အခန်း ၂၂
Vol. 3 Ch. 22
အခန်း(၂၂)
လူငယ် လင်းလန်သည် ရင်ဘက်ထဲမှ ဓားငယ်လေး တစ်လက်ကို ထုတ်ယူလိုက်သည်။ ဓားကိုယ်ထည်မှာ တိုတိုတုတ်တုတ် ဖြစ်ပြီး ၊ ဓားရိုးပေါ်တွင် မက်မွန်ပွင့်ဖက် ပုံစံများဖြင့် အလှဆင်ယင်ထားသည်။
"နှလုံးသားမဲ့ဓား”
"မင်းက... မကြာသေးမီက သိုင်းလောကမှာ နာမည်ကျော်ကြားလာတဲ့ နှလုံးသားမဲ့ဓားသမားလား..."
ရှီသာ့ သည် လင်းလန့်၏ လက်ထဲက လက်နက်ကို တစ်ချက်ကြည့်လိုက်သည်နှင့် မှတ်မိသွားခဲ့သည်။ သူတို့သည် သိုင်းလောကတွင် လူမသိသူမသိ ပုန်းအောင်းနေကြသော်လည်း၊ သိုင်းလောကအတွင်း ဖြစ်ပျက်နေသော ကိစ္စရပ်တိုင်းကို ကောင်းကောင်းကြီး သိရှိထားကြသည်။
လွန်ခဲ့သော ခြောက်လခန့်က နန်ယန်စီရင်စုတွင် ဓားသမားတစ်ဦး ထွက်ပေါ်လာခဲ့သည်။ သူသည် ရွှေခွက်လက်ဆေးပွဲ မင်္ဂလာပွဲ၌ နာမည်ကျော်ကြားသော သိုင်းလောကသားတစ်ဦးကို ဧည့်သည်တော်များစွာ၏ ရှေ့မှောက်တွင် ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။
T/N - ရွှေခွက်လက်ဆေးပွဲ - သိုင်းလောကမှ အနားယူခြင်း
ထို့နောက် သူသည် သုံးလအတွင်း နန်ယန်စီရင်စု၏ နာမည်ကျော် အဆင့်(၈) သိုင်းပညာရှင် ဆယ်ယောက်ကို ဆက်တိုက် သတ်ဖြတ်ခဲ့၏။
ဆိုင်းတွခြင်းမရှိ ဓားတစ်ချက်တည်းဖြင့် အသက်နုတ်တတ်သဖြင့် သိုင်းလောကသားများက သူ့ကို 'နှလုံးသားမဲ့ဓားသမား' ဟု ခေါ်ဆိုကြသည်။
ထိုသူ အသုံးပြုသော လက်နက်မှာ အလွန် တိုတောင်းသော ဓားတစ်လက် 'နှလုံးသားမဲ့ဓား’ပင် ဖြစ်သည်။
ဝှစ်...
လျန်ကျန်းတစ္ဆေလေးကောင်မှာ အနည်းငယ်မျှ မပေါ့ဆရဲဘဲ ချက်ချင်းပင် ခါးတွင် ဝှက်ထားသော ဝိညာဉ်နုတ် သံကြိုးတပ် လှံချိတ်များကို ထုတ်ယူလိုက်ကြသည်။
လူလေးယောက်... သံကြိုးတပ် လှံချိတ်လေးချောင်း။
လူလေးယောက် တစ်စိတ်တစ်ဝမ်းတည်း ရှိပေရာ ၊ မည်မျှ သဟဇာတဖြစ်လိုက်သနည်း။
"တိုက်ကြ..."
ရှီသာ့ မှ အမိန့်ပေးလိုက်သည်နှင့်၊ လေးယောက်စလုံး တစ်ပြိုင်နက်တည်း ပြေးထွက်သွားကြသည်။
လက်ထဲရှိ သံကြိုးတပ် လှံချိတ်များကို ဝှေ့ယမ်းလိုက်ရာ ၊ သံကြိုးများမှာ ကောင်းကင်ယံကို ဖုံးအုပ်ထားသော ပိုက်ကွန်များသဖွယ် ဖွဲ့စည်းသွား၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၊ လင်းလန်သည် ၎င်းတို့၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။ ထက်မြက်သော လှံသွားများက သူ၏ လည်ပင်း၊ ဝမ်းဗိုက် နှင့် အောက်ပိုင်း စသော အရေးကြီးသော နေရာများကို ချိန်ရွယ်ထားပြီး ဖြစ်သည်။
"မရဏဝိညာဉ်နှုတ် လှံလေးချောင်း..."
" လျန်ကျန်းတစ္ဆေလေးကောင်က ဂုဏ်သတင်းနဲ့ တကယ်ကို ထိုက်တန်ပေတယ်..."
သိုင်းလောကသားအချို့က တိုးတိုးလေး ချီးမွမ်းလိုက်ကြသည်။
အကယ်၍ သူတို့သာ ထိုနေရာတွင် ရှိနေပါက ၊ မိမိကိုယ်ကိုယ် သတ်သေခြင်းမှတစ်ပါး ဤအကွက်ကို ခုခံနိုင်မည့် နည်းလမ်းကို စဉ်းစားမိမည် မဟုတ်ပေ။
သို့သော်လည်း ထိုအချိန်မှာပင်။
လင်းလန် လှုပ်ရှားလိုက်၏။
ချွင်…
ရင်ဘက်ထဲရှိ ဓားငယ်သည် ဓားအိမ်မှ ထွက်ပေါ်လာခဲ့ပြီး ၊ နွေဦးအဆောင် တစ်ခုလုံးကို လင်းလက်သွားစေသည့် အေးစက်သော အလင်းရောင်တစ်ချက် ဝင်းလက်သွားလေ၏။
မြန်ဆန်လွန်းသည်။ သိပ်ကို မြန်ဆန်လွန်းသည်။
ချွင် ချွင် ချွင် ချွင် ဟူသော သတ္တုချင်း ထိခတ်သံ လေးချက် ထွက်ပေါ်လာခဲ့ပြီးနောက်၊
လျန်ကျန်းတစ္ဆေလေးကောင်၏ လက်ထဲရှိ သံကြိုးတပ် လှံချိတ်များမှာ အပိုင်းပိုင်း ပြတ်တောက်သွားလေ၏။
တစ်ချိန်တည်းမှာပင် သူတို့၏ ပုံရိပ်များသည် နောက်သို့ လွင့်ထွက်သွားခဲ့သည်။
ဝုန်း ဝုန်း ဝုန်း...
