အခန်း (၉၉၉-၁၀၀၀)
Vol. 72 Ch. 999-1000
အခန်း ၉၉၉ စစ်တုရင်ခုံတစ်ခုံ
မီးဝိညာဉ်များ ရုတ်တရက် ထွက်ပေါ်လာခြင်းက လောကကြီး တစ်ခုလုံးကို ချက်ချင်းပင် မီးလျှံရောင်စုံ နီရဲသွားစေခဲ့သည်။ ဆူပွက်နေသော မီးပင်လယ်၊ မြင့်မားသော အပူချိန်၊ မီးဝိညာဉ်များ၏ ရက်စက်ကြမ်းကြုတ်သော အမူအရာများနှင့် သူတို့၏ အရေအတွက်အပေါ် အခြေခံသည့် မဟာဖိအားကြီးတို့က လူတိုင်း၏ နှလုံးသားအား ချက်ချင်းပင် တုန်လှုပ်သွားစေခဲ့တော့သည်။
ရှေးဟောင်းဝူ၏ သွေးမျိုးဆက်ရှိသော ဝတ်စုံဖြူလုလင်၏ အလောင်းသည် မြေပြင်ပေါ်ရှိ အက်ကွဲကြောင်း ဖြစ်ပေါ်နေသော နေရာသို့ ကျရောက်သွားခဲ့သည်။ မီးဝိညာဉ်များ အရှိန်အဟုန်ဖြင့် တိုးထွက်လာပြီး သူတို့၏ ဟိန်းဟောက်သံများ လေထုထဲတွင် တုန်ဟည်းသွားသည့် အခိုက်အတန့်မှာပင် သူ့အလောင်းသည် ထိုအက်ကွဲကြောင်း၏ အောက်ခြေနက်ရှိုင်းသော နေရာတွင် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
မည်သူမျှ သူ့နောက်သို့ လိုက်လံရှာဖွေရန် မဝံ့ရဲကြချေ။ မီးမိစ္ဆာဘိုးဘေးပင်လျှင် ထိုမျှ များပြားသော မီးဝိညာဉ်များကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် မျက်နှာအမူအရာ ပျက်ပြားသွားခဲ့သည်။ သူသည် ဝတ်စုံဖြူလုလင်၏ အလောင်းကို အလွန် အလိုရှိနေခဲ့သဖြင့် အကယ်၍ ထိုမီးဝိညာဉ်များသည် သာမန်မီးဝိညာဉ်များသာ ဖြစ်ပါက ချက်ချင်းပင် လိုက်သွားခဲ့မည် ဖြစ်သည်။ သို့သော် သူတို့ထဲတွင် အရှင်သခင် အဆင့်ရှိ မဟာတန်ခိုးရှင် နီးပါး ဖြစ်နေသော မီးဝိညာဉ် အကောင်တစ်ဆယ်ကျော် ပါဝင်နေခဲ့သည်။ သူတို့သည်သာ လူတိုင်း၏ မျက်နှာအမူအရာကို ပြောင်းလဲသွားစေခဲ့သော အကြောင်းရင်းပင် ဖြစ်သည်။
ဟိန်းဟောက်သံများ လေထုထဲတွင် ပဲ့တင်ထပ်သွားစဉ် မီးမိစ္ဆာဘိုးဘေးသည် သူ့နတ်ဘုရားဝိညာဉ်ကို ကျုံ့လိုက်သည်။ ချက်ချင်းပင် ထိုဝိညာဉ်ထံမှ ကြီးမားသော မီးတောက်မီးလျှံများ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့ကာ သူသည် လက်တစ်ချောင်းပင် မလှုပ်ရှားရဲတော့ချေ။ သူ့အတွေ့အကြုံအရ ပတ်ဝန်းကျင်တွင် အခြားသူမရှိပါက ဤနည်းလမ်းက သိပ်ပြီး ထိရောက်မည် မဟုတ်သော်လည်း အကယ်၍ အခြားသူများရှိနေပါက သူသည် သေဘေးမှ လွတ်မြောက်နိုင်ခြေ ရှိပေသည်။ အကြောင်းမူကား သူ့ခန္ဓာကိုယ်မှ ပျံ့လွင့်နေသော စွမ်းအင်ဓာတ်မှာလည်း မီးတောက် ဖြစ်နေသောကြောင့်ပင်။
စုမင်၏ မျက်ဆန်များ ကျုံ့ဝင်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် သူသည် ကုန်ခမ်းလုနီးပါး ဖြစ်နေသော ဆီမီးခွက် တစ်ခွက်၏ နောက်ဆုံးမီးတောက်ကဲ့သို့ ဖြစ်နေခဲ့ပြီ။ သူ ပုန်းကွယ်ရန် နည်းလမ်းမရှိတော့ချေ။ သူလုပ်နိုင်သည်မှာ မိမိ၏ အမြန်ဆုံး အရှိန်အဟုန်ကို အသုံးပြု၍ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရန်သာ ဖြစ်သည်။ သူသည် လက်မောင်းကို ဝှေ့ယမ်းကာ အပြင်းအထန် ဒဏ်ရာရနေသော မကျေမချမ်းဝေကို သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းလိုက်တော့သည်။
သူ ဤသို့ ပြုလုပ်ပြီးသည်နှင့် တပြိုင်နက် မြေအောက်မှ အုန်းခနဲ တိုးထွက်လာသော မရေမတွက်နိုင်သည့် မီးဝိညာဉ်များသည် လမ်းကြောင်း နှစ်ကြောင်းအဖြစ် ကွဲထွက်သွားခဲ့သည်။ သူတို့ထဲမှ တစ်စိတ်တစ်ပိုင်းက အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်ထံသို့ ဦးတည်တိုက်ခိုက်သွားခဲ့ကြပြီး အခြား တစ်စိတ်တစ်ပိုင်းမှာမူ စုမင် နောက်သို့ ဟိန်းဟောက်လျက် လိုက်ပါလာခဲ့ကြသည်။
သူတို့ခန္ဓာကိုယ်မှ ပျံ့လွင့်လာသော ရက်စက်ကြမ်းကြုတ်သော အမူအရာများ၊ ရက်စက်သော အကြည့်များနှင့် အဆုံးမဲ့ မီးပင်လယ်ကြီး အနီးသို့ မရောက်မီမှာပင် မြေပြင်ကြီးသည် အပူရှိန်ကြောင့် အရည်ပျော်လုနီးပါး ဖြစ်သွားခဲ့ရသည်။ ဤသည်က ကမ္ဘာလောကကြီး တစ်ခုလုံးကို လောင်ကျွမ်းစေနိုင်သော မီးတောက်မျိုးပင် ဖြစ်သည်။
ထိုသို့သော အန္တရာယ်ရှိသည့် အခိုက်အတန့်တွင် စုမင်သည် အံကိုတင်းတင်းကြိတ်ကာ မကျေမချမ်းဝေအား သိမ်းဆည်းပြီးနောက် ကျရောက်တော့မည့် ဘေးအန္တရာယ်ကို တားဆီးရန် သဲဝိညာဉ်အား ဆင့်ခေါ်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ရုတ်တရက် သူမြင်လိုက်ရသော မြင်ကွင်းတစ်ခုကြောင့် သူ့အကြည့်များက အာရုံစိုက်သွားခဲ့ရပြီး မျက်နှာပေါ်တွင် ဆန်းကြယ်သော အမူအရာတစ်ခု ချက်ချင်း ပေါ်ပေါက်လာခဲ့တော့သည်။
စုမင် မကျေမချမ်းဝေကို သိမ်းဆည်းလိုက်သည်နှင့် သူ့ထံသို့ ပြေးဝင်လာနေသော မီးဝိညာဉ်များသည် လေထုထဲတွင် ချက်ချင်းပင် ရုတ်တရက် ရပ်တန့်သွားခဲ့ကြသည်။ ကြည့်ရသည်မှာ သူတို့သည် မြင်းနက်ကြီးကြောင့် စုမင်ထံသို့ ဦးတည်လာခဲ့ခြင်း ဖြစ်ပုံရသည်။ ယခုအချိန်တွင် မကျေမချမ်းဝေ၏ သဲလွန်စမျှပင် ရှာမတွေ့တော့သဖြင့် သူတို့သည် စုမင်ကို မမြင်ရသည့်အလား ဘေးဘီသို့ လှည့်ပတ်ကြည့်ရှုလိုက်ကြပြီးနောက် သူတို့၏ မျက်နှာများပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ သူတို့သည် ဟိန်းဟောက်လိုက်ကြရင်း မီးလုံးတစ်လုံးအဖြစ် ဟန်ဆောင်ကာ ဘေးကင်းရန် ကြိုးစားနေသော မီးမိစ္ဆာဘိုးဘေးထံသို့ ဦးတည်ကာ ပြေးဝင်သွားကြတော့သည်။
