← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အပိုင်း(၁၉)

"အဖေ... သား သွေးကြောနှစ်ခု ဖွင့်ပြီး အဆင့်(၆) သိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့ပြီ ... ဒါတင်မကသေးဘူး... ဦးလေး(၁၇) ပြောတာတော့... သားရဲ့ ဓားဆန္ဒကလည်း ပြည့်စုံလုနီးပါး ဖြစ်နေပြီမို့... ‘ လူနှင့်ဓား တစ်သားတည်းဖြစ်ခြင်း' နယ်ပယ်ကို ရောက်ဖို့ မဝေးတော့ဘူးလို့ ပြောတယ်..."

"အို..."

စူးကျန့်ဖုန်းသည် စွပ်ပြုတ်ကို သောက်သုံးပြီးနောက် ခွက်ကို ပြန်ချလိုက်ပြီး၊ သူ၏ မျက်နှာထက်တွင် နီမြန်းမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤသည်မှာ စွပ်ပြုတ်၏ အာနိသင်ကြောင့်လား သို့မဟုတ် ဝမ်းမြောက်မှုကြောင့်လား မသိနိုင်သော်လည်း ၊ ရက်အတော်ကြာ စိတ်ထဲရှိနေခဲ့သော စိတ်ညစ်စရာများမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကွယ်ပျောက်သွား၏။

"ကောင်းတယ်... ကောင်းတယ်... တကယ်ကို ငါ့သားပဲ..."

"ဟားဟားဟား..."

"ကောင်းကင်ဘုံက ငါတို့ စူးမိသားစုကို စောင့်ရှောက်တာပဲ... ကောင်းကင်ဘုံက ငါတို့ ကျန့်ဝမ်မြို့တော်ကို ကောင်းချီးပေးနေတာပဲ…”

“ အသက်နှစ်ဆယ်နဲ့ အဆင့်(၆) ရှိတဲ့ သိုင်းပညာရှင်တစ်ဦး ဖြစ်လာတာ ဒါက ထိပ်ဆုံးကနေ ပါဝင်နေပြီ... အသက်နှစ်ဆယ်နဲ့ 'လူနှင့်ဓား တစ်သားတည်းဖြစ်ခြင်း' နယ်ပယ်ကို ရောက်လာဖို့ဆိုတာ... လူတစ်သောင်းမှာ တစ်ယောက်ပဲ ရှိတယ်..."

"ကျင်းအာ... အဖေ ယုံကြည်တယ်... နောက်ထပ် ဆယ်နှစ်အတွင်းမှာ ဆရာသခင် နယ်ပယ်ကို ရောက်ရှိနိုင်လိမ့်မယ်... အနာဂတ်မှာ မဟာဆရာသခင် ဖြစ်လာဖို့ဆိုတာလည်း မဖြစ်နိုင်တာတော့ မဟုတ်ဘူး..."

"ငါတို့ ကျန့်ဝမ်မြို့တော် က စူးမိသားစုဟာ ပြန်လည် နိုးထဖို့ မျှော်လင့်ချက် ရှိလာပြီ..."

"သား ကြိုးစားပါ့မယ်..."

စူးကျင်းသည် ဦးညွှတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ မျက်လုံးထောင့်ကနေ စူးကျန့်ဖုန်းကို တစ်ချက်ကြည့်လိုက်ကာ ကောက်ကျစ်သော အပြုံးတစ်ခုက သူ၏နှုတ်ခမ်းထောင့်တွင် လှစ်ဟသွားလေ၏။

နာရီဝက်ခန့် ကြာပြီးနောက် ၊

စူးအိမ်တော်၏ နောက်ဖေးဆောင်၊ စူးကျင်း၏ အခန်းအတွင်း၌ ။

"မသေဘူး ဟုတ်လား..."

"ဦးလေး ဝမ်... ခင်ဗျား ဘယ်လို အလုပ်လုပ်လိုက်တာလဲ..."

စူးကျင်း၏ မျက်လုံးများက ရက်စက်ခက်ထန်နေကာ ၊ မြေပြင်ပေါ်တွင် ဒူးထောက်လျက်သား တုန်လှုပ်နေသော ဝမ်ကျုံးကို စစ်ဆေးမေးမြန်းလိုက်သည်။

ဝမ်ကျုံးသည် စူးအိမ်တော်၏ လူဟောင်းတစ်ဦး ဖြစ်ပြီး စူးကျင်း ကြီးပြင်းလာသည်ကို မြင်တွေ့ခဲ့ရသူ ဖြစ်သဖြင့် စူးကျင်း၏ စရိုက်ကို အသိဆုံးလူ တစ်ယောက်လည်း ဖြစ်သည်။

သူသည် စူးကျင်အတွက် မသမာသော ကိစ္စများစွာကို ကိုင်တွယ်ပေးခဲ့သည်။ သူ အိမ်တော်ထိန်း ဖြစ်လာခဲ့ခြင်းမှာလည်း စူးကျင်း၏ ထောက်ခံမှုကြောင့်သာ ဖြစ်ပေသည်။

"တောင်းပန်ပါတယ်... သခင်လေး... ဒီအစေခံအိုကြီးရဲ့ အမှားပါ”

"အားဝမ် နဲ့ အားချိုင်တို့က ငါ့ရဲ့ အစီအစဉ်ကို ဖျက်ဆီးပြီး... ကိုယ့်သဘောနဲ့ကိုယ် လှုပ်ရှားကြလိမ့်မယ်လို့ ထင်မထားခဲ့ဘူး..."

