အခန်း ၇
Vol. 1 Ch. 7
အခန်း(၇)
ဆိပ်ကမ်းဂိုဏ်း၏ နောက်ထပ် အကြီးအကဲတစ်ဦး ဖြစ်သော မာချွမ်းသည် အလောင်းကို လှန်လှောကြည့်ရှုကာ ၊ အလောင်းပေါ်ရှိ ဒဏ်ရာများကို စစ်ဆေးလိုက်သည်။
"တောင်ဖြိုလက်သီးသိုင်း..."
မာချွမ်းနှင့် အခြားသူများသည် အားဝမ်နှင့် အားချိုင်တို့မှာ ဆိပ်ကမ်းဂိုဏ်း၏ တောင်ဖြိုလက်သီးသိုင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ပြီး ၊ ထို့အပြင် လက်သီးတစ်ချက်တည်းဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားကြသည်။
"ဘာ..."
"ဆိပ်ကမ်းဂိုဏ်း... မင်းတို့ အတော်လေး ရဲတင်းလှချေလား..."
ရှဲ့သခင်မှာ အံ့အားသင့်သွားပြီး ၊ တစ်ချိန်တည်းမှာပင် ငွေကြေးဂိုဏ်း၏ တပည့်များက ဓားများကို ဆွဲထုတ်လိုက်ကြကာ ဆိပ်ကမ်းဂိုဏ်း၏ တပည့်များထံသို့ ချိန်ရွယ်လိုက်ကြသည်။
"နေဦး... မင်းက ဘာတွေ အရူးထနေတာလဲ..."
မာချွမ်းက အော်ဟစ်လိုက်၏။
သူသည် ရှဲ့သခင်၏ အတွေးကို ကောင်းကောင်းကြီး သိသည်။ ကျန့်ဝမ်မြို့တော်မှ လူများ သေဆုံးသွားခဲ့ရပြီ ဖြစ်သဖြင့် သူသည် အပြစ်ပုံချရမည့် လူတစ်ဦးကို ရှာဖွေနေခြင်း ဖြစ်သည်။
သူတို့ ငွေကြေးဂိုဏ်းသည် ဤအပြစ်ကို မခံယူနိုင်သဖြင့် ဆိပ်ကမ်းဂိုဏ်း၏ ခေါင်းပေါ်သို့ ပုံချကာ စွပ်စွဲလိုက်ခြင်းပင်။
သို့သော်လည်း သူ မာချွမ်းသည် ဆိပ်ကမ်းဂိုဏ်းကို ဤအပြစ်အတွက် ခံယူခိုင်းမည် မဟုတ်ချေ။
"ရှဲ့သခင်... ဒီကျန့်ဝမ်မြို့တော်က လူနှစ်ယောက်က တောင်ဖြိုလက်သီးနဲ့ သေဆုံးခဲ့ရတာ မှန်ပေမဲ့ ကျုပ်တို့ ဆိပ်ကမ်းဂိုဏ်းကလူတွေ လုပ်တာတော့ လုံးဝ မဟုတ်ဘူး..."
"ဖုန်း ဒုတိယသခင်ကြီးက ကြိုတင်ပြီး ညွှန်ကြားထားပြီးသား... ဒီနေ့ ကျုပ်ရဲ့ ဂိုဏ်းသား ညီအစ်ကိုတွေအားလုံးက ဌာနခွဲအတွင်းမှာပဲ ရှိနေကြပြီး ဘယ်သူမှ အပြင်ကို မထွက်ခဲ့ကြဘူး..."
"မင်းက ဒီအပြစ်ကို ကျုပ်တို့ ဆိပ်ကမ်းဂိုဏ်းခေါင်းပေါ် ပုံချဖို့ ကြံနေရင်တော့ ဒါဟာ အိပ်မက်မက်နေတာပဲ..."