မီးမိစ္ဆာဘိုးဘေး၏ မျက်ဆန်များ ကျုံ့ဝင်သွားခဲ့ပြီး ချက်ချင်းပင် ဆဲရေးလိုက်တော့သည်။ သူသည် ဤနည်းလမ်းကို အသုံးပြု၍ ဘေးအန္တရာယ် များစွာမှ လှည့်စား လွတ်မြောက်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင်မူ သူ အလွန်တရာ စိတ်ပျက်အားငယ်စွာဖြင့် သဘောပေါက်လိုက်ရသည်မှာ စုမင်သည် လေထဲတွင် ဗလာကျင်းစွာ ရပ်နေသော်လည်း ထိုမီးဝိညာဉ်များသည် စုမင်အား တစ်ချက်ကလေးမျှပင် လှည့်မကြည့်ခဲ့ကြခြင်း ဖြစ်သည်။ ဤကိစ္စက မီးမိစ္ဆာဘိုးဘေးအား မကျေမချမ်း ဖြစ်စေခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သူ အများကြီး စဉ်းစားနေရန် အချိန်မရှိခဲ့ချေ။ သူသည် ချက်ချင်းပင် အလင်းတန်း တစ်တန်းအဖြစ် ပြောင်းလဲကာ ဝေးရာသို့ အသက်လု ထွက်ပြေးရတော့သည်။
လေထုကို ဆွဲဖြဲလိုက်သော အသံများနှင့်အတူ မရေမတွက်နိုင်သော မီးဝိညာဉ်များသည် မီးမိစ္ဆာဘိုးဘေး နောက်သို့ ရူးသွပ်စွာဖြင့် လိုက်လံတိုက်ခိုက်ကြတော့သည်။
စုမင် အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားပြီးနောက် ရွှမ်ရှန်းသည် ပဓာနဝိညာဉ်အဖြစ် နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာခဲ့သည်။ မီးဝိညာဉ်များ အနီးသို့ ကပ်လာသောအခါ သူ့နှလုံးသား တုန်လှုပ်သွားခဲ့ပြီး ချက်ချင်းပင် အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်ကို မြေပြင်ပေါ်မှ အပေါ်သို့ ပျံတက်စေခဲ့သည်။ သူသည် အလင်းတန်း တစ်တန်းအဖြစ် ပြောင်းလဲကာ ဝေးရာသို့ ထွက်ပြေးခဲ့ရာ ယခင်အတိုင်းပင် မီးဝိညာဉ်များ၏ တစ်စိတ်တစ်ပိုင်းမှာ ပျားအုံကြီးအလား သူ့နောက်သို့ အုပ်စုလိုက် လိုက်လံတိုက်ခိုက်ကြပြန်သည်။
စုမင် ခေတ္တမျှ ကြောင်အသွားခဲ့ရသည်။ အကြောင်းမူကား ဤအရာအားလုံးသည် အသက်ရှူရုံမျှ အချိန်အတွင်းပင် ဖြစ်ပျက်သွားခဲ့သောကြောင့် ဖြစ်သည်။ မီးဝိညာဉ်များသည် အစပိုင်းတွင် ကောင်းကင် တစ်ပြင်လုံးကို ပြည့်နှက်သွားစေခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်း မြေပြင်ကြီး တစ်ပြင်လုံး ဗလာကျင်းသွားခဲ့သည်။ မီးဝိညာဉ်များ အားလုံးသည် မီးမိစ္ဆာဘိုးဘေးနှင့် အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်နောက်သို့ ကွဲထွက်ကာ လိုက်သွားခဲ့ကြပြီး စုမင်ထံသို့မူ လုံးဝ ရောက်မလာခဲ့ကြချေ။ သူတို့သည် စုမင်ကို လုံးဝ ဂရုမစိုက်သကဲ့သို့ ဖြစ်နေခဲ့သည်။
စုမင် မျက်တောင်ခတ်လိုက်မိသည်။ သူသည် မိမိ၏ ယခင်က ယူဆချက်ကို သတိရလိုက်မိသည်။ ဤမြေပြင်ရှိ မီးဝိညာဉ်များသည် သူ့အပေါ်တွင် မည်သို့သော ရန်လိုမှုမျှ မရှိကြကြောင်း ဖြစ်သည်။
သူ့မျက်လုံးထဲတွင် ဖျော့တော့သော အလင်းတစ်ချက် လင်းလက်သွားပြီးနောက် ဝေးရီသော အက်ကွဲကြောင်းဆီသို့ လှမ်းကြည့်လိုက်သည်။ သူသည် ဇွတ်အတင်း မလှုပ်ရှားခဲ့ဘဲ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မိမိကိုယ်ကိုယ် လျင်မြန်စွာ ကုသရန်အတွက် ကျင့်ကြံခြင်း အခြေခံကို စတင်လည်ပတ်စေခဲ့သည်။
အမွှေးတိုင်တစ်တိုင် ကုန်စာခန့် ကြာမြင့်ပြီးနောက် စုမင် မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် ခန္ဓာကိုယ် အတွင်းရှိ ဒဏ်ရာအချို့ကို ဖိနှိပ်ထားနိုင်ခဲ့ပြီဖြစ်ရာ မည်သို့မျှ တုံ့ဆိုင်းမနေဘဲ မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းထဲသို့ ဆင်းသက်လိုက်တော့သည်။ သူသည် ဝတ်စုံဖြူလုလင်၏ အလောင်းကို ဂရုမစိုက်သော်လည်း သူ့သိုလှောင်အိတ်ကိုမူ ဂရုစိုက်သည်။ အကြောင်းမူကား ကြောင်အမျိုးသမီးက ထိုအိတ်ထဲတွင် ရှိနေမှာ သေချာသောကြောင့် ဖြစ်သည်။
သူ သို့မဟုတ် ဝတ်စုံဖြူလုလင် တစ်ဦးဦး သေဆုံးရမည့် အခြေအနေကို ဖြစ်ပေါ်စေခဲ့သော အကြောင်းရင်းမှာ အမှန်တကယ်တွင် ထိုကြောင်အမျိုးသမီးကြောင့် ဖြစ်သည်။ သူမသည် စုမင်နှင့် အများကြီး ပတ်သက်မှုမရှိသော်လည်း စုမင်သည် တာအိုခုန်း ပိုင်ဆိုင်သမျှ အရာအားလုံးကို လွှဲပြောင်းရယူထားခဲ့ပြီးဖြစ်ရာ ထိုကြောင်အမျိုးသမီးသည်လည်း သူ့လက်အောက်ခံတစ်ဦး ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူသည် သူမအား သွေးအရင်းအမြစ်တစ်ခုအဖြစ် အသုံးပြုခံရရန် မည်သို့မျှ ခွင့်မပြုနိုင်ချေ။
ထိုအက်ကွဲကြောင်းကြီးမှာ အလွန်ကြီးမားပြီး အတွင်းပိုင်းတွင် မှောင်မိုက်နေကာ နေရာလွတ်က အလွန် ကျယ်ဝန်းသည်။ စုမင်သည် အရှိန်အဟုန် အပြည့်ဖြင့် အောက်ခြေသို့ ဆင်းသက်ခဲ့သည်။ မကြာမီ သူ အက်ကွဲကြောင်း၏ အောက်ခြေအကျဆုံး အလွှာသို့ ခြေချလိုက်မိသောအခါ သူ့မျက်ဆန်များ ကျုံ့ဝင်သွားခဲ့ပြီး ပတ်ဝန်းကျင်ကို သေချာစွာ စတင်စစ်ဆေးလိုက်တော့သည်။
ဤသည်မှာ လျှို့ဝှက် ဥမင်လိုဏ်ခေါင်း တစ်ခေါင်း ဖြစ်သော်လည်း အပေါ်ဘက်ရှိ အက်ကွဲကြောင်းကြောင့် မီးဝိညာဉ်များ အပြင်သို့ တိုးထွက်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်သောအခါ သူ့အကြည့်သည် ဝေးရာတွင် လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေသော ဝတ်စုံဖြူလုလင်၏ အလောင်းထံသို့ ကျရောက်သွားခဲ့သည်။
