အခန်း (၉၉၇-၉၉၈)
Vol. 72 Ch. 997-998
အခန်း ၉၉၇ ငါ ကတိပေးခဲ့တယ်
ဝတ်စုံဖြူလုလင်သည် ရွှေရောင်အလင်းကို ဆုပ်ကိုင်လိုက်သောအခါ ထိုအလင်းတန်းသည် စတင်၍ ကွေးညွတ် တွန့်လိမ်လာခဲ့သည်။ တစ်ချိန်တည်းပင် အဆုံးမဲ့ လှိုင်းတွန့်များ ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းပင် ရွှေရောင်ဓားသွား၏ အရိပ်အယောင်တစ်ခုသည် ဝတ်စုံဖြူလုလင်၏ လက်ထဲတွင် ရှင်းလင်းစွာ ပေါ်ပေါက်လာတော့သည်။
စုမင် လှမ်းကြည့်လိုက်သောအခါ ဝတ်စုံဖြူလုလင်သည် ရွှေရောင်ဓား၏ အရိပ်ကို ရွှေရောင်အလင်းထဲမှ တိုက်ရိုက်ဆွဲထုတ်လိုက်သည့်အလား ထင်ရသည်။ ဓားသွား ပုံပေါ်လာသည်နှင့် တစ်ပြိုင်နက် စကားလုံးဖြင့် ဖော်ပြရန် မစွမ်းသာလောက်အောင် ပြင်းထန်သော မဟာဖိအားကြီး တစ်ခုသည် မြေပြင်ပေါ်သို့ ဝုန်းကနဲ ဆင်းသက်လာခဲ့သည်။ မီးမိစ္ဆာဘိုးဘေး၏ ခန္ဓာကိုယ်အတွင်းမှ ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံ မြည်ဟည်းသွားပြီး သူ့နတ်ဘုရားဝိညာဉ်သည် ရုပ်ဝတ္ထုတစ်ခုကဲ့သို့ အားကောင်းသော ထိုမဟာဖိအားကြောင့် မြေပြင်ပေါ်သို့ အတင်းအကျပ် ဖိနှိပ်ခြင်းခံလိုက်ရကာ အောက်သို့ ထိုးဆင်းသွားခဲ့သည်။ သူသည် လက်တစ်ချောင်းပင် မလှုပ်နိုင်တော့ချေ။ သူ့နတ်ဘုရားဝိညာဉ်မှာလည်း ပြိုကွဲပျက်စီးမည့် လက္ခဏာများ စတင်ပြသလာသဖြင့် မျက်နှာအမူအရာမှာ ထိတ်လန့် တုန်လှုပ်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
စုမင် ထိန်းချုပ်ထားသော အထွတ်အထိပ် ရတနာ၏ ခန္ဓာကိုယ်သည်လည်း ထိုမဟာဖိအားအောက်တွင် တုန်ခါသွားခဲ့သည်။ တစ်လောကလုံး ပြိုကျပျက်စီးပြီး ထိုပြိုကျမှု၏ အလေးချိန်တစ်ခုလုံးက သူ့ခန္ဓာကိုယ်ပေါ်သို့ ဖိစင်လာသကဲ့သို့ သူသည် တဖြည်းဖြည်းချင်း အောက်သို့ နိမ့်ဆင်းသွားခဲ့ရသည်။ ထိုဖိအားက စုမင်၏ ခြေထောက်များ မြေကြီးထဲသို့ နစ်ဝင်သွားသည်အထိ မြေပြင်ပေါ်သို့ ဖိချပစ်လိုက်ခြင်း ဖြစ်သည်။
သက်ရှိသတ္တဝါ မှန်သမျှသည် ဤမဟာဖိအားကြီး၏ ရှေ့မှောက်တွင် ဦးညွှတ် ဝပ်စိုးကြရမည် ဖြစ်သည်။ အကယ်၍ ဦးမညွှတ်ပါက သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များပါ ပျက်စီးသွားမည်။ စုမင်သည် အလွန်တရာ အားစိုက်ထုတ်ကာ ဆက်လက် မတ်တပ်ရပ်နေရင်း ကောင်းကင်ယံရှိ ဝတ်စုံဖြူလုလင်ကို မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ချက် လင်းလက်သွားခဲ့သည်။
ထိုမဟာဖိအား၏ သက်ရောက်မှုကို မခံရသလောက် ဖြစ်နေသော တစ်ဦးတည်းသော သက်ရှိမှာ မကျေမချမ်းဝေပင် ဖြစ်သည်။
နဂါးခေါင်းနှစ်လုံးနှင့် ဤမြင်းနက်ကြီးသည် ဝတ်စုံဖြူလုလင်ထံမှ ရှေးဟောင်းဝူ၏ စွမ်းအားများ ဆင်းသက်လာသည့် အခိုက်အတန့်တွင် ရက်စက်ကြမ်းကြုတ်သော လေသံဖြင့် ဟိန်းဟောက်လိုက်တော့သည်။ ဤဟိန်းဟောက်သံသည် လေထုထဲတွင် ပဲ့တင်ထပ်သွားပြီး မြင်းနက်ကြီး၏ ပတ်ပတ်လည်တွင် ထူထပ်မည်းနက်သော မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားခဲ့သည်။ မီးခိုးငွေ့များ ကွေးညွတ် တွန့်လိမ်သွားသောအခါ မရေမရာသော ပုံရိပ်များ ဖြစ်ပေါ်လာခဲ့သည်။ ထိုပုံရိပ်များ၏ ပုံသဏ္ဌာန်ကို ရှင်းလင်းစွာ မမြင်ရသော်လည်း သူတို့၏ အပြင်ပန်း လက္ခဏာများအရ ယောက်ျား၊ မိန်းမ၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ သူတို့သည် ရူးသွပ်သွားသည့်အလား ဝတ်စုံဖြူလုလင်၏ ပတ်ပတ်လည်ရှိ ရွှေရောင်အလင်းတန်းများနှင့် သူ့လက်ထဲရှိ ရွှေရောင်ဓားသွားကို ဦးတည်ကာ ဟိန်းဟောက်လိုက်ကြသည်။
သာမန်လူသားများပင် ခံစားမိနိုင်သော မုန်းတီးမှုတစ်ခုသည် မကျေမချမ်းဝေထံမှ အတားအဆီးမရှိ လျှံထွက်လာခဲ့ပြီး မြင်းနက်ကြီးသည် ထိုရွှေရောင်အလင်းတန်းအား အံတုတိုက်ခိုက်လိုပုံ ရနေခဲ့သည်။
"ကောင်းကင်ကို ခွဲချေစမ်း"
ဝတ်စုံဖြူလုလင်သည် ယခုအခါ တစ်ကိုယ်လုံးနီးပါး ရွှေရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူသည် မိမိလက်ထဲရှိ ရွှေရောင်ဓားကို အလွန် ခဲယဉ်းစွာ မြှောက်လိုက်ပြီး မြေပြင်ပေါ်သို့ ပိုင်းချလိုက်သည်။ ဤဓားချက်သည် သူ့အဖို့ အလွန်တရာ ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း မြင်သာသည်။
သူ့ခန္ဓာကိုယ်မှာ ချက်ချင်းပင် အလွန်အမင်း ပိန်လှီခြောက်သွေ့သွားခဲ့ပြီး အသား၊ သွေး၊ အနှစ်သာရနှင့် ဝိညာဉ်တစ်ခုလုံးသည်ပင် ဤဓားတစ်ချက်ကို အသုံးပြုရန်အတွက် စွမ်းအင် အရင်းအမြစ်အဖြစ် ပြောင်းလဲသွားသည့်အလား ထင်ရသည်။
သူ ဓားကို အောက်သို့ ပိုင်းချလိုက်သောအခါ စုမင်၏ ခြေဖဝါးအောက်ရှိ မြေပြင်သည် ချက်ချင်းပင် မြည်ဟည်းသွားပြီး အက်ကွဲကြောင်းများ ပေါ်ထွက်လာခဲ့သည်။ မဟာဖိအားကြောင့် သူ့ခြေထောက်များ ပိုမိုနက်ရှိုင်းစွာ နစ်ဝင်သွားခဲ့ရသဖြင့် ခန္ဓာကိုယ် တစ်ဝက်ခန့်သာ မြေပြင်အထက်တွင် ကျန်ရှိတော့သည်။ ထိုမဟာဖိအားကြောင့် စုမင်၏ သွေးများ အားလုံး အေးခဲသွားခဲ့ရပြီး ဤသည်မှာ သူ အထွတ်အထိပ်ရတနာ၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် အချိန်တွင် ဖြစ်သည်။ အကယ်၍ သူ့တွင် ထိုခန္ဓာကိုယ်မရှိဘဲ မဟာဖိအားကို ခန္ဓာကိုယ်အတွင်းရှိ လူများက ခွဲဝေ မခံယူပေးနိုင်ခဲ့ပါက အိစန်း ကိုယ်ပွားသည်ပင် ဤမဟာဖိအားအောက်တွင် ပြိုကွဲပျက်စီးလုနီးပါး ဖြစ်သွားပေမည်။
အကြောင်းမူကား စုမင်၏ အိစန်းမှာ မပြည့်စုံသေးသောကြောင့် ဖြစ်သည်။
