← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

အပိုင်း(၁၁) - စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်ခြင်း

လော့ချင်းဟယ်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောဆိုလိုက်သည်။

"ကြေးတစ်ပြားနဲ့ အသက်တစ်ချောင်းကို ဝယ်တာလား..."

"ဒီမှာ တရားမျှတမှု ရှိသေးရဲ့လား..."

ဟူး...

လော့ဝူရှဲ့က သက်ပြင်းတစ်ချက် ချလိုက်လေ၏။

ငွေကြေးဂိုဏ်း၏ အာဏာသည် စုန့်ချွင်းမြို့ကြီး၏ ထက်ဝက်ခန့်ကို လွှမ်းမိုးထားရာ ဆိပ်ကမ်းဂိုဏ်းမှလွဲ၍ မည်သူကများ သူတို့၏ ကိစ္စကို ဝင်ရောက်စွက်ဖက်ရဲမည်နည်း။ အစိုးရမင်းများပင်လျှင် သူတို့ကို မျက်နှာသာပေးထားရသည်။

ဤတရားမျှတမှုသည် မှန်ကန်သည်ဖြစ်စေ မမှန်ကန်သည်ဖြစ်စေ မည်သူကများ လာရောက် တရားစီရင်ပေးနိုင်မည်နည်း။

သို့သော်လည်း လော့ဝူရှဲ့သည် ဤငွေကြေးဂိုဏ်းသားများက တစ်စုံတစ်ယောက်အား ရှာဖွေနေကြသည်ကို သတိပြုမိလိုက်၏။

သူတို့၏ လက်ထဲ၌ ပုံတူပန်းချီကားတစ်ချပ်ကို ကိုင်ဆောင်ထားကြပြီး လမ်းသွားလမ်းလာ တစ်ဦးချင်းစီကို ပုံနှင့်တိုက်ပြီး စစ်ဆေးနေကြပုံအရ ဤလူသည် သူတို့အတွက် အလွန် အရေးကြီးကြောင်း ထင်ရှားသည်။

"ဘေးဒုက္ခ မကြုံပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပဲ..."

လော့ဝူရှဲ့က တိုးတိုးလေး ရေရွတ်လိုက်၏။

မကြာမီအချိန်အတွင်းမှာပင် ငွေကြေးဂိုဏ်းသားများသည် သူတို့၏ အဖွဲ့ဆီသို့ ရောက်ရှိလာပြီး စစ်ဆေးတော့သည်။ တစ်ချိန်တည်းမှာပင် နောက်ကျမှ ရောက်ရှိလာသော ကျန်းမင်သည်လည်း အဖွဲ့၏ နောက်သို့ အမှတ်မထင် ရောက်ရှိလာခဲ့သည်။

သူသည် ငွေကြေးဂိုဏ်းသားများ၏ လက်ထဲရှိ ပုံတူပန်းချီကားကို တန်းပြီး သတိပြုမိလိုက်၏။

"ရှေးခေတ်က ပန်းချီဆရာတွေက စိတ်ကူးနဲ့ ရေးဆွဲတာကိုပဲ အလေးထားပြီး ပုံတူအစစ်ကို အလေးမထားကြဘူး... ကြည့်ရတာ သူတို့ ငါ့ကို မှတိမိမှာ မဟုတ်လောကိဘူး”

သူသည် စိတ်ထဲကနေ ရေရွတ်လိုက်ပြီး ပန်းချီကားဆီသို့ မျက်လုံးအားစိုက်ထည့်ကာ ကြည့်ရှုလိုက်သည်။ တစ်ချက်ကြည့်ရုံမျှဖြင့် သူ့ကို ကြောင်အမ်းသွားစေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုပန်းချီကားပေါ်ရှိ လူသည် သူနှင့် တစ်ပုံစံတည်း မတူသော်လည်း သို့သော် ခုနစ်ပုံ ရှစ်ပုံခန့် တူနေ၏။ သူ့ကို မြင်သည်နှင့် တန်းမှတ်မိသွားနိုင်သည်။

"တောက်... ရှေးခေတ်ပန်းချီတွေက စိတ်ကူးယဉ်ဆန်တယ်လို့ ဘယ်ကောင်ကများ ပြောခဲ့တာတုန်း..."

