အခန်း ၁၅
Vol. 2 Ch. 15
အပိုင်း(၁၅)
ကျွီ...
လင်းယုန်ငှက်၏ အော်ဟစ်သံနှင့်အတူ စွမ်းအားကြီးမားသော လင်းယုန်လက်သည်းသိုင်းသည် အောက်သို့ ဆင်းသက်လာလေ၏။
ချွင် ..
လင်းယုန်ငှက်ကြီး တစ်ကောင်သည် ကောင်းကင်ယံအနှံ့ ပြည့်နှက်နေသော ဓားအလင်းအတွင်းသို့ မကြောက်မရွံ့ တိုးဝင်သွားခဲ့သည်။
မီးပွင့်များ ပေါက်ကွဲထွက်ပေါ်လာပြီး၊ သတ္တုချင်း ထိခတ်သံများ ဆူညံစွာ ထွက်ပေါ်လာ၏။
ကျန်းမင်၏ ဓားချက်များသည် ကျယ်ပြန့်ကာ အားကောင်းလွန်းသည်။ တိုက်ကွက်တိုင်းက ပြင်းထန်သလို လွှမ်းမိုးနိုင်စွမ်းရှိသည်။
ဆန့်ကျင်ဘက်အနေဖြင့် ကျန်းမားဇီ၏ လင်းယုန်လက်သည်းသိုင်းမှာမူ ထက်မြက်ပြီး လျင်မြန်၏။ ထိုနတ်ဘုရားလက်အိတ် တစ်စုံနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်ခဲ့သည်။
ခဏလေးအတွင်းမှာပင် ၊ နှစ်ယောက်သား ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ကြပြီး အနိုင်အရှုံး ခွဲခြားလို့မရသေးချေ။
ထိုလူနှစ်ဦး၏ တိုက်ပွဲကို ကြည့်ရှုရင်း ယခင်က ချန်သောသော ပေးခဲ့သော သင်ခန်းစာကို ပြန်လည် အမှတ်ရမိကာ လော့ဝူရှဲ့တစ်ယောက် ရှက်ရွံ့မှုကို ခံစားလိုက်ရသည်။
" အဆင့်(၈)..."
"ဒီကောင်လေးက ဒီလောက်အရွယ်နဲ့ အဆင့်(၈) သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပြီလား... ဒါတင်မကသေးဘူး... သူရဲ့ ဓားရေးကလည်း အတော်လေး ထူးချွန်တာပဲ..."
"ဒါကြောင့်မလို့ သူက ရွှေတုံးတစ်သေတ္တာ တန်ကြေးရှိတာကိုး..."
ထိုစဉ် ဘေးပတ်ဝန်းကျင်မှ စောင့်ကြည့်နေကြသော ဓားပြများသည် လေးနက်သော လေသံများဖြင့် ပြောဆိုနေကြပြီး ၊ သူတို့၏ လေသံထဲတွင် စိုးရိမ်ပူပန်သော အရိပ်အယောင်များ ရှိနေခဲ့သည်။
ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် ထူးချွန်သော အရည်အချင်းကို ပိုင်ဆိုင်ထားသည်မှာ သူ၏ နောက်ကွယ်တွင် ပိုမို စွမ်းအားကြီးမားသော ဆရာသခင်တစ်ဦး ရှိနေရမည်မှာ ဧကန်မလွဲပင်။
သူတို့သည် ဤတစ်ကြိမ်တွင် ကြီးမားသော ဘေးဒုက္ခတစ်ခုကို လက်ယပ်ခေါ်မိခဲ့ပုံရသည်။
ချွင်...
သတ္တုချင်း ထိခတ်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့၏။
ကျန်းမင် နှင့် ကျန်းမားဇီတို့သည် တစ်ပြိုင်နက်တည်း နောက်သို့ ဆုတ်ခွာသွားကြသည်။
ဒုန်း ဒုန်း ဒုန်း...
ကျန်းမင်သည် နောက်သို့ ခြေလှမ်း ငါးလှမ်းဆုတ်ခွာသွားခဲ့ပြီး ၊ သူ၏ ခြေဖနောင့်ကို မြေကြီးပေါ်သို့ ဆောင့်ချကာ ကိုယ်ဟန် အနေအထားကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။
ဆန့်ကျင်ဘက်အနေဖြင့် ကျန်းမားဇီမှာမူ နောက်သို့ ခြေလှမ်းဆယ်လှမ်းခန့် ဆက်တိုက် ဆုတ်ခွာသွားခဲ့ရပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
အနိုင်အရှုံးမှာ ချက်ချင်းပင် ကွဲပြားသွားလေပြီ။
"တကယ်ကို လူငယ်သူရဲကောင်းပဲ... ဒါပေမဲ့ ငါ့ရဲ့ ဓားကလည်း အိုမင်းမသွားသေးဘူး..."
ကျန်းမားဇီ၏ လက်နှစ်ဖက်စလုံးမှာ အနည်းငယ် တုန်ယင်နေသော်လည်း သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ ရှိမနေချေ။
"အားလုံး အတူတူ တိုက်ကြစမ်း..."