ဤဓားချက်သည် စုမင်ကို ဦးတည်ထားခြင်း မဟုတ်ဘဲ ဘေးတွင် ဟိန်းဟောက်နေသော မကျေမချမ်းဝေအား ဦးတည်ထားခြင်း ဖြစ်သည်။ ဝတ်စုံဖြူလုလင်၏ အရောင်မှာ ရွှေရောင်အဖြစ် အစားထိုးသွားခဲ့သဖြင့် သူ့ထံတွင် ကိုယ်ပိုင်မဟုတ်သော သတိစိတ်တစ်စ ပေါ်ပေါက်လာသည်ကို စုမင် ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ယင်းအစား ထိုအကြည့်မှာ သက်ရှိအားလုံးထက် မိမိကိုယ်ကိုယ် သာလွန်သည်ဟု မှတ်ယူထားပြီး စကြဝဠာကြီး တစ်ခုလုံးအယး ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ အထက်စီးက ငုံ့ကြည့်နေသည့် အကြည့်မျိုး ဖြစ်သည်။
"အောက်လောကက ညစ်ပတ်တဲ့ ပုရွက်ဆိတ်တွေ... မင်းတို့က အင်အားကြီးတဲ့ ဝူကို အံတုရဲတယ်ပေါ့လေ"
ဝတ်စုံဖြူလုလင်၏ ပါးစပ်မှ ထွက်ပေါ်လာသော အသံတွင် ဆန်းကြယ်သော စည်းချက်တစ်ချက် ပါဝင်နေပြီး အေးစက်ကာ ကရုဏာကင်းမဲ့သော အကြည့်တို့နှင့်အတူ သူသည် ကိုးထပ်ကောင်းကင်ယံထက်တွင် မတ်တပ်ရပ်လျက် စကြဝဠာကြီးကို ငုံ့ကြည့်နေသည့်အလား ခံစားရစေသည်။
သူသည် ဟောင်ကွေ့ကို ကြည့်သည်ဖြစ်စေ စုမင်ကို ကြည့်သည်ဖြစ်စေ တစ်ပုံစံတည်းသာ သဘောထားသည်။ မကျေမချမ်းဝေကို ကြည့်လိုက်သောအခါမှသာ မျက်နှာပေါ်တွင် တည်ကြည်လေးနက်သော အမူအရာတစ်ခု ပေါ်လာခဲ့ပြီး မကျေမချမ်းဝေသည်သာ သူ့အာရုံစိုက်မှုကို ရထိုက်ပြီး မိမိနှင့် အဆင့်တူအဖြစ် သတ်မှတ်နိုင်သည့် တစ်ခုတည်းသောအရာအလား ဖြစ်နေခဲ့သည်။
"အထက်နိုင်ငံတော်က အင်မော်တယ်ပဲ"
မီးမိစ္ဆာဘိုးဘေး တုန်လှုပ်သွားခဲ့သည်။ သူ့အသံထဲတွင်လည်း တုန်ရင်မှုများ ပါဝင်နေခဲ့သည်။ သူ့စကားသံမှာ တိုးညင်းသော်လည်း စုမင်က ကြားနိုင်ဆဲဖြစ်သည်။ ထိုစကားကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် စုမင်၏ မျက်လုံးထဲရှိ အေးစက်သော အကြည့်မှာ ပို၍ပင် အေးစက်သွားခဲ့တော့သည်။
ရှေးဟောင်းနိုင်ငံတော် သုံးနိုင်ငံမှ လူများသည် မဟာလောကကြီး လေးခုမှ လူများ၏ မျက်စိထဲတွင် အထက်နိုင်ငံတော်က အင်မော်တယ်များအဖြစ် လူသိများကြသည်မှာ အမှန်ပင် ဖြစ်သည်။
လုလင်သည် ဓားတစ်ချက်တည်းဖြင့် ကောင်းကင်ပြင်ကို ပိုင်းဖြတ်လိုက်ရာ ထိုဓားချက်သည် စူးရှတောက်ပသော ရွှေရောင်အလင်းတန်း တစ်တန်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအလင်းထဲတွင် ဖော်ပြ၍မရနိုင်သော စွမ်းအားတစ်ခု ကိန်းအောင်းနေခဲ့သည်။ ဤအလင်းရောင်သည် စကြဝဠာကြီး စတင်မွေးဖွားလာစဉ်က ဟင်းလင်းပြင်ကို ခွဲထွက်သွားစေခဲ့သော အလင်းတန်းကဲ့သို့ပင် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ ဤသည်က ကောင်းကင်ကို အက်ကွဲစေခြင်း ဟူသော နတ်ဘုရားစွမ်းရည်ပင် ဖြစ်ပေသည်။
ထိုဓားတစ်ချက်တွင် ဟင်းလင်းပြင်ရှိ ရှုပ်ထွေးမှုများကို ဆွဲဖြတ်နိုင်သော စွမ်းအား၊ လေးလံသော အစိတ်အပိုင်းများကို မြေပြင်အဖြစ် ပြောင်းလဲစေပြီး ပေါ့ပါးသည့် အစိတ်အပိုင်းများအား ကောင်းကင်၏ စွမ်းအားအဖြစ် ပြောင်းလဲစေနိုင်သော စွမ်းအားများ ပါဝင်နေသည်။ ဝတ်စုံဖြူလုလင်သည် ဤဓားချက်၏ အင်အား အပြည့်အဝအား ထုတ်မသုံးနိုင်သော်လည်း သွေးထဲရှိ ရှေးဟောင်းဝူ၏ စွမ်းအားကို လှုံ့ဆော်ခြင်းဖြင့် ဓားသွားထံမှ အတိုင်းအတာ တစ်ခုအထိ ရှိသော စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့သည်။
ဤသည်မှာ ဝတ်စုံဖြူလုလင်အနေဖြင့် မိမိ အသက်ကို ရင်း၍ အသုံးပြုရသော နတ်ဘုရားစွမ်းရည် ဖြစ်သည်။ သူသည် ဘဝတွင် သွေးကို တစ်ကြိမ်သာ လောင်ကျွမ်းစေနိုင်သဖြင့် ဤသို့ပြုလုပ်ပြီးပါက သေချာပေါက် သေဆုံးရမည် ဖြစ်သည်။ သို့သော် သူ သေဆုံးရမည်ဖြစ်စေကာမူ သွေးကို လောင်ကျွမ်းစေပြီး အထွတ်အထိပ် အဆင့်သို့ ရောက်ရှိကာ သွေးထဲရှိ ရှေးဟောင်းဝူ၏ ဂုဏ်သိက္ခာအား နိုးထစေချင်ခဲ့သည်။
ဓားတစ်ချက်တည်းဖြင့် ရာသီဥတုက ပြောင်းလဲသွားခဲ့သည်။ စုမင် ရှိနေသော ဟင်းလင်းပြင်ကမ္ဘာသည် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့တော့သည်။ မီးမိစ္ဆာဘိုးဘေး တုန်လှုပ်သွားခဲ့သည်။ မြေအောက်ထဲရှိ ရက်စက်ကြမ်းကြုတ်ပြီး သောင်းကျန်းနေသော မီးဝိညာဉ်များသည်လည်း ထိုအခိုက်အတန့်တွင် ငြိမ်ကျသွားခဲ့ကြသည်။
သူတို့ပင်မကဘဲ ပဉ္စမမြောက်မီးဖို အတွင်းရှိ သက်ရှိသတ္တဝါအားလုံး၊ ပေတစ်ထောင်မြင့်သော သစ်ပင်ကြီးပင်လျှင် ကောင်းကင်အား အက်ကွဲစေသော ရှေးဟောင်းဝူ၏ စွမ်းအားကို ခံစားလိုက်ရသည်။
ဆရာတော် ကျိလုံ၏ မျက်နှာအမူအရာမှာ မှုန်မှိုင်းသွားခဲ့သည်။ သူသည် မြက်ခင်းပြင်ပေါ်တွင် ရပ်နေဆဲဖြစ်ပြီး ကောင်းကင်ကြီးကို မော့ကြည့်နေခဲ့သည်။ သူ့မျက်နှာအမူအရာမှာ အဆက်မပြတ် ပြောင်းလဲနေခဲ့ပြီး အတော်ကြာမှသာ သက်ပြင်းချလိုက်တော့သည်။ ဝတ်စုံဖြူလုလင်သည် သေချာပေါက် သေဆုံးရတော့မည်ကို သူ သိလိုက်သည်။
"ငါတို့ မဟာမိတ် မဖွဲ့နိုင်ခဲ့တာ နှမြောဖို့ကောင်းတယ်။ ဒါဆိုရင်တော့ နောက်ပိုင်းကျရင် အထွတ်အထိပ် ရတနာတွေအတွက် ငါ မျက်ခုံးဝါနဲ့ တကယ်ပဲ ပူးပေါင်းရတော့မှာပဲ" ကျိလုံသည် ခေါင်းကို ခါယမ်းလိုက်သည်။
အခြား ဟင်းလင်းပြင်ကမ္ဘာ တစ်လုံးတွင် မျက်ခုံးဝါနှင့်လူက မျက်မှောင်ကြုတ်လိုက်သည်။ သူ ကောင်းကင်ယံရှိ ရွှေရောင်အဆင်းကို ကြည့်လိုက်သောအခါ မျက်လုံးထဲတွင် သတိထားရိပ်များ ထင်ဟပ်သွားခဲ့သည်။
"ရှေးဟောင်းဝူရဲ့ သွေးပါတဲ့ကောင်က ဒီလောက်အထိ ပြင်းထန်တဲ့ တိုက်ခိုက်ရေးစွမ်းအားကို ထုတ်သုံးနိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး..."
