အခန်း ၁
Vol. 1 Ch. 1
အခန်း(၁) - မိုးရွာသောည၌ လူမသိခဲ့သော ဖြစ်ရပ်
မိုးသည်းထန်စွာရွာသော ညတစ်ညတွင်၊
နန်ယန်ခရိုင်၊ စုန့်ချွင်းမြို့ပြင်ရှိ ပျက်စီးနေသော ဘုရားကျောင်းပျက်တစ်ခုအတွင်း။
"သခင်လေး... ယမမင်းဆီ ရောက်တဲ့အခါ ငါတို့ ညီအစ်ကိုနှစ်ယောက်အကြောင်း တိုင်တောမနေနဲ့ဦး... တိုင်ချင်ရင် ခင်ဗျားရဲ့ အောက်တန်းကျပြီး မိုက်မဲတဲ့ မိဘတွေကိုပဲ သွားတိုင်လိုက်ပါ..."
"နောက်ဘဝကျရင် ဒီလိုလူတွေကို မိဘအဖြစ် မတော်မိစေနဲ့..."
"အလောင်းကောင် တစ်ကောင်ကို မင်း ဘာလို့ အဲ့လောက်တောင် စကားတွေ အများကြီး ပြောနေတာတုန်း..."
"မြန်မြန် သွားပြီး ထင်းခြောက်တွေ ကောက်ခဲ့စမ်းပါ... သူ့ကို မီးရှို့ပစ်လိုက်ရင် အစအန ပျောက်သွားမှာပဲ..."
အပြာရောင် ပိတ်ချောအဝတ်အစားများကို ဝတ်ဆင်ထားသော အစေခံနှစ်ဦးသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ကျန်းမင်၏ လူငယ်အလောင်းကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားကြသည်။
ထိုသူနှစ်ဦး၏ ခြေလှမ်းများသည် တံခါးပေါက်ကို ခုန်ကျော်သွားသည့် အခိုက်အတန့်မှာပင်၊
ဒုတ်ဒုတ်... ဒုတ်ဒုတ်...
မြေပြင်ပေါ်ရှိ အလောင်းကောင်၏ ရပ်တန့်သွားသော နှလုံးခုန်သံသည် ပြန်စတင်လာခဲ့သည်။
"နာလိုက်တာ..."
"အရမ်းနာလိုက်တာ..."
ကျန်းမင်သည် လေးလံသော မျက်ခွံများကို ဖြည်းညင်းစွာ ပင့်တင်လိုက်ရာ ၊ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်မှာ ခြောက်ကပ်လှသော ဘုရားကျောင်းပျက်ကြီး တစ်ခုသာ ဖြစ်၏။
သူ၏ ခန္ဓာကိုယ်သည် ဓားဖြင့် ၁၈ချက်ခန့် အမွှန်းခံထားရသကဲ့သို့ပင် နာကျင်နေပြီး၊ နံရိုးအချို့လည်း ကျိုးကြေနေပေသည်။ သွေးညှီနံ့များက သူ၏နှာခေါင်းဝတွင် စွဲကျန်နေဆဲပင်။
‘ဒါက ဘာဖြစ်တာလဲ…’
သူသည် ယမန်နေ့ညက သူ၏ သူငယ်ချင်းကောင်းနှင့်အတူ တရားဝင်အနှိပ်ခန်းသို့ သွားရောက်ကာ ၁၉၈ ယွမ်တန် ကျောနှိပ်နယ်သော ဝန်ဆောင်မှုကို မှာယူခဲ့သည် မဟုတ်လော။
‘အော်... မှတ်မိပြီ…’
‘သေသင့်တဲ့ ၁၉၈ ယွမ်တန်...တတ်နင်းတဲ့ ဖက်တီးမက ၁၉၈ ပေါင်တဲ့လေ…’