လူလေးယောက်စလုံး၏ သွေးစက်များသည် လေထဲမှာပင် ပက်ဖျန်းသွားပြီး ၊ စားသောက်ဆိုင်၏ နံရံများကို ဖောက်ထွက်လျက် လမ်းမထက်သို့ ပြုတ်ကျသွားသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ သွေးအိုင်ထဲတွင် ရှိနေလေ၏။
ဤအောင်ပွဲရရှိလိုက်သော စက္ကန့်ပိုင်းအတွင်းမှာပင် ၊
ဝှစ်...
အေးစက်တောက်ပသော အလင်းတန်း သုံးခု လျှပ်တပြတ် ထွက်ပေါ်လာသည်။
အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားသည် သူ၏ဝတ်ရုံလက်အတွင်းရှိ လက်နက်ပုန်းများကို လင်းလန် သတိလက်လွတ်ဖြစ်သွားသည့် အခိုက်အတန့်၌ ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ၊
ဝှစ်...
ပို၍ လျင်မြန်ပြီး အရိပ်အယောင်ကို နည်းနည်းမျှ မမြင်လိုက်ရသော အရာတစ်ခုက ထိုအလင်းတန်း သုံးခုကို တန်းတန်းမတ်မတ် ထိမှန်သွား၏။
ချွမ်...
ထိုအလင်းတန်း သုံးခုမှာ မြှားငယ်သုံးစင်း ဖြစ်ပြီး အမည်မသိလူ၏ တိုက်ခိုက်မှုကြောင့် နှစ်ခြမ်းကွဲထွက်သွားသည်။
အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသား၏ မျက်လုံးများမှာ ထိတ်လန့်တကြား ပြူးကျယ်သွားခဲ့ပြီး၊ မည်သည့်စကားမျှ မဆိုနိုင်သေးခင်မှာပင် သူ၏ နဖူးအလယ်တည့်တည့်သို့ တူတစ်ချောင်း စိုက်ဝင်သွားလေ၏။
ဗုန်း...
သူ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ဘုန်းခနဲ့ လဲကျသွားသည်။
"ဒါ..."
ထိုအချိန်မှသာ ဘေးပတ်ဝန်းကျင်တွင် ရှိနေခဲ့သော လူတိုင်း သတိပြုမိသွားကြသည်။
လင်းလန့် လှုပ်ရှားလိုက်သော ထိုစက္ကန့်ပိုင်းအတွင်းမှာပင်၊ ဤနွေဦးအဆောင် အတွင်း၌ နောက်ထပ် တိုက်ပွဲတစ်ခု ရှိနေခဲ့လေ၏။
"ဒါက... လက်တစ်ထောင် မရဏမင်း ရှီကျန်း..."
တစ်စုံတစ်ယောက်က အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ထိုအမျိုးသား၏ အထောက်အထားကို မှတ်မိသွားခဲ့သည်။
"လျန်ကျန်းတစ္ဆေလေးကောင်ရဲ့ သွေးသောက်ညီအစ်ကို... လက်တစ်ထောင် မရဏမင်း ရှီကျန်းပဲ... ဒီလူက လက်နက်ပုန်းနဲ့ ချောင်းမြောင်းတိုက်ခိုက်ရာမှာ အတော်ဆုံးပဲ…”
“နာမည်ကျော် သိုင်းလောကသားများစွာ သူ့လက်ထဲမှာတင် အသက်ဆုံးရှုံးခဲ့ရဖူးတယ်... ကြားတာတော့ သူ့ရဲ့ လက်နက်ပုန်းက တစ်ခါမှ မလွဲချော်ဖူးဘူး တဲ့..."
ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းလန်သည် လှည့်ပတ်ကြည့်ရှုလိုက်ရာ ဒုတိယထပ်ရှိ ကျန်းမင်ကို မြင်တွေ့လိုက်ရသည်။
"ကျေးဇူးတင်ပါတယ်..."
"ငါ မင်းကို အသက်တစ်ချောင်း အကြွေးတင်သွားပြီ... ငါ လင်းလန် မင်းအတွက် လူတစ်ယောက်ကို သတ်ပေးပြီး ကြွေးဆပ်ဖို့ ဆန္ဒရှိပါတယ်..."
ထိုသို့ပြောပြီးနောက် လင်းလန်သည် ကျန်းမင်၏ အဖြေကို မစောင့်တော့ဘဲ လမ်းမပေါ်သို့ ခုန်ဆင်းသွားခဲ့ပြီး ၊ လျန်ကျန်းတစ္ဆေလေးကောင်ထဲမှ အငယ်ဆုံးဖြစ်သူဆီသို့ လျှောက်သွားလိုက်သည်။
ဝှစ်...
ဓားအလင်းတစ်ချက် ဝင်းလက်သွားပြီး ၊ ဦးခေါင်းတစ်လုံး လေပေါ်သို့ မြှောက်တတ်သွားခဲ့လေပြီ။