အနီးသို့ လျှောက်သွားရင်း စုမင်သည် ဝတ်စုံဖြူလုလင်ကို စိုက်ကြည့်လိုက်သည်။ ထိုလုလင်၏ မျက်လုံးများမှာ ပွင့်နေဆဲဖြစ်သော်လည်း အသက်မဲ့ကာ မှုံမှိုင်းနေခဲ့ပြီး သေလွန်သော်လည်း မျက်စိမမှိတ်နိုင်ဘဲ ရှိနေခဲ့သည်။ စုမင်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။
"မင်းက ငါသတ်လိုက်ရတဲ့ ပထမဆုံး မဟာတန်ခိုးရှင်ပဲ။ ဒါပေမဲ့ မင်းက နောက်ဆုံးတော့ ဖြစ်လာမှာ မဟုတ်ဘူး"
စုမင်သည် ယာလက်ကို ဝှေ့ယမ်းလိုက်ရာ ဝတ်စုံဖြူလုလင်၏ သိုလှောင်အိတ်သည် သူ့ထံသို့ ပျံဝဲလာခဲ့သည်။ အိတ်ကို ဖမ်းယူလိုက်ပြီးနောက် သူသည် စိတ်အာရုံဖြင့် အတွင်းပိုင်းအား စစ်ဆေးလိုက်သည်။ ဝတ်စုံဖြူလုလင် သေဆုံးသွားခဲ့ပြီဖြစ်ရာ သူ့သိုလှောင်အိတ်မှာ ပိုင်ရှင်မဲ့ပစ္စည်းတစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ စုမင်သည် စိတ်အာရုံဖြင့် ထိုအိတ်ထဲတွင် ပိတ်လှောင်ခံထားရသော ကြောင်အမျိုးသမီးကို ချက်ချင်း မြင်တွေ့လိုက်ရသည်။ သူမသည် ယခုအချိန်တွင် သတိလစ်နေခဲ့သည်။ သူမ၏ မျက်ခုံးနှစ်ခုကြားတွင် ကင်းခြေများ အမှတ်အသားတစ်ခု ရှိနေခဲ့ပြီး ၎င်းမှာ တဖြည်းဖြည်းချင်း ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့သည်။
စုမင် အမှတ်အသားကို စိုက်ကြည့်လိုက်ပြီးနောက် မျက်လုံးများ ချက်ချင်း တောက်ပသွားခဲ့သည်။ သူသည် မျက်နှာအမူအရာ မပျက်ဘဲ ဝတ်စုံဖြူလုလင်၏ အလောင်းကို ယာလက်ဖြင့် ပုတ်လိုက်ရာ ချက်ချင်းပင် ထိုအလောင်းအား သိမ်းဆည်းလိုက်တော့သည်။ သူ ဤသို့ပြုလုပ်ပြီးမှသာ မတ်တပ်ရပ်လိုက်သည်။ သူ မတ်တပ်ရပ်လိုက်သည့် အခိုက်အတန့်မှာပင် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရင်း လက်ဝဲလက်ညှိုးဖြင့် နောက်ဘက်ဆီသို့ ဆီးကြိုညွှန်ပြလိုက်တော့သည်။
သို့သော် သူ့နတ်ဘုရား စွမ်းရည်ဖြင့် ဖွဲ့စည်းထားသော လက်ညှိုးထံမှ လေပြင်းမှာ အပြင်သို့ ထွက်မသွားခဲ့ချေ။ အကြောင်းမူကား သူ့နောက်ဘက် မလှမ်းမကမ်းတွင် မီးဝိညာဉ်ဂကလေးငယ် တစ်ကောင် ရှိနေသောကြောင့် ဖြစ်သည်။ သူသည် မျက်လုံးများကို အဝိုင်းသား ဖွင့်လျက် စုမင်ကို အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့သည်။
ဤမီးဝိညာဉ်မှာ အလွန်သေးငယ်ပြီး စုမင်၏ ဒူးခေါင်းအထိပင် မမီချေ။ သူသည် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေပြီး မျက်နှာပေါ်တွင် မည်သည့် ရန်လိုမှု အရိပ်အယောင်မျှ မရှိဘဲ အလွန်တရာ စူးစမ်းလိုစိတ်များဖြင့်သာ ပြည့်နှက်နေခဲ့သည်။
စုမင် သူ့ထံသို့ လှည့်ကြည့်လိုက်သောအခါ ထိုမီးဝိညာဉ် ကလေးငယ်သည် စုမင်ကြောင့် လန့်သွားသည့်အလား ချက်ချင်းပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့မျက်နှာပေါ်တွင် စိတ်ဝင်စားမှု အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။ ဤစိတ်ဝင်စားမှုက သူ့အား ရှေ့သို့ အနည်းငယ် ပြန်တိုးလာစေခဲ့သည်။ သူ စုမင်ကို ကြည့်လိုက်သောအခါ မျက်နှာအမူအရာမှာ တဖြည်းဖြည်းချင်း နူးညံ့သိမ်မွေ့သွားခဲ့သည်။ သူ့ထံတွင် ကြောက်ရွံ့မှုများ မရှိဘဲ သက်တောင့်သက်သာရှိပြီး နွေးထွေးသော အမူအရာတစ်ခုသာ ရှိနေခဲ့သည်။
ဤသက်တောင့်သက်သာရှိသော ခံစားချက်က သူ့အား စုမင် အနီးသို့ ပိုမို တိုးကပ်လာစေခဲ့သည်။ ပေအနည်းငယ်မျှသာ ကွာဝေးတော့သော အခါတွင် သူသည် ချက်ချင်း လှုပ်ရှားလိုက်ပြီး စုမင်ထံသို့ တိုးဝင်လာခဲ့သည်။ စုမင်၏ မျက်လုံးများထဲတွင် ထက်မြက်သော အလင်းတစ်ချက် ပေါ်လာခဲ့သော်လည်း သူ ရှောင်တိမ်းခြင်း မပြုခဲ့ချေ။ သူသည် မိမိ၏ ယူဆချက်ကို အတည်ပြုလိုသဖြင့် မီးဝိညာဉ်အား မိမိထံသို့ လာခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ ထိုမီးဝိညာဉ်ငယ်လေးသည် စုမင် ခြေဖဝါးနားတွင် အလွန် ဝမ်းမြောက်စရာကောင်းသော အမူအရာဖြင့် လဲလျောင်းလျက် သူ့ခြေသလုံးအား ဖက်တွယ်ထားပြီး လွှတ်မပေးတော့သည်ကို မြင်လိုက်ရသောအခါ စုမင်၏ နှလုံးသားထဲတွင် အတွေးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
'ဒီမီးဝိညာဉ်တွေကလည်း ပေတစ်ထောင်မြင့်တဲ့ သစ်ပင်ကြီးလိုမျိုးပဲလား...'
စုမင် တွေးတောနေရင်း အက်ကွဲကြောင်းထဲမှ ထွက်ခွာရန် လှုပ်ရှားလိုက်သည်။ သို့သော် သူ လှုပ်ရှားလိုက်သည့် အခိုက်အတန့်မှာပင် မီးဝိညာဉ်ကလေးငယ်သည် လက်ကိုလွှတ်လိုက်ပြီး ယခင်က ဆောင့်ကြောင့်ထိုင်နေခဲ့သော နေရာသို့ လျင်မြန်စွာ ပြန်သွားခဲ့သည်။ ထို့နောက် သူက စုမင်အား လိုက်လာရန် လက်ဟန်ပြခေါ်လိုက်ပြီးနောက် ချက်ချင်း လှုပ်ရှားကာ ဥမင်လိုဏ်ခေါင်းအတွင်း၌ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့တော့သည်။
စုမင်၏ မျက်လုံးများထဲတွင် စဉ်းစားတွေးတောဟန်များ ပေါ်လာခဲ့သည်။ ထိုမီးဝိညာဉ်ငယ်လေး၏ လုပ်ရပ်နောက်ကွယ်မှ အဓိပ္ပာယ်မှာ ရှင်းလင်းသည်။ သူသည် စုမင်အား ဥမင်လိုဏ်ခေါင်း အတွင်းသို့ ဝင်လာစေချင်ခြင်း ဖြစ်သည်။ သူ ခဏမျှ တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် စုမင်သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းကာ ဥမင်လိုဏ်ခေါင်း အတွင်းသို့ လျှောက်လှမ်း ဝင်ရောက်ခဲ့သည်။ သူ အတွင်းသို့ ခြေချလိုက်သောအခါ ဝေးရာရှိ လမ်းခွဲ တစ်နေရာတွင် မီးဝိညာဉ်ငယ်လေးက သူ့အား စောင့်ဆိုင်းနေသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် စုမင် လိုက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ပြုံးပြလိုက်ပြီး ရှေ့သို့ ထပ်မံပြေးထွက်သွားပြန်သည်။
