အခန်း ၈
Vol. 1 Ch. 8
အခန်း(၈) - အဆင့်(၈)
ကျန်းမင်၏ မျက်လုံးများမှာ လေးနက်မှု အပြည့်ရှိသည်။ သူသည် လှေငယ်များပေါ်ရှိ မျက်နှာများကြားတွင် ရင်းနှီးနေသော လူရိပ်အချို့ကို ဝေဝေဝါးဝါး မြင်တွေ့နေရသည်။
မူလပိုင်ရှင်မှာ ဆိပ်ကမ်းဂိုဏ်း၏ အလုပ်ကြမ်းသမားလေး ဖြစ်သဖြင့် ဆိပ်ကမ်းဂိုဏ်းမှ လူများနှင့် ပတ်သက်မှု အနည်းငယ် ရှိခဲ့သည်။
သို့သော်လည်း သူသည် ၎င်းတို့ထံသို့ အပြေးအလွှား သွားရောက်ကာ အကူအညီမတောင်းခံရဲချေ။ လူ့သဘာဝသည် စမ်းသပ်မှုကို မခံနိုင်သည်မဟုတ်လော။
ထို့အပြင် သူသည် ဤနေရာသို့ ရောက်ရှိလာကတည်းက သူ၏ ရည်ရွယ်ချက်မှာ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
လျန်ကျန်းမြစ်အတိုင်း စုန်ဆင်းသွားပါက ချီဝူမြို့သို့ ရောက်ရှိမည်ဖြစ်ပြီး ၊ ရေလမ်းဖြင့် တစ်ရက်အတွင်း သွားရောက်နိုင်သည်။ အကယ်၍ အထက်သို့ ဆန်တက်ပြီး ကုန်းလမ်းအတိုင်း သွားပါက လုအန်းမြို့သို့ ရောက်ရှိနိုင်သည်။
ကျန်းမင်သည် ရေလမ်းကြောင်းအတိုင်း သွားလိမ့်မည်ဟု လူတိုင်းက ယူဆထားကြသည်။
အကြောင်းမှာ သူသည် လျန်ကျန်းမြစ်ကမ်းဘေးသို့ ရောက်ရှိရန် ဒုက္ခများစွာကို ရင်ဆိုင်လျက် တပည့် သုံးဆယ့်နှစ်ဦးကို သတ်ဖြတ်ခဲ့သည်။ ထို့အပြင် သူကိုယ်တိုင်လည်း ဆိပ်ကမ်းဂိုဏ်း၏ တပည့်ဖြစ်သဖြင့် ရေလမ်းကြောင်းကို ကျွမ်းကျင်သည်။
သို့သော်လည်း ကျန်းမင်သည် ဆန့်ကျင်ဘက်လမ်းစဉ်ကိုသာ ရွေးချယ်ခဲ့သည်။ သူသည် လျန်ကျန်းမြစ်ကမ်းဘေးမှနေ၍ နောက်သို့ပြန်လှည့်ကာ ကုန်းလမ်းအတိုင်း သွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားကြလိမ့်မည် မဟုတ်ချေ။
ကျန်းမင်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး မည်သူမျှ သူ့ကို မတွေ့ရှိကြောင်း သေချာသည်နှင့် တုံ့ဆိုင်းခြင်းမရှိ လှည့်ထွက်ကာ အခြားလမ်းကြောင်းတစ်ခုသို့ ထွက်ခွာသွားခဲ့သည်။
နာရီဝက်အတွင်းမှာပင် ငွေကြေးဂိုဏ်း၏ တပည့်များသည် အလောင်းသုံးလောင်းကို တွေ့ရှိသွားကြသည်။
……
"ဂိုဏ်းချုပ်... ဒါက လျန်ကျန်းမြစ်ကမ်းဘေးမှာ တွေ့ရတဲ့ တပည့်တွေရဲ့ အလောင်းတွေပါ... ဒီလူသုံးယောက်အပါအဝင် ကျွန်တော်တို့ ငွေကြေးဂိုဏ်းက တပည့် စုစုပေါင်း သုံးဆယ့်နှစ်ယောက်စလုံး ကျန်းမင်ရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ပါတယ်..."
ငွေကြေးဂိုဏ်း၏ တပည့်တစ်ဦးက ကျင်းပေါက်ကို ရိုသေစွာဖြင့် လျှောက်တင်လိုက်သည်။ ရှဲ့သခင်မှာမူ မျက်နှာပျက်လျက် အောက်ထိုင်ခုံတွင် ထိုင်နေလေ၏။
ကျင်းပေါက်၏ အရိပ်အကဲပြမှုကြောင့် သူသည် အလောင်းများဆီသို့ သွားရောက်ကာ စစ်ဆေးကြည့်ရှုလိုက်သည်။
"ဓားချက်က ညီညာတယ်... အားလုံးက ဓားတစ်ချက်တည်းနဲ့ အသက်ပျောက်ခဲ့ရတာပဲ..."
"ဒီဓားသိုင်းက ပြင်းထန်ပြီး လွှမ်းမိုးနိုင်စွမ်းရှိတယ်... တိုက်ခိုက်တဲ့သူက ထက်မြက်တဲ့ ဓားသမားတစ်ယောက် ဖြစ်ရမယ်..."
ရှဲ့သခင်သည် ထိုသို့ပြောပြီးနောက်၊ ကျင်းပေါက်၏ ဘေးတွင် ထိုင်နေသော အရေးကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့် ဆိပ်ကမ်းဂိုဏ်း ဌာနခွဲ၏ ဖုန်းဒုတိယသခင်ကြီးထံသို့ မျက်လုံးဝှေ့ကြည့်လိုက်သည်။
"မျိုးရိုးရှဲ့... မင်း ဒါက ဘာသဘောလဲ..."