အခြေအမြစ်မရှိ စွပ်စွဲတတ်သည့်လူများကို စိတ်ထဲကနေ ကျိန်ဆဲလိုက်မိတော့သည်။ သို့သော်လည်း သူသည် ချက်ချင်း လှည့်ထွက်မသွားခဲ့ချေ။ ယခုအချိန်တွင် ရုတ်တရက် လှည့်ထွက်သွားပါက ရန်သူဘက်မှ ရိပ်မိသွားနိုင်သည်။

သူ့အနေဖြင့် အခွင့်အရေးကောင်း တစ်ခုကို ရှာဖွေရမည် ဖြစ်ပြီး ၊ ထိုနည်းလမ်းနှင့် မအောင်မြင်ပါက တိုက်ခိုက်ပြီး ဖြတ်ကျော်ရုံသာ ရှိတော့သည်။ သူ၏ လက်ရှိ အစွမ်းဖြင့် တိုက်ခိုက်မည်ဆိုပါက ဤငွေကြေးဂိုဏ်း၏ အောက်ခြေလူတန်းစား အယောက်နှစ်ဆယ်ခန့်ကို မျက်စိထဲ ထည့်ထားစရာပင် မလိုချေ။

သို့သော် ဤသို့လုပ်ဆောင်ပါက ရန်သူကို အာရုံပြောင်းမည့် မိမိ၏အစီအစဉ်မှာ ပျက်စီးသွားပေလိမ့်မည်။

ထိုစဉ် အဖွဲ့၏ ရှေ့ပိုင်းမှ အငြင်းပွားသံများ ထွက်ပေါ်လာခဲ့၏။

"ငွေကြေးဂိုဏ်းက မိတ်ဆွေတို့... မင်းတို့ ဒါ ဘာသဘောလဲ..."

ကျန်းမင်သည် ဤအသံမှာ ဟုန်ယွမ်အစောင့်အရှောက်အဖွဲ့ ၏ အဖွဲ့ခေါင်းဆောင် လော့ဝူရှဲ့၏ အသံဖြစ်ကြောင်း သိလိုက်သည်။

"ကျုပ်တို့က သွားလာခွင့်အမိန့်ပြားကို ဝယ်ယူထားပြီးသားလေ.... ဘာလို့ ဖြတ်သန်းခွင့်မပြုတာလဲ..."

"ဟမ်..."

ချန်သောသေယ၏ လက်အောက်ခံ တပည့်တစ်ဦးက နှာခေါင်းရှုံ့လျက် ပြက်ရယ်ပြုလိုက်၏။

"ဖြတ်သန်းခွင့်မပြုဘူးဆိုရင် မပြုဘူးပေါ့... ဘာလို့ ဒီလောက်တောင် အမေးအမြန်း ထူနေရတာလဲ..."

"မင်း..."

လော့ဝူရှဲ့မှာ အလွန် ဒေါသထွက်သွားသည်။

သူသည် ဤလမ်းပေါ်တွင် အစောင့်အရှောက်အဖြစ် လုပ်ကိုင်လာခဲ့သည်မှာ အနှစ်သုံးဆယ် ရှိခဲ့ပြီ ဖြစ်သည်။ သူ၏ သိုင်းပညာသည် နဝမအဆင့် အထွတ်အထိပ်အဆင့်တွင်သာ ရှိသေးသော်လည်း လူလေးစားခံရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သို့သော် ယနေ့တွင်မူ အောက်ခြေတန်းစား လူငယ်တစ်ဦး၏ ပြက်ရယ်ပြုခြင်းကို ခံလိုက်ရ၏။ သို့သော် ငွေကြေးဂိုဏ်း၏ အာဏာမှာ ကြီးမားလှသဖြင့် သူ၏ ဟုန်ယွမ်အစောင့်အရှောက်အဖွဲ့အနေဖြင့် ရနိစလို့မဖြစ်ချေ။

