← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အပိုင်း(၁၃) ဓားပြများ

[ သတ်ဖြတ်မှုအမှတ် +၁၀၀ ]

"နောက်ထပ် အမှိုက်တစ်ကောင်နဲ့ ထပ်တွေ့ပြန်ပြီ.."

ကျန်းမင်က အေးစက်စွာ ပြောဆိုလိုက်၏။

" သေ... သေပြီ..."

ဘေးပတ်ဝန်းကျင်မှ စောင့်ကြည့်နေကြသော ကုန်သည်များနှင့် လမ်းသွားလမ်းလာများသည် ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး ၊ ချက်ချင်းလက်ငင်း ထွက်ပြေးကြလေ၏။

ငွေကြေးဂိုဏ်းမှ အဖွဲ့သားတစ်ဦး သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်ရာ ၊ ဤအခြေအနေမှာ ပိုဆိုးလာဖွယ်သာ ရှိပေတော့မည်။

ဝှစ်...

မြားတစ်စင်းသည် မိုးတိမ်များကို ထိုးဖောက်ဝင်ရောက်ကာ ကောင်းကင်ယံသို့ ပျံတက်သွား၏။

ဗုန်း...

ကြည်လင်နေသော ကောင်းကင်ယံမှ မိုးကြိုးပစ်ခွင်းသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။

ဒုန်း ဒုန်း ဒုန်း...

အရပ်မျက်နှာအသီးသီးမှ မြင်းခွာသံများ ဆူညံစွာ ထွက်ပေါ်လာ၏။

"ဒါ ဘယ်လိုဖြစ်တာလဲ..."

ကျန်းမင် နှင့် လူအများ၏ စိတ်ထဲတွင် ချက်ချင်းဆိုသလို ‌ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ ထိုအချိန်တွင် အပြေးအလွှား ထွက်ပြေးသွားခဲ့ကြသော ကုန်သည်အချို့မှာ ပျာပျာသလဲဖြင့် နောက်သို့ ပြန်လှည့်ပြေးလာကြသည်ကို မြင်တွေ့လိုက်ရ၏။

"ဓားပြတွေ..."

"ဓားပြတွေ ရောက်လာပြီ..."

ဖောက်...

မြားတစ်စင်းသည် ထိုသူ၏ ရင်ဘတ်ကို တိုက်ရိုက် ဖောက်ထွင်းသွားခဲ့ပြီး ၊ ၎င်း၏အော်ဟစ်သံမှာလည်း ချက်ချင်းပင် ရပ်တန့်သွားသည်။

ထို့နောက်တွင်မူ ဓားပြ ဒါဇင်ပေါင်းများစွာသည် အရပ်မျက်နှာအသီးသီးမှ ဒုန်းစိုင်းပြေးဝင်လာကြပြီး ၊ ထွက်ပြေးနေကြသော ကုန်သည်များကို အညှာတာကင်းမဲ့စွာ လိုက်လံ သတ်ဖြတ်ခဲ့သည်။

ကျန်းမင်သည် ထိုဓားပြအုပ်စုအတွင်း၌ ကတုံးနှင့် မျက်စိတစ်ဖက်လပ် ဓားပြခေါင်းဆောင်တစ်ဦးကို မြင်တွေ့လိုက်ရသည်။ ထိုလူ၏ ပုံစံသည် သူ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

"သူက... မျက်စိတစ်ဖက်လပ် ကျန်းမားဇီပဲ..."

လော့ဝူရှဲ့က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

ချန်သောသော၏ နဖူးပြင်ပေါ်တွင်လည်း ချွေးစေးများ စီးကျလာလေ၏။ "နေ့ခင်းဘက် လူအကြောင်းမပြောနဲ့၊ ညဘက် သရဲအကြောင်းမပြောနဲ့" ဆိုသကဲ့သို့ပင်။

လူအကြောင်းပြောလျှင် လူရောက်လာတတ်ပြီး ၊ သရဲအကြောင်းပြောလျှင် သရဲက တံခါးလာခေါက်တတ်ပေသည်။

သူသည် ဤဓားပြအုပ်စုအကြောင်းကို ပေါ့ပေါ့တန်တန် ပြောခဲ့မိခြင်း ဖြစ်သော်လည်း အမှန်တကယ် ရောက်ချလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

အခြားသူများက ငွေကြေးဂိုဏ်းကို ကြောက်ရွံ့ကြသော်လည်း၊ ဤဓားပြများသည် သူတို့ကို မျက်စိထဲ ထည့်လိမ့်မည်မဟုတ်။

ထို့အပြင် ဤမျက်စိတစ်ဖက်ကန်း ကျန်းမားဇီသည် အဆင့်(၈) ကနဦးအဆင့်ရှိ သိုင်းပညာရှင်တစ်ဦး ဖြစ်ပြီး ၊ သူ၏ စွမ်းအားကြီးမားသော "လင်းယုန်လက်သည်းသိုင်း" မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လွန်ခဲ့သော ရှစ်နှစ်ခန့်က သူသည် ဟေးဖုန်းစခန်းမှ ဆင်းသက်လာခဲ့ပြီး ဆိပ်ကမ်းဂိုဏ်း၏ အဆင့်(၉) အထွပ်အထိပ်အဆင့်ရှိ အကြီးအကဲတစ်ဦးကို လက်ဗလာဖြင့် ဆွဲဖြဲသတ်ဖြတ်ခဲ့ဖူး၏။

ထိုအကြီးအကဲ၏ မိသားစုဝင် ဆယ့်သုံးဦးစလုံးသည်လည်း လင်းယုန်လက်သည်းသိုင်းဖြင့် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည်။

သူသည် အဆင့်(၉) နှောင်းပိုင်းအဆင့်သာ ရှိသေးသဖြင့် ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက ၊ တစ်ဖက်လူကို အနိုင်ရရှိနိုင်မည် မဟုတ်ချေ။

သူ စဉ်းစားနေစဉ်အတွင်းမှာပင်၊ ဓားပြများက ထွက်ပြေးနေကြသော ကုန်သည်အားလုံးကို သတ်ဖြတ်ပြီး ဖြစ်သည်။

"ဒီနေ့... အတော်လေး စည်ကားနေတာပဲ..."

