အခန်း ၂၄
Vol. 3 Ch. 24
အခန်း(၂၄)
ရှီသာ့ တစ်ယောက် အလောတကြီး ထွက်ပြေးသွားခဲ့ပြီး ၊ သူ၏ ညီအစ်ကိုကောင်း သုံးယောက်၏ အလောင်းများကိုပင် ကောက်ယူသွားရန် အချိန်မရလိုက်ချေ။
ဟား...
ကျန်းမင်သည် တစ်ချက် ပြုံးလိုက်ပြီး ၊ သူ၏ ပုံရိပ်မှာ ချက်ချင်းဆိုသလို ကွယ်ပျောက်သွားလေ၏။
လော့ဝူရှဲ့သည် ကျန်းမင် ဘာသွားလုပ်မည်ကို သိနေသော်လည်း တိတ်ဆိတ်နေလိုက်သည်။ လင်းလန်သည်လည်း ဓားတစ်လက်ဖြင့် လမ်းမထက်တွင် တစ်ယောက်တည်း ပျောက်ကွယ်သွားခဲ့သည်။
ဤပြဇာတ်ကြီးမှာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သော်လည်း ၊ ဤပြဇာတ်ကြောင့် ဖြစ်ပေါ်လာမည့် မုန်တိုင်းမှာမူ ယခုမှ စတင်ရုံသာ ရှိသေး၏။
တစ်ချိန်တည်းမှာပင် စုန့်ချွင်းမြို့အတွင်း၌။
ငွေကြေးဂိုဏ်းနှင့် ဆိပ်ကမ်းဂိုဏ်း၏ အကြီးအကဲများသည် တစ်ဖန် ပြန်လည် ဆုံတွေ့ခဲ့ကြသည်။
သို့သော်လည်း ဤလူများ၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများနှင့် စိတ်ပျက်အားလျော့မှုများကို အတိုင်းသား မြင်တွေ့နေရသည်။
"ဒီလောက် ရက်အတော်ကြာ ရှာဖွေခဲ့တာတောင် ဆံပင်မွှေးတစ်ချောင်းတောင် ရှာမတွေ့ဘူး..."
"ကျုပ် ကြည့်ရသလောက်တော့ ဒီကောင်လေးက ချီဝူမြို့ကို ထွက်ပြေးသွားတာ သေချာတယ်..."
"ကျုပ်တို့ ငွေကြေးဂိုဏ်းက ချီဝူမြို့မှာ အင်အားမရှိဘူး... မင်းတို့ ဆိပ်ကမ်းဂိုဏ်းကိုပဲ အားကိုးရတော့မယ်..."
ကျင်းပေါင်က တည်ငြိမ်စွာ ဆိုလိုက်၏။
အချိန်အတော်ကြာ ညှိနှိုင်းပြီးနောက်တွင်မူ နှစ်ဖက်စလုံးသည် အေးအေးဆေးဆေး ပြောဆိုဆက်ဆံနိုင်ခဲ့သည်။
အကယ်၍ လွန်ခဲ့သော တစ်လခန့်ကဆိုလျှင် ကျန်းမင်တစ်ယောက် သူတို့ကို ဤမျှအထိ ဒုက္ခပေးနိုင်လိမ့်မည်ဟု ထင်မှတ်ထားလိမ့်မည် မဟုတ်ချေ။
"ကျုပ်တို့ ဆိပ်ကမ်းဂိုဏ်းလည်း အဆင်မပြေဘူး... ချီဝူမြို့က ရေခံတပ် ၇၂ခုရဲ့ အကြီးအကဲ မာပေါင်ပေါင်ရဲ့ ပိုင်နက် ဖြစ်နေတာပဲ... ကျုပ်တို့ ဆိပ်ကမ်းဂိုဏ်းရဲ့ အင်အားက အဲ့မှာ အရမ်းအားနည်းတယ်..."
ဖုန်းဒုတိယသခင်ကြီး၏ မျက်လုံးများမှာ နီမြန်းနေပြီး ပင်ပန်းနွမ်းနယ်စွာ ပြန်လည်ဖြေကြားလိုက်၏။
သို့သော်လည်း သူ၏ ပင်ပန်းမှုမှာ စိတ်ပင်ပန်းခြင်းသာ ဖြစ်ပေသည်။
"အို... ဒါ အတော်လေး ထူးဆန်းသကိုး.... မင်းတို့ ဆိပ်ကမ်းဂိုဏ်းက တခြားသူကို မပြိုင်ဆိုင်နိုင်တဲ့ အချိန် ရှိသေးတာပဲလား..."
