အခန်း ၁၂
Vol. 2 Ch. 12
အပိုင်း(၁၂)
"ဒီနေ့ မင်းတို့ ငွေပေးရုံတင်မကဘဲ သူမကိုပါ ချန်ထားခဲ့ရမယ်... မဟုတ်ရင် မင်းတို့အားလုံး သေမယ်..."
ချန်သောသော သည် လော့ဝူရှဲ့ထံသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။
"မင်း... လူကို အနိုင်ကျင့်လွန်းတယ်... မင်းတို့ ဒီလိုလုပ်တာ လူတွေရဲ့ ပြက်ရယ်ပြုခြင်းခံရမှာ မကြောက်ဘူးလား..."
လော့ဝူရှဲ့၏ လက်သည် ဓားရိုးပေါ်သို့ ရောက်ရှိသွားပြီး လေထုသည် ချက်ချင်းဆိုသလို တင်းမာသွားလေ၏။
"ဟားး..."
"လုအန်းမြို့ကို သွားတဲ့ တောင်ပေါ်လမ်းမှာ ဓားပြတွေ အမြဲတမ်း သောင်းကျန်းနေတာ... မင်းတို့ ဒီနေ့ သေသွားရင် မင်းတို့က ဓားပြတွေရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတာလို့ ပြောလိုက်ရုံပေါ့... ဒါမှမဟုတ် မင်းတို့ကို ကျန်းမင်က သတ်သွားတာလို့လည်း ပြောလို့ရသေးတယ်..."
"ထပ်ပြောရရင် ငါ ချန်သောသော သတ်တာတော့ လုံးဝ မဟုတ်ဘူး..."
လော့ဝူရှဲ့မှာ မျက်မှောင်ကြုတ်သွားသည်။
ကျန်းမင်သည် မည်သူဖြစ်ကြောင်း သူ မသိသော်လည်း ယနေ့ တိုက်ပွဲမှာမူ ရှောင်လွှဲ၍မရတော့ကြောင်း သူ သိလိုက်သည်။
ဝှစ်...
ချနိသောသော၏ ပုံရိပ်သည် နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူသည် လော့ဝူရှဲ့၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး လက်ထဲရှိ ကြာပွတ်ဖြင့် ပြင်းထန်စွာ ရိုက်နှက်လိုက်၏။
ဖြန်း...
ကြာပွတ်သံသည် လေထဲတွင် မိုးခြိမ်းသံအလား ထွက်ပေါ်လာသည်။
ဤရိုက်ချက်သာ လူတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ပါက အရိုးများ ချက်ချင်း ကျိုးကြေသွားနိုင်သည်။
ချွင်...
လော့ဝူရှဲ့သည် ဓားရှည်ကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။
ဓားအလင်းသည် အေးစက်သော အလင်းသုံးချက်အဖြစ် ပေါက်ကွဲထွက်ပေါ်လာပြီး ချန်သောသော၏ ကြာပွတ်နှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည်။
ဝုန်း...
မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ သူတို့နှစ်ဦးသည် သိုင်းကွက် ဆယ်ကွက်မျှ ထုတ်သုံးခဲ့ပြီး ဖြစ်သည်။
ကျန်းမင်မှာ ခေါင်းခါယမ်းလိုက်သည်။
"စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေရင်…သိုင်းပညာက ဘယ်လောက်ပဲ မြင့်မားပါစေ သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး..."
"တကယ်လို့ ငါနဲ့သာ တိုက်ခိုက်မယ်ဆိုရင် ၊ ဒီလူ ပထမဆုံး ဓားတစ်ချက် ထုတ်လိုက်ကတည်းက သေဆုံးပြီးလောက်ပြီ..."
လော့ဝူရှဲ့သည် သူ၏ စွမ်းအားများအား အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိသည်ကို ကျန်းမင်အနေဖြင့် တစ်ချက်ကြည့်ရုံဖြင့် တန်းသိနိုင်ခဲ့သည်။
လော့ဝူရှဲ့၏ ဓားကွက်များသည် ခုခံ ကာကွယ်ဖို့ကိုသာ အားထားပြီး၊ သူသည် ချန်သောသော၏ နောက်ကွယ်ရှိ ငွေကြေးဂိုဏ်းအပေါ် အပြစ်ပြုမိမည်ကို ကြောက်ရွံ့နေသည်မှာ ထင်ရှားသည်။
ဆန့်ကျင်ဘက်အနေဖြင့် ချန်သောသောမှာ မည်သည့် စိုးရိမ်ပူပန်မှုမျှ ရှိမနေဘဲ သူ့လက်ထဲက ကြာပွတ်သည် မြွေဆိုးတစ်ကောင်ကဲ့သို့ လှုပ်ရှားမှုတိုင်းမှာ မြန်ဆန်ကာ တစ်ဖက်လူကို ကိုက်ခဲရန်ဟန်ပြင်ထားလေ၏။
ဤအတိုင်း ဆကိသွားနေမည်ဆိုပါက ၊ သိုင်းကွက် သုံးဆယ်အတွင်း လော့ဝူရှဲ့တစ်ယောက် ရှုံးနိမ့်သွားပေလိမ့်မည်။
ထင်ထားသည့်အတိုင်းပင် ၊ သူတို့နှစ်ဦး နောက်ထပ် သိုင်းကွက် နှစ်ဆယ် ဖလှယ်ပြီးချိန်တွင် ချန်သောသောသည် သူ၏ ကြာပွတ်ကို လော့ဝူရှဲ့၏ လက်ကောက်ဝတ်ပေါ်သို့ ရိုက်ချလိုက်လေ၏။
ဖြန်း...
