← Chapters

အခန်း (၁၀၀၁-၁၀၀၂)

Vol. 72 Ch. 1001-1002

အခန်း (၁၀၀၁-၁၀၀၂)

Vol. 72 Ch. 1001-1002

အခန်း ၁၀၀၁ ကျူးယိုချိုက်

စုမင်၏ လက်ဖဝါးထဲမှ အမည်းရောင် စစ်တုရင်ရုပ် ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် စစ်တုရင်ခုံ၏ ဘယ်ဘက်နှင့် ညာဘက်တို့၌ ထိုင်နေကြသော မီးဝိညာဉ်အိုကြီး နှစ်ကောင်သည် အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီးနောက် ခေါင်းကို ငုံ့ချလိုက်ကြသည်။ သူတို့၏ မျက်ခွံများမှာလည်း ပိတ်ကျသွားတော့သည်။

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ အခြားသော မီးဝိညာဉ်များမှာလည်း ဆောင့်ကြောင့်ထိုင်လိုက်ကြပြီး တစ်ဖန် ပြန်လည် အိပ်စက်သွားတော့မည့်ပုံ ပေါ်နေသည်။ ထိုနေရာ၌ ရပ်နေသည့် စုမင်အပေါ် သူတို့၌ မုန်းတီးရွံရှာသည့် အရိပ်အယောင် လုံးဝ မရှိသလို သူ့ကို စိတ်ဝင်တစားလည်း အာရုံစိုက်ခြင်း မရှိကြချေ။

စုမင်သည် ထိုနေရာတစ်ဝိုက်ကို အကြည့်ဖြင့် ဝှေ့ယမ်း ကြည့်ရှုလိုက်ရာ နောက်ဆုံးတွင် နံရံတစ်ချပ်အား မှီလျက် လဲလျောင်းနေသော အရိုးစုတစ်ပိုင်းထံသို့ အကြည့် ရောက်သွားခဲ့သည်။ သူသည် ထိုအရိုးစု လက်ထဲတွင် ကိုင်ထားသည့် လှံရှည်ကိုလည်း စိုက်ကြည့်လိုက်ရာ မျက်လုံးများမှာ တောက်ပသွားခဲ့သည်။

"ဒီလူက အရင်ကတည်းက ရောက်နေတာ။ သူက တန်ခိုးရှင် ခုနစ်ဦးကို ဆက်တိုက် သတ်ဖြတ်ခဲ့ပြီး ငါတို့ နှစ်ယောက်တောင် သူ့ရဲ့ ပြိုင်ဘက် မဖြစ်ခဲ့ဘူး။ နောက်ဆုံးမှာတော့ သူ့ကို အရှင်လတ်လတ် ပြုပြင်ဖန်တီးနိုင်ဖို့အတွက် ငါတို့ လူတွေကို အသက်ပေးပြီး ပဉ္စမမြောက်မီးဖိုရဲ့ မီးအား သုံးပုံတစ်ပုံကို ဖွင့်ပေးခဲ့ရတယ်..."

"ဒါပေမဲ့ ဒီလူက အရမ်းကို သန်မာလွန်းလို့ အဲဒီလောက်နဲ့က သူ့ခန္ဓာကိုယ် တစ်ဝက်ကိုပဲ အရည်ပျော်အောင် လုပ်နိုင်ပြီး သူ့ဝိညာဉ်ကို ဒီနေရာမှာ ချိပ်ပိတ်ထားနိုင်ခဲ့တာ။ ဒါတောင်မှ သူက သေချင်စိတ်ကို ကြိုတင် မွေးမြူထားလို့သာဖြစ်တယ်။ မဟုတ်ရင် သူသာ ထွက်သွားချင်စိတ် ရှိခဲ့ရင် ငါတို့ သူ့ကို ဒီမှာ နေအောင် မလုပ်နိုင်ဘူး"

"သူ့လက်ထဲက လှံရှည်မှာ မီးဝိညာဉ်တွေရဲ့ အသက်စွမ်းအင် အများအပြား ပေကျံနေတယ်။ ဒီလူက တစ်နေ့နေ့မှာ အသက်ပြန်ဝင်လာပြီး ဒီနေရာကနေ ထွက်ပြေးသွားမှာကို မစိုးရိမ်ဘူးဆိုရင်တော့ အဲဒီလှံကို ယူသွားလို့ရတယ်"

မီးဝိညာဉ်အိုကြီး၏ အသံမှာ ဂူထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ စုမင်သည် ကျန်ရှိနေသော အရိုးစုတစ်ပိုင်းကို စိုက်ကြည့်နေပြီး ခေတ္တမျှ တွေးတော တိတ်ဆိတ်နေပြီးနောက် ထိုနေရာသို့ လျှောက်သွားလိုက်သည်။

အရိုးစုဘေးသို့ ရောက်သောအခါ သူသည် အသေးစိတ် စူးစမ်းကြည့်ရှုလိုက်ပြီးနောက် ဤသူသည် လဲ့ရှန်ရှူ မဟုတ်ကြောင်း သေချာသွားခဲ့သည်။

အမှန်တကယ်တွင် ထိုအရိုးစုကို မြင်လိုက်ရသောအခါ သူ့စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ မည်သို့ဆိုစေ လဲ့ရှန်ရှူတွင် သုဘရာဇာ မိစ္ဆာလှံဟု အမည်ရသော လှံတစ်ချောင်း ရှိခဲ့သည်။ စုမင်သည် အတိတ်က ထိုလှံ အတု တစ်ချောင်းကို ရရှိခဲ့ဖူးသော်လည်း စစ်မှန်သော သုဘရာဇာ မိစ္ဆာလှံမှာ မာန်နယ်မြေရှိ နန်းမြို့တော်အောက်တွင် ရှိနေကြောင်း သတိရလိုက်သည်။ ထိုလှံကို မိစ္ဆာများအား ဖိနှိပ်ထားရန် အသုံးပြုထားခြင်းဖြစ်ရာ လဲ့ရှန်ရှူက ယူသွားရန် မဖြစ်နိုင်ချေ။

စုမင်က အရိုးစုကို အသေးစိတ် လေ့လာကြည့်ရှုလိုက်သောအခါ သူ့ခန့်မှန်းချက်မှာ စိတ်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။ သူ့အကြည့်များမှာ အမည်းရောင်နှင့် ခရမ်းရောင် တစ်လှည့်စီ ဖြစ်နေသော လှံရှည်ထံသို့ ရောက်သွားပြီး လှံကို ကိုင်တွယ်ရန် ညာလက်အား မြှောက်လိုက်သည်။

စုမင် ထိလိုက်သည့် အခိုက်အတန့်တွင် ထူထဲသော လူသတ်ငွေ့များမှာ လှံထဲမှ ပေါက်ကွဲထွက်လာခဲ့သည်။ လူသတ်ငွေ့များသည် စုမင်၏ ညာလက်တစ်လျှောက် တက်လာပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွားခဲ့သည်။ တစ်ခဏချင်းပင် သူ့တစ်ကိုယ်လုံး ပြည့်နှက်သွားခဲ့သည်။ လူသတ်ငွေ့များမှာ အလွန် ပြင်းထန်လွန်းသဖြင့် သူ့တစ်ကိုယ်လုံး ဖြတ်သန်းကာ ဦးနှောက်ဆီသို့ တိုးဝင်လာသော ရိုက်ခတ်မှုလှိုင်း တစ်လှိုင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုရိုက်ခတ်မှုအောက်တွင် စုမင်၏ မျက်လုံးများမှာ ဝေဝါးသွားခဲ့သည်။ မှုန်ဝါးဝါး ပုံရိပ်များမှာ သူ့စိတ်ထဲတွင် လျှပ်တစ်ပြက် ပေါ်လာသည်။ ထိုပုံရိပ်များမှာ လှံ၏ မှတ်ဉာဏ်များ ဖြစ်ဟန်ရှိပြီး အားလုံးမှာ စုမင် မျက်စိရှေ့၌ ပေါ်ပေါက်လာခဲ့သည်။

