အခန်း ၅
Vol. 1 Ch. 5
အခန်း(၅)
"မင်းတို့ကို ဘယ်သူ စေခိုင်းတာလဲ..."
ကျန်းမင်၏ အသံမှာ အေးစက်လွန်းသည်။
"မသိပါဘူး..."
အားချိုင်က ပြတ်သားစွာ ဖြေကြားလိုက်သဖြင့် ကျန်းမင်မှာ မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုစဉ် အားချိုင်သည် မြန်မြန်ဆန်ဆန်ပင် ထပ်ပြောလိုက်သည်။
"ကျန့်ဝမ်မြို့တော်ဘက်က လာတဲ့ လျှို့ဝှက်အမိန့်ပါ...ကျွန်တော်တို့လည်း သတ်ဖို့အမိန့်ကို လက်ခံရရှိလို့ အမိန့်အတိုင်း လုပ်ဆောင်ရုံသက်သက်ပါ..."
ထိုသို့ပြောရင်း ၊ အားချိုင်သည် သူ၏ အင်္ကျီလက်ထဲမှ တစ်လက်မပင် မရှည်သော ရှေးဟောင်း ဓားငယ်လေးတစ်လက်ကို ထုတ်ယူလိုက်သည်။ဓား၏ကိုယ်ထည်ပေါ်တွင် ကျန့်ဝမ်မြို့တော် ဟူသော စာလုံးအသေးသုံးလုံးကို ထုဆစ်ထား၏။
"လျှို့ဝှက်အမိန့်ကို အနက်ရောင်ဝတ်စုံနဲ့ လူတစ်ယောက်က ကျွန်တော်တို့ကို ပေးခဲ့တာပါ... သူက ကျန့်ဝမ်မြို့တော်က လူဆိုတာပဲ ကျွန်တော်တို့ သိတယ် ၊ ဘယ်သူလဲဆိုတာကိုတော့ တကယ်ကို မသိတာပါ..."
အားချိုင်သည် အသက်ရှင်သန်ခွင့်ရရန်အတွက် သိထားသမျှ ကိစ္စများကို အိတ်သွန်ဖာမှောက် ပြောပြလေတော့၏။
"အခြား ဘယ်သူတွေ ပါဝင်သေးလဲ..."
ကျန်းမင်က ဆက်လက် မေးမြန်းလိုက်၏။ ဤစစ်ဆင်ရေးအတွက် ကျန့်ဝမ်မြို့တော်သည် ဤကဲ့သို့ အသုံးမဝင်သော လူနှစ်ဦးတည်းကိုသာ စေလွှတ်လိမ့်မည်ဟု သူ မထင်ချေ။
"ပြီးတော့... ပြီးတော့..."
အားချိုင်သည် အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း ကျန်းမင်သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလာသည်ကို မြင်တွေ့လိုက်ရသဖြင့် မတွန့်ဆုတ်ဝံ့တော့ဘဲ
ချက်ချင်းပင် ဖြေကြားလိုက်သည်။
" ပြီးတော့ ငွေကြေးဂိုဏ်းနဲ့ ဆိပ်ကမ်းဂိုဏ်းလည်း ပါပါတယ်... ကျန့်ဝမ်မြို့တော်ဘက်က လူလွှတ်ပြီး သူတို့ကို ဆက်သွယ်ခဲ့ပြီး ကျွန်တော်တို့နှစ်ယောက်ကို ကူညီဖို့ ပြောခဲ့တာပါ..."
"ဒါပေမဲ့ ကျွန်တော်တို့က အကျိုးဆောင်မှုကြီးကို တစ်ယောက်တည်း ရယူချင်တာနဲ့ သူတို့ကို ဖယ်ထုတ်ပြီး အရင်ဆုံး လှုပ်ရှားခဲ့တာပါ..."
ဤနေရာအရောက်တွင် အားချိုင်၏ မျက်လုံးထဲ၌ နောင်တရသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားလေ၏။
ကျန်းမင်ကို သတ်ရသည်မှာ ကြက်တစ်ကောင်ကို သတ်ရသကဲ့သို့ လွယ်ကူလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း နောက်ဆုံးတွင် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ငွေကြေးဂိုဏ်းနှင့် ဆိပ်ကမ်းဂိုဏ်းမှ လူများကို စောင့်ဆိုင်းပြီးမှ အတူတကွ လှုပ်ရှားခဲ့သင့်သည်။
"ငွေကြေးဂိုဏ်း... ဆိပ်ကမ်းဂိုဏ်း..."