လော့ဝူရှဲ့၏ လက်ထဲရှိ ဓားရှည်သည် မြေကြီးပေါ်သို့ လွှတ်ကျသွားသည်။
ချွမ်...
ချန်သောသော သည် ရှေ့သို့ တိုးဝင်လာပြီး သူ၏ ရင်ဘတ်ကို ခြေထောက်ဖြင့် ကန်ကျောက်လိုက်သည်။
ဗုန်း...
လော့ဝူရှဲ့၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်ထွက်သွားပြီး မြင်းလှည်းနှင့် ရိုက်မိကာ မြင်းလှည်းပေါ်ရှိ ပစ္စည်းများပင် အောက်သို့ ပြုတ်ကျသွားလေ၏။
"အဖေ..."
"အဖွဲ့ခေါင်းဆောင်..."
လော့ချင်းဟယ်နှင့် အစောင့်အရှောက် အဖွဲ့သည် အလွန် ထိတ်လန့်သွားကြပြီး ရှေ့သို့ ချက်ချင်း ပြေးထွက်လာကြသည်။
သို့သော်လည်း စောစောက လော့ချင်းဟယ်ကို တပ်မက်နေခဲ့သည့် ငွေကြေးဂိုဏ်းတပည့်သည် လော့ချင်းဟယ်၏ ရှေ့တွင် ပိတ်ဆို့လိုက်ပြီး ကောက်ကျစ်စွာ ပြုံးလိုက်၏။
ချွင်...
လော့ချင်းဟယ်သည် သူမ၏ ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ သူမသည် အဆင့်(၉) အလယ်အလတ်အဆင့်ရှိ သိုင်းသမားတစ်ဦးသာ ဖြစ်ပြီး ၊ ရှေ့က လူကလည်း ထိုနည်းတူစွာပင် ဖြစ်သည်။
ဤလူသည် သူမအား ဟန့်တားနိုင်လိမ့်မည် မဟုတ်ကြောင်း သူမကိုယ်သူမ ယုံကြည်မှု အပြည့်ရှိသည်။
သို့သော်လည်း…
ထိုအောက်ခြေအဆင့် လက်အောက်ငယ်သားသည် လက်တစ်ဖက်ကို တည်ငြိမ်စွာ ဆန့်ထုတ်လိုက်ပြီး လျင်မြန်သော အရှိန်ဖြင့် လော့ချင်းဟယ်၏ လက်ထဲက ဓားရှည်ကို ဆွဲယူလိုက်၏။
" လွှတ်စမ်း..."
ပြင်းထန်သော အားတစ်ခု၏ ထိုးနှက်မှုကြောင့် လော့ချင်းဟယ်၏ လက်ထဲက ဓားရှည်သည် ချက်ချင်းဆိုသလို လက်ထဲမှ လွတ်ထွက်သွားခဲ့သည်။
သူမ၏ မျက်လုံးများမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြူးကျယ်သွားသည်။ သူမသည် ချက်ချင်းပင် လှည့်ထွက်ရန် ကြံစည်လိုက်သော်လည်း ၊ ထိုလူ၏ အခြားလက်တစ်ဖက်က သူမခန္ဓာကိုယ်က်ို ဖမ်းဆွဲရန် ရောက်ရှိလာလေ၏။
"အား..."
သွေးပျက်ဖွယ်ရာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။
တစ်ချိန်တည်းမှာပင်၊ လက်မောင်းတစ်ဖက်သည် လေထဲသို့ မြင့်မားစွာ မြှောက်တတ်သွားသည်။
နက်မှောင်သော ဆံနွယ်များရှိသော လူငယ်တစ်ဦးသည် ဓားတစ်ချောင်းဖြင့် လော့ချင်းဟယ်၏ ရှေ့မှောက်တွင် မတ်တပ်ရပ်နေခဲ့သည်။
ဤလူသည် မည်သည့်အချိန်တွင် ရောက်ရှိလာသည်ကို မမြင်လိုက်ရသလို ၊ ဓားကို မည်သို့ဆွဲထုတ်လိုက်သည်ကိုလည်း မည်သူမျှ မမြင်တွေ့လိုက်ရချေ။
"မင်းပဲ..."
လော့ချင်းဟယ်နှင့် ထိုလက်အောက်ငယ်သားသည် ကျန်းမင်ကို ချက်ချင်းပင် မှတ်မိသွားကြပြီး တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
ရွှမ်း...
ထိုစဉ် ၊ ဦးခေါင်းတစ်လုံးသည်လည်း လေထဲသို့ မြှောက်တတ်သွားခဲ့လေပြီ။