အခန်း ၂၁
Vol. 3 Ch. 21
အခန်း(၂၁) လူသတ်သမား လင်းလန်
"လူသတ်တော့မယ်" ဟူသော စကားလုံးကို ကြားလိုက်ရသည်နှင့် ၊ နွေဦးအလှဆောင်ရှိ အလုပ်သမားများနှင့် အမျိုးသမီးလေးများမှာ ချက်ချင်းဆိုသလို ထိတ်လန့်သွားကြသည်။
အချို့သူများမှာ လက်ထဲရှိ အရက်ခွက်ကိုပင် မကိုင်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ လွှတ်ကျသွားလေ၏။
သို့သော်လည်း၊ ထိုလူငယ် ခုန်အုပ်လိုက်သည့် စားပွဲရှိ လူလေးယောက်၏ မျက်နှာထက်တွင် မည်သည့် ခံစားချက်မျှ ရှိမနေခဲ့ချေ။
ဤမျှ တည်ငြိမ်အေးစက်နေပုံအရ ၊ သူတို့၏ လက်ထဲတွင် အသက်ပေါင်းများစွာ သေဆုံးခဲ့ရသည်ကို ဖော်ပြနေသည်။
"ကောင်လေး... စကားကို သေသေချာချာ ပြောစမ်း..."
"ဘယ်သူက လူသတ်မှာလဲ..."
"အသတ်ခံရမှာကရော ဘယ်သူလဲ..."
ထိုလေးယောက်ထဲမှ စာပေပညာရှင်တစ်ဦးကဲ့သို့ ဝတ်ဆင်ထားပြီး ၊ ခေါင်းဆောင်း ဆောင်းထားသော အမျိုးသားတစ်ဦးက မေးမြန်းလိုက်၏။
ထိုလူငယ်သည် ခေါင်းကို မော့ကြည့်လိုက်လေရာ ၊ သူ၏ မျက်ဝန်းထဲ၌ ယခင်ကဲ့သို့ ထိတ်လန့်မှုများ ရှိမနေတော့ချေ။
"လူသတ်မယ့်သူက... လင်းလန်..."
"အသတ်ခံရမှာက... လျန်ကျန်းတစ္ဆေလေးကောင်..."
ဤစကားများ ထွက်လာသည်နှင့် လူတိုင်း အံ့အားသင့်သွားကြသည်။
ဗုန်း...
ထိုစားပွဲရှိ လူလေးယောက်သည် စားပွဲတစ်ခုလုံးကို မှောက်လှန်လိုက်သဖြင့် အရက်များနှင့် အစားအစာများမှာ နေရာအနှံ့ ဖိတ်စင်သွားလေ၏။
"မင်းက ဘယ်သူလဲ..."
ထိုလူလေးယောက်သည် ချက်ချင်းဆိုသလို ထရပ်လိုက်ကြပြီး ၊ အဆိုပါ လူငယ်ကို ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။
လူငယ်၏ မျက်ဝန်းများသည် အေးစက်သွားပြီး ခံစားချက်ကင်းမဲ့နေ၏။
"လွန်ခဲ့တဲ့ ၁၃နှစ်က... ချီဝူမြို့... မိုးကြိုးဓား လင်းမိသားစု..."
ဤစကားများ ထွက်လာသည်နှင့် ၊
လူလေးယောက်၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။ သူတို့၏ အမူအရာများမှာလည်း အလွန်ပင် တုန်လှုပ်ခြောက်ခြားသွားပုံ ရ၏။
"မင်းက... လင်းလန်လား..."
" မျိုးပြုန်းသွားပြီ ဖြစ်တဲ့ လင်းမိသားစုရဲ့ လူယုတ်မာကောင်လား..."
လျန်ကျန်းတစ္ဆေလေးကောင်ထဲမှ အကြီးဆုံး ဖြစ်သူ ရှီသာ့ က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
ကျန်းမင် နှင့် လော့ဝူရှဲ့တို့ သားအဖသည် ဒုတိယထပ်တွင် ရပ်နေပြီး ၊ အောက်ထပ်ရှိ ပြဇာတ်ကို ကြည့်ရှုနေကြသည်။
ထိုစဉ် လော့ဝူရှဲ့ က ဆိုလိုက်၏။
"လွန်ခဲ့တဲ့ ၁၃ နှစ်က... လျန်ကျန်းတစ္ဆေလေးကောင်က ဓားသိုင်းကျမ်းအတွက်နဲ့ လင်းမိသားစုရဲ့ လူပေါင်း ၇၇ နှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်... မိဘတွေက ဝှက်ထားပေးခဲ့လို့ ကောင်လေး တစ်ယောက် အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်ဆိုပဲ..."
"အခု မျက်စိရှေ့က လူငယ်လေးက အဲဒီကောင်လေး ဖြစ်ရမယ်..."
"ဒါပေမဲ့...လျန်ကျန်းတစ္ဆေလေးကောင်က ဒီနှစ်တွေအတွင်း သိုင်းလောကကနေ ပျောက်ကွယ်သွားခဲ့တာ ကြာပြီ.. ဒီလူငယ်က သူတို့ကို ဘယ်လိုများ တွေ့ရှိသွားသလဲ မသိဘူး..."