ထိုအချိန်က ကျန်းမင်သည် ထွက်ပြေးချင်ခဲ့သော်လည်း သူငယ်ချင်းဖြစ်သူ၏ တိုက်တွန်းမှုကို မငြင်းဆန်နိုင်သဖြင့် စမ်းသပ်ကြည့်ခဲ့မိသည်။ ရလဒ်အနေဖြင့် ထိုစမ်းသပ်မှုသည် သူ့ကို သေမင်းထံသို့ ခေါ်ဆောင်သွားခဲ့လေ၏။
မှန်၏။ တတ်နင်းခံရပြီးနောက် ကျန်းမင်၏ ကျောပြင်ဆီမှ ဂျွတ်ခနဲ အသံတစ်ချက် ထွက်လာပြီး ၊ ခန္ဓာကိုယ်သည်လည်း မခံမရပ်နိုင်သော ဖိအားဒဏ်ကို ခံစားလိုက်ရသည်။ ထို့နောက် မျက်စိရှေ့က မြင်ကွင်းတို့သည် မှောင်မိုက်သွားပြီး၊ နိုးလာချိန်တွင် ဤနေရာသို့ ရောက်ရှိနေ၏။
နောက်နောင်တွင် သူသည် ထိုကဲ့သို့သော နေရာမျိုးကို လုံးဝ မသွားရန် မျက်ရည်လေး တဝဲဝဲဖြင့် ကျိန်ဆိုလိုက်လေ၏။
ထိုအချိန်တွင် သူ၏ ဦးနှောက်မှ စူးရှသော နာကျင်မှုတစ်ခု ပြင်းထန်စွာ ဖြစ်ပေါ်လာပြီး၊ စိမ်းသက်သော မှတ်ဉာဏ်တစ်ခုသည် စိတ်အာရုံထဲသို့ တိုးဝင်လာသည်။
"ငါ... ကူးပြောင်းလာတာလား..."
ကျန်းမင်သည် ဦးနှောက်ထဲရှိ အကြောင်းအရာများကို ပြန်လည် စီစစ်လိုက်သည်။
ဤကမ္ဘာသည် သိုင်းပညာရှင်များကို အထွတ်အထိပ် ထားသော ကမ္ဘာတစ်ခုဖြစ်သည်။
သိုင်းပညာ ထွန်းကားရာ ခေတ်ကြီးထဲတွင် အစွမ်းထက်သော ပုဂ္ဂိုလ်များသည် ဓားတစ်ချက်ဖြင့် မြစ်ရေကို ဖြတ်တောက်နိုင်ပြီး နှင်းပေါ်၌ ခြေရာမထင် လျှောက်လှမ်းနိုင်ကြ၏။
ခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် ဆိပ်ကမ်းဂိုဏ်း၏ အောက်ခြေအဆင့် လူမိုက်ကလေးတစ်ဦးဖြစ်ပြီး၊ အောက်ခြေအဆင့်တွင် ကျင်လည်ကာ ရရှိသော လစာငွေ အနည်းငယ်ဖြင့် မိဘများကို လုပ်ကျွေးပြုစုနေသူ ဖြစ်သည်။
မူလက နေ့ရက်များသည် အေးအေးချမ်းချမ်းဖြင့် ကုန်လွန်နေခဲ့သော်လည်း လွန်ခဲ့သော ခြောက်လခန့်က ခမ်းနားသော မြင်းရထားတစ်စီးသည် သူတို့အိမ်သို့ ဆိုက်ရောက်လာခဲ့သည်။
ထိုမြင်းရထားသည် ကျန့်ဝမ်မြို့တော်မှ လာခြင်းဖြစ်ပြီး ၊ မြင်းရထားပေါ်မှ ဆင်းလာသူများမှာ ကျန့်ဝမ်မြို့တော် စူးမိသားစု၏ အိမ်ထောင်ဦးစီး စူးကျန့်ဖုန်းနှင့် ဇနီးဖြစ်သူ လျိုယန်တို့ပင် ဖြစ်၏။