"ငါ ဝေးဝေးကနေတောင် မင်းတို့ ငွေကြေးဂိုဏ်းက ကောင်တွေ ငါ့ရဲ့ ဟေးဖုန်းစခန်း နယ်မြေထဲမှာ အနိုင်ကျင့်နေတာကို မြင်နေရတယ်..."

"ဘာလဲ... မင်းတို့ ငွေကြေးဂိုဏ်းက စုန့်ချွင်းမြို့ထဲမှာ ဆိပ်ကမ်းဂိုဏ်းကို မယှဉ်နိုင်လို့ တောင်ပေါ်တက်ပြီး ငါ့ရဲ့ အိမ်နီးနားချင်း လာလုပ်မလို့လား..."

မျက်စိတစ်ဖက်ကန်း ကျန်းမားဇီသည် မြင်းကို စီးနင်းလျက် ဟုန်ယွမ် အစောင့်အရှောက်အဖွဲ့နှင့် ငွေကြေးဂိုဏ်း၏ အလယ်နေရာသို့ တိုက်ရိုက် တိုးဝင်လာခဲ့ရာ၊ မည်သူတစ်ဦးတစ်ယောက်မျှ တားဆီးရဲခြင်း မရှိကြချေ။

သူ၏ အာရုံသည် ချန်သောသော နှင့် လော့ဝူရှဲ့တို့ထံတွင် ရှိနေပုံရသော်လည်း အမှန်တကယ်တွင်မူ သူသည် ကျန်းမင်ကို အဆက်မပြတ် အကဲခတ်နေခဲ့၏။

"ဟားး.."

ကျန်းမင်သည် လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပြီး ၊ သူ၏ ရည်ရွယ်ချက်ကို တိုက်ရိုက်ပင် ဖွင့်ဟပြောဆိုလိုက်၏။

"ဟန်ဆောင်မနေနဲ့တော့... မင်းလည်း ငါ့ကို ရှာဖို့ လာတာမလား..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ကျန်းမားဇီသည် မြင်းဇက်ကြိုးကို ဆွဲထိန်းလိုက်ပြီး ကျန်းမင်ကို စိုက်ကြည့်လိုက်သည်။

ဘာ...

ချန်သောသော နှင့် လော့ဝူရှဲ့တို့မှာလည်း တစ်ပြိုင်နက်တည်း အံ့အားသင့်သွားကြသည်။

သူတို့ရှေ့က ဤလူငယ်သည် မည်သူဖြစ်သဖြင့် သူ့ကို ရှာဖွေရန် ကျန်းမားဇီကိုယ်တိုင် ရောက်ချလာရသနည်း။

သို့သော်လည်း ချန်သောသော သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ၊ ကျန်းမင်၏ အထောက်အထားကို ချက်ချင်းပင် မှတ်မိသွားတော့သည်။

"ကျန်းမင်..."

"မင်း ဘာလို့ ဒီမှာ ရှိနေရတာလဲ..."

" ဂိုဏ်းထဲက သတင်းတွေအရ မင်းက လျန်ကျန်းမြစ်ကြောင်းအတိုင်း သင်္ဘောစီးပြီး ရှီးဝူခရိုင်ကို ထွက်ပြေးသွားပြီလို့ ပြောနေကြတာ မဟုတ်ဘူးလား..."

ချန်သောသော သည် လွန်ခဲ့သော နာရီဝက်ခန့်ကပင် အထက်မှ အမိန့်ညွှန်ကြားချက်ကို လက်ခံရရှိခဲ့၏။

ကျန်းမင်သည် ရေကြောင်းလမ်းမှတစ်ဆင့် ထွက်ပြေးသွားခဲ့ပြီ ဖြစ်သဖြင့် အဖွဲ့ကို ပြန်လည် ရုပ်သိမ်းရန် အမိန့်ပေးထားသော်လည်း ၊ သူသည် လက်ဗလာဖြင့် မပြန်ချင်သောကြောင့် ငွေဖန်ရန် ဤနေရာ၌ လမ်းပိတ်ဆို့ကာ စစ်ဆေးနေခြင်း ဖြစ်သည်။

သို့သော် သူသည် ငါးကြီးတစ်ကောင်ကို ဖမ်းမိခဲ့လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။ သို့သော် သူသည် ကျန်းမားဇီကို တစ်ချက် ကြည့်လိုက်မိပြီး စိတ်ထဲတွင် အေးစက်သွားရပြန်သည်။

ကျန်းမင်မှာမူ ၊ ချန်သောသော ကို လျစ်လျူရှုကာ ကျန်းမားဇီကိုသာ စိုက်ကြည့်နေခဲ့၏။

All Chapters