စုမင်သည် ဝတ်စုံဖြူလုလင် ထုတ်ဖော်လိုက်သော ဓားချက်ကို စိုက်ကြည့်နေခဲ့သည်။ သူ့ခန္ဓာကိုယ်မှာ မဟာဖိအားကြောင့် အတင်းအကျပ် ဖိနှိပ်ထားခြင်း ခံထားရသဖြင့် လက်တစ်ချောင်းပင် မလှုပ်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။ သူသည် ရွှေရောင်ဓားသွားက မကျေမချမ်းဝေထံသို့ ဦးတည်ပြေးဝင်သွားသည်ကို မည်သို့မျှ မတတ်နိုင်ဘဲ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
မြင်းနက်ကြီးမှာမူ ဟိန်းဟောက်လိုက်စဉ် ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ မည်းနက်သော မီးခိုးငွေ့များသည် စတင် လည်ပတ်လာခဲ့သည်။ ထိုမီးခိုးငွေ့များသည် တွင်းနက်ကြီး တစ်တွင်းနှင့်တူသော ဝဲဂယက် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ကောင်းကင်အား အက်ကွဲစေမည့် ဓားချက် ပြေးဝင်လာသည်ကို ရင်ဆိုင်ရသော်လည်း မကျေမချမ်းဝေသည် နောက်ဆုတ်မသွားခဲ့ပေ။ ယင်းအစား ရှေ့သို့ တိုးဝင်သွားခဲ့သည်။
သို့သော် ထိုသို့မပြုလုပ်မီ မြေပြင်ပေါ်တွင် ဖိနှိပ်ခံထားရပြီး မလှုပ်ရှားနိုင်ဖြစ်နေသော စုမင်ကို ခေါင်းပြန်လှည့်၍ တစ်ချက် ကြည့်လိုက်သည်။ ထိုအကြည့်ထဲတွင် နှုတ်ဆက်ခြင်း အဓိပ္ပာယ် ပါဝင်နေခဲ့သည်။ မြင်းနက်ကြီး ခေါင်းပြန်လှည့်လိုက်သောအခါ ကောင်းကင်ကို အက်ကွဲစေမည့် ရွှေရောင်ဓားထံသို့ ဦးတည်ပြေးဝင်သွားသော မည်းနက်သည့် ဥက္ကာပျံ တစ်ခဲအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ သူ့တာဝန်ပင် ဖြစ်သည်။ ယင်းသည် သူ့ဝိညာဉ်ထဲတွင် ကျန်ရစ်ခဲ့သော ရှေးဟောင်းဝေ၏ မုန်းတီးမှု အငွေ့အသက်များဖြင့် ဖွဲ့စည်းထားသော အမှတ်အသား ဖြစ်သည်။ ရှေးဟောင်းဝူ၏ သွေးမျိုးဆက်ကို မြင်လိုက်ရသောအခါ စကြဝဠာကြီးအပေါ် ထားရှိသော မုန်းတီးမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ သူသည် ရှေ့သို့ပြေးထွက်ကာ ထိုသူကို အံတု တိုက်ခိုက်ချင်ခဲ့ခြင်း ဖြစ်သည်။
စုမင်သည် မကျေမချမ်းဝေ၏ ထိုအကြည့်နှင့် နှုတ်ဆက်ခြင်းကို မြင်လိုက်ရသောအခါ နှလုံးသားတစ်ခုလုံး တုန်ခါသွားခဲ့သည်။ သူ့မျက်လုံးများထဲတွင် နီမြန်းသော အလင်းတန်းများ ပေါ်ထွက်လာခဲ့သည်။ သူသည် မကျေမချမ်းဝေကို ပေးခဲ့သော ကတိအား သတိရလိုက်မိသည်။
"မကျေမချမ်းဝေ... အခုကစပြီး မင်းကို သတ်ချင်တဲ့ သက်ရှိမှန်သမျှကို ငါ သတ်ပစ်မယ်။ ဒါက မင်းကို ငါပေးခဲ့တဲ့ ကတိဖြစ်ပြီး စကြဝဠာကြီး တစ်ခုလုံးကို ငါပေးတဲ့ ကတိလည်း ဖြစ်တယ်"
"ငါ့ရဲ့ ကတိ..."
