အခန်း ၁၇
Vol. 2 Ch. 17
အပိုင်း(၁၇)
ကျန်းမင်၏ အစွမ်းအစကို မြင်တွေ့ပြီးနောက်တွင် သူတို့၏ ခုခံလိုသော စိတ်ဆန္ဒများမှာ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်၏။
" အသက်ရှင်တာ ဘာများပျော်စရာရှိတုန်း.... သေတာကရော ဘာများခါးသီးစရာ ရှိလို့တုန်း..."
"မင်းတို့ ဒီလောက်တောင် ဒုက္ခခံစားနေရတာဆိုတော့... အဲ့အစား စောစောစီးစီး သွားလိုက်တာက ပိုမကောင်းဘူးလား..."
ကျန်းမင်သည် ရပ်တန့်ခြင်းမရှိ ငွေကြေးဂိုဏ်းသားများဆီသို့ တိုးဝင်ကာ တိုက်ခိုက်ခဲ့သည်။
ဝှစ် ဝှစ် …
သွေးစက်များက နေရာအနှံ့ ဆေးခြယ်ထားလေ၏။
"ပြေးကြ..."
"ငါတို့က လူအများကြီးပဲ... လမ်းခွဲပြီး ထွက်ပြေးကြရင် သူ ငါတို့ အားလုံးကို သတ်နိုင်မှာ မဟုတ်ဘူး..."
ပါးနပ်သော ဂိုဏ်းသားတစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ငွေကြေးဂိုဏ်းသားတိုင်း အရပ်မျက်နှာအသီးသီးသို့ အပြေးအလွှား ထွက်ပြေးကြတော့သည်။
သို့သော်လည်း ၊ မျှော်လင့်မထားသော ကိစ္စတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ဟုန်ယွမ်အစောင့်အရှောက်အဖွဲ့မှ သိုင်းပညာရှင်များသည် လက်နက်များကို ကိုင်ဆောင်လျက် သူတို့ကို ပိတ်ဆို့လိုက်ကြပြီး ထွက်ပြေးမည့် လမ်းကြောင်းအားလုံးကို တားဆီးထားခဲ့သည်။
"မင်း... မင်းတို့..."
ယခင်က မာနထောင်လွှားနေခဲ့ကြသော ငွေကြေးဂိုဏ်းသားများသည် တစ်နေ့တွင် သူတို့ အထင်သေးစွာဖြင့် ရှုမြင်ခဲ့သည့် ဟုန်ယွမ်အစောင့်အရှောက်အဖွဲ့က သူတို့၏ သေတွင်းကို တူးဆွပေးမည့်သူများ ဖြစ်လာလိမ့်မည်ဟု ဘယ်သောအခါမှ ထင်မှတ်မထားခဲ့ချေ။
ဤသည်မှာ ကံကံ၏အကျိုး၊ လောက၏ စည်းမျဉ်းပင် ဖြစ်ပေသည်။
ငွေကြေးဂိုဏ်းသားများသည် ကျန်းမင်၏ ဓားချက်အောက်တွင် တစ်ဦးပြီးတစ်ဦး လဲကျ သေဆုံးသွားကြသည်။
ဓားသွားမှ သွေးစက်များ တတောက်တောက် စီးကျနေသော်လည်း သူ၏ မျက်နှာတွင်မူ မည်သည့် ခံစားချက်မျှ ရှိမနေချေ။ ယခင်က ရူးသွပ်မှုများကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ရာ ယခုအခါတွင်မူ သူသည် တည်ငြိမ်သော ဓားသမားတစ်ဦး အဖြစ် ပြန်လည် ရောက်ရှိလာခဲ့သည်။
လေပြင်းတစ်ချက် တိုက်ခတ်လာခဲ့ပြီး သူ၏ ဝတ်ရုံကို လွင့်ပျံသွားစေ၏။
သူ၏ ခန့်ညားသော မျက်နှာပြင်ပေါ်တွင် ချိုသာသော အပြုံးလေးတစ်ခု ရှိနေခဲ့သည်။
သူ ဘာကြောင့် ပျော်ရွှင်နေသည်ကို မည်သူမျှ မသိရှိနိုင်ပေ။ သူကိုယ်တိုင်သာ သိပေလိမ့်မည်။
ရှောင်လီ၏ ဓားပျံသိုင်းကွက် ဟူသည် ပစ်မှတ်တိုင်းကို ဘယ်တော့မှ လွဲချော်သွားမည် မဟုတ်။
နောင်တွင် တိုက်ပွဲများ ဖြစ်ပွားပါက ၊ သူသည် နောက်ကွယ်မှ ဓားပစ်လွှတ်ကာ သတ်ဖြတ်ပေတော့မည်။ အကယ်၍ မသေဆုံးပါက သူသည် ရှေ့သို့ တိုးဝင်ကာ သတ်ဖြတ်ပေမည်။
ဤမျှ ချောမွေ့ပြီး မြန်ဆန်သော ပေါင်းစပ်မှုသည် အဆင့်(၈) အထွပ်အထိပ်အဆင့်ရှိ သိုင်းပညာရှင်တစ်ဦးကိုပင် ကြီးကြီးမားမား ဆုံးရှုံးသွားစေနိုင်သည်။
ဤသိုင်းကွက်သည် ပြီးပြည့်စုံကာ ပြောင်မြောက်လှပေသည်။
အချိန်အနည်းငယ် ကြာမြင့်ပြီးနောက် ၊ လော့ချင်းဟယ်သည် လော့ဝူရှဲ့ကို တွဲကာ လျှောက်လှမ်းလာခဲ့၏။
ထို့နောက် ကျန်းမင်အား ရိုသေလေးစားစွာ ဦးညွှတ်ခဲ့သည်။
" ကျန်းသခင်လေးရဲ့ ကယ်တင်မှုကို ကျေးဇူးတင်ပါတယ်... ကျုပ်တို့ ဟုန်ယွမ်အစောင့်အရှောက်အဖွဲ့က ဒီကျေးဇူးကို အမြဲ မှတ်မိနေမှာပါ အနာဂတ်မှာ... အဆပေါင်းများစွာ ပြန်လည် ပေးဆပ်ပါ့မယ်..."