ဖုန်း ဒုတိယသခင်ကြီး ဘာမှမပြောရသေးမီ ၊ မာချွမ်းက ချက်ချင်း ထရပ်လိုက်ပြီး ရှဲ့သခင်ကို အော်ဟစ်လိုက်သည်။
"ကျန်းမင်ရဲ့ ထွက်ပြေးတဲ့ လမ်းကြောင်းက လျန်ကျန်းမြစ်ဘက်ကို ဦးတည်နေတာ... နောက်ဆုံးတွေ့ရတဲ့ အလောင်းသုံးလောင်းကလည်း လျန်ကျန်းမြစ်ကမ်းဘေးမှာတင် ရှိနေတယ်.... စောစောက တောင်ဖြိုလက်သီးသိုင်းကိုပါ ထည့်တွက်ရင် မင်းတို့ ဆိပ်ကမ်းဂိုဏ်းက..."
"ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ပြန်မရှင်းပြသင့်ဘူးလား..."
ရှဲ့သခင်၏ လေသံကလည်း အေးစက်ပြီး မာချွမ်းကို မျက်နှာသာမပေးချေ။
"ဘာလဲ... မင်းက ကျုပ်တို့ ဆိပ်ကမ်းဂိုဏ်းထဲကလူက ကွယ်ရာမှာ တိတ်တဆိတ် ကူညီနေတယ်လို့ သံသယဝင်နေတာလား..."
ထိုအချိန်တွင် အထက်ထိုင်ခုံရှိ ဖုန်း ဒုတိယသခင်ကြီးက အေးစက်စက် ပြောဆိုလိုက်သည်။
သူ၏ လေသံသည် တည်ငြိမ်သော်လည်း၊ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပျံ့လွင့်လာခဲ့ရာ ရှဲ့သခင်၏ နဖူးပြင်ပေါ်တွင် ချွေးစေးများပင် စီးကျလာသည်။
"ဟမ့်..."
ကျင်းပေါက်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ရာ ထိုကြောက်မက်ဖွယ်ကောင်းသော ဖိအားများသည် ချက်ချင်းဆိုသလို ပျက်ပြယ်သွားခဲ့ပြီး ၊ ရှဲ့သခင်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
"ဖုန်းဒုတိယသခင်ကြီး... ဒါက ကျုပ် ငွေကြေးဂိုဏ်းရဲ့ နေရာပဲ... မင်း ဒီလို လာပြီး ရိုင်းစိုင်းလို့ မရဘူး..."
ထိုစကားသံအဆုံးတွင် လူရိပ်နှစ်ခုသည် ချက်ချင်းဆိုသလို ခန်းမအလယ်သို့ ရောက်ရှိလာသည်။ ငွေကြေးဂိုဏ်းနှင့် ဆိပ်ကမ်းဂိုဏ်းတို့မှာ မူလကတည်းက ရန်သူများဖြစ်ကြပြီး ၊ ယခုအကြိမ်တွင် ကျန့်ဝမ်မြို့တော်ကြောင့်သာ မတတ်သာဘဲ လက်တွဲခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့် သူတို့နှစ်ဦး၏ ပူးပေါင်းဆောင်ရွက်မှုမှာ ပျက်စီးလွယ်သည်။
ယခုအခါ ကျန့်ဝမ်မြို့တော်မှ လူများ သေဆုံးသွားခဲ့ရပြီး ကျန်းမင်လည်း ထွက်ပြေးသွားခဲ့ပြီ ဖြစ်ရာ ၊ ဖမ်းဆီးနိုင်သည်ဖြစ်စေ မဖမ်းဆီးနိုင်သည်ဖြစ်စေ အပြစ်ပုံချစရာ လူတစ်ဦးကို ရှာဖွေထားခြင်းက အကောင်းဆုံးပင် ဖြစ်သည်။
ပဋိပက္ခသည် ချက်ချင်း ဖြစ်ပွားလေတော့သည်။
ချွင်...
အေးစက်စက် အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ကျင်းပေါက်သည် ခါးတွင် ချိတ်ဆွဲထားသော ရတနာဓားကို တိုက်ရိုက် ဆွဲထုတ်လိုက်သည်။
ရွှမ်း...
ဓားတစ်ချက် ခုတ်ပိုင်းလိုက်ရာ ဓား၏ အရှိန်အဝါသည် ဖုန်းဒုတိယသခင်ကြီးကို လွှမ်းခြုံသွားပြီး ခန်းမတစ်ခုလုံးကို လင်းထိန်သွားစေသည်။
"ရားး... ရာ..."
ဖုန်း ဒုတိယသခင်ကြီးသည် ရှောင်တိမ်းခြင်းမရှိဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများမှာ ဖောင်းကြွလာပြီး ၊ လက်မောင်းပေါ်ရှိ အရေပြားများသည် မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားကာ သံမဏိကဲ့သို့ မာကျောသည်။
သူ၏ လက်ငါးချောင်းကို ဖြန့်ကာ တစ်ဖက်လူ၏ ဓားနှင့် ထိပ်တိုက် တွေ့ဆုံခဲ့ပြီး ၊ ကျင်းပေါက်၏ ဓားအလင်းကို အကုန်အစင် ဖျက်ဆီးပစ်လိုက်၏။
ဒုန်း ဒုန်း...
နှစ်ယောက်စလုံး နောက်သို့ ခြေတစ်လှမ်းစီ ဆုတ်ခွာသွားကြသည်။ ကျင်းပေါက်မှာ အံ့အားသင့်သွားပုံရသည်။
"မင်း... အဆင့်တက်သွားပြီလား…”