← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း(၂)

ထိုအိမ်တော်ကြီးထဲရှိ အစေခံများသာလျှင် နေ့စဉ် စုတ်ပြတ်သတ်နေသော အဝတ်အစားများကို ဝတ်ဆင်ကာ သွားလာနေသော လူငယ်လေးသည် သူတို့၏ သခင်လေးဖြစ်ကြောင်း သိကြပေသည်။

သို့သော်လည်း ထိုမျှသာမကဘဲ ကျန်းမင်သည် ထိုအိမ်တော်ကြီးအတွင်း၌ မိဘအရင်းများ၏ ငြင်းပယ်ခြင်း၊ အေးစက်စက် ဆက်ဆံခြင်းနှင့် အပြစ်တင် မောင်းထုတ်ခြင်းတို့ကို ခံခဲ့ရသည်။ သူတို့သည် ကျန်းမင်ကို မုန်းတီးကြသည်။

အကြောင်းမှာ သူသည် ပျော့ညံ့သည့်အပြင် လူတကာကို အလျှော့ပေးနှိမ့်ချကာ ဆက်ဆံတတ်သောကြောင့် ဖြစ်သည်။

ဤကဲ့သို့သော လူတစ်ယောက်ကို သူတို့၏ သားအဖြစ် မည်သို့ သတ်မှတ်လို့ရနိုင်မည်နည်း။

သူတို့၏ သားရင်းသည် သူ၏ ညီငယ်ဖြစ်သူ စူးကျင်းကဲ့သို့ပင် ယုံကြည်မှုရှိပြီး မြင့်မြတ်ရမည်၊ သတ္တိရှိရမည်။

စူးမိသားစုသည် ကျန်းမင်ကို ပို့ဆောင်ပြီးနောက် ယောက်ျားလေး တစ်ဦးကို တိတ်တဆိတ် မွေးစားခဲ့ပြီး ကျန်းမင်၏ နေရာတွင် အစားထိုးခဲ့သည်။ ထိုကောင်လေးမှာ စူးကျင်း ဖြစ်ပြီး ၊ ကျန်းမင်သည် ဤအကြောင်းကို စူးကျန့်ဖုန်းနှင့်အတူ ကျန့်ဝမ်မြို့တော်မှ လိုက်ပါလာသော အစေခံတစ်ဦး၏ နှုတ်မှ ကြားသိခဲ့ရခြင်း ဖြစ်သည်။

ထိုကောင်လေး ကြီးပြင်းလာချိန်တွင် အထီးမကျန်စေရန် သူတို့သည် မိန်းကလေး ခုနစ်ဦးကို ထပ်မံမွေးစားခဲ့ပြီး သူ၏ အစ်မများအဖြစ် သတ်မှတ်ပေးခဲ့သည်။ မိသားစုတစ်ခုလုံး၏ အရင်းအမြစ်များကို အကုန်အစင် အသုံးချကာ ထိုကလေးကို မြှောက်စားခဲ့ကြသည်။

သူ၏ ကြီးပြင်းလာမှုသည်လည်း စူးကျန့်ဖုန်း ဇနီးမောင်နှံ၏ မျှော်လင့်ချက်ကို စိတ်မပျက်စေခဲ့ဘဲ အသက်(၂၀) ဖြင့် စွမ်းအင်လမ်းကြောင်း နှစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပြီး အဆင့်(၆) သိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်။

လကိရှိတွင် သူသည် ကျန့်ဝမ်မြို့တော်၏ အတောက်ပဆုံးသော လူငယ်ပါရမီရှင်ဖြစ်ပြီး ၊ သိုင်းလောက၌ တောက်ပလာမည့် ကြယ်ပွင့်တစ်ပွင့်လည်း ဖြစ်ပေသည်။

ထိုသူနှင့် နှိုင်းယှဉ်ပါက ကျန်းမင်သည် လမ်းဘေးရှိ ခွေးအတစ်ကောင်ကဲ့သို့ သိမ်ဖျဉ်းလွန်းလှသည်။