ပုံရိပ်တစ်ခုထဲတွင် အမည်းရောင် ဝတ်ဆင်ထားပြီး လက်ထဲတွင် လှံရှည်ကို ကိုင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ရှိနေသည်။ သူရပ်နေသည့်နေရာမှာ ထိုမြေအောက်ဂူ ဖြစ်သည်။ ထိုသူ၏ မျက်နှာပေါ်တွင် အမူအရာ မရှိသော်လည်း မျက်ဝန်းများထဲတွင် အသက်ရှင်လိုသည့် တွယ်တာမှုများ မရှိတော့ချေ။ သူ့ပတ်လည်တွင် မီးဝိညာဉ်များ အမြောက်အမြား ဝိုင်းရံထားပြီး ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင်များ၏ တည်ရှိမှုကို ထုတ်ဖော်ပြသနေသော မီးဝိညာဉ်ကြီး ကိုးကောင်ကလည်း သူ့အား တိုက်ခိုက်နေကြသည်။

သူ့မျက်နှာတွင် အမူအရာ မရှိသော်လည်း လှံကို တစ်ချက်ထိုးတိုင်း မြေပြင်များ တုန်လှုပ်ကာ တောင်များမှာ လှုပ်ခါသွားသည်။ မီးဝိညာဉ်များ တစ်ကောင်ပြီး တစ်ကောင် သေဆုံးသွားသောအခါ သူတို့သည် စကားပြောဆိုလာကြသည်။ ထိုသူ မျက်စိရှေ့တွင် ဝိညာဉ်များမှာ အိုမင်းလာကြပြီး သူ့ခြေထောက်အောက်တွင် မြေပြင်များ ဟိန်းဟောက်နေစဉ် အဆုံးမဲ့သော မီးပင်လယ်ကြီးမှာ မြေကြီးထဲမှ ပန်းထွက်လာခဲ့သည်။ ထိုမီးပင်လယ်ကြီးမှာ သက်လတ်ပိုင်း အမျိုးသားကို ချက်ချင်းပင် နစ်မြုပ်သွားစေခဲ့သည်။

ပုံရိပ်များ ပြောင်းလဲသွားသည်။ သက်လတ်ပိုင်း အမျိုးသားမှာ အပြာရောင် ကောင်းကင်ရှိသော ကမ္ဘာ တစ်လုံးတွင် ပေါ်လာသော်လည်း သူ ထိုးဖောက်လိုက်သည့်အခါ အမည်းရောင် ဖြစ်သွားခဲ့သည်။ မြေပြင်ပေါ်ရှိ သက်ရှိရာပေါင်းများစွာမှာ ပြိုလဲ၍ သေဆုံးသွားကြသည်။ သူရောက်ရှိနေသော ကမ္ဘာမှာ ပဉ္စမမြောက်မီးဖို အတွင်းရှိ ဟင်းလင်းပြင်ကမ္ဘာ ဖြစ်ကြောင်း မြင်သာသည်။

တတိယမြောက် ပုံရိပ်မှာ နဂါးငွေ့တန်းတစ်ခုကို ပြသနေသည်။ စုမင်သည် သက်လတ်ပိုင်း အမျိုးသား ရှေ့တွင် ပဉ္စမမြောက်မီးဖိုထဲမှ ပန်းထွက်လာသော အဆုံးမဲ့ မီးပင်လယ်ကြီးကို မြင်နေရသည်။ ရှင်းလင်းစွာပင် ဤတစ်ခါတွင် သူမြင်ရသည့် မှတ်ဉာဏ်မှာ အသက်လတ်ပိုင်း အမျိုးသား ပဉ္စမမြောက်မီးဖိုထဲသို့ မဝင်ရောက်ခင်က မှတ်ဉာဏ်များ ဖြစ်သည်။

ဤပုံရိပ်များသည် ထိုသူ၏ မှတ်ဉာဏ်များကို ပုံဖော်နေသည့် နောက်ကြောင်းပြန် ပြကွက်များ ဖြစ်သည်။ ဤသည်ကား လှံထဲတွင် သိမ်းဆည်းထားခဲ့သော မှတ်ဉာဏ်များ ဖြစ်သည်။

စတုတ္ထမြောက် ပုံရိပ်မှာ စုမင် စိတ်ထဲတွင် ပေါ်လာသည်။ ယင်းက နတ်ဘုရား အနှစ်သာရ နယ်မြေထဲတွင် ဖြစ်သည်။ ဤသည်က မဟာလောကကြီး လေးခုက ထိုနယ်မြေများကို စောင့်ကြည့်ခဲ့သော နဂါးငွေ့တန်းဆီ ဖြစ်သည်။ စုမင်သည် ထိုသူမှာ မည်သည့် မဟာလောကမှ ဖြစ်မှန်း မသိသော်လည်း သက်လတ်ပိုင်း အမျိုးသား၏ လက်များပေါ်တွင် ငါးရောင်ခြယ် အလင်းတန်းများမှာ သူ့လက်များအား ချည်နှောင်ထားသည့် ကြိုးအဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ ပတ်လည်တွင် သူ့ကို ချိပ်ပိတ်ထားသကဲ့သို့ မှော်သင်္ကေတပေါင်း တစ်ရာနီးပါး ရှိနေသည်။ နောက်ကွယ်တွင် အဘိုးအို ခုနစ်ဦး ရှိနေသည်။ သူတို့သည် ချည်နှောင်ခံထားရသော ထိုသူကို ရှုပ်ထွေးသည့် အမူအရာများဖြင့် ကြည့်နေပြီး သူ့အား အရိုအသေပေးရန် ခေါင်းငုံ့ထားကြသည်။

ထိုလူက နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ရှုံးနိမ့်မှုနှင့် ဝမ်းနည်းမှု အရိပ်အယောင်များ ရှိနေသည်။ သူသည် ချည်နှောင်ခံထားရသော သူ့လက်များကို ကြည့်ရန် ခေါင်းငုံ့လိုက်သည်။ သူသည် လက်များကို အနည်းငယ် လျှော့ပေးလိုက်သောအခါ စုမင်သည် လက်ကြားထဲတွင် ဖျော့တော့သည့် အနီရောင် ဆေးလုံး တစ်လုံး ရှိနေသည်ကို မြင်လိုက်ရသည်။ သက်လတ်ပိုင်း အမျိုးသားမှာ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီးနောက် အဝေးသို့ လျှောက်သွားခဲ့သည်။

ပဉ္စမမြောက် ပုံရိပ်သည် စုမင် အလွန်ရင်းနှီးသော နဂါးငွေ့တန်း တစ်ခု ဖြစ်သည်။ ထိုနဂါးငွေ့တန်း၏ အရောင်မှာ အမည်းရောင် မဟုတ်ဘဲ အနီရောင် ဖြစ်သည်။

သက်လတ်ပိုင်း အမျိုးသားသည် ဤနဂါးငွေ့တန်းတွင် လှံရှည်ကို ကိုင်ထားသည်။ မကြာမီ သူသည် ရှိုက်ကြီးတငင် ရယ်မောလိုက်ပြီးနောက် သူ့ရှေ့မှ ထိပ်ပြောင် လူငယ်လေးတစ်ဦးဆီသို့ ပြေးဝင်သွားခဲ့သည်။

ထိုလူငယ်မှာ သွေးရောင်အင်္ကျီရှည်ကို ဝတ်ဆင်ထားသည်။ သူသည် မအိုသေးသော်လည်း သူ့တွင် ဖော်ပြ၍မရနိုင်သော ရှေးဟောင်း အငွေ့အသက်များ ရှိနေသည်။ သူသည် သက်လတ်ပိုင်း အမျိုးသားကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူ့ညာလက်ကို အနည်းငယ် မြှောက်လိုက်ရုံဖြင့် သက်လတ်ပိုင်း အမျိုးသားမှာ သွေးအန်ပြီး နောက်သို့ လဲကျသွားခဲ့သည်။

"မင်း ကစားလို့ ဝပြီလား" လူငယ်၏ အသံမှာ တည်ငြိမ်ပြီး သူ့ကိုယ်သူ အထွတ်အထိပ် တည်ရှိမှုဟု သတ်မှတ်ထားသော ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်သိက္ခာများ ပါဝင်နေသည်။

"ငါက ပျက်စီးခြင်း တာအိုကို မသင်ယူဘဲ သေခြင်းအဆင့်ထဲကို မဝင်ချင်ဘူး" သက်လတ်ပိုင်း အမျိုးသားက ဟိန်းဟောက်ပြီး ထပ်မံ၍ ရူးသွပ်စွာ တိုက်ခိုက်ရန် ပြေးဝင်သွားသည်။