ဆိပ်ကမ်းဂိုဏ်းသည် နန်ယန်စီရင်စုတွင် မည်မျှ အင်အားကြီးမားကြောင်းကို ကျင်းပေါင် အသိဆုံး ဖြစ်သည်။
သူ၏ ငွေကြေးဂိုဏ်းသည် ဤစုန့်ချွင်းမြို့တွင် ဆိပ်ကမ်းဂိုဏ်း၏ ဌာနခွဲနှင့် အပြန်အလှန် ပြိုင်ဆိုင်နေနိုင်သော်လည်း ၊ စုန့်ချွင်းမြို့မှ ထွက်ခွာသွားသည်နှင့် မိမိတို့ ငွေကြေးဂိုဏ်းသည် တစ်ဖက်လူ၏ ပြိုင်ဘက် မဟုတ်တော့ချေ။
ဤနှစ်များအတွင်း ဆိပ်ကမ်းဂိုဏ်းသည် ချင်းနျိုမြို့ ချင်းယွမ်ဓား ကျောက်မိသားစု နှင့် ထျန်းချန်းဂိုဏ်းပြီးလျှင် နန်ယန်စီရင်စု၏ တတိယမြောက် အင်အားအကြီးဆုံး အင်အားစု ဖြစ်လာရန် အရိပ်အယောင်များ ရှိနေသည်။
“ဟူး..."
"မင်း မသိသေးလို့ပါ... အဲဒီ မာပေါင်ပေါင်မှာ အစ်ကိုတစ်ယောက် ရှိတယ်... အဲ့လူက ထျန်းချန်းဂိုဏ်းရဲ့ အတွင်းစည်းတပည့် လင်းယုန်နတ်ဘုရားဓား မာထျန်းမင်ပဲ... ကျုပ် တို့ ဆိပ်ကမ်းဂိုဏ်းကတောင် ထျန်းချန်းဂိုဏ်းကို မပြစ်မှားရဲဘူး..."
ဖုန်းဒုတိယသခင်ကြီးက သက်ပြင်းတစ်ချက် ချကာ ညည်းတွားလိုက်၏။
"ဘာပဲဖြစ်ဖြစ်... ကျုပ်တို့ ကျန့်ဝမ်မြို့တော်ဘက်က လူလွှတ်တာကိုပဲ စောင့်ကြရအောင်…"
"ဒီတစ်ခေါက် လှုပ်ရှားမှုမှာ ကျုပ်တို့ ဆိပ်ကမ်းဂိုဏ်းက လူတွေ အကျများခဲ့တယ်.. အောက်က ညီအစ်ကိုတွေကလည်း မကျေမနပ် ဖြစ်နေကြပြီ.....ခဏရပ်ထားသင့်ပြီ"
"ကျုပ်တို့ ငွေကြေးဂိုဏ်းလည်း အတူတူပါပဲ... ဒါတင်မကသေးဘူး... မြို့ပြင်က တောင်ပေါ်လမ်းမှာ အဲဒီ ကျန်းမားဇီတို့အဖွဲ့က ထပ်ပြီး ပြသနာရှာသွားတယ်…”
“ကျုပ်တို့ ဂိုဏ်းသား ဆယ်ယောက်ခန့် နဲ့ အဆင့်(၉) နှောင်းပိုင်းအဆင့်ရှိ ခေါင်းဆောင်တစ်ယောက်ကိုပါ သတ်သွားခဲ့တယ်..."
"တကယ့်ကို ဒုက္ခများတဲ့ အချိန်ပဲ... ကျန်းမင်နဲ့အတူ နတ်ဆိုးကောင်တွေပါ ဘယ်လိုလုပ်ပြီး ထွက်ချလာသလဲ မသိတော့ဘူး..."
"ကျုပ်လည်း လောလောဆယ် ခေတ္တရပ်နားထားဖို့ သဘောတူတယ်..."
ဤသို့ဖြင့် သူတို့နှစ်ဦးသည် သဘောတူညီချက်တစ်ခု ရရှိခဲ့ကြသည်။
သို့သော်လည်း ပို၍ ကြီးမားသော မုန်တိုင်းကြီးတစ်ခုက တိတ်ဆိတ်စွာဖြင့် ဝင်ရောက်လာ၏။
…….
မွန်းလွဲပိုင်းအချိန် ၊ လမ်းကြားလေးတစ်ခုမှာ ပျင်းရိဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေ၏။
တိတ်ဆိတ်နေသော လမ်းကြားထဲ ခြေသံများသာ တိုးဝင်လာခြင်း မရှိပါက ၊ ဤတိတ်ဆိတ်မှုသည် နောက်ထပ် တစ်နာရီလောက်အထိ ဆက်လက် တည်ရှိနေပေဦးမည်။
"မိတ်ဆွေ... မင်း ဒါ ဘာသဘောလဲ..."