ဤသို့ဖြင့် စုမင်သည် ရှုပ်ထွေးသော ဝင်္ကပါတစ်ခုကဲ့သို့ ဖြစ်နေသည့် လိုဏ်ခေါင်းများစွာ ရှိသော နေရာတွင် မီးဝိညာဉ် ကလေးငယ်၏ နောက်သို့ လိုက်ပါသွားခဲ့သည်။ အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ တစ်နာရီခန့် ကြာမြင့်ပြီးနောက် မီးဝိညာဉ်ငယ်လေးသည် စုမင်အား မိမိအနီးသို့ ချဉ်းကပ်ခွင့်ပြုလိုက်သောအခါ သူသည် အလွန်တရာ ကြီးမားကျယ်ဝန်းသော မြေအောက်ဂူကြီး တစ်လုံးကို မြင်တွေ့လိုက်ရတော့သည်။
ဤနေရာသည် ပေပေါင်းသောင်းချီ၍ မြင့်မားသည်။ ထိုဒေသတစ်ခုလုံး မှောင်မိုက်နေခဲ့ပြီး မြေပြင်ပေါ်တွင် အတွင်းသို့ ချိုင့်ဝင်နေသော တွင်းခေါင်းများစွာကို စုမင် ရှင်းလင်းစွာ မြင်တွေ့နိုင်ကာ နံရံများပေါ်တွင်လည်း ရေတွက်၍မရနိုင်သော ဂူများ ရှိနေခဲ့သည်။ အကယ်၍ ဤမြေအောက် ကမ္ဘာကို ဝင်္ကပါတစ်ခုအဖြစ် ဖော်ပြရမည်ဆိုလျှင် ဤနေရာသည် သေချာပေါက် ဗဟိုချက်မပင် ဖြစ်ပေလိမည်။
စုမင်သည် တိတ်ဆိတ်စွာဖြင့် သူ့အောက်ခြေရှိ ဂူနံရံကို မှီ၍ လဲလျောင်းနေသော အရိုးစုတစ်စုအား စိုက်ကြည့်လိုက်သည်။ ထိုအရိုးစု၏ ထက်ဝက်ခန့်သာ ကျန်ရှိတော့သော်လည်း စုမင် မြင်လိုက်ရသည်မှာ ထိုအရိုးစု၏ လက်ထဲတွင် ကိုင်ဆောင်ထားသော လှံရှည်ကြီး တစ်စင်းပင် ဖြစ်သည်။
ထိုလှံရှည်မှာ အစပိုင်းတွင် ခရမ်းရောင်ဖြစ်နေသော်လည်း သူ သေချာစွာ ထပ်မံကြည့်ရှုလိုက်သောအခါ ယင်းမှာ အမည်းရောင်အဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ ကြည့်ရသည်မှာ လှံသည် ခရမ်းရောင်နှင့် အမည်းရောင်အကြားတွင် ရံဖန်ရံခါ ပြောင်းလဲနေပုံရသည်။
ထိုအရိုးစု၏ အနီးတွင် မီးဝိညာဉ်အိုကြီး နှစ်ကောင် ရှိနေခဲ့သည်။ သူတို့သည် သေချာပေါက် အလွန်အိုမင်းနေကြပြီး ကျကျနန တင်ပျဉ်ခွေ ထိုင်နေကြသည်။ သူတို့နှစ်ဦးကြားတွင် စစ်တုရင်ခုံတစ်ခုံ ရှိနေပြီးအပေါ်တွင် စစ်တုရင်ရုပ်အချို့ ရှိနေခဲ့သည်။ ထိုမီးဝိညာဉ် နှစ်ကောင်မှာ သေချာပေါက် စစ်တုရင် ကစားနေကြခြင်း ဖြစ်သည်။
မီးဝိညာဉ် ကလေးငယ်မှာမူ ထိုစစ်တုရင်ခုံ၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်နေပြီး စုမင်အား မိမိဘေးသို့ လာရန် လက်ဟန်ပြခေါ်နေခဲ့သည်။
စုမင် အာရုံစိုက်လိုက်သည်။ သူ တွေးတောနေရင်း လှုပ်ရှားလိုက်သည်။ သူသည် ဤနေရာသို့ ရောက်ရှိနေပြီဖြစ်ရာ အဆုံးအထိ စူးစမ်းလေ့လာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူ မီးဝိညာဉ်အိုကြီးနှစ်ကောင်ကြားရှိ စစ်တုရင်ခုံအနီးသို့ ချဉ်းကပ်သွားသောအခါ သူ့အကြည့်သည် ထိုသတ္တဝါများထံသို့ ဦးစွာ ကျရောက်သွားခဲ့သော်လည်း သူတို့သည် စုမင် ရောက်ရှိလာခြင်းကို သတိပြုမိပုံမရချေ။ သူတို့သည် ခေါင်းကိုပင် မော့မကြည့်ကြဘဲ သူတို့၏ နောက်ထပ် ရွှေ့ကွက်များအား စဉ်းစား တွေးတောရင်း စစ်တုရင်ခုံပေါ်ရှိ စစ်တုရင်ရုပ်များကို ဆက်လက်ရွှေ့နေခဲ့ကြသည်။
ဤမြင်ကွင်းမှာ အလွန်တရာ ဆန်းကြယ်သည်။ စုမင်သည် တိတ်ဆိတ်စွာဖြင့် စစ်တုရင်ခုံကို လှမ်းကြည့်လိုက်သည်။
ဤသည်မှာ သူတစ်ခါမျှ မမြင်ဖူးသော စစ်တုရင် ကစားနည်းမျိုး ဖြစ်သည်။ ထိုအပေါ်တွင် ပြန့်ကျဲနေသော စစ်တုရင်ရုပ် ဆယ်ရုပ်သာ ရှိသည်။ သူတို့ထဲမှ ငါးရုပ်မှာ မီးခိုးရောင်ဖြစ်ပြီး လေးရုပ်မှာ အဖြူရောင် ဖြစ်သည်။ အမည်းရောင်မှာမူ တစ်ရုပ်တည်းသာ ရှိနေခဲ့သည်။
ယင်းကို မည်သို့ပင် ကြည့်စေကာမူ ထိုအမည်းရောင် စစ်တုရင်ရုပ်မှာ ကောင်းကင်မှ ပြုတ်ကျလာသည့်အလား ဖြစ်နေပြီး အလွန် သဟဇာတ မဖြစ်သော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။ အကြောင်းမူကား ကိုးဂဏန်းသည် ဂဏန်းအားလုံး၏ အမြင့်ဆုံး အထွတ်အထိပ် ဖြစ်သဖြင့် ပိုလျှံနေသော ထိုအမည်းရောင် စစ်တုရင်ရုပ်ကြောင့် စစ်တုရင်ခုံကြီး တစ်ခုံလုံးတွင် ပြင်းထန်စွာသော သတ်ဖြတ်ခြင်း အငွေ့အသက်များ ကိန်းအောင်းနေသကဲ့သို့ ခံစားရစေသည်။
အဖြူရောင် စစ်တုရင်ရုပ် လေးရုပ်မှာမူ စစ်တုရင်ခုံ၏ သဟဇာတဖြစ်မှုကို ပြန်လည်ရရှိစေရန်အတွက် ထိုအမည်းရောင် စစ်တုရင်ရုပ်ကို သတ်ဖြတ်ရန် ဝိုင်းရံထားသည့်အလား ထင်ရသည်။
စုမင် ၎င်းကို စိုက်ကြည့်လိုက်သည်။ သူ့အကြည့်က အမည်းရောင် စစ်တုရင်ရုပ်ထံသို့ ကျရောက်သွားသောအခါ သူ မျက်မှောင်ကြုတ်လိုက်မိသည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြီး အတော်ကြာပြီးနောက် စစ်တုရင်ခုံ၏ ညာဘက်ခြမ်းရှိ မီးဝိညာဉ်အိုကြီးသည် ရှေးဟောင်း အငွေ့အသက်များ ပြည့်နှက်နေသော သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်တော့သည်။
အခန်း ၁၀၀၀ ဒါဆိုရင်လည်း တိုက်ကြတာပေါ့
သက်ပြင်းချလိုက်သော မီးဝိညာဉ်အိုကြီးသည် ခေါင်းကိုခါယမ်းကာ တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"ဘာဖြစ်လို့ ဒီလိုမျိုး ဖြစ်နေရတာလဲ"
"ဟုတ်ပါ့၊ ဘာဖြစ်လို့ ဒီလိုအခြေအနေမျိုး ရောက်နေရတာလဲ" စစ်တုရင်ခုံ၏ ဘယ်ဘက်ခြမ်းတွင် ထိုင်နေသော မီးဝိညာဉ်အိုကြီး၏ မျက်နှာတွင်လည်း စိတ်သောကရောက်မှုများ ပေါ်ပေါက်လာခဲ့သည်။