ဤအမှန်တရားကို သိရှိပြီးနောက် ကျန်းမင်သည် စူးမိသားစုသို့ ပြန်ရန် စိတ်ကူးကို စွန့်လွှတ်ခဲ့သည်။ သူသည် ထိုအမည်မသိ စူးမိသားစုနှင့် မထိုက်တန်ပေ။ သူနှင့် ထိုက်တန်သည်မှာ စုန့်ချွင်းမြို့က ဆိပ်ကမ်းဂိုဏ်း၏ သာမန်အလုပ်ကြမ်းသမား တစ်ဦးသာ ဖြစ်ပေသည်။

သူ့တွင် သာမန်မိသားစုတစ်ခု ရှိပြီး မွေးစားမိဘများက သူ့အား အချစ်များအားလုံးကို ပေးသနားခဲ့သည်။ မင်္ဂလာကြေးငွေ စုဆောင်းမိသည့်အချိန်တွင် သူသည် ဘေးအိမ်မှ ဒေါ်လေးလျို၏ သမီးဖြစ်သူ လျိုချွေချွေကို လက်ထပ်တောင်းယူမည် ဖြစ်သည်။ ထို့နောက် သူတို့သည် ဘဝကို အေးချမ်းစွာ ဖြတ်သန်းကြပေတော့မည်။

လက်တွေ့ဘဝသည် သူ တွေးထားသည်နှင့် သိပ်မကွာခြားခဲ့ပေ။ ခြောက်လခန့် ကုန်လွန်ပြီးနောက် စူးကျန့်ဖုန်းနှင့် လျိုယန်တို့သည် နောက်ဆုံးတွင် စိတ်ရှည်မှုအားလုံး ကုန်ဆုံးသွားခဲ့ပြီး စိတ်ပျက်သွားကြသည်။ သူတို့သည် ကျန်းမင်ကို ထားရစ်ကာ ထွက်ခွာသွားကြတော့မည်။

ကျန်းမင်သည် ထိုအိမ်တော်ကြီး၏ တံခါးဝတွင် ရပ်ကာ သူတို့ကို ရိုသေစွာ နှုတ်ဆက်ကန်တော့ခဲ့သည်။ ဤကိစ္စသည် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘေးဒုက္ခဆိုးကြီးမှာမူ ယနေ့ ညနေခင်းချိန်တွင် ကျရောက်လာခဲ့ခြင်း ဖြစ်သည်။

ညနေခင်းအချိန်တွင် ညစာစားပြီးကာစ ကျန်းမင်နှင့် မွေးစားမိဘများသည် အိမ်ရှေ့ဝရန်တာအောက်တွင် အေးမြသော လေညင်းကို ခံယူနေစဉ် ရုတ်တရက် တံခါးခေါက်သံနှင့် ခွေးဟောင်သံများကို ကြားလိုက်ရသည်။ ကျန်းမင်၏ မွေးစားမိခင်သည် တံခါးသွားဖွင့်ရာ ရလဒ်အနေဖြင့် ကျူးကျော်သူ၏ ဓားချက်ဖြင့် ခုတ်ပိုင်းခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့၏။

ကျူးကျော်သူများမှာ လူသတ်သမားများဖြစ်ကြပြီး ၊ သူနှင့် ရင်းနှီးသော လူများလည်း ဖြစ်သည်။ ၎င်းတို့မှာ စူးကျန့်ဖုန်း အိမ်တော်မှ အစေခံနှစ်ဦးဖြစ်ပြီး ၊ ကျန်းမင်သည် သူတို့နှင့် အကြိမ်ပေါင်းများစွာ ဆုံတွေ့ဖူးသည်။

"မြန်မြန်ပြေးတော့... မင်အာ..."

မွေးစားဖခင်သည် လူသတ်သမားနှစ်ဦးကို သူ၏ ခန္ဓာကိုယ်ဖြင့် တားဆီးထားပြီး ၊ ကျန်းမင်အတွက် ထွက်ပြေးရန် အခွင့်အရေးတစ်ခု တိုက်ယူပေးခဲ့သည်။ သူသည် အလွန်ငယ်ရွယ်ပြီး ကိုယ်ခံပညာမှာလည်း မဆိုးလှသော်လည်း သိုင်းပညာရှင်အဆင့်သို့ မဝင်ရောက်သေးချေ။ သို့သော်လည်း ခြံစည်းရိုးကို ကျော်ဖြတ်ကာ ထွက်ပြေးရန်အတွက်မူ ပြဿနာမရှိပေ။

