အခန်း ၂၃
Vol. 3 Ch. 23
အခန်း(၂၃)
ဝှစ် ဝှစ်...
နောက်ထပ် ဦးခေါင်းနှစ်လုံးသည်လည်း လေပေါ်သို့ မြှောက်တတ်သွားခဲ့ပြန်သည်။
ယခုအခါ ရှီသာ့ တစ်ယောက်တည်းသာ ကျန်ရှိတော့သည်။
"မလာနဲ့... မင်း ငါ့အနားကို မလာနဲ့..."
ရှီသာ့ သည် ယခုအခါတွင် သွေးကြောများ ပြတ်တောက်ပြီး အရိုးများ ကျိုးကြေနေပြီ ဖြစ်ကာ ၊ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားချက်များစွာဖြင့် သွေးအလိမ်းလိမ်း ဖြစ်နေသည်။
ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်နေပြီး ၊ နောက်သို့တရွတ်တိုက် ဆုတ်ခွာနေ၏။
လင်းလန်သည် ခြေတစ်လှမ်းချင်း လျှောက်လှမ်းကာ ဖိအားပေးလာခဲ့သည်။
"မင်းတို့ လင်းမိသားစုရဲ့ ဓားသိုင်းကျမ်းကို ဘယ်သူက လိုချင်နေတာလဲဆိုတာ မင်း သိလား..."
"ငါ့ကို လွှတ်ပေးရင်... ငါ မင်းကို ပြောပြနိုင်တယ်..."
ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းလန်၏ ခြေလှမ်းများမှာ ရပ်တန့်သွားသည်။ အခြားသူများကလည်း စူးစမ်းလိုသော အကြည့်များဖြင့် လှည့်ကြည့်လာကြသည်။
လင်းမိသားစု၏ အမှုကိစ္စသည် သိုင်းလောကတွင် ဟိုးဟိုးကျော်နေခဲ့သော်လည်း ယခုလို မျှော်လင့်မထားသော လျှို့ဝှက်ချက်များ ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။
သို့သော် စဉ်းစားကြည့်ပါက အဓိပ္ပာယ်ရှိပေသည်။
လျန်ကျန်းတစ္ဆေလေးကောင်သည် လင်းမိသားစု၏ မိုးကြိုးဓားသိုင်းကျမ်းကို လေ့ကျင့်မထားကြသဖြင့် ၊ ထိုဓားသိုင်းမှာ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် မရှိနိုင်ချေ။
လင်းလန်မှာ တုံ့ဆိုင်းသွားပြီး ၊ သူ၏ မျက်ဝန်းထဲ၌ ရုန်းကန်မှုများ ရှိနေခဲ့သည်။ သူသည် ဤမျှ နှစ်ပေါင်းများစွာအတွင်း ကလဲ့စားချေချင်သော ယုံကြည်ချက်တစ်ခုတည်းဖြင့် ရှင်သန်လာခဲ့ခြင်း ဖြစ်ရာ ၊ ယနေ့ လျန်ကျန်းတစ္ဆေလေးကောင်ကို သတ်ဖြတ်နိုင်ပါက မိသားစုအတွက် ကလဲ့စားချေနိုင်ခဲ့ပြီ ဟု ထင်မှတ်ထားခဲ့သည်။
ယခုအခါ ဤကိစ္စ၏ နောက်ကွယ်တွင် တခြားတစ်ယောက် ရှိနေခဲ့လေသလော။
သို့မဟုတ် မျက်စိရှေ့က လူကို လွှတ်ပေးပြီး နောက်ကွယ်မှ လူသတ်သမား၏ သတင်းအချက်အလက်ကို လဲလှယ်ရမည်လော။
မျက်လုံးများကို မှိတ်လိုက်ပြီး၊ သူ၏ ဦးနှောက်ထဲတွင် အတွေးပေါင်းများစွာဖြင့် ရှုပ်ထွေးနေခဲ့သည်။
မျက်လုံးများကို ပြန်ဖွင့်လိုက်ချိန် ၊ သူသည် သက်ပြင်းတစ်ချက် ချလိုက်၏။
"ပြော..."
သူ အလျှော့ပေးလိုက်သည်။
"ဟားဟား... ကောင်းပြီ..."
ရှီသာ့၏ မျက်နှာထက်၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။ သူသည် လင်းလန်ကဲ့သို့သော လူငယ်ဓားသမားများသည် ကတိစကားကို ချိုးဖောက်မည် မဟုတ်ကြောင်း သူ သိသည်။
သို့မဟုတ်ပါက သိုင်းလောကတွင် ကျင်လည်နိုင်မည် မဟုတ်ချေ။ ထိုကဲ့သို့သော လူငယ်ဓားသမားများသည် ဂုဏ်သတင်းကို အရာအားလုံးထက် အလေးထားတတ်ကြသည်။
သူသည် အသက်ဘေးကနေ လွတ်မြောက်ပေတော့မည်။
"ချင်းနျိုမြို့က... ချင်းယွမ်ဓား ကျောက်မိသားစု..."
"ကျောက်ပုဖန်..."
ဟူး...