ပုံရိပ်များ ပြောင်းလဲသွားပြီး ဆဌမမြောက် ပုံရိပ်မှာ စုမင် စိတ်ထဲတွင် ပေါ်လာသည်။ ထိုထဲတွင် ကျင့်ကြံခြင်း ဂြိုဟ်တစ်လုံး ရှိသည်။ ကောင်းကင်မှာ အနီရောင် ဖြစ်နေဆဲ ဖြစ်သော်လည်း သက်လတ်ပိုင်း အမျိုးသားမှာ ယခု မြေပြင်ပေါ်တွင် ရှိနေသည်။ သူ့လက်ထဲတွင် မိန်းမတစ်ဦး၏ အလောင်း ရှိနေသည်။ သူသည် ကောင်းကင်ကို ကြည့်ကာ ဟိန်းဟောက်နေစဉ် ပါးပြင်ပေါ်မှ မျက်ရည်များမှာ စီးကျလာသည်။

မိန်းမ၏ အလောင်းမှာ တဖြည်းဖြည်းချင်း ယိုယွင်းပျက်စီးသွားပြီး နောက်ဆုံးတွင် ဖျော့တော့သော အနီရောင် ဆေးလုံးအဖြစ် ပြောင်းလဲသွားခဲ့သည်။

တစ်ချိန်တည်းပင် အနီရောင် ဝတ်စုံနှင့် လူငယ်မှာ ပုံရိပ်ထဲသို့ တည်ငြိမ်စွာ လျှောက်ဝင်လာသည်။ သူသည် ဆေးလုံးကို ကောက်ယူပြီး သက်လတ်ပိုင်း အမျိုးသားအား ပေးလိုက်သည်။

"စားလိုက်။ မင်းစားလိုက်ရင် အစစ်အမှန် ယင်ရဲ့ ပျက်စီးခြင်း တာအိုကို လေ့ကျင့်နိုင်လိမ့်မယ်။ ငါ တစ်လှမ်း ရှေ့တိုးလိုက်တဲ့အခါ အောင်မြင်မြင် မအောင်မြင်မြင် မင်းကတော့ အစစ်အမှန် ယင်လောကရဲ့ နောက်ထပ် ကပ်ဘေး အရှင်သခင် ဖြစ်လာလိမ့်မယ်"

စုမင် ဤစကားကို ကြားသောအခါ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့သော်လည်း လက်ထဲရှိ လှံကို လွှတ်မချခဲ့ချေ။ ထိုအစား သူသည် လှံကို ပို၍ တင်းတင်းဆုပ်ကိုင်လိုက်ပြီးနောက် အရိုးစု၏ လက်ဖဝါးထဲမှ ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။

ချက်ချင်းပင် သူ့စိတ်ထဲရှိ ပုံရိပ်များမှာ ထပ်မံ ပြောင်းလဲသွားပြီး သတ္တမမြောက် ပုံရိပ် ပေါ်လာသည်။ ဤတစ်ခါတွင် အနီရောင် ဝတ်စုံနှင့် လူငယ်မှာ ငှက်ကလေးများ တေးဆိုပြီး ပန်းများ ပွင့်လန်းနေသော ကမ္ဘာတစ်ခုတွင် ရပ်နေသည်။ သူ့ရှေ့တွင် ရှစ်နှစ် သို့မဟုတ် ကိုးနှစ်အရွယ် ကလေးတစ်ယောက် ရှိနေသည်။ ထိုကောင်လေးမှာ လူငယ်၏ ခြေထောက်အောက်တွင် ဒူးထောက်လျက် ငယ်ရွယ်သော အသံဖြင့် ဆိုလိုက်သည်။

"ဆရာ"

စုမင်သည် မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်ပြီး ရှေ့ရှိ အရိုးစုတစ်ပိုင်းအား ကြည့်ကာ လက်ထဲရှိ လှံကို သူ့ရှေ့သို့ ဖြည်းညှင်းစွာ ယူဆောင်လာခဲ့သည်။ စုမင် လှံအား မြှောက်လိုက်သည့်အခါ အရိုးစုက လှံကို ကိုင်ထားသော လက်မှာလည်း မြင့်တက်လာခဲ့သည်။ ဤမြင်ကွင်းကို မည်သူမဆို မြင်ပါက အရိုးစုကိုယ်တိုင်ကပင် စုမင်အား လှံကို ပေးနေသကဲ့သို့ ထင်မှတ်ရပေမည်။

အရိုးစုက လွှတ်ချလိုက်ပြီး စုမင်က ခရမ်းမည်းရောင် လှံရှည်ကို တစ်ယောက်တည်း ကိုင်ထားနိုင်သည့်အခါ လှံသည် တောက်ပသွားပြီး သူ့လက်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် စုမင်၏ ညာလက်ညှိုးတွင် ခရမ်းရောင်နှင့် အမည်းရောင် လက်စွပ်တစ်ကွင်း ပေါ်လာသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ထိုလက်စွပ်မှာ ချက်ချင်း ပျောက်ကွယ်သွားပြီး အပြင်သို့ မမြင်ရအောင် ဖုံးကွယ်သွားခဲ့သည်။

တိတ်ဆိတ်သွားပြီးနောက် စုမင်သည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ အရိုးစုအား နက်ရှိုင်းစွာ အရိုအသေပေးလိုက်သည်။

ဤသူသည် မီးဝိညာဉ်များ ပြောခဲ့သလို သေချာပေါက် သေဆုံးချင်စိတ် ဖြစ်နေရသည့် အကြောင်းရင်းကို သူ သိလိုက်ရသည်။ သူသည် အစစ်အမှန် ယင်မဟာလောက၏ အချုပ်အခြာ ဖြစ်ပြီး အစစ်အမှန်ယင် ကပ်ဘေး အရှင်သခင်၏ တပည့် ဖြစ်သည်။ အရာအားလုံး ချောမွေ့ခဲ့ပါက ဤသူသည် အစစ်အမှန်ယင်၏ နောက်ထပ် ကပ်ဘေး အရှင်သခင် ဖြစ်လာပေမည်။

သို့သော် ဤဖြစ်စဉ်တွင် မတော်တဆမှုတစ်ခု ဖြစ်ခဲ့သည်။ သူ့ဇနီးမှာ ကွယ်လွန်သွားခဲ့ပြီး ယင်းကလည်း သူငယ်စဉ်ကတည်းက ကိုးကွယ်ခဲ့သော ဆရာကြောင့် ဖြစ်သည်။ သူ့ခန္ဓာကိုယ်မှာ နတ်ဘုရား အနှစ်သာရ နယ်မြေသို့ အနှင်ခံလိုက်ရသော်လည်း သူ့လက်ထဲရှိ အမျိုးသမီး မျက်လုံးများ ပိတ်သွားသည့် အချိန်ကတည်းက သူ့ဝိညာဉ်မှာလည်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

စုမင်သည် ရှေ့ရှိ အရိုးစုကို ကြည့်လိုက်သည်။ သူ့နာမည်ကိုပင် မသိသော်လည်း ပျက်စီးခြင်း တာအိုမှတစ်ဆင့် သေခြင်းအဆင့်သို့ ရောက်နိုင်သူမှာ ရှင်ခြင်း အဆင့်ရှိ တန်ခိုးရှင်တစ်ဦး ဖြစ်ကြောင်း သေချာသည်။ ဤကဲ့သို့သော စွမ်းအားကြီး တန်ခိုးရှင်မှာ နဂါးငွေ့တန်း တစ်ခုလုံး၌ နာမည်ကျော်ကြားသည့် အံ့အားသင့်ဖွယ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေမည်။