"မင်းက စုရွှမ်ရီရဲ့ သားဖြစ်ပြီး အသူရာ ဖန်ဆင်းရှင် တစ်ယောက်ပဲ။ ဒါကြောင့် ဒီကစားပွဲက ဘာဖြစ်လို့ ဒီလိုမျိုး ဖြစ်သွားရတာလဲဆိုတာ ငါတို့ကို ပြောပြနိုင်မလား" စစ်တုရင်ခုံ၏ ညာဘက်ခြမ်းမှ မီးဝိညာဉ်အိုကြီးသည် ခေါင်းမော့လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် စုမင်ထံသို့ အကြည့်လွှဲပြောင်း စိုက်ကြည့်လိုက်တော့သည်။
သူ လှမ်းကြည့်လိုက်သည့် အခိုက်အတန့်မှာပင် စုမင်၏ နှလုံးသား တုန်လှုပ်သွားခဲ့ရသည်။ ဤမီးဝိညာဉ်အိုကြီး၏ မျက်လုံးများမှာ မှုန်မှိုင်းနေသကဲ့သို့ ထင်ရသော်လည်း ထိုမျက်ဝန်းများထဲတွင် စာဖွဲ့၍ မရနိုင်လောက်အောင် ထက်မြက်သော အကြည့်များ ကိန်းအောင်းနေခဲ့သည်။ အမှန်တကယ်တွင် ထိုအကြည့်ထဲ၌ ပြင်းထန်သော ဖိအားကြီး တစ်ရပ်ပင် ပါဝင်နေခဲ့သည်။ ထိုမဟာဖိအားကြီးမှာ ဖုန်မှုန့်မီးရှို့သူ ဘိုးဘေးထက်ပင် ပိုမိုအားကောင်းနေခဲ့သည်။ မီးဝိညာဉ်အိုကြီး လှမ်းကြည့်လိုက်သောအခါ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ထဲ၌ ဖျော့တော့ပြီး သဲလွန်စမထင်သော အက်ကွဲကြောင်းများ ချက်ချင်း ပေါ်ပေါက်လာသည်ကို စုမင် အာရုံခံမိလိုက်သည်။
ဤသည်ကား ကံကြမ္မာ နိယာမကို စိုးမိုးထားသည့် ပညာရပ် တစ်ခုပင်။
"ဒါက ဘာကစားပွဲလဲ" စုမင်က မေးမြန်းလိုက်သည်။
သူ့ကို မှတ်မိသွားသည့် အချက်အပေါ် သူ အံ့သြမနေခဲ့ချေ။ ဤမီးဝိညာဉ်အိုကြီး နှစ်ကောင်မှာ ဖုန်မှုန့်မီးရှို့သူ ဘိုးဘေး ပြောကြားခဲ့ဖူးသည့် အသိဉာဏ်နှင့် အလွန် ကြီးမားသော စွမ်းအားများကို ပိုင်ဆိုင်ထားကြသော်လည်း ဖုန်မှုန့်မီးရှို့သူတို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာရန်အတွက် ပဉ္စမမြောက်မီးဖိုထဲမှ ထွက်ခွာသွားဖို့ အလိုမရှိကြသူများ ဖြစ်ကြောင်း သူ ခန့်မှန်းမိလိုက်သည်။ သူတို့သည် ရှေးဟောင်း ကတိကဝတ်ကို လိုက်နာကြပြီး ပဉ္စမမြောက်မီးဖို အတွင်း၌ အစောင့်အရှောက်များ အဖြစ် တာဝန်ထမ်းဆောင်နေကြခြင်း ဖြစ်သည်။
ပေတစ်ထောင်မြင့်သော သစ်ပင်ကြီးပင်လျှင် သူ့ကို မှတ်မိနိုင်ခဲ့ပြီး မီးဝိညာဉ်များကလည်း သူ့အား မြင်သောအခါ လုံးဝ လျစ်လျူရှုခဲ့ကြသည်ဖြစ်ရာ အသိဉာဏ် ပိုင်ဆိုင်ထားကြသော ဤစွမ်းအားကြီး မီးဝိညာဉ်အိုကြီးနှစ်ကောင်က သူ့ကို မှတ်မိကြသည်မှာ အံ့သြစရာမဟုတ်ချေ။
"ဒါက ပဉ္စမမြောက် မဟာလောကကို မဟာလောကကြီး လေးခုက ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့ကြတုန်းက အသူရာ ဖန်ဆင်းရှင် ဘိုးဘေးနဲ့ စုရွှမ်းယီတို့ ပဉ္စမမြောက်မီးဖိုထဲမှာ ကစားခဲ့ကြတဲ့ ကစားပွဲပဲ။ အဲဒီနောက်မှာ ဘိုးဘေးက ပဉ္စမမြောက် မီးဖိုထဲကနေ ထွက်သွားသွားပြီး ပြင်ပကမ္ဘာက ရန်သူတွေကို သွားတိုက်ခိုက်ခဲ့တယ်"
"သူ ထွက်မသွားခင်မှာ အကျယ်ကြီး ရယ်ပြီး ခေါင်းကို ခါယမ်းသွားခဲ့တယ်..."
စုမင်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေခဲ့သည်။ သူသည် အရာများစွာကို ကြုံတွေ့ ဖြတ်သန်းခဲ့ပြီးပြီ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူသည် စစ်တုရင်ခုံအား တိတ်ဆိတ်စွာ စိုက်ကြည့်နေမိပြီး အထူးသဖြင့် ထိုအမည်းရောင် စစ်တုရင်ရုပ်ကိုပင် ဖြစ်သည်။ အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြီး အလွန် ကြာမြင့်သော အချိန်တစ်ခုအထိ ဆက်လက်စီးဆင်းသွားခဲ့သည်။
"မင်းတောင် ဒါကို နားမလည်နိုင်ဘူးပဲ..." စစ်တုရင်ခုံ၏ ညာဘက်ခြမ်းမှ မီးဝိညာဉ်အိုကြီးက ခေါင်းကိုခါရင်း သက်ပြင်းချလိုက်သည်။
စုမင် စကားမဆိုခဲ့ချေ။ သူသည် စစ်တုရင်ခုံကိုသာ စိုက်ကြည့်နေခဲ့သည်။ တဖြည်းဖြည်းနှင့် မီးဝိညာဉ်များသည် ပြင်ပကမ္ဘာမှ မြေအောက်ဂူကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာကြသည်။ သူတို့ ပြန်ရောက်လာကြစဉ်က ဟိန်းဟောက်နေကြသော်လည်း ကျယ်ဝန်းသော မြေအောက်ဂူကြီးအတွင်းသို့ ဝင်ရောက်လာသည်နှင့် တပြိုင်နက် တိတ်ဆိတ်သွားကြပြီး ပတ်ဝန်းကျင် အရပ်ရပ်တွင် ဆောင့်ကြောင့် ထိုင်လိုက်ကြတော့သည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ သူတို့ ပိုမို များပြားစွာ ပြန်လည်ရောက်ရှိလာကြသည်။ မီးဝိညာဉ်များအားလုံး ပြန်လည်စုစည်းမိသွားသောအခါ သူတို့သည် ထိုနေရာတွင် နောက်တစ်ကြိမ် ထူထပ်သိပ်သည်းစွာ ပြည့်နှက်သွားခဲ့ပြီး သူတို့ခန္ဓာကိုယ်ပတ်လည်ရှိ မီးတောက်များထံမှ ထွက်ပေါ်လာသော ဖျော့တော့သည့် အလင်းရောင်ဖြင့် ထိုဒေသတစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။
သူတို့ထဲမှ နှစ်ကောင်မှာ အလွန် အရပ်ရှည်ပြီး အရှင်သခင် အဆင့်ရှိ တန်ခိုးရှင်များနီးပါး ရှိသော စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။ မီးမိစ္ဆာဘိုးဘေး၏ နတ်ဘုရားဝိညာဉ်မှာ သူတို့ လက်ထဲတွင် ဖမ်းဆီးခြင်း ခံထားရသည်။ သူသည် မျက်နှာတွင် ကြောက်ရွံ့မှုများဖြင့် တုန်ရီနေခဲ့သော်လည်း ဝေးရာတွင် စုမင်ကို မြင်လိုက်ရသောအခါ ကြောင်အသွားခဲ့ရသည်။
စုမင် ခေါင်းကိုမော့လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။
"ဒီကစားပွဲက နားလည်ရတာ အရမ်း လွယ်ကူပါတယ်"