ကျန်းမားဇီတစ်ယောက် ကျယ်လောင်စွာ အော်ဟစ်လိုက်လေ၏။
သူ၏ အမိန့်ပေးသံအဆုံးတွင် ၊ မြားပေါင်းများစွာသည် ကျန်းမင်ထံသို့ ပြေးဝင်လာသည်။
ဝှစ် ဝှစ် ဝှစ်..
မြားဆယ်စင်းသည် ဆက်တိုက် ရောက်ရှိလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ၊ ဓားပြများသည် အသားကုန် ဟစ်ကြွေးရင်း သူတို့၏ မြင်းများကို ရိုက်နှက်ကာ ကျန်းမင်ထံသို့ ရူးသွပ်စွာ ပြေးဝင်လာကြသည်။ သူတို့၏ အရှိန်အဟုန်မှာ ပြင်းထန်ပြီး၊ သတ်ဖြတ်လိုစိတ်မှာ အေးစက်လွန်းသည်။
ချွင် ...
ဓားအလင်းတစ်ချက် လျှပ်တပြတ် ဝင်းလက်သွားပြီး ၊ မြားဆယ်စင်းစလုံးသည် လေထဲ၌ပင် အပိုင်းပိုင်း ပြတ်တောက်သွား၏။
ကျန်းမင်သည် ဓားကို ဆုပ်ကိုင်လျက် လေပေါ်သို့ ပျံတက်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားပြ သုံးဦး၏ ရှေ့မှောက်သို့ ရောက်ရှိသွားသည်။
ထိုဓားပြ သုံးဦးစလုံး သူတို့၏ လည်ပင်းထက်၌ အေးစက်မှုတစ်ခုကို ခံစားလိုက်ရပြီး ထို့နောက်တွင်မူ မြင်းပေါ်မှ ပြုတ်ကျ သေဆုံးသွားကြသည်။
ကျန်းမင်၏ ပုံရိပ်မှာ အခြားသော ဓားပြများ၏ ဘေးနားသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
သူ၏ ဓားရိုးကို အနည်းငယ် လှုပ်ရှားလိုက်ရုံမျှဖြင့် ဓားပြများ၏ ဦးခေါင်းများသည် လေပေါ်သို့ မြှောက်တတ်သွားပြီး ၊ လည်ပင်းမှ ပန်းထွက်လာသော ပူပူနွေးနွေး သွေးများသည် ဘေးနားရှိ အပေါင်းအဖော်များ၏ မျက်နှာပေါ်သို့ လွင့်စင်သွားလေ၏။
ထိုအပေါင်းအဖော်များ၏ မျက်နှာတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး ၊ သို့သော် နောက်အခိုက်အတန့်တွင် သူတို့၏ အသက်ရှူသံများမှာ ရပ်တန့်သွားခဲ့လေပြီ။
ဗုန်း ဗုန်း...
ဓားပြများသည် ပေါင်းပင်များကဲ့သို့ တစ်ဦးပြီးတစ်ဦး လဲကျ သေဆုံးသွားကြသည်။
"အမှိုက်က အမှိုက်ပဲ..."
"ကျန်းမားဇီ... မင်းက ဒီလောက် လူအင်အားလေးနဲ့ တိုက်ပွဲအခြေအနေကို ပြောင်းလဲနိုင်မယ်လို့ ထင်နေတာလား..."
"မင်းကို သနားရမလား... ဒါမှမဟုတ် မိုက်မဲတယ်လို့ပဲ ပြောရမလား..."
ကျန်းမင်သည် လှောင်ပြောင်ပြောဆိုလိုက်ရင်း သူ၏လက်ထဲက ဓားမှာ တစ်လက်လက် တောက်ပနေခဲ့သည်။
စိတ်ထဲတွင် "သတ်ဖြတ်မှုအမှတ်များ" အဆတ်မပြတ် တိုးလာနေသော အသံသည် သူ၏ သွေးများကို ပို၍ ပွက်ပွက်ဆူလာစေသည်။
"ရပ်လိုက်စမ်း..."
ကျန်းမားဇီ တစ်ယောက် နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ကျန်းမင်၏ ရှေ့မှောက်သို့ အပြေးအလွှား ခုန်ဝင်လာခဲ့ကာ ၊ သူ၏စွမ်းအားကြီးမားသော လင်းယုန်လက်သည်းသိုင်းကို အပြည့်အဝ ထုတ်ဖော်လိုက်၏။
ချွင်...
မီးပွားများ ပေါက်ကွဲထွက်ပေါ်လာ၏။
သူသည် ကျန်းမင်ကို ချုပ်နှောင်ရန် ကြံစည်လိုက်ခြင်းပင် ဖြစ်သည်။ အကယ်၍ သူ့ကို ဤအတိုင်း ဆက်ပြီး သတ်ဖြတ်ခွင့် ပြုလိုက်မည်ဆိုပါက ၊ သူ၏ ဟေးဖုန်းစခန်းတစ်ခုလုံး ပျက်စီးသွားပေတော့မည်။