ရှင်ခြင်း အဆင့်သို့ ရောက်သူတစ်ဦးအား သေစေနိုင်သည့် စွမ်းအားမျိုး စကြဝဠာတွင် မရှိသလောက်ပင်။ ရှိခဲ့လျှင်ပင် ရှားပါးပြီး ရှာရခက်မည်။ ထို့ကြောင့်ပင် သူ့အရိုးစု တစ်ပိုင်းသာ ကျန်ရှိနေသော်လည်း သူက ဆက်လက် အသက်ရှင်နေနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် စုမင်သည် အရိုးစု သို့မဟုတ် လက်ထဲရှိ လှံရှည်မှ တစ်ဆင့် ထိုသူ၏ ဝိညာဉ်ကို မခံစားမိခဲ့ချေ။ ယခုမြင်ခဲ့ရသည့် မှတ်ဉာဏ်များမှာ လှံထဲတွင် ကျန်ရှိနေသော အပိုင်းအစများသာ ဖြစ်သည်။ ၎င်းတို့သည် စုမင်၏ လက်ထဲသို့ ပျောက်ကွယ်သွားသည့်အခါ ထိုမှတ်ဉာဏ်များမှာလည်း ကွယ်ပျောက်သွားခဲ့သည်။

တစ်ကြိမ် အရိုအသေပေးပြီးနောက် စုမင်သည် ခေါင်းကိုမော့လိုက်ပြီး အထွက်ပေါက်ဆီသို့ လှည့်သွားခဲ့သည်။ မီးဝိညာဉ်များသည် ထိုနေရာတွင် ဆက်လက် ဆောင့်ကြောင့်ထိုင်နေကြပြီး နောက်တစ်ဖန် အိပ်ပျော်သွားလိုသည့် ပုံဖြင့် မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်ထားကြသည်။ စုမင်သည် ခြေလှမ်းအနည်းငယ် ရှေ့သို့ တိုးလိုက်ပြီးနောက် ခေတ္တရပ်ကာ သူ့ကို စိုးရိမ်တကြီး ကြည့်နေသော မီးမိစ္ဆာဘိုးဘေးအား လှည့်ကြည့်လိုက်သည်။

"အဲဒီ နတ်ဘုရားဝိညာဉ်က ကျွန်တော့် အပိုင်ပဲ" စုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။

ဤစကားကို ပြောလိုက်သောအခါ မီးမိစ္ဆာဘိုးဘေး၏ နတ်ဘုရားဝိညာဉ်ကို ကိုင်ထားသော မီးဝိညာဉ်မှာ လွှတ်ပေးလိုက်သည်။ မီးမိစ္ဆာဘိုးဘေးသည် ချက်ချင်းပင် စုမင် ဘေးသို့ ပျံသန်းလာပြီး စုမင်သည် ခြေလှမ်းလှမ်းလိုက်ရာ အထွက်ပေါက်သို့ ဦးတည်သွားသည့် အလင်းတန်း တစ်တန်းအဖြစ် ပြောင်းလဲသွားသည်။ မီးမိစ္ဆာဘိုးဘေးသည်လည်း သူ့နောက်မှ အနီးကပ် လိုက်ပါသွားသည်။ ထိုအချိန်၌ သူ့စိတ်ထဲတွင် စုမင်အပေါ် မုန်းတီးမှု အရိပ်အယောင် လုံးဝ မရှိတော့ချေ။

သူတို့နှစ်ဦးသည် မြေအောက်လှိုဏ်ခေါင်းများအတွင်း အလွန်မြန်ဆန်စွာ သွားလာကြသည်။ အချိန်အနည်းငယ် ကြာပြီးနောက် စုမင်မှာ မြေပြင်ရှိ အက်ကွဲကြောင်းမှ တစ်ဆင့် အပြင်သို့ ထွက်လာခဲ့သည်။

မီးမိစ္ဆာဘိုးဘေးသည် သူ့နောက်မှ လိုက်ပါလာသည်။ အပြင်သို့ ရောက်သည်နှင့် သူသည် မြေပြင်ရှိ အက်ကွဲကြောင်းကို ကြောက်လန့်တကြား ကြည့်လိုက်ပြီးနောက် စုမင်အား ကြည့်လိုက်သည်။ သူသည် လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ အရိုအသေပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ တာအိုရောင်းရင်း"

စုမင် လှည့်ပြီး မီးမိစ္ဆာဘိုးဘေးကို တစ်ချက်ကြည့်လိုက်သည်။ သူ စကားမပြောဘဲ ကောင်းကင်ကိုသာ မော့ကြည့်လိုက်သည်။ သူ့နတ်ဘုရားအာရုံဖြင့် ဤကမ္ဘာထဲတွင် အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်ကို ရှာမတွေ့ခဲ့ပေ။ သူတို့မှာ မီးဝိညာဉ်များ၏ နောက်ယောင်ခံမှုကို လွတ်မြောက်ပြီး အခြား ဟင်းလင်းပြင်ကမ္ဘာ တစ်လုံးသို့ ရောက်သွားပြီ ဖြစ်ကြောင်း ရှင်းလင်းစွာ သိသာနေသည်။

သို့သော် ထိပ်ပြောင်ကြိုးကြာ၊ ရွှီဟွေနှင့် ဘိုးဘေး လုံဟိုင်းတို့ ရှိနေသည့်အတွက် သူတို့နှစ်ဦးစလုံး တူညီသော ဟင်းလင်းပြင်ကမ္ဘာ တစ်လုံးထဲသို့ ဝင်ရောက်လာသည့်အခါ စုမင်သည် ချက်ချင်းပင် သတိပြုမိမည် ဖြစ်သည်။

မီးမိစ္ဆာဘိုးဘေးသည် ခေတ္တမျှ တွန့်ဆုတ်နေသော်လည်း အဖြူရောင် ဝတ်စုံနှင့် လူငယ်၏ ရုပ်ခန္ဓာကိုယ်မှာ သူ့အတွက် ဖြစ်သည်ဟု သဘောတူထားခဲ့သည့် ကိစ္စအား ထုတ်မပြောရဲခဲ့ချေ။ သူသည် လက်ရှိတွင် အလွန် အားနည်းနေပြီး ဤအကြောင်းကို ပြောလိုက်ပါက စုမင် စိတ်အနှောင့်အယှက် ဖြစ်သွားမည်အား စိုးရိမ်နေသည်။

"သွားကြစို့"

စုမင်သည် နတ်ဘုရားအာရုံဖြင့် ထွက်ပေါက်ကို ရှာတွေ့သွားပြီးနောက် တစ်ချက်တည်းနှင့် ထိုနေရာသို့ ဦးတည်သွားခဲ့သည်။ မီးမိစ္ဆာဘိုးဘေးမှာလည်း သူ့နောက်မှ လိုက်ပါလာပြီး အချိန်အနည်းငယ် ကြာပြီးနောက် သူတို့သည် ထွက်ပေါက်ဖြစ်သော ပုံပျက်နေသည့် နေရာသို့ ရောက်ရှိလာသည်။ သူတို့သည် ထိုနေရာသို့ ဝင်ရောက်သွားပြီးနောက် ထိုကမ္ဘာမှ ပျောက်ကွယ်သွားတော့သည်။

သူတို့နှစ်ဦး မသိလိုက်သည်မှာ စုမင်သည် အရိုးစု၏ လက်ထဲမှ ခရမ်းမည်းရောင် လှံကို ယူလိုက်သည့် အခိုက်အတန့်တွင် အခြား ဟင်းလင်းပြင်ကမ္ဘာ တစ်လုံး၌ ကြီးမားပြီး ကြမ်းတမ်းသော ပုံပန်းသဏ္ဍာန်ရှိသည့် ကျူးယိုချိုက်မှာ တုန်လှုပ်သွားခဲ့သည်။ သူသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး အဝေးသို့ ကြည့်လိုက်ရာ သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်သွားတော့သည်။

အခန်း ၁၀၀၂ ဘဝတဏှာ လှံရှည်

"ငါ လွတ်သွားပြီလား" ကျူးယိုချိုက်သည် ခေါင်းကိုငုံ့ကာ ကြမ်းပြင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်ချလိုက်သည်။ သူ ရောက်ရှိနေသော ကမ္ဘာမှာ ရေကန်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထိုအချိန်တွင် သူ့ဘေး၌ ရေကန်တစ်ကန် ရှိနေပြီး အပြာရောင် ကောင်းကင်ကြီးက ကန်ရေပြင်ပေါ်တွင် ထင်ဟပ်နေသည်။

ကျူးယိုချိုက်သည် ထူထဲသော လက်ဖဝါးကို ကြည့်လိုက်ပြီး အတော်ကြာပြီးနောက် ဖျော့တော့သည့် အနီရောင် ဆေးလုံးတစ်လုံး သူ့လက်ပေါ်တွင် ပေါ်လာခဲ့သည်။

