အခန်း ၂၀
Vol. 2 Ch. 20
အပိုင်း(၂၀)
ထို့နောက် သူသည် စာစောင်ကို ဝမ်ကျုံး၏ လက်ထဲသို့ ကမ်းပေးလိုက်သည်။
"သွား... ဒါကို ငါ့ရဲ့ အစ်မ(၇)ဆီကို ပေးခိုင်းလိုက်..."
"သူမ ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်း သိတယ်..."
ဝမ်ကျုံးသည် စာကို လှမ်းယူလိုက်ပြီး မည်သည့်စကားမျှ မဆိုဘဲ ချက်ချင်းပင် ထွက်ခွာသွားခဲ့သည်။
ကျန်နေခဲ့သော စူးကျင်သည် မျက်လုံးများကို မှေးကျဉ်းလျက် ပြတင်းပေါက်မှ အပြင်ကို ငေးကြည့်နေမိသည်။ သူ၏ အကြည့်သည် အတိုင်းအဆမရှိသော အချိန်နှင့် အာကာသကို ဖြတ်ကျော်ကာ ဝေးကွာလှသော လုအန်းမြို့ဆီသို့ ရောက်ရှိနေသကဲ့သို့ပင်။
လုအန်းမြို့။
"ငယ်ရွယ်စဉ်အခါက ပေါ့ပါးသော ဝတ်စုံကို ဆင်မြန်းကာ မြင်းကို စီးလျက် တံတားဟောင်းအနား စောင့်ဆိုင်းရင်း... မရေမတွက်နိုင်သော အလှလေးများက လက်ယက်ခေါ်လေသည်..."
နွေဦးအလှဆောင်၏ ဒုတိယထပ် ပြတင်းပေါက်အနားတွင် ရပ်နေသော ကျန်းမင်သည် အရက်ခွက်ကို ကိုင်ဆောင်ကာ ဖြည်းညင်းစွာ သီဆိုနေသည်။
"ကောင်းတယ်... သခင်လေးရဲ့ ဒီကဗျာက တကယ်ကို ထူးခြားတာပဲ..."
အခန်းထဲရှိ ကချေသည် မိန်းကလေးများသည် ကျန်းမင်၏ ကဗျာကို ကြားပြီးနောက် ချီးမွမ်းပြောဆိုနေကြသည်။
ယောင်္ကျားလေးအဝတ်အစား ဝတ်ဆင်ထားသော လော့ချင်းဟယ်တစ်ဦးတည်းသာလျှင် ပါးဖောင်းဖောင်းလေး ဖြစ်နေပြီး ၊ အဖေဖြစ်သူကို ဒေါသတကြီး စိုက်ကြည့်နေ၏။
ဘာကြောင့်မှန်း မသိသော်လည်း၊ သူမ၏ ကျန်းကိုကို လုအန်းမြို့သို့ ရောက်ရှိလာပြီးကတည်းက သူမ၏ အဖေ လော့ဝူရှဲ့သည် ရက်အနည်းငယ်တိုင်း နာမည်ဆိုးနှင့် ကျော်ကြားသော နေရာများသို့ ခေါ်ဆောင်သွားတတ်သည်။
‘ လူကြီးတစ်ယောက်ဖြစ်ပြီး ဘယ်လောက်တောင် သိက္ခာမဲ့လိုက်လဲ…’
ဆန့်ကျင်ဘက်အနေဖြင့် လော့ဝူရှဲ့မှာမူ ဤမြင်ကွင်းကို ထိုင်ကြည့်ရင်း ၊ မျက်ဝန်းထဲ၌ ကျေနပ်အားရသော အပြုံးတစ်ခု ရှိနေခဲ့ပြီး စိတ်ထဲကနေ ရေရွတ်လိုက်၏။
"ဟားး... ကောင်လေး... မင်း အတွေ့အကြုံနုသေးတာပဲ..."
ကျန်းမင်သည် အမျိုးသမီးလေးများ၏ မကျေမနပ်အကြည့်များကိုပင် လျစ်လျူရှုကာ သူမတို့ကို ထွက်သွားခိုင်းလိုက်ပြီးနောက် သူသည် ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။
"လော့ခေါင်းဆောင်... စုန့်ချွင်းမြို့ဘက်က သတင်းတစ်ခုခု ရထားတာ ရှိလား..."
သူသည် လုအန်းမြို့သို့ ရောက်ရှိနေသည်မှာ ရက်အနည်းငယ် ရှိနေပြီ ဖြစ်သည်။ လက်ရှိအခြေအနေအရ ၊ ငွေကြေးဂိုဏ်း နှင့် ဆိပ်ကမ်းဂိုဏ်းတို့သည် တောင်ပေါ်လမ်းက တိုက်ပွဲ၏ ရလဒ်ကို သိရှိထားပြီး ဖြစ်ပေလိမ့်မည်။
မည်သည့် လှုပ်ရှားမှုမျှ မရှိဘဲ တိတ်ဆိတ်နေသည်မှာ မဖြစ်နိုင်ချေ။
လော့ဝူရှဲ့သည် အရက်တစ်ခွက် မော့ချလိုက်ပြီး ဆိုလိုက်၏။
"ကျုပ် လူလွှတ်ပြီး စုံစမ်းခိုင်းထားတဲ့ သတင်းအရတော့... ဆိပ်ကမ်းဂိုဏ်းနဲ့ ငွေကြေးဂိုဏ်းက ဒီရက်ပိုင်းအတွင်း လျန်ကျန်းမြစ်ကြောင်း တစ်လျှောက် လိုက်လံ ရှာဖွေနေကြတယ်…”
“သူတို့အားလုံးက မင်း မြစ်ကြောင်းအတိုင်း ထွက်ပြေးသွားတယ်လို့ ထင်နေကြတာ... ဒါမှမဟုတ် စုန့်ချွင်းမြို့ကနေ ထွက်ပြေးပြီး ချီဝူမြို့ကို ရောက်သွားပြီလို့ ထင်နေကြတာ..."
