အခန်း ၆
Vol. 1 Ch. 6
အခန်း(၆) - စောစောက စနောက်ကျီစယ်မိတာပါ
"သခင်လေး... ပြောသင့်တာရော မပြောသင့်တာရော ကျွန်တော် အကုန်ပြောပြီးပြီ..."
" ကျွန်တော့်ကို သွားခွင့်ပြုနိုင်မလားဟင်..."
အားချိုင်၏ မျက်နှာပေါ်တွင် ဖားယားသော အပြုံးတစ်ခု ရှိနေသော်လည်း ၊ သူ၏ မျက်လုံးထဲ၌ သတိအပြည့်ရှိနေကာ လက်သည် ဓားရိုးပေါ်သို့ တိတ်တဆိတ် ရောက်ရှိနေပြီ ဖြစ်၏။
"သေချာတာပေါ့... ငါ မင်းကို အခုပဲ လိုက်ပို့ပေးမယ်”
ကျန်းမင်၏ မျက်နှာပေါ်တွင်လည်း နူးညံ့သိမ်မွေ့သော အပြုံးတစ်ခု ရှိနေသည်။ မူလပိုင်ရှင်သည် စူးအိမ်တော်မှ လူများကို တွေ့တိုင်း ပြသလေ့ရှိသော နွေးထွေးပြီး အန္တရာယ်မရှိသည့် အပြုံးတစ်ခုပင် ဖြစ်၏။
သို့သော်လည်း..
ချွင်...
အားချိုင်သည် ဓားကို တစ်ဝက်လောက် ဆွဲထုတ်ပြီးချိန်တွင် ကျန်းမင်သည် သူ့ခေါင်းကို ခုတ်ချလိုက်လေ၏။
အားချိုင်၏ လှုပ်ရှားမှုသည် မြန်ဆန်သော်လည်း သို့သော် ကျန်းမင်၏ လှုပ်ရှားမှုက ပို၍ မြန်ဆန်သည်။
အနီရောင် သွေးစက်များသည် နေရာအနှံ့ ပေကျံသွားပြီး ၊ ဦးခေါင်းမရှိသော အလောင်းကောင်သည် ဖြည်းညင်းစွာ လဲကျသွားလေတော့၏။
[သတ်ဖြတ်ခြင်းအမှတ် +၁၀၀]
ကျန်းမင် တစ်ဦးတည်းသာ မြင်တွေ့နိုင်သော စနစ်မျက်နှာပြင်ပေါ်ရှိ စာသားများကို ကြည့်ရင်း ၊ ကျန်းမင်တစ်ယောက် ကျေနပ်သွားကာ သူ့လက်သီးကို ပြန်ရုပ်သိမ်းလိုက်သည်။
"သ... သခင်လေး..."
ဖြန်း...
[သတ်ဖြတ်ခြင်းအမှတ် +၁၀၀]
အားဝမ်၏ ရင်ဘတ်သည် ထပ်မံ တိုက်ခိုက်ခံလိုက်ရသဖြင့် သူ၏မျက်လုံးများမှာ မကျေမနပ်ဖြင့် မှိတ်လိုက်ရလေတော့သည်။
ကျန်းမင်သည် ၎င်းတို့နှစ်ဦး၏ ခန္ဓာကိုယ်ပေါ်မှ ငွေသားအနည်းငယ်ကို ရှာဖွေတွေ့ရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် ထိုသတ်ဖြတ်ခြင်း အမိန့်ပြားနှင့် ဓားတစ်လက်ကိုပါ ယူဆောင်လျက် ဘုရားကျောင်းပျက်ကြီးအတွင်းမှ တစ်ကိုယ်တည်း ထွက်ခွာလာခဲ့၏။
မိုးတိမ်များကင်းစင်သွားပြီးနောက်၊ ကောင်းကင်ယံရှိ လမင်းကြီးသည် ထိန်လင်းစွာ တောက်ပလျက် ရှိသည်။
ကျန်းမင်သည် တောင်ပေါ်ရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် ရပ်ကာ ဝေးလံသော စုန့်ချွင်းမြို့ကြီးကို ငေးကြည့်နေမိသည်။
ယနေ့ညတွင် မြို့အတွင်း၌ အလွန် စည်ကားနေပြီး ၊ မီးအိမ်များကို ချိတ်ဆွဲထားသည်မှာ ညကောင်းကင်ယံရှိ ကြယ်ပွင့်ကလေးများလိုပင် ထင်မှတ်ရသည်။
"ဟမ်..."
"စိတ်ချ... မင်းရဲ့ ရန်ကြွေးကို ငါ ကိုယ်တိုင် ဆပ်ပေးမယ်..."
"ကျန့်ဝမ်မြို့တော်ပဲဖြစ်ဖြစ်၊ ငွေကြေးဂိုဏ်းနဲ့ ဆိပ်ကမ်းဂိုဏ်းပဲဖြစ်ဖြစ် တစ်ယောက်မှ မလွတ်စေရဘူး..."
တောင်ပေါ် လေညင်းတစ်ချက် တိုက်ခတ်သွားပြီး ၊ ကျန်းမင်၏ မျက်လုံးများသည် တောက်ပစွာဖြင့် ရှ်ိနေသည်။
စနစ် ရှိနေသရွေ့ တစ်နှစ် သို့မဟုတ် လအနည်းငယ်အတွင်း သူသည် သေချာပေါက် ပြန်လာကာ အားလုံးကို သတ်ဖြတ်နိုင်မည်ဟု ယုံကြည်သည်။
ယခုအချိန်တွင်မူ ၊ သူသည် ထွက်ပြေးပေတော့မည်။
သူ၏ ပုံရိပ်သည် တောအုပ်၏ အနက်ရှိုင်းဆုံးဆီသို့ တိုးဝင်သွားပြီး တစ်ချိန်တည်းမှာပင် စိတ်ထဲကနေ ရေရွတ်လိုက်သည်။
"စနစ်... အမှတ်မြှင့်တင်မယ်... အမှတ်အားလုံးကို ကျားငါးကောင် တံခါးပိတ်ဓားသိုင်းပေါ်မှာ ထည့်သုံးလိုက်..."