ခြံစည်းရိုးပေါ်မှ ခုန်ချလိုက်သည့် အခိုက်အတန့် တွင် ၊ ချွန်ထက်သော ဓားတစ်ချောင်းသည် မွေးစားဖခင်၏ ရင်ဘတ်ကို ထိုးဖောက်ပြီး သွေးစက်များက ခြံဝင်းအတွင်းသို့ ပေကျံသွားသည်ကို သူ မြင်လိုက်ရသည်။

သူသည် အသက်လုကာ ရူးသွပ်စွာ ထွက်ပြေးခဲ့သော်လည်း နောက်ဆုံးတွင် ဤဘုရားကျောင်းပျက်ကြီးအတွင်း၌ ဖမ်းဆီးခံခဲ့ရသည်။

အဆုံးတွင် သူ သေဆုံးသွားခဲ့ရသည်။

ဓားဒဏ်ရာ (၁၈)ချက်နှင့်အတူ နံရိုးတော်တော်များများ ကျိုးသွားခဲ့သည်။

"တကယ်ကို ဆိုးဝါးတဲ့ ဘဝနောက်ခံပါ့လား..."

ကျန်းမင်သည် သူ့စိတ်ထဲတွင် မှတ်ချက်ပြုလိုက်၏။

သူသာဆိုလျှင်လည်း တောင့်ခံနိုင်မည်မဟုတ်ဘဲ ချက်ချင်း သေဆုံးသွားပေလိမ့်မည်။ ထို့အပြင် ထိုလူသတ်သမား နှစ်ဦးသည် မြေအောက်လောက၏ အဖွဲ့ဝင်များ ဖြစ်မည်မှာ ထင်ရှားသည်။ သူတို့သည် လူသတ်ရုံတင်မကဘဲ အလောင်းကိုပါ မီးရှို့ဖျက်ဆီးရန် ကြံရွယ်နေကြသည်။

အတော်လေး ရက်စက်လှပေသည်။

လက်ရှိတွင် ပြေးစရာလမ်းမရှိတော့ဘဲ သေလမ်းတစ်ခုသာ ရှိတော့သည်။

အကယ်၍...

"စနစ်..."

ကျန်းမင်သည် စိတ်ထဲကနေ အော်ဟစ်ခေါ်ယူလိုက်၏။

[ဒေါင်]

[အဆင့်မြှင့်တင်ရေး စနစ်အား ထည့်သွင်းနေပါသည်... ထည့်သွင်းခြင်း ပြီးဆုံးပါပြီ]

[ ပိုင်ရှင်လို အသစ်ဝင်ရောက်သူများအတွက် လက်ဆောင်ထုပ် ရှိနေသည်ကို စစ်ဆေးတွေ့ရှိရပါသည်... ယခုချက်ချင်း ရယူပါမည်လော]

"မင်း... တကယ်ပဲ ရှိနေတာပဲ..."

ကျန်းမင်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။ဤသည်က ရေနစ်နေသူတစ်ဦးသည် နောက်ဆုံးတွင် မြက်တစ်ပင်ကို ဆွဲကိုင်လိုက်ရသကဲ့သို့ပင်။

"ဖွင့်မယ်..."

[ဒေါင်... ဂုဏ်ယူပါသည်... ပိုင်ရှင်သည် နတ်ဘုရားရှင်သန်ခြင်းကျမ်း နှင့် ကျားငါးကောင် တံခါးပိတ်ဓားသိုင်း ကို ရရှိခဲ့ပါသည်... သတ်ဖြတ်ခြင်း အမှတ် ၁၀၀၀ ရရှိပါသည်]

[နတ်ဘုရားရှင်သန်ခြင်းကျမ်း (၁/၁၀၀)၊ ကျားငါးကောင် တံခါးပိတ်ဓားသိုင်း' (၁/၁၀၀)၊ တောင်ဖြိုလက်သီး (၃၀/၁၀၀)]

ယိုးး...

ဘုရားရေ..

ဤလက်ဆောင်ထုပ်သည် တကယ်ကို အစွမ်းထက်လှပေသည်။

‘ ဒါ ငါ့ကို အသေသတ်သွားတဲ့ ငါ့ညီအစ်ကိုထက်တောင် ပိုကောင်းနေသေးတယ်…’

All Chapters