ် ထွက်ခွာချင်ပါက သူ၏ အနှစ်သာရ စွမ်းအား အချို့ကို စနစ်တကျ စွန့်လွှတ်ခြင်းဖြင့် လုပ်ဆောင်နိုင်သော်လည်း ယခုအခါတွင်မူ သူသည် မိမိကိုယ်မိမိ အမှန်တကယ် မလွတ်မြောက်နိုင်တော့ကြောင်း ထိတ်လန့်စွာ သိလိုက်ရခြင်း ဖြစ်သည်။
ဤအချက်ကို သိမြင်သွားခြင်းက ဝတ်စုံဖြူလုလင်အား တိုက်ခိုက်ရန် မျှားခေါ်သည့် ပြဇာတ်မဟုတ်ကြောင်းကိုလည်း သူ့အား သဘောပေါက်သွားစေသည်။ ဤသည်မှာ စုမင်က သူ့ကို တကယ် သတ်ချင်နေခြင်း ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က စုမင်က အဘယ်ကြောင့် ချက်ချင်း မတိုက်ခိုက်ခဲ့သနည်းဆိုသော် ထိုအချိန်က သူသည် သူ၏ နတ်ဘုရားဝိညာဉ်ကို ကိုယ်တိုင် ပေါက်ကွဲစေနိုင်သေးသောကြောင့် ဖြစ်သည်။ သူသာ ကိုယ်တိုင် ပေါက်ကွဲပစ်လိုက်ပါက စုမင်သည် မည်သည်မျှ ရမည် မဟုတ်သည့်အပြင် အခြားသူများကလည်း စုမင်သည် မီးမိစ္ဆာဘိုးဘေး၏ နတ်ဘုရားဝိညာဉ်ကို ဝှက်ထားသည်ဟု မှားယွင်းစွာ ထင်မြင်သွားကြမည်။
ထို့ကြောင့် စုမင်သည် သူ့ကို လှည့်စားရန် စကားလုံးများအား အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤနည်းလမ်းဖြင့် ဝတ်စုံဖြူလုလင်အား မျှားခေါ် တိုက်ခိုက်ရန် အကြောင်းပြချက်ပေးကာ သူ၏ အနှစ်သာရ စွမ်းအားများကို ဖြည်းဖြည်းချင်း ကုန်ခမ်းစေပြီး ကိုယ်တိုင် ပေါက်ကွဲနိုင်စွမ်းအား တဖြည်းဖြည်း ဆုံးရှုံးသွားစေခဲ့သည်။ သူ ကိုယ်တိုင် မပေါက်ကွဲနိုင်တော့သည့် ထိုအခိုက်အတန့်တွင် သူသည် အလွန်အမင်း မောပန်းနွမ်းနယ်နေသဖြင့် ကိုယ်တိုင်ပေါက်ကွဲပိုင်ခွင့်ကိုပင် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။
"မင်း ဘယ်သူလဲ။ မင်းက ဒီလောက်အထိ ကောက်ကျစ်ရက်စက်နေတာ နာမည်မရှိတဲ့လူတစ်ယောက် ဖြစ်ဖို့ မဖြစ်နိုင်ဘူး" မီးမိစ္ဆာဘိုးဘေးသည် မျက်လုံးထဲတွင် ရူးသွပ်မှုများ ထွက်ပေါ်လာလျက် ဟိန်းဟောက်လိုက်သည်။ သူသည် သူ၏ အနှစ်သာရ စွမ်းအားများကို မရပ်မနား စုစည်းလိုက်သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ၏ အနှစ်သာရစွမ်းအား အများစုအား အမှန်တကယ် ဖြုန်းတီးပစ်ခဲ့မိကြောင်း ဝမ်းနည်းကြေကွဲစွာ သဘောပေါက်သွားခဲ့သည်။