ဤစကားကို ကြားလိုက်ရချိန်တွင် ရှဲ့သခင်မှာ မျက်မှောင်ကြုတ်သွားသည်။ ဖုန်း ဒုတိယသခင်ကြီးက ဤမျှအထိ လုပ်ဆောင်ထားလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
ထိုအတိုင်းသာဆိုလျှင်ဖြင့် ရေညစ်များကို ဤဆိပ်ကမ်းဂိုဏ်းပေါ်သို့ ပုံချရန် မဖြစ်နိုင်တော့ပေ။
ဤအချက်ကို တွေးတောမိပြီးနောက် ရှဲ့သခင်၏ မျက်နှာပေါ်တွင် ပြေပြစ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"အကြီးအကဲမာ... ဘာလို့ ဒီလောက်တောင် စိတ်ဆိုးနေရတာလဲ..."
"စောစောက စနောက်ကျီစယ်မိရုံလေးပါ”
"ဟားဟားဟား..."
ရှဲ့သခင်သည် လက်ဝှေ့ယမ်းပြလိုက်ရာ ငွေကြေးဂိုဏ်း၏ တပည့်များသည်လည်း ၎င်းတို့၏ ဓားများကို ပြန်ရုတ်သိမ်းလိုက်ကြတော့သည်။
"ဒါပေမဲ့..."
သူ၏ လေသံမှာ ချက်ချင်း ပြောင်းလဲသွားပြီး ဆိုလေ၏။
"ကျန့်ဝမ်မြို့တော်ရဲ့ တမန်တော်နှစ်ဦးက တောင်ဖြိုလက်သီးနဲ့ သေဆုံးခဲ့ရတာကလည်း အမှန်တရားပဲ... မင်းတို့ဘက်ကရာ ဘာပြန်ရှင်းပြချင်လဲ..."
"ကျုပ်သိရသလောက်တော့ အဲ့ကျန်းမင်က သိုင်းအဆင့်မရှိတဲ့ အောက်ခြေလူတန်းစားလေးပဲ….တောင်ဖြိုလက်သီးသိုင်းနဲ့ အဆင့်(၉) ကနဦးအဆင့် သိုင်းပညာရှင်နှစ်ဦးကို ရိုက်သတ်နိုင်ဖို့ကတော့ လုံးဝ မဖြစ်နိုင်ဘူး..."
ထိုစကားကိုကြားတော့ မာချွမ်းတစ်ယောက် မျက်မှောင်ကြုတ်သွားသည်။ သူ၏ စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
‘ ငါ့ ဆိပ်ကမ်းဂိုဏ်းထဲမှာ သစ္စာဖောက် ရှိနေတာလား... သူက ကျန်းမင်ကို ကယ်ထုတ်သွားတာလား…’
သို့သော်လည်း သူသည် ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"ဒီကိစ္စကို ကျုပ် ကိုယ်တိုင် ဂိုဏ်းချုပ်ကို ရှင်းပြပါ့မယ်... အခု အရေးကြီးဆုံးကတော့ လူလွှတ်ပြီး ကျန်းမင်ကို ရှာဖွေဖို့ပဲ”
"မဟုတ်ရင် ကျန့်ဝမ်မြို့တော်ဘက်က အပြစ်တင်လာခဲ့ရင် မင်းတို့ ငွေကြေးဂိုဏ်းရော ကျုပ်တို့ ဆိပ်ကမ်းဂိုဏ်းပါ ကောင်းကျိုးခံစားရမှာ မဟုတ်ဘူး..."
မာချွမ်းသည် အကြောင်းအရာကို တမင်တကာ ပြောင်းလဲလိုက်ရာ ရှဲ့သခင်သည်လည်း အတင်းအကျပ် မပြောတော့ချေ။ အကြောင်းမှာ မာချွမ်း ပြောသလိုပင် ကျန်းမင်ကို မဖမ်းဆီးနိုင်ပါက ၊ သူတို့အနေဖြင့် ကျန့်ဝမ်မြို့တော်သို့ မည်သို့မျှ ရှင်းပြနိုင်မည် မဟုတ်ချေ။
"ချက်ချင်းပဲ တပည့်အားလုံးကို ဖြန့်ကျက်လိုက်.... ဒီဘုရားကျောင်းကို ဗဟိုပြုပြီး မိုင်နှစ်ဆယ်အတွင်း သေချာ ရှာဖွေကြစမ်း..."