စုမင်၏ မျက်လုံးများထဲတွင် နီမြန်းမှုများ ပိုမိုနက်ရှိုင်းလာခဲ့သည်။ နှလုံးသားမှာ တုန်ခါနေပြီး ဝိညာဉ်မှာ လောင်ကျွမ်းနေခဲ့ကာ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဆန္ဒအားလုံးသည် အပြင်လောကမှ လာသော မဟာဖိအားကို ပြင်းထန်စွာ အံတုနေခဲ့ကြသည်။
ထိုအခိုက်အတန့်တွင် လောကကြီး တစ်ခုလုံးကို တစ်ဖန်ပြန်၍ ခွဲထုတ်ပစ်တော့မည့်အလား ပြင်းထန်သော ပေါက်ကွဲသံကြီး တစ်သံ ထွက်ပေါ်လာခဲ့သည်။ ဤအသံသည် ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့ပြီး ယင်းသည် ကောင်းကင်ကို အက်ကွဲစေနိုင်သော ရွှေရောင်ဓားနှင့် မကျေမချမ်းဝေ ဖြစ်လာသည့် မည်းနက်သော ဥက္ကာပျံတို့ ထိပ်တိုက် တွေ့ဆုံသွားသည့် အသံပင် ဖြစ်သည်။
ကောင်းကင်ယံတွင် ပေါက်ကွဲသံများ အဆက်မပြတ် မြည်ဟည်းသွားစဉ် မကျေမချမ်းဝေသည် နောက်သို့ လွင့်စဉ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်မှာ လေထုထဲတွင် အတင်းအကျပ် အပိုင်းပိုင်းပြတ်သွားခဲ့ပြီး ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ မည်းနက်သော မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားခဲ့သည်။ မီးခိုးငွေ့ အတော်များများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ပြီး ကျန်ရှိနေသော အစိတ်အပိုင်းများသာ ပြန်လည်စုစည်းကာ မကျေမချမ်းဝေအဖြစ် ပြန်ပြောင်းသွားခဲ့သည်။ သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး ကြည့်ရသည်မှာ အလွန်ပင် တုန်လှုပ်ဖွယ် ကောင်းသည်။ ထို့ပြင် သူ့အငွေ့အသက်မှာလည်း အလွန်တရာ အားနည်း ဖျော့တော့သွားခဲ့ပြီ ဖြစ်သည်။
မြင်းနက်ကြီး၏ ပတ်ပတ်လည်တွင် ထူထပ်သော သေခြင်း အငွေ့အသက်များ လွှမ်းခြုံနေခဲ့သည်။
ရွှေရောင်ဓားမှာမူ လေထုထဲတွင် ခဏမျှ ရပ်တန့်သွားခဲ့သည်။ ရွှေရောင်အလင်းမှာ အားနည်းသွားခဲ့သော်လည်း သူ့တိုက်ခိုက်မှုက နှေးကွေးမသွားခဲ့ပေ။ ဝတ်စုံဖြူလုလင်သည် ဓားကို ဆုပ်ကိုင်ထားရင်း မကျေမချမ်းဝေထံသို့ ထပ်မံ၍ ပိုင်းချလိုက်ပြန်သည်။
စုမင်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါလာခဲ့သည်။ သူ့ပါးစပ်မှ မိုးချုန်းသံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။ သူသည် မကျေမချမ်းဝေကို ကတိပေးခဲ့ပြီးဖြစ်ရာ ထိုကတိအား မပျက်မကွက် တည်ရပေမည်။
အဖိုးအခက မည်မျှပင် ကြီးမားပါစေ သူသည် ကတိပေးခဲ့ပြီးဖြစ်၍ မကျေမချမ်းဝေကို ဝတ်စုံဖြူလုလင်၏ တိုက်ခိုက်မှုအောက်တွင် မည်သို့မျှ မတတ်နိုင်ဘဲ အပိတ်ခံထားရန် ခွင့်မပြုနိုင်ချေ။ အမှန်တွင် ဝတ်စုံဖြူလုလင်သည် ဤတိုက်ခိုက်မှုအပြီးတွင် သေဆုံးရတော့မည်ဖြစ်ရာ စုမင်အနေဖြင့် မည်သည်မျှ မလုပ်ဘဲနှင့်ပင် အနိုင်ရရှိနိုင်မည် ဖြစ်သည်။
သို့သော် အခြားသူများဆိုလျှင် ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန် တွန့်ဆုတ်နေကြမည်ဖြစ်သော်လည်း စုမင်ကမူ မည်သည့်အခါမျှ တွန့်ဆုတ်နေမည် မဟုတ်ချေ။
သူသည် မဟာဖိအားအောက်တွင် အထွတ်အထိပ်ရတနာ၏ ခန္ဓာကိုယ်ဖြင့် အပြင်သို့ ပြေးမထွက်နိုင်သော်လည်း သူ့တွင် ကိုယ်ပိုင်နည်းလမ်း ရှိနေဆဲဖြစ်သည်။ ကောင်းကင်ကို အက်ကွဲစေမည့် ရွှေရောင်ဓား၏ ကျန်ရှိနေသော စွမ်းအားများသည် သေလုနီးပါးဖြစ်နေသော မကျေမချမ်းဝေထံသို့ ပြေးဝင်သွားသည့် အခိုက်အတန့်တွင် စုမင်သည် ရွှမ်ရှန်းထံသို့ ငြင်းပယ်ရန် မစွမ်းသာလောက်အောင် ပြတ်သားသော စိတ်ကူးတစ်ခုကို ပေးပို့လိုက်သည်။
"အထွတ်အထိပ် ရတနာရဲ့ ခန္ဓာကိုယ်ကို ဖွင့်ပေး။ ငါ အပြင်ထွက်မယ်"
စုမင် ပြောလိုက်သည့် အခိုက်အတန့်မှာပင် အထွတ်အထိပ် ရတနာ၏ ခန္ဓာကိုယ် အတွင်းရှိ သူ့ဝိညာဉ်ထံမှ ကြီးမားသော စွမ်းအားတစ်ခု ဝုန်းကနဲ ပေါက်ကွဲထွက်လာခဲ့သဖြင့် ရွှမ်ရှန်း၏ စိတ်အာရုံမှာ တုန်ခါသွားခဲ့ပြီး သူ့စကားအား ချက်ချင်း နာခံလိုက်တော့သည်။ သို့သော် သူသည် အထွတ်အထိပ် ရတနာ၏ ခန္ဓာကိုယ်ကို ဖျက်သိမ်းလိုက်ခြင်း မဟုတ်ဘဲ စုမင်နှင့် ထိုခန္ဓာကိုယ်အကြားရှိ ဆက်သွယ်မှုကိုသာ ဖြတ်တောက်ပေးလိုက်ခြင်း ဖြစ်သည်။
ထိုသို့ ပြုလုပ်လိုက်သည့် အခိုက်အတန့်တွင် အထွတ်အထိပ် ရတနာဖြင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်၏ မျက်ခုံးနှစ်ခုကြားမှ ပြင်းထန်သော အလင်းတန်းတစ်စ ရုတ်တရက် လင်းလက်သွားခဲ့သည်။ ထိုအလင်းတန်း လင်းလက်သွားသည်နှင့်အမျှ ထပ်တူကျနေသော အရိပ်အယောင်များ ပေါ်ထွက်လာပြီး စုမင်၏ စစ်မှန်သော ခန္ဓာကိုယ်သည် ထိုအရိပ်များထဲမှ အပြင်သို့ ခြေတစ်လှမ်း လှမ်းထွက်လာခဲ့တော့သည်။
သူ အပြင်သို့ လှမ်းထွက်လာသည့် အခိုက်အတန့်တွင် မဟာဖိအားကြီးသည် သူ့အပေါ်သို့ ဝုန်းကနဲ ဆင်းသက်လာခဲ့သည်။ စုမင်သည် ယာလက်ကို မြှောက်ကာ လက်သီးအား တင်းကျပ်စွာ ဆုပ်လိုက်သည်။ သူ့လက်သီးထဲတွင် သက်ရှိသတ္တဝါတစ်ကောင် ရှိနေခဲ့သည်။
ထိုသက်ရှိမှာ နတ်ဘုရား အဆင့်တက် ဝတ်ရည် ပါရှိသော နကျယ်ကောင်ပင် ဖြစ်သည်။
နကျယ်ကောင်၏ အဆိပ်ဆူးမှာ အပြင်သို့ ထွက်နေခဲ့ပြီ ဖြစ်သည်။ စုမင် လက်သီးဆုပ်လိုက်သောအခါ မည်သူမျှ ထူးခြားမှုကို သတိမထားမိကြချေ။ သို့သော် ထိုအခိုက်အတန့်တွင် အဆိပ်ဆူးသည် လက်ဖဝါးကို ဖောက်ဝင်သွားခဲ့သည်။ နတ်ဘုရားအဆင့်တက် ဝတ်ရည်နှင့် ရောစပ်နေသော အဆိပ်များသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းပင် စီးဝင်သွားခဲ့တော့သည်။
စုမင်သည် သူ့နှလုံးသား ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် စိတ်အာရုံထဲ၌ ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံ မြည်ဟည်းသွားပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးများအားလုံး ဆူပွက်လာခဲ့သည်။ နတ်ဘုရား အဆင့်တက် ဝတ်ရည်သည် သူ့သွေးများ အတွင်းသို့ စီးဆင်းသွားစဉ် စုမင်သည် ကောင်းကင်ယံမှ လာသော မဟာဖိအားကို အံတုရင်း မျက်နှာပေါ်တွင် သွေးကြောများ ရုန်းကြွလာခဲ့တော့သည်။
အခန်း ၉၉၈ အဆုံးထိ ရပ်လျက် ကျန်ရစ်သူ
စုမင်သည် ထိုမဟာဖိအားကို အံတုရင်း ခန္ဓာကိုယ်တစ်ကိုယ်လုံးတွင် ပြင်းထန်သော နာကျင်မှုအား ခံစားလိုက်ရသည်။ ထိုစကားလုံးဖြင့် ဖော်ပြ၍မရနိုင်သော နာကျင်မှုမှာ ဖိအားအောက်တွင် ခန္ဓာကိုယ် ညှပ်ပိတ် ခံရခြင်းနှင့် ဝိညာဉ် ပျက်စီးလုနီးပါး ဆွဲဖြဲခံရခြင်းတို့ကြောင့် ဖြစ်သည်။
အချို့သော အချိန်များတွင် နာကျင်မှုသည် လူတစ်ယောက်အား ရူးသွပ်မှုဆီသို့ တွန်းပို့တတ်ပြီး ယခုအချိန်တွင် စုမင် ဖြစ်နေသည်မှာ ထိုအတိုင်းပင်။ နာကျင်မှုကို ပို၍ခံစားရလေလေ သူ့မျက်လုံးများက ပို၍နီမြန်းလာလေလေ ဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရား အဆင့်တက် ဝတ်ရည်များမှာလည်း သူ့သွေးများနှင့် ပိုမို၍ ပေါင်းစပ်သွားခဲ့သည်။
"အိစန်း..."