သူ့မျက်စိရှေ့က လူငယ်လေးမှာ အဆင့်(၉) အလယ်အလတ် အဆင့်မျှသာ ရှိသေးပြီး၊ ပုံမှန်အတိုင်းသာဆိုပါက လော့ဝူရှဲ့အနေဖြင့် သူ့လိုလူတစ်ယောက်ကို မျက်စိထဲ ထည့်နေမည် မဟုတ်ချေ။

သို့သော် ယခုအခါတွင်မူ ၊

"မင်းတို့ ဘာလိုချင်တာလဲ... ပွင့်ပွင့်လင်းလင်း ပြော...."

လော့ဝူရှဲ့က ဒေါသကို ထိန်းချုပ်လျက် တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

ဤငမိုက်သားများသည် ငွေကို ပို၍ လိုချင်ရုံသာ ဖြစ်ပေလိမ့်မည်။ ယနေ့တွင်မူ ငွေကုန်ကြေးကျခံလျက် ပြသနာများကို ရှောင်ကွင်းရုံသာ ရှိတော့သည်။

သို့သော် ထိုလူငယ်၏ အကြည့်သည် လော့ဝူရှဲ့ကို ရှောင်လွဲကာ သူ့နောက်တွင် ရှိနေသော ချောမောသော လူငယ်အစောင့်အရှောက်ထံသို့ ကျရောက်သွားသည်။ ထိုသူမှာ ယောင်္ကျားလေး အဝတ်အစားကို ဝတ်ဆင်ထားသော သူ့သမီး လော့ချင်းဟယ်ပင် ဖြစ်၏။

"မကောင်းတော့ဘူး..."

လော့ဝူရှဲ့သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။

မှန်၏။ သူတို့သည် လော့ချင်းဟယ်၏ ဟန်ဆောင်မှုကို မြင်နိုင်ခဲ့သည်။ ထို့ကြောင့်သာ ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်နေခြင်း ဖြစ်ပေလိမ့်မည်။

"သူ့ကို ချန်ထားခဲ့... မင်းတို့ သွားလို့ရတယ်..."

ထိုအချိန်တွင် ချန်သောသော က စကားဆိုလိုက်၏။

သူ၏ အကြည့်များက လော့ချင်းဟယ်၏ ခန္ဓာကိုယ်ပေါ်တွင် ရမက်ဇောများဖြင့် စွဲကပ်နေသည်။ ယင်းက လော့ချင်းဟယ်ကို ရွံရှာမုန်းတီးစေမိကာ သူမသည် ဓားကို အလိုလို ဆွဲထုတ်မိလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် လော့ဝူရှဲ့က သူမအား ကြည့်လျက် ခေါင်းခါပြလိုက်၏။

"ညီလေး ချန်..."

သူသည် ချန်သောသော ထံသို့ ဦးညွှတ်လိုက်ရင်း။

"လောကကြီးမှာလည်း လောကကြီးရဲ့ စည်းမျဉ်းတွေဆိုတာ ရှိတယ်... ကျုပ် လော့ဝူရှဲ့က ဒီလမ်းပေါ်မှာ ကျင်လည်လာတာ ကြာပြီဖြစ်လို့ ငွေကြေးဂိုဏ်းက လူကြီးလူကောင်းအချို့နဲ့လည်း သိကျွမ်းပါတယ်..."

"ဒီနေ့ ညီအစ်ကိုတို့အားလုံး ပင်ပန်းနေကြပြီ ထင်တယ်.. ကျုပ် ငွေအချို့ ပိုထုတ်ပေးပြီး ညီအစ်ကိုတို့ အရက်သောက်ဖို့ ဝယ်ပေးရင်ရော ဘယ်လိုလဲ..."

"မရဘူး..."

မမျှော်လင့်ဘဲ ချန်သောသော က ပြတ်ပြတ်သားသား ငြင်းပယ်လိုက်၏။

လော့ဝူရှဲ့၏ မျက်နှာမှာလည်း ချက်ချင်းဆိုသလို မှုန်ကုတ်သွားသည်။

All Chapters