သူ့စကားလုံးများက မီးဝိညာဉ်အိုကြီး နှစ်ကောင်၏ အကြည့်များကို ချက်ချင်း ဆွဲဆောင်သွားခဲ့တော့သည်။
"ခင်ဗျားတို့နှစ်ယောက်လုံး ပဉ္စမမြောက်မီးဖိုထဲကနေ တစ်ခါမှ မထွက်ခွာဖူးကြဘူးမလား။ ပြီးတော့ ခင်ဗျားတို့ရဲ့ စွမ်းအားတွေကို ရရှိခဲ့တာက ကျင့်ကြံခြင်းလမ်းစဉ်ရဲ့ ဘယ်လိုလေ့ကျင့်မှုမျိုးကြောင့်မှ မဟုတ်ဘဲ အသိဉာဏ် ရရှိပြီးတဲ့နောက် အချိန်တွေ ကုန်လွန်လာတာနဲ့ သဘာဝအတိုင်း ရရှိလာခဲ့တာမလား" စုမင်သည် မီးဝိညာဉ်အိုကြီးနှစ်ကောင်ကို အကြည့်ဖြင့် ဝှေ့ယမ်းကြည့်ရှုလိုက်သည်။
"မင်း ဘာကို ဆိုလိုတာလဲ" စစ်တုရင်ခုံ၏ ဘယ်ဘက်ခြမ်းမှ မီးဝိညာဉ်သည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် အက်ကွဲသော အသံဖြင့် မေးမြန်းလိုက်သည်။
"ဒီစကြဝဠာကြီးထဲမှာ လောကကိုးခု ရှိတယ်။ ဒါကြောင့် ကိုးဂဏန်းက ဂဏန်းအားလုံးရဲ့ အမြင့်ဆုံးအထွတ်အထိပ်ဖြစ်တာ ထင်ရှားပါတယ်။ ဒါပေမဲ့ စစ်တုရင်ခုံပေါ်မှာ လောကကိုးခုတင် ရှိနေတာ မဟုတ်ဘူး။ အဲဒီအစား အမည်းရောင် စစ်တုရင်ရုပ်တစ်ရုပ် ထပ်ဖြည့်ထားတယ်။ ဒါကြောင့် ဒီကစားပွဲက သဟဇာတ မဖြစ်တော့တာ။ အတွင်းမှာ ပရမ်းပတာဖြစ်ခြင်းရဲ့ အရိပ်အယောင်တွေ ပေါ်ပေါက်လာခဲ့ရတယ်"
"ပိုလျှံနေတဲ့ အမည်းရောင် စစ်တုရင်ရုပ်က အသူရာ ဖန်ဆင်းရှင် ဖြစ်ရမယ်။ ပိုပြီး တိတိကျကျ ပြောရရင်တော့ တစ်ချိန်က အသူရာ ဖန်ဆင်းရှင် ဘိုးဘေးပေါ့" စုမင်က တည်ငြိမ်စွာ ပြောကြားလိုက်သည်။ သူ့အသံထဲတွင် မည်သူမျှ အာရုံမခံနိုင်သော လွမ်းဆွတ်တမ်းတမှု အငွေ့အသက်တစ်ခု ပါဝင်နေခဲ့သည်။ သူသည် ညာလက်ကို မြှောက်ကာ စစ်တုရင်ခုံပေါ်မှ ထိုအမည်းရောင် စစ်တုရင်ရုပ်အား ယူလိုက်သည်။
စစ်တုရင်ရုပ်ကို ဖယ်ရှားလိုက်သည်နှင့် တပြိုင်နက် စစ်တုရင်ခုံ၏ တည်ဆောက်ပုံထံမှ သဟဇာတဖြစ်သော အငွေ့အသက်တစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ မီးခိုးရောင် ငါးရုပ်နှင့် အဖြူရောင် လေးရုပ်။ ပျက်စီးယိုယွင်းပြီး မပြည့်စုံသော အငွေ့အသက်များဖြင့် ပြည့်နှက်နေသော်လည်း ယင်းက ပြီးပြည့်စုံသော စကြဝဠာကြီးတစ်ခု၏ ခံစားချက်ကို ပေးစွမ်းနေဆဲ ဖြစ်သည်။
"ဒါတွေက စကြဝဠာထဲက လောကကိုးခု ဖြစ်ရမယ်။ ဒီအဖြူရောင် လေးရုပ်က မဟာလောကကြီး လေးခု ဖြစ်ပြီး မီးခိုးရောင် ငါးရုပ်ကတော့ တစ်ချိန်က ဖျက်ဆီးခြင်းခံခဲ့ရပြီး အခုအချိန်မှာ ဟင်းလင်းပြင်ထဲမှာ ရှိနေတဲ့ မဟာလောကကြီး ငါးခု ဖြစ်လိမ့်မယ်" စုမင် ခေါင်းကို ခါယမ်းလိုက်ပြီးနောက် လက်ထဲမှ အမည်းရောင် စစ်တုရင်ရုပ်အား မူလနေရာသို့ ပြန်ချထားလိုက်သည်။
"ပဉ္စမမြောက် မဟာလောကက ဒီစကြဝဠာထဲက လောကကိုးခုထဲက တစ်ခု မဟုတ်ဘူး" စုမင် ခေါင်းကို ငုံ့လျက် တိုးညှင်းစွာ ပြောလိုက်သည်။ အမှန်တကယ်တွင် သူသည် ဤအရာကို စောစောစီးစီးပင် နားလည် သဘောပေါက်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအချိန်မှသာ မိမိ၏ ခန့်မှန်းချက်ကို သေချာရေရာသွားခဲ့ခြင်း ဖြစ်သည်။ ပဉ္စမမြောက် မဟာလောကသည် ပဉ္စမမြောက်ဖြစ်သလို ဒသမမြောက်လည်း ဖြစ်ပေသည်။
"ဒီကစားပွဲက အသူရာ ဖန်ဆင်းရှင် ဘိုးဘေး ရရှိခဲ့တဲ့ ဉာဏ်အလင်းပွင့်မှုပဲ။ သူ ရယ်မောခဲ့တာက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူ ဝင့်ကြွားလို့ဖြစ်ပြီး ခေါင်းခါခဲ့တာကတော့ နောင်တတရားတွေနဲ့ ပြည့်နှက်နေခဲ့လို့ပဲ။ သူ ကစားပွဲကို နှောင့်ယှက်ဖျက်ဆီးနိုင်ခဲ့လို့ ဂုဏ်ယူခဲ့တာဖြစ်ပြီး ဒါကို ပြီးပြည့်စုံအောင် မလုပ်နိုင်ခဲ့လို့ နောင်တရခဲ့တာ ဖြစ်တယ်"
"သူက ဒီကစားပွဲကို စုရွှမ်းရီအတွက် ချန်ထားရစ်ခဲ့တာ။ ဘာဖြစ်လို့လဲဆိုတော့ စုရွှမ်းရီကို ဒီကစားပွဲကို ဆက်ကစားပြီး အဆုံးသတ်စေချင်လို့ပဲ" စုမင်က မျက်နှာအမူအရာ မပြောင်းလဲဘဲ တည်ငြိမ်စွာ ဆိုလိုက်သည်။
"ဒါဆိုရင် မင်း ဘာကို မြင်လိုက်ရလဲ" စစ်တုရင်ခုံ၏ ညာဘက်ခြမ်းမှ မီးဝိညာဉ်အိုကြီးက ရုတ်တရက် မေးမြန်းလိုက်သည်။
စုမင် တိတ်ဆိတ်သွားခဲ့သည်။ အတော်ကြာပြီးနောက် သူ သက်ပြင်းချလိုက်သည်။
"သူက ကျွန်တော့်ကို ဒီကစားပွဲကို အဆုံးသတ်စေချင်တာပဲ"
ပဉ္စမမြောက် မဟာလောက၏ လျှို့ဝှက်ချက်များသည် သူ အနည်းဆုံးသာ မျှော်လင့်ထားခဲ့သည့် အချိန်တွင် သူ့မျက်စိ ရှေ့မှောက်၌ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
သူ သေချာစွာ စဉ်းစားကြည့်လိုက်သောအခါ အကယ်၍ သူသည် အတိတ်က ရှာဖွေတွေ့ရှိခဲ့သော သဲလွန်စ အားလုံးကို ဆက်စပ်ကြည့်မည်ဆိုလျှင် ထိုကြိုးမျှင်၏ အကြမ်းဖျင်း ပုံသဏ္ဍာန်သည် ရှုပ်ထွေးသော လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ချေ။
ဤလျှို့ဝှက်ချက်နှင့် ပတ်သက်၍ ဖုံးကွယ်ထားရန် ထိုက်တန်သော အရာလည်း လုံးဝ မရှိချေ။ အတိတ်ကာလက မဟာလောကကြီး လေးခုသည် ပဉ္စမမြောက် မဟာလောကကို ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ခဲ့ကြခြင်းမှာ အမြဲတမ်း အမှန်တရားတစ်ခု ဖြစ်ခဲ့သည်။
ထိုမီးဝိညာဉ်အိုကြီး နှစ်ကောင်က ဤသည်ကို တကယ် နားမလည်ခြင်း ဖြစ်နိုင်သလို သူတို့ နားလည်ထားသည်လည်း ဖြစ်နိုင်သည်။