သူသည် ဆေးလုံးကို ကြည့်လိုက်ရာ မျက်နှာအမူအရာမှာ တဖြည်းဖြည်း နူးညံ့သွားသော်လည်း ဝမ်းနည်း ပူဆွေးမှုများလည်း ရှိနေခဲ့သည်။

"ဘယ်သူ လုပ်ပေးခဲ့တာဖြစ်ဖြစ် ငါ လွတ်သွားပြီ..." ကျူးယိုချိုက် တိုးညှင်းစွာ ရေရွတ်လိုက်ပြီး မတ်တပ်ရပ်ကာ ဘေးရှိ ရေကန်ကို တစ်ချက်ကြည့်လိုက်သည်။ တိတ်ဆိတ်စွာပင် သူသည် ရေကန်ဘေးသို့ လျှောက်သွားပြီး ရေပြင်ကို ကြည့်ရန် ခေါင်းငုံ့လိုက်သည်။ ထိုသို့ လုပ်လိုက်သောအခါ သူသည် ရေထဲမှ သူ့ပုံရိပ်ကို မြင်လိုက်ရသည်။

တောဝက်တစ်ကောင်ကဲ့သို့ ဝဖြိုးနေသော ခန္ဓာကိုယ်တစ်ကိုယ်က မျက်စိရှေ့တွင် ပေါ်လာသည်။ သူ့မျက်နှာပေါ်ရှိ ထူထဲသော အဆီအလွှာများက အရုပ်ဆိုး အကျည်းတန်သော ရုပ်သွင်ကို ဖြစ်ပေါ်စေသည်။ သွေးရောင်လွှမ်းနေသော မျက်လုံးများ၊ ရှုပ်ပွနေသော ဆံပင်များ... ကျူးယိုချိုက်သည် မိမိကိုယ်ကိုယ် သေချာစွာ ကြည့်ပြီးနောက် မျက်လုံးများကို မှိတ်လိုက်သည်။

သူ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ သူသည် ကျူးယိုချိုက် ဖြစ်နေဆဲပင်။ သူသည် လှုပ်ရှားလိုက်ပြီး အဝေးသို့ ပြေးဝင်သွားသော အလင်းတန်း တစ်တန်း အဖြစ် ပြောင်းလဲသွားခဲ့သည်။

"ပဉ္စမမြောက် မဟာလောကက အသူရာ ဖန်ဆင်းရှင်တွေမှာ သေဆုံးသွားတဲ့ သူတွေကို အသက်ပြန်ရှင်စေနိုင်တဲ့ ပညာရပ်တစ်ခု ရှိတယ်။ သူတို့ဆီမှာ ဝိညာဉ် အပိုင်းအစတစ်ခု ရှိနေသရွေ့ သေလွန်သူတွေကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တယ်။ ပဉ္စမမြောက် မဟာလောက ပျောက်ကွယ်သွားပြီး အသူရာ ဖန်ဆင်းရှင်တွေ မျိုးတုံးသွားပြီလို့ ဆိုကြပေမဲ့ မျှော်လင့်ချက် အလင်းရောင်လေး တစ်ပွင့် ရှိနေသရွေ့တော့ ငါ ပဉ္စမမြောက် မဟာလောကကို သွားရမယ်။ အသူရာ ဖန်ဆင်းရှင် တစ်ယောက်ကို ရှာပြီး မင်းကို အသက်ပြန်ရှင်အောင် လုပ်ပေးရမယ်..."

……

စုမင်နှင့် မီးမိစ္ဆာဘိုးဘေးတို့သည် အချိန်လမ်းကြောင်းများ တစ်လျှောက် သွားလာနေကြပြီး သူတို့၏ အသက်စွမ်းအင်များ ခန္ဓာကိုယ်ထဲမှ အကြိမ်ကြိမ် စီးထွက်သွားသောအခါ စုမင်သည် ပင်ပန်းနွမ်းနယ်မှုကို စတင် ခံစားလာရသည်။ ထို့နောက် အနောက်ငွေ့ရည်တိမ်တိုက် သီးခြားနယ်မြေမှ ကျင့်ကြံသူများကို ပေးခဲ့သော နှစ်တစ်ထောင် ကတိအား သူ သတိရသွားမိသည်။

ထိုကတိသည် အချိန်နှင့် သက်ဆိုင်သည်။ မူလက ထိုကတိသည် လူတိုင်းအတွက် ဖြစ်သော်လည်း စုမင်က အိစန်းကို သိမ်းပိုက်လိုက်သောအခါ ၎င်းမှာ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ကြိုတင် သတ်မှတ်ချက်မှာ အိစန်းကိုယ်ပွားက အခြားအိစန်းများကို ဝါးမျိုပြီး အနောက်ငွေ့ရည်တိမ်တိုက် တစ်ခုလုံးကို သိမ်းပိုက်ကာ ကိုယ်ပိုင် နေရာအဖြစ် ပြောင်းလဲပစ်နိုင်သည်အထိ ဆက်လက်၍ အားကောင်းလာရန် လိုအပ်သည်။

ဤသည်မှာ စုမင်၏ ရည်မှန်းချက် ဖြစ်သည်။ ယခုအချိန်တွင် ထိုရည်မှန်းချက်မှာ အနည်းငယ် ဝေးကွာနေသေးသော်လည်း ယုံမှားသံသယဖြစ်ဖွယ် မရှိသည်က လက်ရှိအချိန်တွင် အိစန်းကိုယ်ပွားမှာ အခြားအိစန်းများထက် ပိုမို အားကောင်းနေပြီ ဖြစ်သည်။ သို့သော် အခြားဝိညာဉ်များကို တစ်ကျိုက်တည်းနှင့် ဝါးမျိုနိုင်လောက်အောင်တော့ အားမကောင်းသေးပေ။

စုမင် ရှေ့သို့ ခရီးဆက်လာစဉ် သူသည် ဟင်းလင်းပြင်ကမ္ဘာ တစ်လုံးပြီးတစ်လုံး ဖြတ်သန်းသွားခဲ့သည်။ မည်သည့်နေရာတွင်မှ သူ အကြာကြီး မရပ်နားခဲ့ပေ။ ပုံမှန်အားဖြင့် သူသည် ဟင်းလင်းပြင်ကမ္ဘာ တစ်လုံးသို့ ရောက်သောအခါ နတ်ဘုရားအာရုံဖြင့် စူးစမ်းကြည့်ရှုလေ့ရှိပြီး အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်ကို မတွေ့ရှိပါက ချက်ချင်း ထွက်ခွာသွားလေ့ရှိသည်။

ထို့ကြောင့် မီးမိစ္ဆာဘိုးဘေးအတွက် အခြေအနေများက ခက်ခဲနေခဲ့သည်။ သူက နတ်ဘုရား ဝိညာဉ်တစ်ခုသာ ဖြစ်သည်။ အခြား ဟင်းလင်းပြင်ကမ္ဘာ တစ်လုံးကို ဖြတ်သန်းသွားတိုင်း သူသည် ပို၍ပင် ပင်ပန်းလာခဲ့သော်လည်း စုမင်က သူ့အား သတ်ဖြတ်ချင်စိတ်များ ပေါ်လာမည်ကို စိုးရိမ်သောကြောင့် စကားတစ်ခွန်းမျှ မဟရဲခဲ့ပေ။

သူသည် စုမင် နောက်သို့ လိုက်ပါလာစဉ် ရင်ထဲ၌ ဆက်တိုက် သက်ပြင်းချနေမိသည်။ သူ ပဉ္စမမြောက်မီးဖိုသို့ ရောက်လာစဉ်က ဤကဲ့သို့ အဆုံးသတ်သွားမည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူ့ဆုံးဖြတ်ချက်ကို သူ နောင်တရမိသည်မှာလည်း ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ အစပိုင်းက စုမင်အပေါ် သူ အဘယ်ကြောင့် ရန်လိုမိခဲ့သနည်း။

'ဒီလူက ရက်စက်ပြီး ကောက်ကျစ်တယ်။ ငါ သူ့ကို နောက်ထပ် သွားပြီး ရန်မစရဲတော့ဘူး'