ကျန်းမင်သည် တိုးတိုးလေး ရေရွတ်လိုက်၏။
မူလပိုင်ရှင်မှာ မူလက ဆိပ်ကမ်းဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်သော်လည်း ဆိပ်ကမ်းဂိုဏ်းသည်လည်း ဤကိစ္စတွင် ပါဝင်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ငွေကြေးဂိုဏ်းမှာမူ စုန့်ချွင်းမြို့၌ ဆိပ်ကမ်းဂိုဏ်းနှင့် တန်းတူအင်အားစု တစ်ခု ဖြစ်သဖြင့် ပါဝင်ပတ်သက်နေခြင်းက အံ့ဩစရာ မရှိပေ။
အကယ်၍ ဤအစီအစဉ်အတိုင်းသာ ဖြစ်လာခဲ့ပါက မူလပိုင်ရှင်... မဟုတ်ဘူး... မိမိကိုယ်တိုင်ပင်လျှင် သေဘေးမှ လွတ်မြောက်ရန် ခဲယဉ်းပေလိမ့်မည်။
ငွေကြေးဂိုဏ်းအတွင်း၌ အစွမ်းထက်သော ပုဂ္ဂိုလ် အများအပြားရှိပြီး ၊ ဂိုဏ်းချုပ်ကြီး ကျင်းပေါက်မှာ အဆင့်(၇) သခင်ကြီးတစ်ဦး ဖြစ်သည်။ သူခြေတစ်ချက် ဆောင့်လိုက်ရုံဖြင့် စုန့်ချွင်းမြို့ တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
[ T/N - အဆင့်(၉)က အခြေခံအဆင့်ပါ ၊ ပြီးမှ အဆင့်(၈) အဆင့်(၇)ဆိုပြီး အဆင့်တတ်မှာပါ]
ဆိပ်ကမ်းဂိုဏ်းမှာမူ စုန့်ချွင်းမြို့ရှိ ဌာနခွဲတစ်ခုမျှသာ ဖြစ်သဖြင့် ငွေကြေးဂိုဏ်းထက် အားနည်းသော်လည်း၊ သို့သော် အဆင့်(၇) ကနဦးအဆင့်ရှိသော သခင်တစ်ဦး ရှိနေသဖြင့် ၎င်းတို့၏ အင်အားကို အထင်သေးလို့မရပေ။
ကံကောင်းထောက်မစွာဖြင့် ဤခွေးနှစ်ကောင်သည် မိမိသဘောနှင့်မိမိ လှုပ်ရှားခဲ့ကြသည်။ ထို့ကြောင့်သာလျှင် သူ့အတွက် အသက်ရှူရန် အခွင့်အရေးတစ်ရပ် ရရှိခဲ့ခြင်းပင် ဖြစ်သည်။
"နောက်ဆုံးမေးခွန်း... စူးကျန့်ဖုန်းတို့ ဇနီးမောင်နှံက မင်းတို့ရဲ့ လှုပ်ရှားမှုကို သိလား..."
ကျန်းမင်သည် အဓိက အရေးကြီးဆုံး မေးခွန်းကို မေးမြန်းလိုက်သည်။ စူးကျန့်ဖုန်းတို့ ဇနီးမောင်နှံ ထွက်ခွာသွားသည်နှင့် လျှို့ဝှက်အမိန့်သည် ချက်ချင်းဆိုသလို ကျရောက်လာခဲ့သည်။
‘ ဒါက တိုက်ဆိုင်မှုတစ်ခုပဲလား... အရမ်းကို တိုက်ဆိုင်လွန်းတယ်’
အားချိုင်သည် ဤမေးခွန်းကို ကြားလိုက်ရချိန်တွင် သူ၏မျက်နှာပေါ်၌ တုံ့ဆိုင်းသော အရိပ်အယောင်များ ထင်ဟပ်လာပြီး မဝံ့မရဲဖြင့် ဖြေကြားလိုက်သည်။
"ဖြစ်နိုင်တာက... ဖြစ်နိုင်တာက..."
"ပြောစမ်း..."
ကျန်းမင်သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး အထက်စီးမှနေ၍ စိုက်ကြည့်လိုက်သည်။ သူသည် လက်သီးကို ခပ်တင်းတင်း ဆုပ်ထားရာ ၊ ပြင်းထန်သော ဖိအားများသည် ပတ်ဝန်းကျင်၌ ပျံ့နှံ့ထွက်ပေါ်လာလေ၏။
"သိလောက်တယ်..."
အားချိုင်သည် တစ်ဖက်လူ၏ ဖိအားကို မခံနိုင်တော့သဖြင့် အံကြိတ်လျက် ပြောဆိုလိုက်တော့သည်။
ကျန်းမင်၏ အမူအယာမှာ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိချေ။ ဤရလဒ်ကို သူ ကြိုတင် ခန့်မှန်းမိပြီးသား ဖြစ်ပေသည်။
"အိမ်တော်သခင်က အဆင့်(၃) သိုင်းပညာရှင်ကြီးတစ်ဦးပါ... ကျွန်တော်တို့အဖွဲ့ တိတ်တဆိတ် ထွက်ခွာလာတာ သူ့ရဲ့ မျက်စိအောက်ကနေ ဘယ်လိုမှ မလွတ်နိုင်ပါဘူး…”
“ ကျွန်တော်တို့ကို မဟန့်တားခဲ့ဘူးဆိုကတည်းက သူ သိနေတယ်ဆိုတာ ထင်ရှားပါတယ်..."
အားချိုင်က ရှင်းပြလိုက်၏။
သို့သော်လည်း ဤစကားများကို ထုတ်ဖော်ပြောကြားပြီးနောက် ၊ အားချိုင်၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။
စူးကျန့်ဖုန်းသည် ဤမျှအထိ ရက်စက်တတ်လိမ့်မည်ဟု သူ ထင်မှတ်မထားချေ။ ဤကိစ္စသည် မွေးစားသားသမီးများက သူ၏ ကွယ်ရာတွင် တိတ်တဆိတ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟုသာ ထင်မှတ်ခဲ့သည်။
မည်မျှပင် ရက်စက်ကြုမ်းကြုတ်ပါစေ ၊ မိမိ၏ သားအရင်းကိုမူ ပြန်မသတ်ကြပေ။ စူးကျန့်ဖုန်းသည် ကျားများထက်ပင် ရက်စက်လွန်းလှသည်။
ထိုအခိုက်အတန့်တွင် သူသည် မိမိ၏ သစ္စာဖောက်မှုကို တွေးတောမိသွားသည်။ အကယ်၍ စူးကျန့်ဖုန်းသာ ဤကိစ္စကို သိရှိသွားမည်ဆိုပါက ၊ သူ့အနေဖြင့် အသက်ရှင်နိုင်ဦးမည်လော။
အဖြေမှာ မဖြစ်နိုင်ပေ။