"မင်း ငါ့ရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးခဲ့ပြီး ကောင်းကင် ကင်းခြေများကို ဒီကို မျှားခေါ်ချင်တယ်လို့ ငါ့ကို လိမ်ညာခဲ့တယ်။ ဒါပေမဲ့ မင်းရဲ့ ရည်ရွယ်ချက်အစစ်အမှန်က ငါ့ရဲ့ နတ်ဘုရားဝိညာဉ်ပဲ။ အဲဒီ ကောင်းကင် ကင်းခြေများက ဒီကို လုံးဝ ရောက်မလာဘူး"
စုမင်သည် မီးမိစ္ဆာဘိုးဘေးကို စကားတစ်ခွန်းမျှ မဆိုဘဲ ကြည့်လိုက်ပြီးနောက် သူ၏ တိုက်ကွက်များမှာ ပိုမိုပြင်းထန်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ မကျေမချမ်း မီးတောက်များ၏ မြန်နှုန်းနှင့် လောင်ကျွမ်းမှုနှုန်းမှာလည်း ပိုမိုမြင့်မားလာခဲ့သည်။
ချော်ရည်ထဲတွင် ပုန်းနေသော ဝတ်စုံဖြူလုလင်သည် ဤမြင်ကွင်းကို လှမ်းမြင်လိုက်ရသည်။ မူလက သူ ဝေခွဲမရဖြစ်နေသော်လည်း မကြာမီ ထိုဝေခွဲမရမှုနောက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ့မျက်လုံးထဲ၌ လောဘစိတ်များ ပေါ်ပေါက်လာတော့သည်။
'တကယ့်ကို ကောက်ကျစ်တဲ့လူပဲ။ သူက မီးမိစ္ဆာဘိုးဘေးရဲ့ နတ်ဘုရားဝိညာဉ်ကို မရခင်မှာ ကိုယ်တိုင်မပေါက်ကွဲနိုင်အောင် ဒီနည်းလမ်းကို သုံးခဲ့တာကိုး။ ဒီနည်းလမ်းက အတော်လေးကို ယုတ်မာရက်စက်တာပဲ။ ဒါပေမဲ့ ငါ သဘောကျတယ်'
'ဒါ ထောင်ချောက်တစ်ခု မဟုတ်တာ သေချာသွားပြီ။ ငါ အတွေးလွန်နေခဲ့တာပဲ။ အဲလိုဆိုမှတော့ မင်း မီးမိစ္ဆာဘိုးဘေးကို လိမ်ညာဖို့ သုံးခဲ့တဲ့ စကားလုံးတွေက တကယ်ပဲ အစစ်အမှန် ဖြစ်လာစေရတာပေါ့'
ဝတ်စုံဖြူလုလင်၏ မျက်လုံးများ အရောင်လက်သွားသော်လည်း သူသည် နှလုံးသားထဲမှ လောဘစိတ်ကို ချက်ချင်း ဖိနှိပ်လိုက်ပြီး သူတို့အား ဆက်လက် စောင့်ကြည့်နေခဲ့သည်။ သူသည် သံသယကြီးသူ တစ်ဦး ဖြစ်သဖြင့် လုံးဝ မသေချာမချင်း ကိုယ်ထင်ပြမည် မဟုတ်ပေ။
မီးမိစ္ဆာဘိုးဘေး၏ နှလုံးသားထဲတွင် ဒေါသများ တောက်လောင်နေသကဲ့သို့ ၎င်းနှင့်အတူ မျှော်လင့်ချက်မဲ့မှုများလည်း ရှိနေသည်။ သူ၏ ရူးသွပ်မှုမှာ ထိပ်ဆုံးသို့ ရောက်ရှိနေသော်လည်း ထိုအချိန်တွင် သူသည် ကိုယ်တိုင် ပေါက်ကွဲပိုင်ခွင့်ကိုပင် ဆုံးရှုံးနေရပြီ ဖြစ်သည်။ သူ ကိုယ်တိုင် ပေါက်ကွဲရန် ကြိုးစားလျှင်ပင် အောင်မြင်မည်မဟုတ်ကြောင်း သိသော်လည်း သူက စမ်းသပ်လိုသေးသည်။