မီးမိစ္ဆာဘိုးဘေးသည် ရှေ့တွင်ရှိသော စုမင်ကို သတိထား၍ တစ်ချက် ကြည့်လိုက်သည်။ စုမင်က သူ့ကို အတင်းအကျပ် လိုက်ခိုင်းခဲ့ခြင်း မရှိသော်လည်း အကယ်၍ သူ ပုံမှန်မဟုတ်သည့် တစ်ခုခုအား လုပ်လိုက်ပါက တစ်ဖက်လူကို တိုက်ခိုက်ရန် အကြောင်းပြချက် ပေးလိုက်သလို ဖြစ်သွားမည်အား သူ ကြိုတင် တွေးတောမိပြီးသား ဖြစ်သည်။

"ဒုတိယ နယ်နိမိတ်မှာရှိတဲ့ ဝိညာဉ်ဖြတ်သန်းခြင်း စင်မြင့်တွေကို ဖြတ်ကျော်ပြီးသွားရင် ဟင်းလင်းပြင်ကမ္ဘာ အရေအတွက်တွေ နည်းသွားပြီး အထွတ်အထိပ် ရတနာတွေ ရှိတဲ့ ဟင်းလင်းပြင်ကမ္ဘာတွေ တွေ့ရဖို့ အခွင့်အလမ်း ပိုများလာလိမ့်မယ်။ ဒီအကြောင်းကို မင်း ဘယ်လောက် သိလဲ" ရှေ့သို့ ပြေးသွားနေရင်း စုမင်က ရုတ်တရက် မေးလိုက်သည်။

"ပဉ္စမမြောက်မီးဖိုထဲက တတိယ နယ်နိမိတ်က ယှဉ်ကြည့်မယ်ဆိုရင် တကယ်တမ်းကျ သိပ်အန္တရာယ် မများပါဘူး။ ဘာပဲဖြစ်ဖြစ် လူတိုင်း အချင်းချင်း ဆုံတွေ့ဖို့ အခွင့်အလမ်းက သိပ်မများဘူးလေ..." မီးမိစ္ဆာဘိုးဘေးက ဤမျှအထိ ပြောပြီးနောက် စကားရပ်သွားပြီး ရင်ထဲတွင် နောက်ထပ် သက်ပြင်းချလိုက်ပြန်သည်။

"တတိယနဲ့ ဒုတိယ နယ်နိမိတ်တွေကြားမှာလည်း အတူတူပါပဲ။ ငါတို့ အချင်းချင်း ဆုံတွေ့နိုင်ခြေ ပိုများပေမဲ့ သတိထားမယ်ဆိုရင်တော့ ကြီးမားတဲ့ မတော်တဆမှုတွေ ဖြစ်လာမှာ မဟုတ်ဘူး"

"ဒါပေမဲ့ ပထမ နယ်နိမိတ် မရောက်ခင် ဒုတိယ နယ်နိမိတ်ရဲ့ ဝိညာဉ်ဖြတ်သန်းခြင်း စင်မြင့်တွေ ရှေ့က ဟင်းလင်းပြင် ကမ္ဘာတွေမှာတော့ အလွန် ပြင်းထန်လိမ့်မယ်။ အဲဒီမှာ ဟင်းလင်းပြင်ကမ္ဘာ သိပ်အများကြီး မရှိတဲ့အတွက် ဟင်းလင်းပြင်ကမ္ဘာ တစ်လုံးထဲမှာ လူအများကြီး ပေါ်လာပြီး အဲဒီထဲမှာ အထွတ်အထိပ် ရတနာ တစ်ခု ရှိနေမယ်ဆိုရင်..." မီးမိစ္ဆာဘိုးဘေးက စုမင်ကို တစ်ချက် ကြည့်လိုက်သည်။

"သူတို့တွေ သေရေးရှင်ရေး တိုက်ပွဲတစ်ပွဲ ဆင်နွှဲကြလိမ့်မယ်။ ငါ အရင်က ပဉ္စမမြောက်မီးဖိုကို အကြိမ် အများကြီး ရောက်ဖူးတယ်။ အကြိမ်တိုင်းမှာ ဒုတိယနဲ့ ပထမ နယ်နိမိတ်ကြားထဲမှာ သေဆုံးသွားတဲ့ တန်ခိုးရှင်တွေ အမြဲ ရှိတယ်"

"ကျန်ရစ်တဲ့ လူနည်းနည်းက ပထမ နယ်နိမိတ်ရဲ့ ဝိညာဉ်ဖြတ်သန်းခြင်း စင်မြင့်တွေပေါ်ကို ခြေချလိုက်တာနဲ့ သူတို့ သွားချင်တဲ့ နေရာက ပဉ္စမမြောက်မီးဖိုရဲ့ ဗဟိုချက် ဖြစ်လိမ့်မယ်။ အဲဒီနေရာမှာ သူတို့ရဲ့ တိုက်ပွဲတွေက အပြင်းထန်ဆုံး အခြေအနေကို ရောက်သွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့ အဲဒီကို ရောက်တဲ့အခါ အထွတ်အထိပ် မဟာရတနာ ကိုးပါး ပေါ်လာမှာဖြစ်ပြီး အဲဒီ သွေးဆောင်မှုက သာမန်လူတစ်ယောက် ခုခံနိုင်တဲ့ အရာမျိုး မဟုတ်ဘူး"

"ဒါပေမဲ့ ပြီးခဲ့တဲ့ အကြိမ်တွေတုန်းကတော့ ငါ အများဆုံး ဒုတိယနဲ့ ပထမ နယ်နိမိတ်ကြား ဧရိယာလောက်ထိပဲ သွားခဲ့တယ်။ ငါက ဗဟိုချက်ထဲကို ခြေမချခင် ထွက်ခွာဖို့ ရွေးချယ်ခဲ့တယ်။ ဒါကြောင့်ပဲ ငါ အခုထိ အသက်ရှင်နေသေးတာ" မီးမိစ္ဆာဘိုးဘေးက အသံနှိမ့်ကာ ပြောလိုက်သည်။

စုမင်၏ အမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူ့ခေါင်းထဲတွင် အတွေးများစွာ ပေါ်ပေါက်လာခဲ့သည်။ သူ ရှေ့သို့ ဆက်သွားနေစဉ် ဟင်းလင်းပြင်ကမ္ဘာ တစ်လုံး၏ အက်ကွဲကြောင်း တစ်ကြောင်းထဲမှ ထွက်လာပြီး အသစ်တစ်လုံးထဲသို့ ခြေချလိုက်သည်။ ဤသည်မှာ သူ ဖြတ်သန်းသွားခဲ့သော မည်မျှမှန်းမသိသည့် ဟင်းလင်းပြင်ကမ္ဘာ တစ်လုံး ဖြစ်နေပြီဖြစ်ပြီး သူ၏ တွက်ချက်မှုများအရ သူသည် ဒုတိယ နယ်နိမိတ်အဆုံးရှိ ဝိညာဉ်ဖြတ်သန်းခြင်း စင်မြင့်များဆီသို့ မကြာမီ ရောက်ရှိတော့မည် ဖြစ်သည်။

စုမင်သည် ထိုဟင်းလင်းပြင်ကမ္ဘာထဲသို့ ခြေချလိုက်သည့် အခိုက်အတန့်မှာပင် သူ့အမူအရာ ပြောင်းလဲသွားခဲ့သည်။ တစ်ချိန်တည်းပင် သူ့ဘေးရှိ မီးမိစ္ဆာဘိုးဘေး၏ မျက်လုံးများမှာလည်း အံ့သြဝမ်းသာမှုများဖြင့် လင်းလက်သွားခဲ့သည်။

သူတို့ မျက်စိရှေ့ ကောင်းကင်ယံတွင် ပြင်းထန်သော တိုက်ပွဲတစ်ပွဲ ဆင်နွှဲနေသည်။ ပေါက်ကွဲသံများက လေထုထဲတွင် ပဲ့တင်ထပ်နေပြီး ထိုဒေသတစ်ခုလုံးကို တိုက်ခတ်သွားသော ရိုက်ခတ်ခြင်း လှိုင်းများစွာအား ဖြစ်ပေါ်စေသည်။ ထိုလှိုင်းတို့က ကောင်းကင်ကို ပြိုကျစေပြီး မြေကြီးကို ကွဲအက်သွားစေမည့် ကြမ်းတမ်းသော လေပြင်းများကို ဖန်တီးနေသည်။