ထိုအခိုက်အတန့်တွင် စုမင်သည် မိမိကိုယ်ကိုယ် ထုတ်ဖော်ပြသမိခြင်း ရှိ၊ မရှိကို ဂရုမစိုက်တော့ချေ။ သူသည် မကျေမချမ်းဝေကို ကတိတစ်ခု ပေးခဲ့ပြီးဖြစ်ရာ ထိုကတိအား မပျက်မကွက် တည်ရပေမည်။
စုမင် ထိုစကားလုံးကို ပြောလိုက်သည်နှင့် သူ့နောက်တွင် အိစန်းကိုယ်ပွား၏ အရိပ်အယောင်တစ်ခု ဝုန်းကနဲ ပေါ်ပေါက်လာပြီး စုမင်သည် ထိုအရိပ်အောက်တွင် ရှေ့သို့ လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။ သူသည် ပြင်းထန်သော မဟာဖိအားကြီးကို တိုက်ရိုက် တိုးဝင်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ စုမင် သွေးတစ်လုပ် အန်လိုက်ရသည်။ သူ့နောက်တွင် ပေါ်လာသော အိစန်းအရိပ် ပြိုကွဲသွားခဲ့သော်လည်း ဤပြိုလဲမှုက အိစန်းကိုယ်ပွား၏ အသွင်သဏ္ဌာန် အပြည့်အဝ ရောက်ရှိလာမှုကို ပြီးပြည့်စုံစေခဲ့သည်။ ၎င်းသည် စုမင်နှင့် ပေါင်းစပ်သွားသည်နှင့်တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်အတွင်းမှ အပြင်းထန်ဆုံးသော တိုက်ခိုက်ရေးစွမ်းအားများ ပေါက်ကွဲထွက်လာခဲ့ပြီး သူသည် ရှေ့သို့ နောက်ထပ်ခြေတစ်လှမ်း ထပ်မံလှမ်းလိုက်ပြန်သည်။
ဤခြေလှမ်းသည် သူ့ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများ ချက်ချင်း ပေါ်ပေါက်လာစေခဲ့သည်။ သွေးများက ခန္ဓာကိုယ် တစ်လက်မတိုင်းအား ဖုံးလွှမ်းသွားခဲ့သော်လည်း သူသည် ခေါင်းကိုမော့ကာ ရယ်မောလိုက်ပြီး နှုတ်ခမ်းထောင့်မှ သွေးများအား သုတ်ရန်ပင် စိတ်မကူးခဲ့ချေ။ ယင်းအစား သူသည် ပုံရိပ်ဝါးမြိုခြင်း ပညာရပ် ကျင့်ကြံထားသော ကိုယ်ပွားကိုပါ ထပ်မံဆင့်ခေါ်လိုက်တော့သည်။
ထိုကိုယ်ပွားနှင့်ပါ ပေါင်းစပ်လိုက်သောအခါ စုမင်၏ ခန္ဓာကိုယ်ခွန်အားမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သူ ရှေ့သို့ နောက်ထပ်ခြေတစ်လှမ်း လှမ်းလိုက်သောအခါ ကောင်းကင်ကြီး မြည်ဟည်းသွားခဲ့သည်။ သူသည် သွေး အမြောက်အမြားကို ထပ်မံအန်လိုက်ရပြီး အမြင်အာရုံများ ဝေဝါးလာခဲ့ကာ ယခုအခါ တစ်ကိုယ်လုံး သွေးချင်းချင်းနီနေသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
နတ်ဘုရား အဆင့်တက် ဝတ်ရည်ထံမှ ထူထပ်သော ရနံ့တစ်ခု ပျံ့လွင့်လာခဲ့သည်။ ဒဏ်ရာရနေသော ခန္ဓာကိုယ်အတွင်းရှိ ဝတ်ရည်၏ လှုံ့ဆော်မှုအောက်တွင် သူသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့ပြီး အဆုံးမဲ့ အသက်စွမ်းအားများက သူ့ထံတွင် ပြည့်နှက်လာခဲ့သည်။ ဤအသက်စွမ်းအားက သူ သေဆုံးသွားလျှင်ပင် ပြန်လည်ရှင်သန်လာစေနိုင်သည့်အလား ထင်ရသည်။
နတ်ဘုရား အဆင့်တက် ဝတ်ရည်၊ အိစန်းကိုယ်ပွားနှင့် ပုံရိပ်ဝါးမြိုခြင်း ပညာရပ် ကျင့်ကြံထားသော ကိုယ်ပွားတို့ကြောင့် စုမင်သည် စတုတ္ထမြောက် ခြေလှမ်းကို ရှေ့သို့ လှမ်းနိုင်ခဲ့သည်။ ဤအရာအားလုံးမှာ အချိန်အတော်ကြာ ဖြစ်ပျက်ခဲ့သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် စုမင် ပေါ်လာသည့် အခိုက်အတန့်မှ စတုတ္ထမြောက်ခြေလှမ်း လှမ်းလိုက်သည့် အချိန်အထိ အသက်ရှူရုံမျှ အချိန်သာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်တွင် စတုတ္ထမြောက် ခြေလှမ်း မြေပြင်ပေါ်သို့ ကျရောက်သွားသောအခါ သူသည် အလွန်တရာ အားနည်းပြီး သေလုနီးပါးဖြစ်နေသော မကျေမချမ်းဝေ၏ အရှေ့တည့်တည့်သို့ ရောက်ရှိသွားခဲ့တော့သည်။
စုမင်သည် တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေရင်း မကျေမချမ်းဝေ ဘေးတွင် မတ်တပ်ရပ်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူသည် တောက်ပနေသော နေမင်းတစ်စင်းအလား ဖြစ်နေသဖြင့် လူတိုင်း၏ အကြည့်များက သူ့ထံသို့ အလိုအလျောက် ရောက်ရှိသွားခဲ့ကြသည်။
မီးမိစ္ဆာဘိုးဘေးမှာမူ ဆွံ့အလျက် ရှိနေခဲ့ပြီး စိတ်အာရုံများ ဗလာဖြစ်သွားခဲ့သည်။ သူသည် စုမင်နှင့် သူ့အတွက် စိမ်းသက်နေသော မျက်နှာကို ကြည့်ရင်း အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်အား ဗီဇအရ လှမ်းကြည့်လိုက်မိကာ မရေမရာသော နားလည်မှုတစ်ခုအား ရရှိသွားပုံရသည်။
သူ ထိုအချက်ကို သဘောပေါက်လိုက်သည့် အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်သည် စုမင် ထံမှ ပျံ့လွင့်လာသော အိစန်း၏ အငွေ့အသက်များနှင့် နတ်ဘုရား အဆင့်တက် ဝတ်ရည်တို့ကြောင့် လှုံ့ဆော်ခြင်း ခံလိုက်ရသည်။ ယင်းက သူ့အား အသက်ရှူမြန်စေခဲ့ပြီး မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပေါ်ပေါက်လာခဲ့သည်။
စုမင်က ထိုမဟာဖိအားကြီးကို ထိပ်တိုက် ရင်ဆိုင်အံတုနေသည့် မြင်ကွင်းက သူ့နှလုံးသားထဲတွင် မုန်တိုင်း တစ်ခု ဖြစ်ပေါ်စေခဲ့သည်။
အထွတ်အထိပ် ရတနာဖြင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်အတွင်းရှိ လူများမှာလည်း ထိတ်လန့်တုန်လှုပ်နေကြသည်။ ရွှီဟွေမှာမူ အတန်ငယ် တည်ငြိမ်နေသော်လည်း ရွှမ်ရှန်း၊ ယွမ်ယို၊ နျန်ယင်နှင့် ဟွာယုတို့၏ မျက်နှာအမူအရာများမှာ လုံးဝ ပျက်ပြားသွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် စုမင်ကို အလွန် အင်အားကြီးသည်ဟု နဂိုကတည်းက ထင်မှတ်ထားခဲ့ကြသော်လည်း ယခုအချိန်တွင် သူ့ကို လှမ်းကြည့်လိုက်သောအခါ သူတို့၏ ယခင်အထင်အမြင်များ အားလုံး ပြောင်းလဲသွားခဲ့ရသည်။