"ငါ သေရင်တောင် မင်းရဲ့ ထိန်းချုပ်မှုအောက်က ရုပ်သေးဝိညာဉ် လုံးဝ အဖြစ်မခံဘူး" မီးမိစ္ဆာဘိုးဘေး ဟိန်းဟောက်လိုက်စဉ် သူ၏ အနှစ်သာရစွမ်းအား အားလုံးမှာ လျင်မြန်စွာ ဆူပွက်လာပြီး ခန္ဓာကိုယ်မှ ကိုယ်တိုင်ပေါက်ကွဲမှု၏ ပြင်းထန်သော အရှိန်အဝါများ ပျံ့နှံ့သွားခဲ့သည်။ သို့သော် ထိုသို့ဖြစ်ပွားသည့် အခိုက်အတန့်တွင် စုမင်၏ မျက်လုံးများ အရောင်တောက်သွားသည်။ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်နှင့် သူ့စွမ်းအားမှာ ချက်ချင်း မြင့်တက်လာပြီး အိစန်းကိုယ်ပွားနှင့် ပေါင်းစပ်လိုက်သည်။ သို့သော် လုံဟိုင်းအား စွမ်းအားထုတ်သုံးရန် မခိုင်းစေခဲ့ချေ။ သို့သော်ငြား ထိုစွမ်းအားသည်ပင် ရုပ်ခန္ဓာ ဆုံးရှုံးထားသော မီးမိစ္ဆာဘိုးဘေးကို ဖိနှိပ်ရန် လုံလောက်ပေသည်။
ပတ်ဝန်းကျင်ရှိ မကျေမချမ်းဝေ ဖန်တီးထားသော မကျေမချမ်း မီးတောက်များမှာလည်း နောက်သို့ လိပ်တက်သွားသည်။ မြေပြင်မှ လှမ်းကြည့်ပါက ကောင်းကင်ရှိ မကျေမချမ်း မီးတောက်များ နောက်သို့ လိပ်တက်သွားချိန်တွင် အထဲ၌ မရေမတွက်နိုင်သော မကျေမချမ်းဝေ၏ အရိပ်များ ပါရှိနေပြီး အဆုံးမဲ့သည့် မြင်းအုပ်ကြီးများ ကဆုန်ပေါက် ပြေးလွှားနေသည့်အလား ဖြစ်နေသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့သည် ကိုယ်တိုင်ပေါက်ကွဲရန် ပြင်နေသော မီးမိစ္ဆာဘိုးဘေးထံသို့ တိုးဝင်သွားကြသည်။
ပေါက်ကွဲသံနှင့်အတူ မီးမိစ္ဆာဘိုးဘေး၏ ကိုယ်တိုင်ပေါက်ကွဲမှုနှင့် မကျေမချမ်း မီးတောက်များ အပြန်အလှန် ရိုက်ခတ်မိသွားပြီးနောက် သူသည် တောင့်တင်းသွားခဲ့သည်။ သူ၏ နတ်ဘုရားဝိညာဉ်ထဲတွင် မကျေမချမ်း အရှိန်အဝါများ ပြည့်နှက်နေကြောင်း ဝမ်းနည်းကြေကွဲစွာနှင့် မျှော်လင့်ချက်မဲ့စွာ သူ သိလိုက်ရသည်။ ဤသည်မှာ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မကျေမချမ်း မီးတောက်များ၏ တိုက်ခိုက်မှုများမှ ရောက်ရှိလာခြင်း ဖြစ်သည်။