လော့ဝူရှဲ့၏ အသံမှာ အနည်းငယ် အားနည်းနေဆဲပင်။
ဤတိုက်ပွဲတွင် သူသည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သဖြင့် အနည်းဆုံး လအနည်းငယ်ခန့် အနားယူရဦးမည် ဖြစ်သည်။
ထိုစကားကို ကြားတော့ ကျန်းမင်က ခေါင်းညိတ်ပြလိုက်၏။
သူ ဝင်ရောက်စွက်ဖက်ခဲ့သည်မှာ သူတို့ကို ကယ်တင်ချင်ရုံသက်သက် မဟုတ်ဘဲ ဤလူများမှာ မိမိကို ဦးတည်၍ ရောက်ရှိလာခြင်းကြောင့် ဖြစ်သည်။
သေချာ စဉ်းစားကြည့်မည်ဆိုပါက သူတို့သည်် မိမိကြောင့် ဒုက္ခရောက်ရခြင်း ဖြစ်သည်။
" ကျန်းသခင်လေးက လုအန်းမြို့ကို သွားမှာလား..."
"ကျွန်မတို့နဲ့အတူတူ သွားကြရင် ဘယ်လိုလဲ..."
လော့ချင်းဟယ်က တိုးတိုးလေး မေးမြန်းလိုက်၏။
သူမ၏ ပါးပြင်လေးမှာ နီမြန်းနေခဲ့ပြီး၊ ယခင်ကလို ဂျစ်ကန်ကန် စရိုက်များ မရှိတော့ဘဲ မိန်းကလေးဆန်သော အမူအကျင့်ကို ပြသထားလေ၏။
ဤသည်ကို မြင်တွေ့လိုက်ရသော လော့ဝူရှဲ့မှာ စိတ်ထဲတွင် တုန်လှုပ်သွားခဲ့ရပြီး မျက်နှာအမူအရာမှာလည်း အနည်းငယ် တောင့်တင်းသွားခဲ့သည်။
‘ သူ မွေးထားတဲ့ ဂေါ်ဖီထုတ်လေးက…သူများအစာသာ ဖြစ်သွားရင်တော့ ဒီအဖေကြီးတော့ ရင်ကျိုးရတော့မယ်’
ကျန်းမင်သည် ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ပြုံးပြလိုက်သည်။
"အလှအပကို ပေါ့ပေါ့တန်တန် သဘောမထားသင့်သလို ... အရက်ကောင်းကိုလည်း မဖြုန်းတီးသင့်ဘူး...."
"ကောင်းပြီ... ဒါဆို အတူတူ သွားကြတာပေါ့..."
ကျန်းမင်၏ ချီးမွမ်းစကားကို ကြားလိုက်ရသဖြင့် လော့ချင်းဟယ်၏ ပါးပြင်လေးမှာ ပို၍ နီမြန်းသွားလေ၏။
ပစ္စည်းများကို သေချာပြန်ပြင်ဆင်ပြီးနောက် ၊ သူတို့ အဖွဲ့သည် ရှေ့ဆက်ခရီးထွက်ခဲ့သည်။
လော့ဝူရှဲ့သည် သစ္စာရှိသော အစောင့်အရှောက်အချို့ကို ကွင်းပြင်ကို သေချာရှင်းလင်းရန် ညွှန်ကြားခဲ့၏။
ကျန်းမင်သည် ငွေကြေးဂိုဏ်းကို အပြစ်ပြုထားဖြစ်သဖြင့် သူ၏ အချက်အလက်များကို ဖုံးကွယ်ထားခြင်းက အကောင်းဆုံး ဖြစ်ပေမည်။
လုအန်းမြို့အတွင်း၌ ငွေကြေးဂိုဏ်း၏ ဩဇာအာဏာ မရှိသော်လည်း သို့သော် သတိထားခြင်းက အကောင်းဆုံးပင်။