← Chapters

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉

Vol. 1 Ch. 9

အခန်း(၉)

သူသည် အလတ်အလတ်အဆင့်ရှိ အဆင့်(၇) သိုင်းပညာရှင်တစ်ဦး ဖြစ်ပြီး ဖုန်း ဒုတိယသခင်ကြီးမှာမူ အဆင့်(၇) ကနဦးအဆင့်တွင်သာ ရှိသေးသဖြင့် ဤတိုက်ပွဲတွင် သူ နိုင်မည်ဟု ယုံကြည်ထားခဲ့သည်။

သို့သော် စောနက လက်ရည်ဖလှယ်မှုတွင် ဖုန်း ဒုတိယသခင်ကြီး၏ ခွန်အားသည် သူ့ထက် မနိမ့်ပါးကြောင်း သိရှိလိုက်ရသည်။ တစ်ဖက်လူသည် အဆင့်တက်သွားခြင်း သို့မဟုတ် အဆင့်တတ်တော့မည် အခြေအနေတွင် ရှိနေခဲ့သည်။

"ဟမ်.."

ဖုန်း ဒုတိယသခင်ကြီးသည် ကျင်းပေါက်၏ အမေးကို ပြန်လည်ဖြေကြားခြင်းမရှိဘဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။

"ငါ နောက်ဆုံးအကြိမ် ပြောမယ်... ဆိပ်ကမ်းဂိုဏ်းက ကျန်းမင်ကို ကူညီပေးခဲ့တာမျိုး တစ်ခါမှ မရှိဖူးဘူး ..."

"တကယ်လို့ မင်းတို့ထဲက ဘယ်သူမဆို ဆိပ်ကမ်းဂိုဏ်းပေါ်ကို ရေညစ်တွေ ထပ်ပြီး လောင်းဖို့ ကြံနေသေးရင် ငါ ဖုန်းဆိုတဲ့လူက လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး..."

ဖုန်း ဒုတိယသခင်ကြီးသည် အင်္ကျီလက်ကို ခါထုတ်လိုက်ပြီး လှည့်ထွက်သွားသည်နှင့် ၊ ဆိပ်ကမ်းဂိုဏ်းမှ တပည့်များသည်လည်း တစ်ဦးပြီးတစ်ဦး နောက်ကနေ လိုက်ပါသွားကြတော့သည်။

ငွေကြေးဂိုဏ်းမှ ထွက်ခွာလာပြီးနောက် ဖုန်း ဒုတိယသခင်ကြီးသည် မာချွမ်းကို ချက်ချင်း ခေါ်ယူလိုက်သည်။

"မာအကြီးအကဲ... မင်း ချက်ချင်းပဲ လူခေါ်ပြီး ဂိုဏ်းထဲက ဓားသမားတွေကို လျှို့ဝှက် စုံစမ်းစမ်း... တကယ်လို့ ထူးခြားတာ တွေ့ရင် ချက်ချင်း ရှင်းပစ်လိုက်..."

"ဂိုဏ်းချုပ်... တကယ်ပဲ အဲ့လိုသံသယဝင်နေတာလား..."

"အင်း... ကျန်းမင်က ဆိပ်ကမ်းဂိုဏ်းရဲ့ သာမန်အလုပ်ကြမ်းသမားပဲ ၊ သူက ဓားသိုင်း လုံးဝ မတတ်ဘူး... အလောင်းပေါ်က ဒဏ်ရာတွေကို ကြည့်ရင် ဓားသိုင်းကို နှစ်ပေါင်းများစွာ မကျင့်ကြံဖူးတဲ့သူဆိုရင် ဒီလိုလုပ်နိုင်ဖို့ မဖြစ်နိုင်ဘူး..."

"ဟုတ်..."

မာချွမ်းသည် နားလည်သွားပြီး ၊ ချက်ချင်းလက်ငင်း မိမိယုံကြည်ရသော လူအချို့ကို ခေါ်ဆောင်ကာ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လုအန်းမြို့သို့ သွားရာ တောင်လမ်းဘေးရှိ ခြုံပုတ်တစ်ခုအတွင်း၌။

"စနစ်... အမှတ်မြှင့်တင်မယ်..."

"တစ်ဝက်ကို နတ်ဘုရားရှင်သန်ခြင်းကျမ်းပေါ် မြှင့်တင်ပြီး ကျန်တစ်ဝက်ကို ကျားငါးကောင် တံခါးပိတ်ဓားသိုင်းပေါ်မှာ မြှင့်တင်မယ်..."

[ဒေါင်... အမှတ်မြှင့်တင်ခြင်း အောင်မြင်ပါသည်... သတ်ဖြတ်ခြင်းအမှတ် ၃၂၀၀ ကုန်ဆုံးခဲ့ပါသည်]

[ နတ်ဘုရားရှင်သန်ခြင်းကျမ်း (၂၁/၁၀၀)၊ ကျားငါးကောင် တံခါးပိတ်ဓားသိုင်း (၂၃/၁၀၀)]

ဝီ...

ထိုအခိုက်အတန့်တွင် ကျန်းမင်သည် သူ၏ ခန္ဓာကိုယ်ထဲ၌ နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခုကို ခံစားလိုက်ရသည်။ ခန္ဓာကိုယ် တစ်ခုလုံး ပြုတ်ထားသော ပုစွန်ကြီးတစ်ကောင်ကဲ့သို့ နီရဲလာကာ အပူငွေ့များ တလိပ်လိပ် ထွက်ပေါ်လာလေ၏။

ဝုန်း...