လက်သီးနှင့် ခြေထောက်များက အသုံးဝင်သော်လည်း စစ်မှန်သော ခွန်အားမှာ ဓားသိုင်းပေါ်တွင်သာ မူတည်သည်။
[ဒေါင်... အမှတ်မြှင့်တင်ခြင်း အောင်မြင်ပါသည်... ကျားငါးကောင် တံခါးပိတ်ဓားသိုင်း (၈/၁၀၀)]
ဝီ...
ထိုအခိုက်အတန့်တွင် ကျားငါးကောင် တံခါးပိတ်ဓားသိုင်းကို ကျင့်ကြံခဲ့သော အတွေ့အကြုံများနှင့် အချက်အလက်များစွာသည် ကျန်းမင်၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများသည်လည်း ပို၍ တောင့်တင်း ထင်ရှားလာကာ ၊ လက်ဖဝါးပေါ်တွင်လည်း ထူထဲသော အသားမာများ ဖြစ်ပေါ်လာခဲ့သည်။
သူသည် ဓားသိုင်းကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော ဓားသမားတစ်ဦးလိုပင်။
ချွင်...
လက်ထဲရှိ ဓားရှည်သည် ဓားအိမ်မှ ထွက်ပေါ်လာပြီး ၊ ၎င်း၏ ပြင်းထန်သော အရှိန်အဝါကို ထုတ်ဖော်ပြသခဲ့သည်။
"ရားး..."
ကျန်းမင်သည် အော်ဟစ်လိုက်ပြီး ဓားရှည်ကို အလျားလိုက် ခုတ်ပိုင်းလိုက်သည်။
အက်ကွဲသံ...
ပန်းကန်လုံး တစ်လုံးလောက် ထူသော သစ်ပင်နှစ်ပင်ကို ဓားတစ်ချက်တည်းဖြင့် ခုတ်ထစ်ပစ်ခဲ့သည်။ ဖြတ်တောက်ထားသည်မှာ အလွန်ပင် ညီညာလှပေသည်။
"ကြည့်ရတာ ဝမ်ယွီယန်ရဲ့ မှတ်ချက်က မမှားပါဘူးပဲ.... ယောင်ပေါ်တန် ရဲ့ ကျားငါးကောင် တံခါးပိတ်ဓားသိုင်းက သိုင်းကွက်အချို့ ပျောက်ဆုံးသွားခဲ့ရလို့ သူ့ရဲ့စွမ်းအားက ကျဆင်းသွားခဲ့ရတာပဲ…”
“ ပြီးတော့ ယောင်ပေါ်တန်ရဲ့ အတွင်းအားကလည်း အနည်းငယ် အားနည်းနေတာကြောင့် ဒီဓားသိုင်းရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိခဲ့တာပဲ...."
"ဒီအချက်တွေအားလုံးကို ဆက်စပ်ကြည့်ရင် နောက်ဆုံးမှာ ပေါင်ပုထုံကို ရှုံးနိမ့်သွားခဲ့ရတာကလည်း နားလည်လို့ရပါတယ် ..."
"ဒါပေမဲ့ စနစ်က ပေးတဲ့အရာကတော့ ပြီးပြည့်စုံတဲ့ ကျားငါးကောင် တံခါးပိတ်ဓားသိုင်း ဖြစ်ပြီး နတ်ဘုရားရှင်သန်ခြင်းကျမ်းရဲ့ အထောက်အပံ့လည်း ရှိနေတော့ အတွင်းအား ချို့တဲ့မှုကို ဖြည့်ဆည်းပေးနိုင်တယ်…”
“ဒီဓားသိုင်းက အနည်းဆုံးတော့ အဆင့်(၇) အောက်က လူတွေကို အနိုင်ယူနိုင်တယ်..."
ကျန်းမင်သည် ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး ၊ သူ၏ ပုံရိပ်သည် တောအုပ်အတွင်းသို့ ပျောက်ကွယ်သွားလေတော့၏။
တစ်ချိန်တည်းမှာပင် လူရိပ် ဆယ်ယောက်ခန့်သည် မြို့ပြင်ရှိ ဘုရားကျောင်းပျက်ကြီးအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
"ဒုက္ခပါပဲ... အားလုံးရှုပ်ကုန်ပြီ..."
ငွေကြေးဂိုဏ်း၏ ရှဲ့သခင်သည် မြေပြင်ပေါ်ရှိ အလောင်းနှစ်လောင်းကို မြင်ပြီးနောက် သူ၏ မျက်နှာအမူအယာမှာ အတော်လေး ကြည့်ရဆိုးနေခဲ့သည်။
အချိန်အနည်းငယ်မျှ နောက်ကျသွားခြင်း ဖြစ်သော်လည်း ၊ ဤနှစ်ယောက်သည် အလောင်းကောင်များ ဖြစ်သွားခဲ့ကြပြီ ဖြစ်ရာ ဤကိစ္စကို ကျန့်ဝမ်မြို့တော်သို့ မည်သို့ ရှင်းပြရတော့မည်နည်း။
ဤသည်မှာ မထိုက်တန်သော ကပ်ဘေးကြီးတစ်ခု ဖြစ်ပြီး ၊ သူတို့ထံ၌ အဘယ့်ကြောင့် ဤသို့ ဖြစ်လာရသနည်း။