အခန်း ၃၀
Vol. 3 Ch. 30
အခန်း(၃၀) ကြယ်တိမ်ဂိုဏ်း
ထိုအချိန်က ကြယ်တိမ်ဂိုဏ်း၏ အရှိန်အဝါသည် သာ့ယွီသိုင်းလောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး ၊ ကြယ်တိမ်ဂိုဏ်း၏ သံမဏိအမိန့်ပြားက သိုင်းလောကအတွင်း လုယက်တိုက်ခိုက်မှု မြောက်မြားစွာကို ဖြစ်ပေါ်စေခဲ့၏။
သို့သော်လည်း ထိုအချိန်မှစ၍ သိုင်းလောကအတွင်း ကြယ်တိမ်ဂိုဏ်း၏ နောက်ထပ် သတင်းများကို မကြားရတော့သလို သံမဏိအမိန့်ပြားနှင့် ပတ်သတ်သော သတင်းများကိုလည်း မကြားမိကြတော့ချေ။
တဖြည်းဖြည်းနှင့် ထိုအဖြစ်အပျက်များသည် လူတိုင်း၏ ရင်ထဲတွင် မှေးမှိန်သွားခဲ့သည်။ ဆိပ်ကမ်းဂိုဏ်းကဲ့သို့သော အင်အားစုကြီးများသာလျှင် ထိုဂိုဏ်းအကြောင်းကို သိရှိကြသည်။
အကြောင်းရင်းမှာ အခြားမဟုတ် ၊ မိမိတို့အပေါ် ဘေးဒုက္ခ ကျရောက်မလာစေရန် ကြိုတင် ရှောင်ရှားခြင်းဖြစ်သည်။
သို့ရာတွင် ယခုအချိန်၌ ၊
ကြယ်တိမ်ဂိုဏ်း၏ တပည့်တစ်ဦးသည် သူတို့၏ မျက်စိရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
အကြီးအကဲ ခြောက်ဦး၏ မျက်ဝန်းထဲ၌ ကြောက်ရွံ့ထိတ်လန့်ခြင်း အရိပ်အယောင်များ ရှိနေခဲ့ပြီး ၊ ခန္ဓာကိုယ်များမှာလည်း အနည်းငယ် တုန်ယင်နေကြသည်။
မော့လျူရှင်းသည် သူ၏ ရင်ဘတ်ထဲမှ ရွှေလည်းမဟုတ်၊ သံလည်းမဟုတ်သော အသေးစား သံမဏိအမိန့်ပြား တစ်ခုကို ထုတ်ယူလိုက်သည်။
သံမဏိအမိန့်ပြား။
လူတိုင်း ဤအမိန့်ပြားကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးကြသော်လည်း ၊ မိမိတို့၏ မျက်စိရှေ့တွင် ရှ်ိနေသော ဤပစ္စည်းသည် တစ်ချိန်က သိုင်းလောကတစ်ခုလုံးကို သွေးချောင်းစီးစေခဲ့သည့် သံမဏိအမိန့်ပြား ဖြစ်ကြောင်း ကောင်းကောင်း သိကြသည်။
မဟုတ်မှလွဲရော...
"လွန်ခဲ့တဲ့ တစ်လက... တစ်ယောက်ယောက်က ဒီသံမဏိအမိန့်ပြားကို ကိုင်ပြီး ကျုပ်တို့ ကြယ်တိမ်ဂိုဏ်းကို လာခဲ့တယ်... အတိတ်က ကိစ္စတစ်ခုကို စုံစမ်းပေးဖို့နဲ့ လူတစ်ယောက်ကို သတ်ပေးဖို့ တောင်းဆိုခဲ့တယ်..."
"ကျုပ်တို့ဂိုဏ်းရဲ့ စည်းမျဉ်းကိုလည်း ခင်ဗျားတို့ အားလုံး သိကြမှာပါ..."
"ပြီးတော့... အဲ့လူကလည်း တကယ့်ကို သေထိုက်တယ်..."
"ဟုတ်တယ်မလား..."
"ဝမ်ရှောင်ဝိန်... မဟုတ်ဘူး... ခင်ဗျားကို ‘ကျောက်စိမ်းမျက်နှာ ပညာရှိ' တန်ဟောက်ပိုင်လို့ ခေါ်ရင် ပိုမှန်လိမ့်မယ်..."
"လွန်ခဲ့တဲ့ ၁၇နှစ်တုန်းက... ခင်ဗျားဟာ ရန်သူတွေရဲ့ လိုက်လံသတ်ဖြတ်တာကို ခံရလို့ ဆွေ့ဟန်ဓား ဟန်ပိုင်ရဲ့ အိမ်မှာ သွားပြီး ပုန်းအောင်းခဲ့တယ်…”
“ဟန်ပိုင်က သစ္စာတရားကို အလေးထားပြီး ခင်ဗျားကို ခိုလှုံခွင့်ပေးခဲ့ပေမယ့် ခင်ဗျားကတော့ ကျေးဇူးကန်းပြီး ဟန်ပိုင်ရဲ့ မိသားစုတစ်ခုလုံးကို အဆိပ်ခတ် သတ်ဖြတ်ခဲ့တယ်... ပြီးတော့ သူ့ရဲ့ ဇနီးကိုပါ ပြန်ပေးဆွဲခဲ့တယ်..."