ထို့နောက် အတားအဆီးများကို တစ်ခုပြီးတစ်ခု ချိုးဖျက်ပစ်ခဲ့လေသည်။

အဆင့်(၉) အလယ်အလတ်...

အဆင့်(၉) နှောင်းပိုင်း...

……

အဆင့်(၈) ကနဦးအဆင့်...

အဆင့်(၈) သို့ ရောက်ရှိသွားခဲ့ချေပြီ။

ကျန်းမင်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လှစ်လိုက်ပြီး ၊ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ပေါက်ကွဲသံတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ လက်သီးကို အနည်းငယ် ဆုပ်လိုက်ရုံမျှဖြင့် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ ပွက်ပွက်ဆူလျက် ရှိသည်။

" နတ်ဘုရားရှင်သန်ခြင်းကျမ်းက တကယ်ကို ကျော်ကြားမှုနဲ့ ထိုက်တန်တာပဲ ၊ ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်တဲ့အချိန်ကျရင် သွေးကြောတွေကို ဖွင့်ပြီး အဆင့်(၆) သိုင်းပညာရှင်တစ်ဦး ဖြစ်လာနိုင်တယ်..."

"အခုလည်း သန်မာပေမဲ့ နည်းနည်းတော့ လိုသေးတယ်..."

ကျန်းမင်သည် အနည်းငယ်မျှ မကျေမနပ် ဖြစ်နေမိသည်။ လူ ဆိုသည်မှာ ဤကဲ့သို့ပင် ရလေလိုလေ မဟုတ်လော။

သို့သော်လည်း ဤတစ်ကြိမ် မြှင့်တင်မှုသည် ကျားငါးကောင် တံခါးပိတ်ဓားသိုင်း၏ သတ်ဖြတ်နိုင်စွမ်းကို စတင်ပြသလာပြီ ဖြစ်၏။

ယခုအခါ ငွေကြေးဂိုဏ်းမှ လူများ သူတို့၏ ဦးခေါင်းကို လာရောက်ဆက်သရန် သူ မျှော်လင့်နေမိသည်။

"ဟေး..."

"အားလုံးပဲ ဂရုစိုက်ကြစမ်း... ကုန်ပစ္စည်းတွေကို မထိခိုက်စေနဲ့..."

ထိုအချိန်တွင် အဝေးက တောင်လမ်းပေါ်၌ လူတစ်စု ရောက်ရှိလာကြသည်။

ထိုသူများသည် ကိုယ်ရံတော်များကဲ့သို့ ဝတ်ဆင်ထားကြပြီး ၊ အဖွဲ့ခေါင်းဆောင်မှာ အသက် လေးငါးဆယ်ခန့်ရှိသော လူကြီးတစ်ဦးဖြစ်ကာ ခါးတွင် ချင်ကန်းဓားတစ်လက်ကို ချိတ်ဆွဲထားသည်။

ကျန်းမင်သည် ဓားနှင့် ထိုလူကို မှတ်မိလိုက်သည်။ ထိုသူသည် ဟုန်ယွမ်အစောင့်အရှောက်အဖွဲ့၏ ခေါင်းဆောင် လော့ဝူရှဲ့ ဖြစ်သည်။

ဆိပ်ကမ်းဂိုဏ်းတွင် ရှိစဉ်က သူတို့သည် အကြိမ်အနည်းငယ် ဆုံတွေ့ဖူးကြသော်လည်း၊ တစ်ဖက်လူသည် သူ့ကို သိရှိပုံမရချေ။

သူ၏နောက်တွင် လိုက်ပါလာကြသော တပည့်များထဲ၌ ကိုယ်ခန္ဓာ သွယ်လျလှပသော လူငယ်တစ်ဦး ပါဝင်နေသည်။ ၎င်းသည် ယောင်္ကျားလေးအဝတ်အစားကို ဝတ်ဆင်ထားသော်လည်း ကွေးညွတ်နေသော မျက်ခုံးများနှင့် ထင်ရှားလှသော နှာတံတို့က သူမသည် မိန်းကလေးတစ်ဦး ဖြစ်ကြောင်း ထုတ်ဖော်ပြသနေသည်။

သူမသည် ချောမောလှပသော မိန်းကလေးတစ်ဦးပင် ဖြစ်သည်။

ကျန်းမင်သည် လမ်းဘေးတွင် ရပ်နေခဲ့ပြီး အဝတ်အစားများ စုတ်ပြတ်သတ်နေကာ သူတောင်းစားတစ်ဦးကဲ့သို့ ဖြစ်နေသည်။ ထိုလူစုသည် သူ့အနားသို့ ဖြည်းဖြည်းချင်း ရောက်ရှိလာကြသည်။

သို့သော် ထိုလူများသည် ကျန်းမင်ကို မမြင်သလို ဖြတ်သွားကြပြီး ၊ ယောင်္ကျားလေးအဝတ်အစား ဝတ်ဆင်ထားသော ထိုမိန်းကလေး တစ်ယောက်သာလျှင် ရပ်တန့်သွားပြီး ဝိုင်းစက်လှပသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်လာခဲ့သည်။

"ရှင်က ဓားသမားတစ်ယောက်လား..."

ကျန်းမင်က ခေါင်းညိတ်ပြလိုက်သည်။

"ရှင် ဘာလို့ ဒီလိုပုံစံ ဖြစ်နေတာလဲ..."

သူမသည် ကျန်းမင်ကို ကြည့်ရင်း ရှုပ်ထွေးနေပုံရသည်။

All Chapters