သူ၏ နတ်ဘုရားဝိညာဉ် ကိုယ်တိုင် ပေါက်ကွဲမှု ရပ်တန့်သွားသည့် အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ကို မကျေမချမ်း အရှိန်အဝါများက နေရာယူလိုက်သည်။ ပတ်ဝန်းကျင်ရှိ မကျေမချမ်း မီးတောက်များက သူ့ကို ချိပ်ပိတ်စည်း တစ်ခုကဲ့သို့ အလွှာလိုက် ဝိုင်းရံပိတ်ဆို့ထားလိုက်ပြီး စုမင်သည် ခြေတစ်လှမ်းဖြင့် သူ့ထံသို့ နီးကပ်လာခဲ့သည်။ သူက လက်ယာလက်ကို မြှောက်လိုက်ရာ လက်ဝါးထဲတွင် စူးရှသော အလင်းတန်းတစ်ချက် တောက်ပလာသည်။ ဤသည်မှာ ရွှမ်ရှန်းအဖွဲ့မှ ဟွာယု ပိုင်ဆိုင်သော ဝိညာဉ်ချိပ်ပိတ် ပညာရပ်၏ အလင်းတန်း ဖြစ်သည်။
ထိုလက်ဝါးမှာ ကျရောက်လုနီးပါး ဖြစ်နေသည်။ လက်ဝါး ကျရောက်သွားသည်နှင့် မီးမိစ္ဆာဘိုးဘေးသည် သတိလစ်သွားမည်ဖြစ်ပြီး နောက်ထပ် လုံးဝ နိုးထလာတော့မည် မဟုတ်ပေ။ မျှော်လင့်ချက်မဲ့မှု၊ ဝမ်းနည်းကြေကွဲမှုနှင့် ရူးသွပ်မှုတို့မှာ သူ၏ နောက်ဆုံး အတွေးများ ဖြစ်လာခဲ့သည်။
စုမင်၏ လက်ဝါး ကျရောက်လုနီးပါး ဖြစ်နေသည့် အခိုက်အတန့်တွင် မြေပြင်မှ ကြီးမားသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး အဖြူရောင် အလင်းတန်းတစ်တန်း ချက်ချင်း ပစ်ထွက်လာခဲ့သည်။ ဤသည်မှာ လုံးဝ ဖြူဖွေးနေသော ကင်းခြေများတစ်ကောင် ဖြစ်ပြီး ယခုအကြိမ်တွင်မူ ယခင်က မည်းနက်သော ကင်းခြေများထက် သိသာစွာ ကွာခြားလျက် ကြီးမားသော စွမ်းအားကို ထုတ်လွှတ်နေသည်။
ထိုကင်းခြေများမှာ အလွန်ပင် လျင်မြန်သဖြင့် မကျေမချမ်း မီးတောက်များထဲသို့ ချက်ချင်း တိုးဝင်သွားခဲ့သည်။ လေထုထဲတွင် အဆက်မပြတ် ရယ်မောသံများ ပဲ့တင်ထပ်သွားစဉ် သူသည် စုမင်၏ ရှေ့မှောက်ရှိ မီးမိစ္ဆာဘိုးဘေးထံသို့ အရှိန်ဖြင့် ချီတက်သွားပြီး သူ့အပေါ်သို့ ချက်ချင်း အုပ်မိုးလိုက်တော့သည်။
ပြောနေရန်ပင် မလိုတော့ဘဲ ထိုကင်းခြေများမှာ အခြားမဟုတ်ဘဲ ဝတ်စုံဖြူလုလင်ပင် ဖြစ်သည်။ ထိုအခိုက်အတန့်တွင် မိမိအနေဖြင့် ထောင်ချောက်ထဲသို့ မကျရောက်ခဲ့ကြောင်း သူ လုံးဝ သေချာသွားခဲ့ပြီ ဖြစ်သည်။
သို့သော် သူသည် ထောင်ချောက်ထဲသို့ အမှန်တကယ် မကျရောက်ခဲ့ခြင်းလော။ ဝတ်စုံဖြူလုလင် မကျေမချမ်း မီးတောက်များထဲသို့ ဝင်ရောက်လာသည့် အခိုက်အတန့်တွင် စုမင်၏ နှုတ်ခမ်းဖျား၌ မထင်ရှားသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့လေသည်။