"အဲ့ဒီနောက်မှာ နာမည်ပြောင်းပြီး ဝမ်ရှောင်ဝိန် ဆိုတဲ့ နာမည်နဲ့ ဆိပ်ကမ်းဂိုဏ်းထဲမှာ ပုန်းအောင်းနေခဲ့တာပဲ..."
"ခင်ဗျားကတော့ ဒီကိစ္စကို ဘယ်သူမှ မသိနိုင်ဘူးလို့ ထင်နေမှာပေါ့... ဒါပေမဲ့ ဒီကောင်းကင်အောက်မှာ ကျုပ်တို့ ကြယ်တိမ်ဂိုဏ်းက မသိတဲ့ လျှို့ဝှက်ချက်ဆိုတာ မရှိဘူး..."
"ဒီနေ့... ခင်ဗျားရဲ့ သေနေ့ ရောက်ပြီ..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ဝမ်ရှောင်ဝိန်၏ မျက်နှာအမူအရာမှာ အေးစက်ကာ တင်းမာသွားသည်။
ဆိပ်ကမ်းဂိုဏ်း၏ အကြီးအကဲ ခြောက်ဦးသည်လည်း ဝမ်ရှောင်ဝိန်၏ လျှို့ဝှက်ချက်ကို ယခုမှသာ သိလိုက်ရခြင်း ဖြစ်သဖြင့် အံ့ဩတုန်လှုပ်သွားကြသည်။
မိမိတို့၏ ဌာနခွဲခေါင်းဆောင်ဖြစ်ပြီး ၊ သစ္စာတရားကို အလေးထားသည်ဟု ကျော်ကြားသော 'အသက်လုဓား' ဝမ်ရှောင်ဝိန်သည် လွန်ခဲ့သော ၁၇ နှစ်က သိုင်းလောက၏ အမှိုက်ကောင် တန်ဟောက်ပိုင် ဖြစ်နေ၏။
အကယ်၍ ဤစကားကို အခြားတစ်ယောက်က ပြောဆိုခဲ့ခြင်း ဖြစ်ပါက ၊ သူတို့အနေဖြင့် သေသည်အထိ ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ပြောဆိုသူမှာ ကြယ်တိမ်ဂိုဏ်း၏ လူဖြစ်နေသဖြင့် မယုံကြည်၍ မရနိုင်တော့ပေ။
ကြယ်တိမ်ဂိုဏ်းသည် လောကရှိအရာအားလုံးကို သိမြင်နိုင်စွမ်းရှိပြီး ကောင်းကင်လျှို့ဝှက်ချက် ဆန်းကြယ်ဂေဟာနှင့် နှိုင်းယှဉ်ပါကပင် မလျော့ကျပေ။
"ဟားး..."
"ဟားဟားဟား..."
ဝမ်ရှောင်ဝိန်သည် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်၏။
"တစ်ခါတစ်လေ... ကိစ္စတွေကို အများကြီး သိနေတာလည်း ကောင်းတဲ့အရာ မဟုတ်ဘူး..."
"မှန်တယ်... ကျုပ်က ‘ ကျောက်စိမ်းမျက်နှာ ပညာရှိ' တန်ဟောက်ပိုင်ပဲ..."
"သိုင်းလောကရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်တာ နည်းနည်းလျှော့သင့်တယ်... ဒါဆိုရင် မင်းရဲ့ အသက်က ပိုပြီး ရှည်နိုင်ဦးမှာ..."
နောက်ဆုံး စကားတစ်ခွန်းကို ပြောဆိုလိုက်ချိန်တွင် သူ၏ လေသံမှာ ခြောက်ခြားဖွယ် ကောင်းလောက်အောင် အေးစက်သွားသည်။
အကယ်၍ ကြယ်တိမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကိုယ်တိုင် ဤနေရာသို့ ရောက်ရှိလာပါက ၊ သူသည် ဆန့်ကျင် တိုက်ခိုက်ဝံ့မည် မဟုတ်ဘဲ အဆုံးစီရင်လိုက်မည် ဖြစ်သော်လည်း ယခု ရောက်ရှိလာသူမှာ အဆင့်(၇)သာ ရှိသေးသည့် သိုင်းပညာရှင် တစ်ဦး ဖြစ်သည်။
သူသည် ကြယ်တိမ်ဂိုဏ်း၏ အစွမ်းအစကို စမ်းသပ်ကြည့်ချင်သေး၏။
မော့လျူရှင်းက ခေါင်းခါလိုက်သည်။
“ ကျုပ် ဒီကိုရောက်နေပြီဆိုမှတော့ ခင်ဗျားကို သတ်နိုင်မယ်လို့ ယုံကြည်ချက်ရှိလို့ပဲ”
“ ကြယ်တိမ်ဂိုဏ်းက ဘယ်တော့မှ မရှုံးနိမ့်ဖူးဘူး”
“ ဒါပေမဲ့လည်း မသေချာသေးဘူး…မင်းတို့ ဒီနေ့မှာ ရှုံးနိမ့်နိုင်တာပဲလေ”
“ တိုက်ကြစမ်း”
ဝမ်ရှောင်ဝိန်သည် သူ၏ အသက်လုဓားကို ဆွဲထုတ်ကာ လျင်မြန်စွာ ပြေးထွက်သွားခဲ့သည်။