အထူးသဖြင့် ဘိုးဘေးလုံဟိုင်းပင် ဖြစ်သည်။ သူ့မျက်လုံးများက တောက်ပစွာ လင်းလက်နေခဲ့သည်။ သူသည် ဤခန္ဓာကိုယ်မှာ ရွှမ်မိသားစု၏ အထွတ်အထိပ် ရတနာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိနိုင်သော်လည်း စုမင်၏ ခန္ဓာကိုယ်အတွင်းတွင် ဤမျှ များပြားသော လျှို့ဝှက်ချက်များ ကိန်းအောင်းနေမည်ဟု မခန့်မှန်းနိုင်ခဲ့ချေ။
ထိုနတ်ဘုရား အဆင့်တက် ဝတ်ရည်ကိုမူ သူကိုယ်တိုင်ပင်လျှင် လိုချင်တက်မက်မိနေခဲ့သည်။
မကျေမချမ်းဝေ ရှေ့တွင် မတ်တပ်ရပ်နေရင်း စုမင်သည် ဝတ်စုံဖြူလုလင်က အလွန်ခဲယဉ်းစွာ ပိုင်းချလိုက်သော ရွှေရောင်ဓားကို မော့ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် မကျေမချမ်းဝေက သူ့ကျောပြင်အား တိတ်တဆိတ် စိုက်ကြည့်နေသည်ကို သူ မသိခဲ့ချေ။
ယခုပင် ထိုသို့ လှမ်းကြည့်လိုက်သည့် အကြည့်တစ်ချက်ကြောင့် စုမင်သည် သူ့ကတိကို သတိရသွားခဲ့ခြင်း ဖြစ်သည်။
မကျေမချမ်းဝေသည် စုမင်အား စိုက်ကြည့်ရင်း မိမိရရှိခဲ့သော ကတိကိုလည်း သတိရနေခဲ့သည်။ ယခုအချိန်တွင် စုမင်သည် ပေးဆပ်ရမည့် အဖိုးအခက မည်မျှပင် ကြီးမားပါစေ ထိုကတိကို တည်ရန်အတွက် လုပ်ရပ်များဖြင့် သက်သေပြနေခဲ့ပြီ ဖြစ်သည်။
စုမင် ပေါ်လာခြင်းကြောင့် ယခုအခါ ရွှေရောင်မျက်လုံးများ ဖြစ်နေသော ဝတ်စုံဖြူလုလင်၏ မျက်ဆန်များ ကျုံ့ဝင်သွားခဲ့သော်လည်း အောက်သို့ ပိုင်းဖြတ်နေသော ရွှေရောင်ဓားမှာမူ ရပ်တန့်မသွားခဲ့ချေ။ ၎င်းသည် စုမင်ထံသို့ ဦးတည်ပြေးဝင်လာခဲ့ရာ စုမင်က ခေါင်းကိုမော့ပြီး ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်ကြီး ပြိုကွဲပျက်စီးတော့မည် ဖြစ်သော်လည်း သူသည် လက်ဝဲလက်ကို မြှောက်ကာ လက်ချောင်းဖြင့် အနီးသို့ ရောက်လာသော ဓားဆီသို့ ညွှန်ပြလိုက်သည်။
၎င်းနှင့်အတူ စုမင်၏ အကြီးမားဆုံးသော မူလနတ်ဘုရားစွမ်းရည် ဖြစ်သည့် ဆောင်း၊ ဆောင်းဦး၊ နွေ၊ နွေဦး... ပေါ်ထွက်လာခဲ့သည်။
သူ့အသက်လမ်းစဉ်၏ ပညာဖြစ်သော နွေရာသီ၏ မီးတောက်များသည် စုမင်၏ ခန္ဓာကိုယ်ရှိ သွေးများထဲမှ ထူထပ်သော မီးပင်လယ် တစ်စင်းအဖြစ် ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။ မီးတောက်များသည် သူ့လက်ညှိုးထဲသို့ ပေါင်းစပ်သွားခဲ့ပြီး ထိုမီးလက်ညှိုးဖြင့် ပြေးဝင်လာသော ရွှေရောင်ဓားကို ဆီးကြိုတိုက်ခိုက်လိုက်တော့သည်။
ဤလက်ညှိုးတွင် စုမင်၏ ပြတ်သားမှု၊ သူ့ကတိနှင့် သူ့စိတ်ဆန္ဒ၏ အရှိန်အဟုန်တို့ ပါဝင်နေသည်။ ၎င်းသည် ရွှေရောင်ဓားနှင့် ထိပ်တိုက်တွေ့ဆုံသွားသည့် အခိုက်အတန့်တွင် လောကကြီးတစ်ခုလုံး မြည်ဟည်းသွားခဲ့တော့သည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီးများက ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေခဲ့ပြီး အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်မှုလှိုင်းများအဖြစ် ပျံ့နှံ့သွားခဲ့သည်။ စုမင် သွေးအန်ကာ နောက်သို့ ဆုတ်သွားခဲ့ရသော်လည်း မကျေမချမ်းဝေ၏ ရှေ့တွင် အတင်းအကျပ် ပြန်လည်မတ်တပ်ရပ်လိုက်သည်။ သူ့မျက်နှာမှာ ဖြူလျော်နေပြီး တုန်ရင်နေခဲ့သော်လည်း ရွှေရောင်ဓား၏ အလင်းရောင်မှာမူ ထပ်မံ၍ အားနည်းသွားခဲ့ပြီ ဖြစ်သည်။ သို့သော် ၎င်းသည် အနီးသို့ ဆက်လက်တိုးဝင်လာဆဲပင်။
ထိုအခိုက်အတန့်တွင် စုမင်သည် အပြင်းအထန် ဒဏ်ရာရရှိနေခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူ့တွင် နတ်ဘုရား အဆင့်တက် ဝတ်ရည်သာ မရှိပါက ယခု ခံလိုက်ရသော ဓားချက်ကြောင့် မသေဆုံးလျှင်ပင် သူသည် သေချာပေါက် မတ်တပ် ပြန်ရပ်နိုင်တော့မည် မဟုတ်ချေ။
သို့သော် သူ့တွင် နတ်ဘုရား အဆင့်တက် ဝတ်ရည် ရှိနေခဲ့သဖြင့် ပြန်လည် မတ်တပ်ရပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုဝတ်ရည်၏ အာဏာဆန်သော စွမ်းအားမှာ လူတစ်ဦး၏ ခန္ဓာကိုယ်က မည်သို့သော အခြေအနေမျိုးသို့ ရောက်ရှိနေပါစေ အသက်စွမ်းအားကို ရရှိစေနိုင်သော စွမ်းရည်တစ်ခု ဖြစ်သည်။
အမှန်တကယ်တွင် နတ်ဘုရား အဆင့်တက် ဝတ်ရည်သည် စုမင်၏ ခန္ဓာကိုယ်အတွင်း၌ သေးငယ်သော အမျှင်တန်းလေးများအဖြစ် ပြောင်းလဲကာ ခန္ဓာကိုယ် တစ်ကိုယ်လုံးအား အတူတကွ ချိတ်ဆက်ပေးထားသည်ကို မြင်တွေ့နိုင်သည်။ အကယ်၍ တစ်စုံတစ်ဦးက သူ့အတွင်းပိုင်းကို ကြည့်ရှုနိုင်ပါက ကလီစာများနှင့် ဝိညာဉ်တွင် ရေတွက်၍ မရနိုင်သော ဒဏ်ရာများ ရှိနေသော်လည်း ယင်းတို့အားလုံးကို နတ်ဘုရား အဆင့်တက် ဝတ်ရည်၏ စွမ်းအားဖြင့် ချိတ်ဆက်ထားကြောင်း သိရှိသွားပေမည်။
ဤသည်က နတ်ဘုရား အဆင့်တက် ဝတ်ရည်ပင် ဖြစ်သည်။
စုမင် နောက်ဆုတ်၍ မရချေ။ သူ့နောက်တွင် မည်သို့ပင်ဖြစ်စေ ကာကွယ်ပေးမည်ဟု သူ ကတိပေးခဲ့သော မကျေမချမ်းဝေ ရှိနေသည်။ ရွှေရောင်ဓား ပြေးဝင်လာသည့် အခိုက်အတန့်တွင် စုမင်သည် မျက်လုံးများ မှိတ်လိုက်ပြီး ယာလက်ကို မြှောက်ကာ ကောင်းကင်သို့ ညွှန်ပြလျက် လက်ဝဲလက်အား မြေပြင်သို့ ဖိချလိုက်သည်။
"အတိတ်နဲ့ အနာဂတ်ကြားမှာ တည်ရှိနေတဲ့အရာက ကံကြမ္မာပဲ..."