လျန်ကျန်းတစ္ဆေလေးကောင်ထဲမှ ရှီသာ့ သည် သူ့ရင်ဘတ်သူ ဖိထားပြီး ဖြူဖျော့ဖျော့ မျက်နှာဖြင့် ရှေ့တွင် ပိတ်ဆို့ထားသော လူငယ်တစ်ယောက်၏ ကျောပြင်ကို စိုက်ကြည့်ရင်း မေးမြန်းလိုက်သည်။
ထိုလူငယ်သည် သူ့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ချေ။ လေပြေတစ်ချက် ဝှေ့ယမ်းတိုက်ခတ်သွားလေရာ ၊ သူ၏ ဝတ်ရုံအနားသတ်မှာ လေနှင့်အတူ တဖျပ်ဖျပ် လွင့်မျောနေ၏။
"ဟန်ဆောင်မနေနဲ့တော့..."
"မင်း သိထားတယ် မဟုတ်လား..."
ကျန်းမင်၏ အသံမှာ တည်ငြိမ်ကာ အေးစက်သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် ရှီသာ့ မှာ ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်သွားပြီး နောက်ပြန်လှည့်ရန် ဟန်ပြင်လိုက်သည်။
သို့သော်လည်း သူ၏ ခေါင်းမှာ လှည့်သွားခဲ့သော်လည်း ခန္ဓာကိုယ်မှာမူ မူလနေရာ၌ပင် ရှိနေဆဲ ဖြစ်ပြီး၊ လည်ပင်းထက်တွင် နီမြန်းသော မျဉ်းကြောင်းလေးတစ်ကြောင်း ဖြစ်ပေါ်လာ၏။
ဤသည်မှာ သူ၏ လည်ပင်းထက်၌ ဓားတစ်လက် ကျရောက်သွားခဲ့ကြောင်း သက်သေပြနေခြင်းပင်။
“ဖူး…”
“ ငါ့အသက်ကို ခက်ခက်ခဲခဲနဲ့ ကယ်တင်ခဲ့ပြီးမှ….”
သူ မကျေနပ်ပေ ၊ သူ အရမ်းကို ခံပြင်းမိသည်။
[သတ်ဖြတ်ခြင်းတန်ဖိုး +200]
“ကောင်းလိုက်တာ၊ အလွန် ကောင်းတယ်… ပြတ်သားပြီး ရက်စက်တဲ့လူငယ်လေးပဲ”
ထိုအချိန်မှာပင် ၊ နံရံဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။ နံရံပေါ်တွင် တရေးအိပ်နေသော ကြောင်လေးတစ်ကောင်၏ ဘေးတွင် လူရိပ်တစ်ခု ရှိနေခဲ့သည်။
ထိုအနှီသူမှ စကားမပြောခင်အထိ ၊ ကြောင်လေးမှာ သူ့ဘေးနားတွင် လူတစ်ယောက် ရှိနေခဲ့သည်ကို သတိမထားမိခဲ့ချေ။
“သိပ်ကို ပြောင်မြောက်လွန်းတဲ့ ကိုယ်ဖော့ပညာပဲ”
ကျန်းမင်၏ စိတ်ထဲမှာလည်း အံ့အားသင့်သွားပြီး ၊ သူ၏ မျက်လုံးများက သတိအပြည့်ရှိနေသည်။
“လေးလံတဲ့အရာကို ပေါ့ပေါ့ပါးပါးနဲ့ ကိုင်တွယ်နိုင်ပြီး၊ ပေါ့ပါးတဲ့ အလုပ်တွေကိုလည်း ပြီးပြည့်စုံစွာ ကိုင်တွယ်နိုင်တယ် ….”
“ငါ့မျက်စိနဲ့ ကိုယ်တိုင်မမြင်ခဲ့ရရင် အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ယောက်က ဓားအတတ်မှာ ဒီလောက်အဆင့်ထိ ရောက်နိုင်မယ်လို့ ငါ ဘယ်တော့မှ ယုံကြည်မှာမဟုတ်ဘူး”
“တကယ်ကို မယုံနိုင်စရာပဲ”
ရောက်လာသူမှာ အပြာရောင် အဝတ်အစားကို ဝတ်ဆင်ထားပြီး ၊ ခါးတွင် ဓားတစ်ချောင်း ချိတ်ဆွဲထား၏။ သူသည် ကျန်းမင်ထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။