အကယ်၍ သူတို့ တကယ် နားမလည်ခဲ့ကြပါက သူတို့သည် ပဉ္စမမြောက်မီးဖိုထဲမှ တစ်ခါမျှ ထွက်မသွားဖူးခဲ့ကြသောကြောင့် ဖြစ်ပေမည်။ ပြင်ပရှိ ကျင့်ကြံခြင်း ကမ္ဘာများထဲတွင် ကမ္ဘာလောကများနှင့် ဘေးအန္တရာယ်များ တည်ရှိနေသည်ကို သူတို့ သိရှိချင်မှ သိရှိကြပေမည်။
ကမ္ဘာလောကများတွင် ကမ္ဘာ့အနှစ်သာရများ ရှိကြသည်။ ယင်းက ကန့်သတ်ထားသော ကျင့်ကြံသူ အရေအတွက်ကိုသာ ကမ္ဘာမြေပြင်၏ အရှင်သခင်များ ဖြစ်လာစေနိုင်သည်။ ယင်းကို ပုံသေ သတ်မှတ်ထားသော နေရာအချို့သာ ရှိသည့် နေရာတစ်ခုအဖြစ် ဖော်ပြနိုင်သည်။ ထိုနေရာများကို အခြားသူများက သိမ်းပိုက်ထားပြီးဖြစ်ပါက အခြားလူများသည် သူတို့၏ အသိအမှတ်ပြုမှုကို ရရှိရန်အတွက် အခြားကမ္ဘာများကို ရှာဖွေရန် ထွက်ခွာသွားကြရမည်ဖြစ်စေ သို့မဟုတ် လက်ရှိပိုင်ဆိုင်ထားသူများအား သတ်ဖြတ်ပြီး သူတို့ နေရာများကို လုယူကြရမည် ဖြစ်စေ ဖြစ်သည်။
ဤအရာများမှ လွဲ၍ အခြား ရွေးချယ်စရာ မရှိချေ။ သူတို့၏ ကျင့်ကြံခြင်း အခြေခံကို အဆင့်တစ်ဆင့်တည်းတွင် ထာဝရ တန့်နေစေရန် မတောင့်ခံနိုင်ပါက ဤရွေးချယ်စရာ နှစ်ခုထဲမှ တစ်ခုကို မလွဲမသွေ ရွေးချယ်ကြရမည် ဖြစ်သည်။
သူတို့ လေ့ကျင့် ကျင့်ကြံပြီး ကမ္ဘာ့အနှစ်သာရပေါင်း တစ်သောင်း၏ အသိအမှတ်ပြုမှုကို ရရှိလာသောအခါ သူတို့သည် မြေပြင်ကပ်ဘေး အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ သူတို့သည် ဤအဆင့်ကို ကျော်လွန်သွားသောအခါ လကပ်ဘေး အဆင့်သို့ ရောက်ရှိမည်ဖြစ်ပြီး သူတို့၏ စွမ်းအားများကို ဆက်လက် စုဆောင်းလာသောအခါ နေကပ်ဘေး အဆင့်သို့ ရောက်ရှိကြမည် ဖြစ်သည်။
ဤသည်မှာ စကြဝဠာကြီး၏ နိယာမတရားပင်။ သက်ရှိအားလုံးသည် ဤနိယာမကို လိုက်နာမှသာ ကျင့်ကြံခြင်းကို ပြုလုပ်နိုင်ကြသည်။ စုမင်သည် အသူရာ ဖန်ဆင်းရှင် တစ်ဦး၏ မွေးရာပါ စွမ်းရည်ကို နားလည်သဘောပေါက်ပြီးနောက် ယခင်က ပဉ္စမမြောက် မဟာလောကနှင့် ပတ်သက်၍ မရေမရာ ဖြစ်နေခဲ့ဖူးသည်။
ဤမွေးရာပါ စွမ်းရည်မှာ ဗြောင်ကျကျ လုယက်ခြင်းပင် ဖြစ်သည်။ ဤသည်က အနိုင်ကျင့် ဗိုလ်ကျတတ်သော၊ မကောင်းဆိုးဝါးဆန်သော စွမ်းရည်တစ်ခုဖြစ်ပြီး နိယာမများကို လျစ်လျူရှုကာ သူတို့ အပေါ်တွင် ရပ်တည်နေသည့် ရူးသွပ်မှုတစ်ခု ဖြစ်သည်။ သူသည် မြေပြင်ကပ်ဘေး အဆင့်သို့ ရောက်ရှိရန်အတွက် ကမ္ဘာ့အနှစ်သာရများ မလိုအပ်သလို ကမ္ဘာပေါင်း တစ်သောင်းနှင့် ပေါင်းစပ်ရန်လည်း မလိုအပ်ချေ။ အကြောင်းမူကား အခြားသူများအား သိမ်းပိုက်နိုင်သော စွမ်းရည်က အရာရာအားလုံးကို ကျော်လွန်နိုင်သောကြောင့် ဖြစ်သည်။
ဤမွေးရာပါ စွမ်းရည်အပေါ် မရေမရာ ဖြစ်မှုကြောင့်သာ စုမင်သည် သူ့နှလုံးသား အောက်ခြေတွင် ပဉ္စမမြောက် မဟာလောကနှင့် ပတ်သက်၍ ခန့်မှန်းချက်များကို ပုံဖော်ခဲ့ခြင်း ဖြစ်သည်။
အသူရာ ဖန်ဆင်းရှင် ဘိုးဘေးသည် သူ့မျိုးဆက်၏ ပါရမီရှင်တစ်ဦး ဖြစ်ကြောင်း သူ စိတ်ကူးကြည့်နိုင်နေပြီ ဖြစ်သည်။ သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ဖြင့် သူသည် သက်ရှိသတ္တဝါ အားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး စကြဝဠာကြီးအား ပြောင်းပြန်လှန်ကာ စည်းမျဉ်းများကို လျစ်လျူရှုလျက် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေသို့ ရောက်ရှိနိုင်ခဲ့သည်။
ထိုသို့ဖြစ်ခြင်းကြောင့် သူသည် အခြားသော စွမ်းအားကြီး စစ်သည်တော်များ၏ အာရုံစိုက်မှုကို သဘာဝအတိုင်း ဆွဲဆောင်မိသွားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သေခြင်း ဘေးအန္တရာယ်အား သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထိုသို့သာဆိုလျှင် ယင်းက ကျိုးကြောင်းဆီလျော်မှု ရှိပုံရပေသည်။
သို့သော် စုမင်၏ နှလုံးသားထဲတွင် အမြဲတမ်း မေးခွန်းတစ်ခု ရှိနေခဲ့သည်။ အကယ်၍ သူ ၎င်းအား ဖြေရှင်းနိုင်ပါက မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သူ နားလည်နိုင်ပေလိမည်။
အသူရာ ဖန်ဆင်းရှင် ဘိုးဘေး ပိုမိုအားကောင်းလာလေလေ သူက အခြားသူများအတွက် ပို၍ ခြိမ်းခြောက်မှု ဖြစ်လာလေလေ ဖြစ်သည်။ သို့သော် ဤအချက်တစ်ခုတည်းက မဟာလောကကြီး လေးခု ပူးပေါင်းပြီး ပဉ္စမမြောက် မဟာလောကရှိ သက်ရှိသတ္တဝါ အားလုံးကို ဝိုင်းရံဖျက်ဆီးရန်အတွက် မလုံလောက်ချေ။ သူတို့သည် အသူရာ ဖန်ဆင်းရှင် အားလုံးကိုလည်း သတ်ဖြတ်လုနီးပါး ဖြစ်ခဲ့ကြပြီး စုမင်ပင်လျှင် မိခင်ဝမ်းတွင်း၌ ကလေးငယ်ဘဝကတည်းက ကျိန်စာတိုက်ခြင်း ခံရမှုမှ မလွတ်မြောက်ခဲ့ချေ။
ဤသည်က အနည်းငယ် ကျိုးကြောင်းဆီလျော်မှု မရှိသကဲ့သို့ ဖြစ်နေသည်။
အသူရာ ဖန်ဆင်းရှင် ဘိုးဘေးသည် ကောင်းကင်နှင့် စကြဝဠာရှိ သက်ရှိအားလုံးကို အမျက်ဒေါသထွက်စေမည့် အရာတစ်ခုခုအား ပြုလုပ်ခဲ့၍ အခြားသော မဟာလောကကြီး လေးခုကို တိုက်ခိုက်ရန် ဖိအားပေးခဲ့ခြင်း ဖြစ်သည်လော။ သို့သော် အသူရာ ဖန်ဆင်းရှင် ဘိုးဘေး ပိုင်ဆိုင်ထားသော စွမ်းအားနှင့် ဉာဏ်ပညာဖြင့် မိမိ လုပ်ရပ်များ၏ နောက်ဆုံးရလဒ်ကို သူ မည်သို့ မမြင်ဘဲ နေပါမည်နည်း။ မဟာလောကကြီး လေးခုကို ဖြေရှင်း၍မရနိုင်လောက်အောင် ပြင်းထန်သော အမျက်ဒေါသများ ဖြစ်ပေါ်စေမည့် အရာမျိုးအား သူ ပြုလုပ်မည် ဆိုသည်က မည်သို့ ဖြစ်နိုင်ပါမည်နည်း။
'နောက်ထပ် ဖြစ်နိုင်ခြေတစ်ခု ရှိသေးတယ်...'