"မင်း ကုန်းကြောင်းအတိုင်း လုအန်းမြို့ကို ရောက်လာလိမ့်မယ်လို့ ဘယ်သူမှ မခန့်မှန်းမိကြဘူး..."
"ဟားး..."
"ဒါတင်မကသေးဘူး... ဆိပ်ကမ်းဂိုဏ်းဘက်မှာ အရှုပ်တော်ပုံတစ်ခု ဖြစ်နေတယ် အခုဆို တစ်မြို့လုံး ဟိုးဟိုးကျော်နေပြီ..."
"ကြားတာတော့... ဆိပ်ကမ်းဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ချောင်ရှန်းက... သူတို့ စုန့်ချွင်းမြို့ ဌာနခွဲရဲ့ ခေါင်းဆောင် ဖုန်းဒုတိယသခင်ရဲ့ ကိုယ်လုပ်တော်တစ်ယောက်နဲ့ ငြိစွန်းနေတာကို မိသွားတယ် တဲ့…”
“အခုတော့ ချောင်ရှန်းက အဲဒီကိုယ်လုပ်တော်ကို ခေါ်ပြီး ထွက်ပြေးနေတယ်...ဆိပ်ကမ်းဂိုဏ်းအတွင်းမှာလည်း ဒီကိစ္စကြောင့် လူတော်တော်များများ သေကုန်ကြပြီ..."
"ဟားးဟားး..."
ထိုစကားကို ကြားလိုက်ရသဖြင့် ကျန်းမင်မှာ မျက်မှောင်ကြုတ်သွား၏။ သူသည် ဤကဲ့သို့သော အတင်းအဖျင်းများကို စိတ်မဝင်စားချေ။
သို့သော်လည်း ၊
" မြို့ပြင် တောင်ကြားလမ်းမှာ ချန်သောသော တို့ သေဆုံးသွားတာကို သူတို့ မရိပ်မိကြဘူးလား..."
ကျန်းမင်၏ မေးခွန်းကို ကြားလိုက်ရသဖြင့် လော့ဝူရှဲ့က ကောက်ကျစ်စွာ ပြုံးလိုက်၏။
"သူတို့ သေချာပေါက် ရိပ်မိတာပေါ့... ဒါပေမဲ့ ကျုပ်က အဲဒီအချိန်တုန်းက အရန်အစီအစဉ်တစ်ခု ချန်ထားခဲ့တယ်လေ….”
“ ကျန်းမားဇီ အပါအဝင် ဓားပြတွေရဲ့ အလောင်းတွေကို ဖျက်ဆီးလိုက်ပြီး... အခင်းဖြစ်ပွားတဲ့နေရာမှာ ငွေကြေးဂိုဏ်းရဲ့ အလောင်းတွေနဲ့ ဓားပြတွေရဲ့ လက်နက်အနည်းငယ်ကိုပဲ ချန်ထားခဲ့လိုက်တာ..."
"အဲ့တော့... အခုအချိန်မှာ သူတို့အားလုံးက သူတို့လူတွေကို ဟေးဖုန်းတောင်ကုန်းက ကျန်းမားဇီ သတ်သွားတယ်လို့ ထင်နေကြတာပေါ့..."
လော့ဝူရှဲ့သည် မိမိကိုယ်ကို ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ရှိနေလေ၏။ သူသည် ထိုနေ့က ငွေကြေးဂိုဏ်း၏ အရှက်ခွဲမှုကို ဤနည်းဖြင့် ကလဲ့စားချေနိုင်ခဲ့သည်။
ကျန်းမင်ကမူ စဉ်းစားတွေးတောလိုက်ရင်း ခေါင်းညိတ်လိုက်၏။
ဤသည်မှာ အမှန်တကယ် ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် မိမိသည် ဤမျှ တိုတောင်းသော အချိန်အတွင်း အဆင့်(၈)သို့ ရောက်ရှိနိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်ထားကြမည် မဟုတ်ချေ။
ဤဘေးဒုက္ခကို တခြားသူထံ လွှဲချလိုက်ခြင်းမှာလည်း အတော်လေး ထိရောက်သော နည်းဗျူဟာတစ်ခုပင်။
မည်သို့ပင်ဖြစ်စေ ၊ မျက်လုံးတစ်ဖက်လပ် ဓားပြ ကျန်းမားဇီမှာ သေဆုံးသွားခဲ့ပြီ ဖြစ်ရာ သက်သေပြစရာ မရှိတော့ပေ။
ထိုအချိန်တွင် လူငယ်တစ်ဦးသည် အဆောက်အအုံအတွင်းသို့ အလောတကြီး ပြေးဝင်လာခဲ့ပြီး ၊ လူလေးယောက် ထိုင်နေသော စားပွဲပေါ်သို့ ခုန်တတ်လိုက်သည်။
ထို့နောက် သူသည် အလန့်တကြားဖြင့် အော်ဟစ်လေ၏။
"မကောင်းတော့ဘူး... မကောင်းတော့ဘူး... လူသတ်တော့မယ်..."
"မင်းတို့ မြန်မြန် ပြေးကြတော့..."