ထိုစကားများကို ကြားလိုက်ရချိန်တွင် ကျန်းမင်၏ အကြည့်များမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
မည်သူမဆို ငယ်ရွယ်စဉ်အခါက သိုင်းလောကသားတစ်ဦး ဖြစ်ချင်သော အိပ်မက်တစ်ခု ရှိခဲ့ကြဖူးပြီး ၊ ထိုသိုင်းလောက ဇာတ်လမ်းများထဲတွင် ဇာတ်လိုက်မင်းသားသည် ငယ်စဉ်ကတည်းက နက်ရှိုင်းသော သွေးကြွေးရန်ငြိုးများ ရှိနေတတ်ကာ သိုင်းပညာ တတ်မြောက်ပြီးနောက်ပိုင်း ပြန်လည်ရောက်ရှိလာပြီး ရန်သူများကို သတ်ဖြတ်လျက် သိုင်းလောကတွင် နာမည်ကျော်ကြားလာတတ်သည်။
ယနေ့ တွင် ဤဇာတ်လမ်းကို မိမိကိုယ်တိုင် မျက်မြင်တွေ့ရှိရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
သို့သော်လည်း အရာအားလုံးသည် ချောမွေ့စွာ ဖြစ်လာပုံမရပေ။
ကျန်းမင်၏ အကြည့်သည် ကွင်းပြင်အတွင်းရှိ အာရုံစိုက်ခံနေရသော လူငါးယောက်ကို ကျော်ဖြတ်ကာ ၊ ပြင်ပရှိ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးထံသို့ ရောက်ရှိသွားခဲ့သည်။
အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ထိုသက်လတ်ပိုင်း အမျိုးသားသည် သူ၏ ညာဘက်လက်ကို ဘယ်ဘက် ဝတ်ရုံလက်အောက်ထဲ ထည့်ထားသော်လည်း ၊ သူ၏ အကြည့်များက ကွင်းပြင်ထဲရှိ လူငယ်လေး လင်းလန်ကိုသာ စိုက်ကြည့်နေ၏။
‘ စနစ်... သတ်ဖြတ်မှုအမှတ် ၂၀၀၀ ကို ရှောင်လီ၏ ဓားပျံသိုင်းကွက်ထဲ ပေါင်းထည့်မယ်...'
[ ဒေါင် ! အမှတ်ပေါင်းထည့်ခြင်း အောင်မြင်ပါသည်။ ရှောင်လီ၏ ဓားပျံသိုင်းကွက် (၂၁/၁၀၀) ]
[ကျန်ရှိသော သတ်ဖြတ်မှုအမှတ် - ၄၇၀၀]
ဝုန်း...
ရှောင်လီ၏ ဓားပျံသိုင်းကွက် လေ့ကျင့်ထားသော မရေမတွက်နိုင်သော အတွေ့အကြုံများသည် ကျန်းမင်၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာခဲ့သည်။ သူ၏ လက်ချောင်းများမှာလည်း ရှည်လျားသွယ်လျပြီး ဖြူဖွေးလှပလာခဲ့သည်။
ထိုလက်တစ်စုံသည် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ကျောက်စိမ်းအလား လှပသော်လည်း အန္တရာယ်များရှိနေသည်။
အကြောင်းမှာ ဤကဲ့သို့သော လှပလွန်းသည့် လက်တစ်စုံသည် လောကတွင် အန္တရာယ်အရှိဆုံးသော လက်နက်ပုန်းများကို ပစ်လွှတ်နိုင်သောကြောင့်ပင်။
"မင်း ငါတို့ကို ဘယ်လိုလုပ်ပြီး ရှာတွေ့သွားတာလဲ..."
အောက်ထပ်တွင် ၊ လျန်ကျန်းတစ္ဆေလေးကောင်ထဲမှ ရှီအာက အေးစက်သော လေသံဖြင့် မေးမြန်းလိုက်သည်။
သူတို့ လျန်ကျန်းတစ္ဆေလေးကောင်သည် သိုင်းလောကတွင် လူမသိသူမသိ ပုန်းအောင်းနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်ရာ ၊ ဤလူငယ်သည် မိမိတို့ ညီအစ်ကိုလေးယောက်ကို မည်သို့ရှာဖွေတွေ့ရှိခဲ့သနည်း။
တစ်ယောက်ယောက်က သူတို့ကို သစ္စာဖောက်သွားလေသလော။
ဤမေးခွန်းကို ရှိီအာ သာမက ဘေးနားကနေ ကြည့်ရှုနေကြသော သိုင်းလောကသားများစွာကလည်း သိချင်နေကြသည်။
"ခန့်မှန်းမနေနဲ့တော့... နည်းလမ်းက ရိုးရှင်းပါတယ်..."
"ငါ ကောင်းကင်လျှို့ဝှက်ချက် ဆန်းကြယ်ဂေဟာ ဆီကနေ အချက်အလက်တွေကို ဝယ်ယူခဲ့တာပဲ..."
"ကဲ... အခု မင်းတို့ သွားဖို့အချိန်တန်ပြီ”