စုမင် ခေါင်းကိုမော့လိုက်သည်။ သူသည် အပေါ်ဘက်ရှိ ဂူနံရံများကို လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် နက်ရှိုင်းသော ခံစားချက်အရိပ်အယောင်များ ပေါ်ပေါက်နေခဲ့သည်။ ကြက်သွေးရောင် မီးလျှံဂြိုဟ်သခင်က တစ်ခါ ပြောကြားခဲ့ဖူးသည်ကို သူ သတိရလိုက်မိသည်။ အသူရာ ဖန်ဆင်းရှင် ဘိုးဘေးသည် လောကကြီးတွင် အတုမဲ့၊ အနှိုင်းမဲ့သော အထွတ်အထိပ် တည်ရှိမှုကြီး ဖြစ်လာရန် ခြေလှမ်းဝက်မျှသာ လိုအပ်တော့ကြောင်း ဖြစ်သည်။ သူ ခြေလှမ်းဝက်မျှသာ လိုတော့ခြင်း ဖြစ်နိုင်သော်လည်း ထိုစဉ်က သူ့တိုက်ခိုက်ရေး စွမ်းအားမှာ အထွတ်အထိပ် တည်ရှိမှုကြီး နှစ်ဦးနှင့် တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်တိုက်ခိုက်နိုင်ရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။
ကြက်သွေးရောင် မီးလျှံဂြိုဟ်သခင်သည် လကပ်ဘေး အဆင့်တွင်သာ ရှိခဲ့ဖူးခြင်း ဖြစ်နိုင်သော်လည်း ထိုမျိုးဆက်အတွင်း၌ လကပ်ဘေး အဆင့်ရှိ ကျင့်ကြံသူများသည် ကျင့်ကြံခြင်း လမ်းစဉ်၏ အဝေးကြီးအထိ လှမ်းမြင်နိုင်ကြသည်။ သူ ပြောကြားခဲ့သော အထွတ်အထိပ် တည်ရှိမှုကြီးမှာ ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင် ဖြစ်သည်။ သို့သော် စုမင်သည် ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင်များကို နားလည် သဘောပေါက်လာသောအခါ အရှင်သခင်အဆင့်တွင် ရှိသူများသည် ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင်များ ဖြစ်ကြပြီး သေခြင်း အဆင့်တွင် ရှိသူများသည်လည်း ထို့အတူပင် ဖြစ်ကြောင်း သဘောပေါက်လာခဲ့သည်။ အမှန်တကယ်တွင် ဥသျှောင်ပါရဂွန်များပင်လျှင် ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင်များထံမှ မွေးဖွားလာခဲ့ကြခြင်း ဖြစ်သည်ဟု ပြောနိုင်သော်လည်း မတူညီသော ကျင့်ကြံခြင်း အဆင့်များက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားမှုကို ဆိုလိုခြင်း ဖြစ်သည်။
အကယ်၍ ထိုသို့သာဆိုလျှင် ထိုအထွတ်အထိပ် တည်ရှိမှုကြီးမှာ ဥသျှောင်ပါရာဂွန် တစ်ဦး ဖြစ်နေရန် အလားအလာ အလွန်များပြားပြီး ယင်းက အသူရာ ဖန်ဆင်းရှင် ဘိုးဘေးသည် ဥသျှောင်ပါရာဂွန် တစ်ဦး ဖြစ်လာရန် ခြေလှမ်းဝက်မျှသာ လိုအပ်တော့ခြင်းကို ဆိုလိုခြင်းလည်း ဖြစ်ပေလိမည်။
သို့သော် သူ၏ တိုက်ခိုက်ရေး စွမ်းအားမှာ ဥသျှောင်ပါရာဂွန် နှစ်ဦးကိုပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်လောက်အောင် ကြီးမားနေခဲ့ပြီ ဖြစ်သည်။
'ဒီဖြစ်နိုင်ခြေကတော့ ငါတို့ ဘယ်လို ကျင့်ကြံခြင်း လမ်းစဉ်မျိုးကိုပဲ လေ့ကျင့်ပါစေ အမြဲတမ်း စစ်ဆေးရေးဂိတ်တစ်ခု ရှိနေမှာပဲ။ ဒီစစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ခြင်းက လောကမှာ ရှိတဲ့ သက်ရှိအားလုံး လေ့ကျင့်ကြတဲ့ ကမ္ဘာ့အနှစ်သာရတွေနဲ့ အတူတူပဲ။ ဒါက ပုံသေ သတ်မှတ်ထားတဲ့ နေရာတစ်ခုပဲ'
'စကြဝဠာထဲက လောကကိုးခုထဲက တစ်ခုချင်းစီမှာ ဥသျှောင်ပါရာဂွန် တစ်ဦးစီပဲ ရှိနိုင်တယ်။ ဒါက နိယာမပဲ'
'ဒါကြောင့်မို့လို့ပဲ မဟာလောကကြီး လေးခုမှာ ဥသျှောင်ပါရာဂွန် လေးဦးပဲ ရှိတာ။ သူတို့က တာအိုချန်လို ကပ်ဘေး အရှင်သခင်တွေရဲ့ အပေါ်မှာ ရပ်တည်နေကြတာ။ တကယ်လို့ ပဉ္စမမြောက် မဟာလောကက စကြဝဠာထဲက လောကကိုးခုထဲက တစ်ခုဖြစ်ခဲ့မယ်ဆိုရင် ပဉ္စမမြောက် မဟာလောက ဖျက်ဆီးခံရတဲ့ ကိစ္စက ဖြစ်လာမှာ မဟုတ်ဘူး'
'ဒါပေမဲ့ ပဉ္စမမြောက် မဟာလောကက စကြဝဠာထဲက လောကကိုးခုထဲက တစ်ခု မဟုတ်ခဲ့ဘူး။ အဲဒီအတွက်ကြောင့် အသူရာ ဖန်ဆင်းရှင် ဘိုးဘေးသာ ဥသျှောင်ပါရဂွန် ဖြစ်လာခဲ့မယ်ဆိုရင် မဟာလောကကြီး လေးခုထဲက ဥသျှောင်ပါရာဂွန် လေးဦးထဲက တစ်ဦးကတော့ သေချာပေါက် သေဆုံးရလိမ့်မယ်'
'နေရာက လေးနေရာပဲရှိပြီး အဲဒီနေရာတွေကို သူတို့က သိမ်းပိုက်ထားပြီးသား။ ဒါပေမဲ့ အဲဒီအချိန်မှာ သူတို့ လေးယောက်လုံးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာမယ့် လူတစ်ယောက် ပေါ်လာခဲ့တယ်။ သူကတော့ အသူရာ ဖန်ဆင်းရှင် ဘိုးဘေးပဲ'
စုမင် တိတ်ဆိတ်နေခဲ့သည်။ ဤသည်မှာ သူ့ခန့်မှန်းချက်သာ ဖြစ်သော်လည်း သူ သေချာရေရာနေသည်မှာ ဤအချက်က ပဉ္စမမြောက် မဟာလောက ဖျက်ဆီးခြင်းခံခဲ့ရသည့် တကယ့် အကြောင်းရင်းပင် ဖြစ်ပေမည်။
သူ တိုးညှင်းစွာ သက်ပြင်းချလိုက်ပြီးနောက် ခေါင်းကို ငုံ့လိုက်သည်။ သူသည် စစ်တုရင်ခုံပေါ်ရှိ အမည်းရောင် စစ်တုရင်ရုပ်ကို လှမ်းကြည့်လိုက်ပြီးနောက် ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ သူ့မျက်လုံးထဲတွင် တောက်ပသော အလင်းတစ်ချက် ပေါ်ပေါက်လာခဲ့သည်။ သူသည် ညာလက်ကို မြှောက်ကာ ထိုအမည်းရောင် စစ်တုရင်ရုပ်ကို နောက်တစ်ကြိမ် ထပ်မံကောက်ကိုင်လိုက်တော့သည်။
စုမင်သည် အစပိုင်းတွင် ဤလမ်းစဉ်ကို မရွေးချယ်ချင်ခဲ့ချေ။ သို့သော် သူ သိရှိထားသည်မှာ ဤသည်က စုရွှမ်ရီဖြစ်စေ သို့မဟုတ် မိမိကိုယ်တိုင်ဖြစ်စေ သူတို့သာ ထိုခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်မည်ဆိုပါက အသူရာ ဖန်ဆင်းရှင် ဘိုးဘေးကဲ့သို့သော ကံကြမ္မာဆိုးမျိုးနှင့် သေချာပေါက် ရင်ဆိုင်ရမည် ဖြစ်ကြောင်းပင်။
အကယ်၍ ထိုသို့သာ ဆိုလျှင်ဖြင့်...
"ဒါဆိုရင်လည်း တိုက်ကြတာပေါ့"
စုမင်၏ မျက်လုံးများထဲတွင် အေးခဲလုနီးပါးဖြစ်သော အကြည့်တစ်ချက် လင်းလက်သွားခဲ့သည်။ သူသည် ညာလက်သီးကို တင်းတင်းဆုပ်လိုက်ရာ ထိုအမည်းရောင် စစ်တုရင်ရုပ်မှာ သူ့လက်ဖဝါးအတွင်း၌ ပျောက်ကွယ်သွားခဲ့တော့သည်။