တိုက်ခိုက်နေကြသည့် နှစ်ဖက်မှာ ကျူးယိုချိုက်နှင့် ရွှမ်းရှန်၊ ရွှီဟွေ အစရှိသည့် အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်တို့ ဖြစ်ကြသည်။

ဟင်းလင်းပြင်ကမ္ဘာ အောက်ဘက် တစ်ဝက်က အပြာရောင် သမုဒ္ဒရာကြီး ဖြစ်သည်။ ကောင်းကင်ယံရှိ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော လေပြင်းများက ဧရာမ လှိုင်းလုံးကြီးများကို ရိုက်ခတ်စေခဲ့သည်။ လှိုင်းတံပိုးများ ဟိန်းဟောက်နေပြီး သမုဒ္ဒရာ မျက်နှာပြင် တစ်ပြင်လုံးတွင် ဧရာမ ရေဝဲကြီး တစ်ဝဲ ပေါ်ပေါက်လာစေသည်။

ဤရေဝဲကြီးက မရပ်မနား လည်ပတ်နေစဉ် ယင်းက လူအားလုံးကို သမုဒ္ဒရာ အောက်ခြေအထိ မြင်တွေ့ခွင့် ပေးထားသည်။

ထိုနေရာတွင် ရုပ်တုတစ်ရုပ် ရှိနေသည်။ ထိုရုပ်တုက ခေါင်းသုံးလုံးနှင့် ထူးဆန်းသော ပုံစံရှိသည်။ သူ့တစ်ကိုယ်လုံးသည် ကောင်းကင်ကို လင်းထိန်စေသော အဖြူရောင် အလင်းတန်းများဖြင့် တောက်ပနေပြီး သမုဒ္ဒရာ အောက်ခြေတွင် တပ်စွဲထားသော ရုပ်တုတစ်ရုပ်ကဲ့သို့ ထင်ရသည်။

ရေဝဲကြီးအနီးတွင် ကြမ်းတမ်းသော ရေနဂါး အကောင် တစ်ရာနီးပါး ရှိနေသည်။ သူတို့သည် ပတ်ပတ်လည်တွင် ကူးခတ်နေကြပြီး တစ်ခါတစ်ရံ ကောင်းကင်ကို မော့ကာ ဟိန်းဟောက်နေကြသော်လည်း အဖြူရောင် ရုပ်တုအနီးသို့ မကပ်ရဲကြပေ။

"မဟာရတနာတစ်ခုပဲ" မီးမိစ္ဆာဘိုးဘေးက ချက်ချင်း အာမေဍိတ်သံ ပြုလိုက်သည်။

ဤသည်မှာ စုမင်က မဟာရတနာ တစ်ပါးရှိသော ဟင်းလင်းပြင်ကမ္ဘာ တစ်လုံးထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်း ဖြစ်သည်။ ရတနာထံမှ ပျံ့နှံ့ထွက်ပေါ်နေသော စွမ်းအား ဂယက်လိုင်းများနှင့် တည်ရှိမှု အငွေ့အသက်မှာ အရန် ရတနာတစ်ခုထက် ရှင်းလင်းစွာ ပိုမို အားကောင်းနေသည်။ လူတိုင်း မြင်မြင်ချင်းမှာပင် ရတနာက မည်မျှ ကွဲပြားပြီး ထူးခြားကြောင်း ပြောနိုင်ရန်အတွက် လုံလောက်နေခဲ့သည်။

ရုပ်တုတွင် ခေါင်းသုံးလုံး ရှိသည်။ တစ်လုံးက ငိုကြွေးနေပြီး အခြားတစ်လုံးက ပြုံးနေကာ နောက်ဆုံးတစ်လုံးကမူ ဒေါသထွက်နေသည်။

ခေါင်းသုံးလုံးနှင့် ခန္ဓာကိုယ်တစ်ကိုယ်။ ထိုရုပ်တုသည် သမုဒ္ဒရာ အောက်ခြေတွင် မတ်တပ်ရပ်နေပြီး မြင်သူတိုင်းကို သွေးဆောင်နေသော်လည်း တစ်ချိန်တည်းမှာပင် ထိုရတနာနှင့် ပတ်သက်၍ ထူးဆန်းမှုတစ်ခုခု ရှိနေကြောင်း သူတို့ မလွဲမသွေ တွေ့ရှိသွားကြမည် ဖြစ်သည်။

မီးမိစ္ဆာဘိုးဘေးနှင့် စုမင်တို့၏ ပေါ်လာမှုက ကောင်းကင်ယံတွင် တိုက်ခိုက်နေကြသော အဖွဲ့များ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားခဲ့သည်။ အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်မှာ မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာ ရှိနေသော်လည်း ရွှမ်းရှန်နှင့် အဖွဲ့၏ နှလုံးသားများမှာ တုန်လှုပ်သွားခဲ့သည်။

ရွှီဟွေမှာ အလွန် တည်ငြိမ်နေသည်။ စုမင် သေချာပေါက် အမီလိုက်နိုင်မည်ကို သူမ သိထားသောကြောင့် ယခုအချိန်တွင် သူ့အား မြင်လိုက်ရသောအခါ အံ့သြမနေခဲ့ချေ။ ဘိုးဘေး လုံဟိုင်းသည်လည်း ထိုနည်းတူပင်။ သူ့အသက်အရွယ်၊ အမြော်အမြင်နှင့် ကောက်ကျစ်မှုတို့ဖြင့် သူ့နှင့် စုမင်ကြားရှိ ကတိက ပေးစွမ်းထားသော ဆက်သွယ်မှု ဆွဲငင်အားဖြင့် ဤလူက သူ့အား သေချာပေါက် ရှာတွေ့နိုင်မည်ကို သူ သဘာဝကျစွာ သိထားသည်။ အနီးတွင် အထွတ်အထိပ် ရတနာ ခန္ဓာကိုယ် ရှိနေနိုင်သော်လည်း ဤလူက ယခင်က ထိုခန္ဓာကိုယ်၏ ပဓာနဝိညာဉ် ဖြစ်ခဲ့သည်။ ဘိုးဘေး လုံဟိုင်းအနေဖြင့် စုမင်၌ အရန်အစီအစဉ်များ မရှိသည်ကို ထင်ရှားစွာ ယုံကြည်မည် မဟုတ်ပေ။

အမှန်တကယ်တွင် ထိပ်ပြောင်ကြိုးကြာ၊ ရွှီဟွေနှင့် ဘိုးဘေး လုံဟိုင်းတို့က စုမင်အား ဤနေရာသို့ ဆွဲဆောင်နေသည့်အပြင် အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်ပေါ်တွင်လည်း စုမင် ယခင်က ချန်ထားရစ်ခဲ့သော သူနှင့်သက်ဆိုင်သည့် သဲလွန်စ အရိပ်အယောင်တစ်ခု ရှိနေသေးသည်။

ထိုသဲလွန်စမှာ ခန္ဓာကိုယ် အတွင်း၌ မဟုတ်ဘဲ အပြင်ဘက်တွင် ဖြစ်သည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းမှာ သူ့အတွက် ခက်ခဲခြင်း မရှိပေ။ အကြောင်းမူကား သူသည် ယခင်က ထိုခန္ဓာကိုယ်၏ ပဓာနဝိညာဉ် ဖြစ်ခဲ့သောကြောင့်ပင်။

ကျူးယိုချိုက်က စုမင်ကို မြင်သောအခါ သူငယ်အိမ်များ ကျုံ့သွားခဲ့သည်။ စုမင် မျက်နှာမှာ သူ့အတွက် အလွန် သူစိမ်းဆန်နေသော်လည်း စုမင် ဘေးရှိ မီးမိစ္ဆာဘိုးဘေးကို မြင်လိုက်ရသောအခါ သူသည် ခေါင်းကလှည့်၍ အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်အား နက်နဲစွာ တစ်ချက် ကြည့်လိုက်သည်။

"ရွှမ်မိသားစုရဲ့ အထွတ်အထိပ် ရတနာ" ကျူးယိုချိုက်၏ မျက်လုံးများထဲတွင် ခက်ထန်သော အကြည့်တစ်ခု ချက်ချင်း ပေါ်လာသည်။ တခြားတစ်ယောက်သာဆိုလျှင် ဤမျှမြန်မြန် ထိုးထွင်း သိမြင်နိုင်မည် မဟုတ်ပေ။ သို့သော် သူက လုပ်နိုင်ခဲ့သည်။

အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်မှာ ဤဟင်းလင်းပြင်ကမ္ဘာသို့ ပထမဆုံး ရောက်ရှိလာခြင်းဖြစ်ပြီး နောက်မှ ကျူးယိုချိုက် ရောက်လာခြင်းဖြစ်သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။ စုမင်၏ စိမ်းသက်နေသော မျက်နှာနှင့် သူ့ဘေးရှိ မီးမိစ္ဆာဘိုးဘေးကို မြင်လိုက်ရသောအခါ ကျူးယိုချိုက်၏ မျက်လုံးများတွင် အလင်းတစ်ချက် လက်သွားခဲ့သည်။ စောစောက အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်နှင့် တိုက်ခိုက်ခဲ့စဉ်က သူ့စိတ်ထဲတွင် စိမ်းသက်နေသော ခံစားချက်တစ်ခု အဘယ်ကြောင့် ရှိနေရသနည်းဆိုသည့် အကြောင်းရင်းကို သူ ချက်ချင်း သိလိုက်သည်။

ရှင်းလင်းစွာပင် ယခင်က အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်ကို ထိန်းချုပ်ခဲ့သူမှာ မီးမိစ္ဆာဘိုးဘေး ဘေးရှိ ကျင့်ကြံသူဖြစ်ပြီး မီးမိစ္ဆာဘိုးဘေးက ဤလူနောက်သို့ လိုက်နေသည်ကို မြင်လိုက်ရသောအခါ ခန္ဓာကိုယ်အား ထိန်းချုပ်ရာတွင် မည်သူက ဦးစားပေးဖြစ်ကြောင်းကို သူ အလွယ်တကူ သိနိုင်ခဲ့သည်။

ကျူးယိုချိုက်၏ မျက်လုံးများတွင် သတိပြုမိရန် ခက်ခဲသော အရောင်တစ်ချက် တောက်ပသွားသည်။ စုမင်နှင့် အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်ကြားရှိ ဆက်သွယ်မှုကို သူ နားလည်သွားသည့် အခိုက်အတန့်မှာပင် သူသည် လှုပ်ရှားလိုက်ပြီး သမုဒ္ဒရာထဲရှိ ရေဝဲကြီးဆီသို့ ပြေးဝင်သွားခဲ့သည်။ သူသွားနေသည့် ဦးတည်ချက်အရ သူသည် ခေါင်းသုံးလုံး ရုပ်တုဆီသို့ တည့်တည့် သွားနေခြင်းဖြစ်ပြီး သူ့အမြန်နှုန်းမှာ အလွန် မြန်ဆန်လွန်းသဖြင့် တစ်ခဏအတွင်း ရုပ်တု အနီးသို့ ရောက်သွားခဲ့သည်။

ကျူးယိုချိုက် လှုပ်ရှားလိုက်သည်နှင့် အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ ထိုအဖွဲ့က ကျူးယိုချိုက်နောက်သို့ လိုက်ရန် ပြင်လိုက်ချိန်မှာပင် စုမင်၏ မျက်လုံးများထဲတွင် တောက်ပသော အလင်းတစ်ချက် လင်းလက်သွားခဲ့သည်။ သူ ညာလက်ကို မြှောက်လိုက်သောအခါ သူ့လက်မပေါ်တွင် လက်စွပ်တစ်ကွင်း ချက်ချင်း ပေါ်လာခဲ့သည်။

ခရမ်းမည်းရောင် လက်စွပ် တောက်ပသွားသည့် အခိုက်အတန့်တွင် စုမင် လက်ထဲ၌ ခရမ်းမည်းရောင် လှံရှည်တစ်ချောင်း ပေါ်လာခဲ့သည်။ သူ လှံကို မြှောက်လိုက်သောအခါ ပြေးဝင်သွားသော ကျူးယိုချိုက်၏ ပုံရိပ်ဆီသို့ မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ ပစ်လွှတ်လိုက်သည်။

စူးရှသော အသံတစ်သံနှင့်အတူ လှံသည် လေထုကို ခွဲထွက်သွားခဲ့သည်။ ထိုစူးရှသော အသံမှာ အမျိုးသမီးတစ်ဦး၏ အထီးကျန်ဆန်သော ငိုကြွေးသံနှင့် တူညီနေသည်။ လှံက လေထုထဲတွင် ပဲ့တင်ထပ်သွားသောအခါ အထွတ်အထိပ် ရတနာ ခန္ဓာကိုယ်မှာ လေထဲတွင် အေးခဲသွားခဲ့သည်။ အတွင်းမှ ရွှမ်ရှန်း၊ နျဲ့ယင်၊ ယွန်ယိုနှင့် ဟွာယွီတို့သည် နာကျင်စွာ အော်ဟစ်လိုက်ကြသည်။ သူတို့၏ စိတ်နှင့် ဝိညာဉ်များသည် ဤအသံ၏ တိုက်ရိုက် တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။

"ဘဝတဏှာ လှံရှည်။ ဒါ... ဒါက တကယ်ကြီး ဒီကို ရောက်နေတာလား" ရွှမ်ရှန်း နာကျင်စွာ အော်ဟစ်နေစဉ် မျက်နှာပေါ်၍ မယုံကြည်နိုင်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

အမှန်တကယ်တွင် ရွှီဟွေ၏ စိတ်ပင်လျှင် ရှုပ်ထွေးပရမ်းပတာ ဖြစ်သွားပြီး သူမ အသိအာရုံမှာ ချက်ချင်း ဗလာကျင်းသွားခဲ့သည်။

အကယ်၍ ထိုမျှသာဆိုလျှင် မည်သို့မျှ မဖြစ်လောက်သော်လည်း ဘိုးဘေး လုံဟိုင်း၏ နတ်ဘုရားဝိညာဉ်ပင်လျှင် ထိုစူးရှသော အသံ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် မတည်ငြိမ်မှု အရိပ်အယောင်များ ပြသလာခဲ့သည်။ သူ့စိတ်ခံစားမှုများမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

"ဘဝတဏှာ လှံရှည်၊ အစစ်အမှန် ယင်မဟာလောကရဲ့ အင်မော်တယ် ချန်ဟယ် ပိုင်ဆိုင်ခဲ့တဲ့ လက်နက်"

ကျူးယိုချိုက်သည် မူလက ခေါင်းသုံးလုံး ရုပ်တုဆီသို့ ပြေးဝင်သွားနေခြင်းဖြစ်သော်လည်း စူးရှသော အော်ဟစ်သံ လေထုထဲတွင် မြည်ဟည်းသွားသည့် အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး လေထဲတွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူ နောက်သို့ ခေါင်းလှည့်လိုက်သောအခါ ပြေးဝင်လာသော လှံရှည်ကို ဆွံ့အစွာ စိုက်ကြည့်နေပြီးနောက် အဝေးတွင် ဆံပင်ရှည်များ လွင့်ပျံလျက် ရပ်နေသော စုမင်အား ကြည့်လိုက်သည်။

အမည်းရောင် ဝတ်ဆင်ထားသော စုမင်က ကျူးယိုချိုက်ကို မှင်သက်သွားစေခဲ့သည်။ သူသည် သက်လတ်ပိုင်း အမျိုးသားတစ်ဦး၏ မှုန်ဝါးဝါး အရိပ်တစ်ရိပ်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားသည်။ သူ့ဆရာအပေါ် ဝမ်းနည်းမှု၊ ကျေးဇူးတင်မှုနှင့် မုန်းတီးမှုများ၊ သူ့ချစ်သူအတွက် ဆုံးရှုံးမှုနှင့် နောင်တများဖြင့် လွှမ်းခြုံကာ အထီးကျန်စွာဖြင့် နတ်ဘုရား အနှစ်သာရ နယ်မြေတွင် သူ့ဝိညာဉ်ကို ကြဲဖြန့်ပစ်လိုက်သူ တစ်ဦးဖြစ်သည်။

သူ မြင်လိုက်ရသည်မှာ သူ့ကိုယ်သူပင်။

"ဒီတော့... အဲဒါ သူပဲ..."

All Chapters