ဤသည်မှာ သူ အသုံးမပြုခဲ့သည်မှာ ကြာပြီဖြစ်သော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်သည်။ ခရမ်းရောင်ဆံပင်နှင့် လူတစ်ယောက်သည် သူ့အထက်တွင် ချက်ချင်း ပေါ်လာခဲ့ပြီး သူ့လက်ဝဲလက်အောက်တွင်မူ မျက်လုံးမှိတ်ထားသော ကလေးငယ်တစ်ဦး ပေါ်လာခဲ့သည်။
ထိုပုံရိပ်နှစ်ခုစလုံး စုမင်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသောအခါ စွမ်းအားလှိုင်း တစ်လှိုင်းသည် သူ့ခန္ဓာကိုယ်မှ ဝုန်းကနဲ ပေါက်ကွဲထွက်လာခဲ့ပြီး ဆံပင်များ လေထဲတွင် လွင့်ပျံသွားခဲ့သည်။ သူ့အသွင်အပြင်မှာ ချက်ချင်း ပြောင်းလဲသွားပြီး ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူသည် ရှေ့သို့ လျင်မြန်စွာ ပြေးထွက်ကာ အနီးသို့ ရောက်လာသော ရွှေရောင်ဓားထံသို့ ဦးတည်တိုက်ခိုက်လိုက်တော့သည်။
ကလေးငယ်အဖြစ် ပြောင်းလဲသွားသော စုမင်သည် ယာလက်ကို မြှောက်ကာ လက်ချောင်းဖြင့် ရှေ့သို့ ညွှန်ပြလိုက်သည်။ ချက်ချင်းပင် ရွှေရောင်ဓားမှာ ဟင်းလင်းပြင်ထဲတွင် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီးနောက် ဟင်းလင်းပြင်ကြီးကို ဆွဲဖြဲပစ်လိုက်သည့်အလား ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ စုမင်ထံသို့ ထပ်မံ၍ အရှိန်ပြင်းစွာ ပြေးဝင်လာခဲ့ပြန်သည်။
စုမင် နောက်သို့ လွင့်စဉ်သွားခဲ့ပြီး သွေးများ ထပ်မံအန်လိုက်ရသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ပိုမိုပြင်းထန်လာခဲ့သော်လည်း ယခင်စမ်းသပ်မှုကြောင့် သူသည် ရွှေရောင်ဓားအတွက် အချိန် လမ်းကြောင်းကို မပြောင်းလဲနိုင်ကြောင်း သိရှိသွားခဲ့သည်။
သို့သော် ဤတိုက်ပွဲအတွင်း ဝတ်စုံဖြူလုလင်သည် အရေပြားနှင့် အရိုးမျှသာ ကျန်ရှိတော့သည့်အထိ ပိန်လှီသွားခဲ့ပြီ ဖြစ်သည်။ သူသည် လေတိုက်ရုံမျှဖြင့် လဲပြိုတော့မည့်အလား အလွန်တရာ ပိန်လှီနေခဲ့သည်။ အလွန်ထူထပ်သော သေခြင်းအငွေ့အသက်များက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားခဲ့သည်။ ထိုသေခြင်း အငွေ့အသက်များက သူသည် သေဆုံးခြင်းဆီသို့ လျင်မြန်စွာ လျှောက်လှမ်းနေကြောင်း သက်သေပြနေခဲ့သည်။
ထိုလုလင်သည် စုမင်ကို စိုက်ကြည့်နေခဲ့သည်။ ဓားအား ဆုပ်ကိုင်ထားသော သူ့လက်မှာ တုန်ရင်နေခဲ့ပြီဖြစ်ပြီး သူသည် အံကိုတင်းတင်းကြိတ်ကာ အံတုနေခြင်း ဖြစ်သည်။
ဤသည်မှာ မည်သူက ပထမဆုံး လဲပြိုမည်နည်းဟူသော ပြိုင်ပွဲဖြစ်ပြီး ဦးဆုံး လဲသူသည် ဦးစွာ သေဆုံးရမည် ဖြစ်သည်။
စုမင် နောက်သို့ ဆုတ်သွားသောအခါ မျက်လုံးထဲတွင် သွေးကြောများဖြင့် ပြည့်နှက်နေခဲ့ပြီး သူ့ထံတွင် ရူးသွပ်မှု အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ ကံကြမ္မာအဖြစ် ပြောင်းလဲခြင်းက မည်သို့မျှ သက်ရောက်မှု မရှိခဲ့ချေ။ သို့ဆိုလျှင် သူ ကံကြမ္မာအဖြစ် ရှိနေစဉ် နောက်ထပ်တစ်ကြိမ် ထပ်မံပြောင်းလဲလိုက်ပါက မည်သို့ ဖြစ်လာမည်နည်း။
စုမင်သည် ဤအချက်ကို ယခင်က စဉ်းစားဖူးသော်လည်း မည်သည့်အခါမျှ မစမ်းသပ်ဖူးခဲ့ချေ။ သို့သော် ယခုအချိန်တွင် သူ စမ်းသပ်လိုစိတ် ဖြစ်ပေါ်လာခဲ့သည်။
သူ နောက်သို့ ဆုတ်သွားရင်း မကျေမချမ်းဝေ ရှေ့တွင် နောက်တစ်ကြိမ် ပြန်လည်ရပ်တန့်လိုက်သည်။ ထို့နောက် စုမင်သည် ခေါင်းကိုမော့ကာ မျက်လုံးများ မှိတ်လိုက်သည်။ ယာလက်ကို ကောင်းကင်သို့ မြှောက်ကာ လက်ဝဲလက်အား မြေပြင်သို့ နှိမ့်ချလျက် သူသည် နောက်တစ်ကြိမ် ကံကြမ္မာအဖြစ် ပြောင်းလဲခြင်းကို လုပ်ဆောင်လိုက်ပြန်သည်။
"အတိတ်နဲ့ အနာဂတ်ကြားမှာ တည်ရှိနေတဲ့အရာက ပစ္စုပ္ပန်ပဲ..."
စုမင် စကားပြောလိုက်သောအခါ သူ့အသံမှာ အက်ကွဲ ရှတနေခဲ့သည်။ သူ့ခန္ဓာကိုယ်က ကံကြမ္မာအဖြစ် ပြောင်းလဲခြင်းကို နောက်တစ်ကြိမ် လုပ်ဆောင်လိုက်သည့် အခိုက်အတန့်တွင် စုမင် ယခင်က မခံစားဖူးသမျှသော ပြင်းထန်သည့် နာကျင်မှုသည် သူ့မျက်နှာပေါ်တွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့ပြီး သူသည် ခေါင်းကိုမော့ကာ ဟိန်းဟောက်လိုက်တော့သည်။
သူ ထိုသို့ပြုလုပ်လိုက်စဉ် သူ့အရေပြား အတော်များများ အက်ကွဲသွားခဲ့သည်။ သွေးအိုင်များ ခန္ဓာကိုယ်မှ စီးကျလာခဲ့သော်လည်း စုမင်၏ ခန္ဓာကိုယ်မှ မည်သည့်အခါမျှ ထွက်ပေါ်မလာဖူးသော အငွေ့အသက်တစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
ဤအငွေ့အသက်၏ ပေါက်ကွဲမှုကြောင့် စုမင်၏ ဆံပင်များမှာ ချက်ချင်းပင် ဖြူဖွေးသွားခဲ့သည်။ သူ့မျက်နှာ ပြောင်းလဲသွားသည်နှင့် သူသည် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးငယ်ဘဝမှ တစ်ဆယ့်သုံးနှစ်၊ တစ်ဆယ့်လေးနှစ်အရွယ် လူငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့ထံမှ အားကောင်းသော အငွေ့အသက်များက လောကကြီးကို ရိုက်ခတ်သွားခဲ့သည်။ စုမင် မျက်လုံးများကို ဖွင့်လိုက်သောအခါ ထိုမျက်လုံးများထဲတွင် အေးစက်တည်ငြိမ်သော အကြည့်တစ်ခု ရှိနေခဲ့သည်။
အသက်ရှိုက်စာ သုံးကြိမ်ခန့် အချိန်။
စုမင် ကံကြမ္မာ၏ ဒုတိယအကြိမ် ပြောင်းလဲခြင်းသို့ ရောက်ရှိသွားသည့် အခိုက်အတန့်တွင် သူသည် ချက်ချင်းပင် သဘောပေါက် နားလည်သွားခဲ့သည်။ သူသည် ဤဒုတိယအကြိမ် ပြောင်းလဲခြင်းတွင် အသက်ရှိုက်စာ သုံးကြိမ် အချိန်သာ ရရှိမည်ကို သိလိုက်သည်။ သို့သော် ဤအသက်ရှိုက်စာ သုံးကြိမ်အတွင်း သူ ထုတ်ဖော်နိုင်သော တိုက်ခိုက်ရေးစွမ်းအားမှာ...