"ပြီးတော့ မြို့ထဲက တပည့်တွေကိုလည်း အကြောင်းကြားလိုက်... စုန့်ချွင်းမြို့ကနေ ထွက်ခွာမယ့် လမ်းကြောင်းအားလုံးကို ချက်ချင်း ပိတ်ဆို့ခိုင်းလိုက်... လမ်းမကြီးပဲဖြစ်ဖြစ် လမ်းကြားပဲဖြစ်ဖြစ် အကုန်လုံးကို ပိတ်ဆို့ထားလိုက်..."
ရှဲ့သခင်က ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
"ကျုပ် ဆိပ်ကမ်းဂိုဏ်းကလည်း လျန်ကျန်းမြစ်ကြောင်းကို ချက်ချင်း ပိတ်ဆို့လိုက်ပါ့မယ်..."
မာချွမ်းကလည်း သူ၏ သဘောထားကို ချက်ချင်း ထုတ်ဖော်ပြသလိုက်သည်။
မကြာမီအချိန်အတွင်းမှာပင် စုန့်ချွင်းမြို့အတွင်းနှင့် မြို့ပြင်တို့တွင် တင်းမာသော လေထုများဖြင့် လွှမ်းခြုံသွားခဲ့သည်။
နေရာအနှံ့အပြားတွင် ငွေကြေးဂိုဏ်းနှင့် ဆိပ်ကမ်းဂိုဏ်းတို့၏ တပည့်များကို မြင်တွေ့နိုင်ပြီး ၊ သူတို့အားလုံးသည် နေရာတိုင်းတွင် စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေကြသည်။
ချွင်...
ဓားအလင်းတစ်ချက် လင်းလက်သွားပြီး၊ ဦးခေါင်းသုံးလုံးသည် အပေါ်သို့ မြှောက်တတ်သွားလေ၏။
ကျန်းမင်သည် ဦးခေါင်းမရှိသော အလောင်းသုံးလောင်းကို ခြုံပုတ်အတွင်းသို့ ဆွဲသွင်းလိုက်သည်။ ဤလူများမှာ သူ သတ်ဖြတ်ခဲ့သည့် (၃၂)ယောက်မြောက် ငွေကြေးဂိုဏ်းနှင့် ဆိပ်ကမ်းဂိုဏ်းတို့၏ တပည့်များပင် ဖြစ်သည်။
သူ၏ သတ်ဖြတ်ခြင်းအမှတ်မှာလည်း ၃၂၀၀ အထိ စုဆောင်းမိခဲ့ပြီး ၊ နောက်ထပ်တစ်ကြိမ် အဆင့်မြှင့်တင်ရန်အတွက် လုံလောက်သည်။
ငွေကြေးဂိုဏ်းသည် လျန်ကျန်းမြစ်သို့ သွားရာလမ်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များနှင့် ပိတ်ဆို့မှုများကို ချထားသဖြင့် ကျန်းမင်သည် သုံးနာရီမျှ အချိန်ယူခဲ့ရပြီး ၊ မိုးသောက်လင်းချိန် ရောက်မှသာ လျန်ကျန်းမြစ်ကမ်းဘေးသို့ ရောက်ရှိနိုင်ခဲ့သည်။
ကျူတောများနှင့် ရေမြက်ပင်များကို ဖြတ်သန်းလာပြီးနောက် ၊ မြစ်ပြင်ပေါ်ရှိ ရှုပ်ယှက်ခတ်နေသော လှေငယ်များကို သူ မြင်တွေ့နိုင်ပြီ ဖြစ်သည်။
"ဆိပ်ကမ်းဂိုဏ်းက ရေလမ်းကြောင်းကိုပါ ပိတ်ဆို့ထားတာပဲ…”