ဤစကားများ ထွက်ပေါ်လာသည်နှင့် လူတိုင်း အံ့အားသင့်သွားကြသည်။
ကျောက်မိသားစုသည် နန်ယန်စီရင်စုတွင် ကျော်ကြားသော အင်အားစုကြီး တစ်ခု ဖြစ်သည်။ ကောလဟာလ သတင်းများအရ၊ ထိုကျောက်မိသားစု၏ ဘိုးဘေးမှာ အဆင့်(၄)ထိ ရောက်ရှိထားပြီး ဆရာသခင် နယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ထိုမျှတင်သာမက ၊ ကျောက်မိသားစု၏ တပည့်များမှာလည်း အလွန် ထူးချွန်ကြသည်။ နန်ယန်စီရင်စုအတွင်း မည်သူကမျှ သူတို့ကို မလေးမစားမပြုမှုဝံ့ပေ။
ကျောက်ပုဖန်သည် လက်ရှိတွင် ကျောက်မိသားစု၏ အဓိက ပုဂ္ဂိုလ်ဖြစ်ပြီး အလွန် ထူးချွန်သည်။ အသက်သုံးဆယ်သာ ရှိသေးပြီး ၊ အဆင့်(၆)သို့ ဝင်ရောက်တော့မည် ဖြစ်သည်။
သူ၏ ချင်းယွမ်ဓားသိုင်းမှာ သူနှင့်ရွယ်တူများကြားတွင် ပြိုင်ဘက်မရှိသလောက်ပင်။
ပို၍ အရေးကြီးသည်မှာ ကျောက်ပုဖန်သည် ကျန့်ဝမ်မြို့တော် စူးမိသားစု၏ သခင်မလေး(၇) နှင့် စေ့စပ်ထားခြင်းပင် ဖြစ်သည်။
သူသည် အင်အားတောင့်တင်းသော အင်အားစုနှစ်ခု၏ နောက်ခံကို ရရှိထားသူလည်း ဖြစ်သည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးက လင်းမိသားစု၏ ဓားသိုင်းကျမ်းကို မက်မောလိမ့်မည်လော။
အကယ်၍ ဤသည်မှာ လျန်ကျန်းတစ္ဆေလေးကောင်၏ နှုတ်မှ ထွက်လာခြင်း မဟုတ်ပါက ၊ မည်သူမျှ ထင်မှတ်ထားကြလိမ့်မည် မဟုတ်ချေ။
"လင်းသခင်လေး... ကျုပ် ပြောတာတွေအားလုံးက အမှန်တွေပါ..."
"အဲ့တုန်းက ကိစ္စပြီးလို့ ကျောက်ပုဖန်က ကျုပ်တို့ ညီအစ်ကိုတွေကို ငွေအမြောက်အမြား ပေးခဲ့လို့သာ ၊ ကျုပ်တို့အားလုံး သိုင်းလောကကနေ အနားယူခဲ့ကြတာ...."
"ကျုပ်တို့ ညီအစ်ကိုလေးယောက်လုံးက သံကြိုးတပ်လှံကိုပဲ လေ့ကျင့်ကြတာ... မင်းတို့ လင်းမိသားစုရဲ့ မိုးကြိုးဓားသိုင်းကျမ်းကို ယူပြီး ဘာလုပ်မှာလဲ..."
ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းလန်မှာ တိတ်ဆိတ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ရှီသာ့၏ ပြောစကားများမှာ အဓိပ္ပာယ်ရှိပေသည်။
လျန်ကျန်းတစ္ဆေလေးကောင်ထဲမှ သုံးယောက်ကို သူ သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်ရာ ၊ သူတို့၏ သိုင်းပညာများထဲတွင် လင်းမိသားစု မိုးကြိုးဓားအတတ်၏ အရိပ်အယောင်ကို အနည်းငယ်မျှပင် မမြင်တွေ့ခဲ့ရချေ။
ထို့ကြောင့် နောက်ကွယ်မှ လူသတ်သမားမှာ အမှန်တကယ်ပင် အခြားသူတစ်ဦး ဖြစ်နေနိုင်သည်။ ထိုသူမှာ ကျောက်ပုဖန်သာ ဖြစ်ရမည်။
သတင်းများအရ ၊ ထိုလူ၏ ဓားကွက်များမှာ အလွန် လျင်မြန်ပြီး ခန့်မှန်းရခက်သည်။
လင်းမိသားစု၏ ဓားအတတ် အနှစ်သာရမျိုး ရှိနေသည်။
လင်းလန် တစ်ယောက် တိတ်ဆိတ်နေသည်ကို မြင်တော့ ၊ ရှီသာ့ က တိုးတိုးလေး ဆိုပြန်၏။
"လင်းသခင်လေး... ကျုပ် ကတိအတိုင်း နောက်ကွယ်က လူကို ပြောပြပြီးပြီ... ကျုပ်... သွားလို့ရပြီလား..."
ငေးမှိုင်နေသော လင်းလန်သည် မည်သည့်စကားမျှ မဆိုဘဲ လက်ကိုသာ ဝှေ့ယမ်းပြလိုက်သည်။
ရှီသာ့မှာ ဝမ်းသာအားရ ထရပ်လိုက်ပြီး၊ လူအုပ်ကြီးကို တွန်းဖယ်ကာ အဝေးသို့ ပြေးထွက်သွားလေတော့သည်။
သူသည် လုအန်းမြို့မှ ထွက်ခွာရမည် ဖြစ်ပြီး နန်ယန်စီရင်စုကနေပါ ထွက်ခွာရပေမည်။ သို့မဟုတ်ပါက သူ သေရမည်မှာ ဧကန်မလွဲပင်။