မူလပိုင်ရှင်သည် စူးမိသားစုကို မသိရှိချေ။ သူသည် အောက်ခြေလူတန်းစား တစ်ဦးသာဖြစ်ပြီး ၊ စုန့်ချွင်းမြို့မှပင် တစ်ခါမျှ မထွက်ခွာဖူးပေ။
သို့သော် ဤနှစ်ဦးသည် အထက်တန်းစား လူကြီးလူကောင်းများ ဖြစ်ကြောင်း သူ သိသောကြောင့် အလွန် သတိထားခဲ့သည်။
သို့သော်လည်း စူးကျန့်ဖုန်းက သူ့အား ကောင်းကင်ပြိုမတတ် လျှို့ဝှက်ချက်ကြီးတစ်ခုကို ပြောပြခဲ့သည်။ သူ... ကျန်းမင်သည် ကျန့်ဝမ်မြို့တော် စူးမိသားစု အိမ်ထောင်ဦးစီး၏ သားအရင်း ဖြစ်နေခြင်းပင်။
ငယ်စဉ်ကတည်းက ဤနေရာသို့ ပို့ဆောင်ခံခဲ့ရခြင်းမှာ မိမိကိုယ်ကိုယ် လေ့ကျင့်ပျိုးထောင်ရန် အတွက် ဖြစ်ပေသည်။
ယခုအခါ သူတို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း ကျန်းမင်ကို ခေါ်ဆောင်သွားခြင်း မရှိခဲ့ပေ။ သူတို့သည် မြို့အရှေ့ပိုင်းရှိ သူဌေးကြီးများ နေထိုင်ရာ အရပ်တွင် ကြီးမားခမ်းနားသော အိမ်တော်ကြီးတစ်လုံးကို ဝယ်ယူခဲ့သော်လည်း ထိုအိမ်တော်ကြီးထဲတွင် ကျန်းမင်အတွက် အခန်းတစ်ခန်းမျှ မရှိခဲ့ပေ။
အကြောင်းမှာ သူတို့သည် ကျန်းမင်ကို မိမိကိုယ်ကိုယ် ဆက်လက် လေ့ကျင့်စေလိုပြီး အောက်တန်းစား အငွေ့အသက်များကို ဖျောက်ဖျက်စေချင်သောကြောင့် ဖြစ်သည်။
သို့မဟုတ်ပါက ဆင်းရဲသားတစ်ဦး၏ ရုတ်တရက် ကြွယ်ဝချမ်းသာလာမှုသည် ကျန့်ဝမ်မြို့တော် စူးမိသားစု၏ မျက်နှာကို အရှက်ရစေမည် ဖြစ်သည်။
ထို့ကြောင့် ကျန်းမင်သည် မိမိ၏ မိဘအရင်းများနှင့် ပြန်လည် ဆုံတွေ့ခဲ့ရသော်လည်း ဆုံတွေ့ခဲ့ရသည်ဟု မဆိုနိုင်ပေ။ နေ့စဉ် မနက်နှင့် ညနေအချိန်များတွင် စူးမိသားစု၏ လူကြီးနှစ်ဦးကို သွားရောက် ဂါရဝပြုရသည်မှတစ်ပါး သူ၏ အရာရာတိုင်းသည် ယခင်က အတိုင်းသာ ရှိနေခဲ့သည်။
သူသည် မွေးစားမိဘများနှင့်အတူ ဆက်လက် နေထိုင်ပြီး ၊ နေ့စဉ် ဆိပ်ကမ်းဂိုဏ်းတွင် အလုပ်ကြမ်းလုပ်ရင်း ရရှိလာသော လစာငွေ အနည်းငယ်ဖြင့် မွေးစားမိဘများကို လုပ်ကျွေးနေရဆဲပင်။
သူသည် စူးမိသားစုထံမှ ငွေတစ်ပြားတစ်ချပ်မျှ မရရှိခဲ့ချေ။ အလားတူပင် စူးမိသားစုသည်လည်း သူ၏အမည်ကို လူသိရှင်ကြား ထုတ်ဖော်ကြေညာခြင်း မရှိခဲ့ပေ။