...အရှင်သခင် အဆင့် အောက်တွင် မရှိတော့ချေ။ သူသည် အရှင်သခင် အဆင့် စွမ်းအားကို ထုတ်ဖော်နိုင်ပြီ ဖြစ်သည်။
စုမင် ရှေ့သို့ ပြေးထွက်လိုက်သောအခါ ဝတ်စုံဖြူလုလင်၏ အနီးသို့ ချက်ချင်း ရောက်ရှိသွားခဲ့ပြီး လေထုထဲတွင် ပေါက်ကွဲသံများ ချက်ချင်း မြည်ဟည်းသွားခဲ့တော့သည်။ အသက်ရှိုက်စာ နှစ်ကြိမ်အကြာတွင် သူတို့နှစ်ဦးစလုံး နောက်သို့ လွင့်စဉ်သွားခဲ့ကြပြီး စုမင်သည် မကျေမချမ်းဝေ ရှေ့တွင် နောက်တစ်ကြိမ် ပြန်လည် ရပ်တန့်လိုက်သည်။ ပျက်စီးယိုယွင်းခြင်း အငွေ့အသက်တစ်ခု သူ့ခန္ဓာကိုယ်မှ ပျံ့လွင့်လာခဲ့ပြီး သူ့အသွင်အပြင်မှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူ မိမိ၏ မူလအသွင်သို့ ပြန်ပြောင်းသွားသောအခါ ခန္ဓာကိုယ်မှာ တုန်ရင်နေခဲ့ပြီး လဲပြိုတော့မည့်အလား သွေးများ အဆက်မပြတ် အန်နေခဲ့ရသည်။
သူ ဝတ်စုံဖြူလုလင်အား လှမ်းကြည့်လိုက်သောအခါ ထိုလုလင်သည်လည်း နောက်သို့ အတင်းအကျပ် ဆုတ်ခွာသွားရစဉ် သွေးများအန်နေရသည်ကို မြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အဆင်းမှာ သူ့မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ့လက်ထဲရှိ ရွှေရောင်ဓားမှာလည်း ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲနေခဲ့ပြီး ကြည့်ရသည်မှာ မကြာမီ ပျောက်ကွယ်သွားတော့မည့်အလား ဖြစ်နေသည်။
ထိုလူငယ်သည် အားနည်းစွာ ရယ်မောလိုက်စဉ် ဝတ်စုံဖြူလုလင်၏ သတိစိတ် အနည်းငယ် ပြန်လည်ရောက်ရှိလာပုံရသည်။ သူ့မျက်လုံးထဲရှိ ရွှေရောင်အဆင်းမှာ မမြင်ရလောက်အောင်ပင် ဖျော့တော့သွားခဲ့ပြီ ဖြစ်သည်။ သူ့သွေးများကို လောင်ကျွမ်းစေမှုမှာ အဆုံးသတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"ငါ့မှာ... နောက်ဆုံးစွမ်းရည်တစ်ခု ကျန်သေးတယ်... မြေပြင်ကို ခွဲချေစမ်း..." ဝတ်စုံဖြူလုလင်သည် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ရွှေရောင်ဓားအား မြှောက်ကာ သူ့နောက်ဆုံး ခွန်အားကို အတင်းအကျပ် စုစည်းလိုက်သည်။
စုမင်၏ မျက်ဆန်များ ကျုံ့ဝင်သွားခဲ့သည်။ သူသည် အသက်ပြင်းပြင်းရှူလိုက်ရင်း သဲဝိညာဉ်ကို ဆင့်ခေါ်ရန် ပြင်ဆင်လိုက်သည်။
သူ့တွင် သဲဝိညာဉ်ကို ဆင့်ခေါ်ရန် နောက်ထပ် နှစ်ကြိမ် အခွင့်အရေး ကျန်ရှိနေသေးသည်။ စုမင်သည် ယင်းကို လွယ်လွယ်ကူကူ မသုံးချင်ချေ။ အကယ်၍ မသုံးဘဲ နေနိုင်လျှင် မသုံးရန် ရည်ရွယ်ထားသည်။ သို့သော် အကယ်၍ ဝတ်စုံဖြူလုလင်တွင် တိုက်ခိုက်ရန် ခွန်အား ကျန်ရှိနေသေးပါက စုမင်အနေဖြင့် သဲဝိညာဉ်ကို ဆင့်ခေါ်ရမည်သာ ဖြစ်သည်။
သို့သော် ဝတ်စုံဖြူလုလင် ဓားကို မြှောက်လိုက်သည့် အခိုက်အတန့်မှာပင် သူသည် ရုတ်တရက် ပြိုကွဲပျက်စီးသွားခဲ့သည်။ ထိုလူငယ်၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်နေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ် တုန်ခါသွားခဲ့ပြီး အငွေ့အသက်များမှာ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့တော့သည်။ သူသည် မြေပြင်ပေါ်သို့ တိုက်ရိုက် ထိုးကျသွားခဲ့သည်။
သူသည် သူ့သွေးအားလုံးကို လောင်ကျွမ်းစေခဲ့ပြီး ဖြစ်သည်။ သူ အောက်သို့ ထိုးကျသွားစဉ် ခန္ဓာကိုယ်အတွင်းရှိ ရွှေရောင်အလင်းတန်းများ လုံးဝ ကွယ်ပျောက်သွားခဲ့သည်။ ပြင်ပလောကရှိ ပဉ္စမမြောက်မီးဖို၏ အပြင်ဘက်တွင် ရှိနေသော အလင်းတန်းများပင်လျှင် လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
တိုက်ပွဲသည် ဝတ်စုံဖြူလုလင် မိမိသွေး အားလုံးကို လောင်ကျွမ်းစေပြီးနောက် အောက်သို့ ထိုးကျသွားခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။ စုမင် အနိုင်ရရှိခဲ့သည်။ သို့သော် သူ့အောင်ပွဲမှာ သူသည် ဝတ်စုံဖြူလုလင်ထက် ပိုမိုအင်အားကြီးမားသောကြောင့် မဟုတ်ချေ။ ယင်းအစား နတ်ဘုရား အဆင့်တက် ဝတ်ရည် ရှိနေခြင်းကြောင့် သူသည် ပိုမိုကြာရှည်စွာ တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်ပြီး ဤတိုက်ပွဲမှာ အဆုံးထိ မတ်တပ်ရပ် ကျန်ရစ်နိုင်သူက အနိုင်ရရှိမည့် တိုက်ပွဲတစ်ပွဲ ဖြစ်သည်။
သို့သော် ဝတ်စုံဖြူလုလင် မြေပြင်ပေါ်သို့ ထိုးကျသွားသည့် အခိုက်အတန့်တွင် စုမင် စိတ်သက်သာရာ မရနိုင်သေးမီ မြေပြင်ကြီး မြည်ဟည်းသွားခဲ့သည်။ ကြီးမားသော အက်ကွဲကြောင်းကြီး တစ်ကြောင်းက မြေပြင်ကို ဖြတ်သန်းကာ ပေါ်ပေါက်လာခဲ့သည်။ အချိန်အတော်ကြာ ဖိနှိပ်ခံထားရပုံရသော မရေမတွက်နိုင်သည့် မီးဝိညာဉ်များသည် ထိုအက်ကွဲကြောင်းထဲမှ အစုလိုက်အပြုံလိုက် ဆာလောင်မွတ်သိပ်စွာ ထွက်ပေါ်လာခဲ့ကြပြီး မျက်စိတစ်မှိတ်အတွင်း ထိုဒေသတစ်ခုလုံးကို ပြည့်နှက်သွားခဲ့ကြတော့သည်။