ဝမ်ကျုံးသည် စိတ်ထဲတွင် မကျေမနပ် ဖြစ်နေမိသည်။ အမှန်အားဖြင့် သူ၏ အစီအစဉ်အတိုင်း ၊ ငွေကြေးဂိုဏ်းနှင့် ဆိပ်ကမ်းဂိုဏ်း နှစ်ဖက်စလုံးက ပူးပေါင်းလှုပ်ရှားကြမည် ဆိုပါက ကျန်းမင်သည် ယခုထိတိုင် အသက်ရှင်နေမည် မဟုတ်ပေ။

သို့သော်လည်း အစီအစဉ်မှာ ပျက်ပြားသွားခဲ့သည်။

"ဟမ်..."

စူးကျင်း က နှာခေါင်းရှုံ့လိုက်၏။ သူသည် ဤကိစ္စအတွက် ဝမ်ကျုံးကို အပြစ်တင်လို့မရကြောင်း သိရှိသော်လည်း စိတ်ထဲတွင်မူ ဒေါသထွက်နေဆဲပင်။

"အဖိုးကြီးဘက်က ဘာတုံ့ပြန်မှု ရှိလဲ..."

"အော်... အိမ်တော်သခင်ကတော့... ကျန်းမင်က လောင်းကစားသမားတစ်ယောက် ဖြစ်ပြီး ခွင့်မလွှတ်နိုင်တဲ့ အပြစ်ကို ကျူးလွန်ခဲ့တယ်ဆိုတာ ယုံကြည်သွားပုံပဲ..."

"အို..."

ဤတစ်ကြိမ်တွင်မူ စူးကျင်းသည် အနည်းငယ် အံ့ဩသွားခဲ့ရသည်။ စူးကျန့်ဖုန်း တစ်ယောက် ဤအကြောင်းပြချက်ကို ယုံကြည်သွားလိမ့်မည်ဟု သူကိုယ်တိုင်ပင် ထင်မှတ်မထားခဲ့ချေ။

"သူတို့က ခြောက်လခန့်လောက် အတူတူ နေထိုင်ခဲ့ကြတာ မဟုတ်ဘူးလား..."

" ခြောက်လလောက်ထိ အတူနေလာတာ... ဒီလိုမျိုး အကြောင်းပြချက်လေးတစ်ခုနဲ့တင် သူတို့ကို လှည့်စားနိုင်တာလား..."

စူးကျင်း မယုံကြည်နိုင်သေးချေ။

"သခင်လေး... အမှန်တော့ ဒီခြောက်လအတွင်းမှာ... သခင်လေး ထင်သလိုမျိုး မဟုတ်ခဲ့ဘူး”

ဝမ်ကျုံးသည် လွန်ခဲ့သော ခြောက်လခန့်အတွင်း ၊ စူးကျန့်ဖုန်းတို့ ဇနီးမောင်နှံနှင့် ကျန်းမင်တို့၏ ဆက်ဆံရေး အကြောင်းကို အသေးစိတ် ပြန်ပြောပြခဲ့သည်။

ထိုစကားကို ကြားပြီးနောက် စူးကျင်းမှာ အံ့အားသင့်သွားမိသည်။

‘ မဟုတ်သေးဘူး... ဒီလိုမျိုးလည်း ဖြစ်နိုင်တာလား…’

‘ ဒီလင်မယားနှစ်ယောက်ရဲ့ ဦးနှောက်က ဘယ်လိုတောင်လဲ’

‘ ဒီကျန့်ဝမ်မြို့တော်က ငါ့ လက်ထဲ ရောက်လာသင့်တယ် ၊ ဒီလောက်ထိ ဦးနှောက်မရှိတဲ့ လူမျိုးက စူးမိသားစုရဲ့ အိမ်တော်သခင်နေရာမှာ ဘယ်လိုလုပ်ပြီး ဒီလောက်ကြာကြာ ထိန်းထားနိုင်မှာလဲ’

ကျန့်ဝမ်မြို့တော်သည် တစ်နေ့ထက်တစ်နေ့ ဆုတ်ယုတ်လာခဲ့သည်မှာ မဆန်းတော့ချေ။

ဤကဲ့သို့သော လူမျိုးတစ်ယောက် ကျန့်ဝမ်မြို့တော်တွင် ယနေ့အထိ တည်ရှိနေနိုင်ခြင်းမှာ သူတို့၏ အခြေခံအုတ်မြစ်သည် မည်မျှ နက်ရှိုင်းသည်ကို ဖော်ပြနေသည်။

စူးကျင်း၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု လှစ်ဟသွားလေ၏။

"ဘာပဲဖြစ်ဖြစ်... အဲဒီလူကိုတော့ ရှင်းလင်းပစ်ရမယ်..."

"ငါ့ရဲ့ အစီအစဉ်ထဲမှာ ဘာအမှားအယွင်းမျှ အဖြစ်မခံနိုင်ဘူး... မင်း နားလည်လား..."

"ဟုတ်ကဲ့ပါ..."

ဝမ်ကျုံးက ဦးညွှတ်လိုက်သည်။

ထို့နောက် စူးကျင်းသည် စားပွဲပေါ်မှ စာရွက်တစ်ရွက်ကို ယူကာ စာတစ်စောင်ကို ရေးသားလိုက်၏။

All Chapters