အခန်း ၆၀
Vol. 6 Ch. 60
အခန်း (၆၀) ယွမ်တစ်သိန်းတန် ကား
"မင်းက အခုမှ ကျောင်းက ဘွဲ့ရခါစဆိုတော့ တစ်နှစ်အတွင်း ယွမ် တစ်သိန်း စုဆောင်းနိုင်ဖို့တောင် မဖြစ်နိုင်ဘူး မဟုတ်လား..."
"ဒါပေမဲ့ ငါကတော့ နိုင်တယ်လေ... တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြီးတာနဲ့ ယွမ် တစ်သိန်းတန် ကားတစ်စီးကို ငါ ပိုင်ဆိုင်နေပြီ..."
ဟန်သယ်မှာ ထူးထူးခြားခြား မောက်မာနေခဲ့ပြီး သူ၏ မျက်လုံးများထဲတွင် သာလွန်မှု အငွေ့အသက်များ ပြည့်နှက်နေပေ၏။
"ဟုတ်တယ်... အစ်ကိုဟန်ရဲ့ မိသားစုက အရမ်းချမ်းသာတာ... ပြီးတော့ သူကိုယ်တိုင်ကလည်း အရမ်း ကြိုးစားတယ်လေ... တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ် ၆၀၀ ကျော် ရခဲ့လို့ ကားတစ်စီးနဲ့ ဆုချခံရတာ..."
"ငါတော့ တကယ်ကို အားကျတာပဲ... ယွမ် တစ်သိန်းတန် ကားတစ်စီးဆိုတာ ငါ အနာဂတ်မှာ အလုပ်စလုပ်ရင်တောင် အဲဒီကားအတွက် စုဖို့ အချိန်အတော်ကြာ ယူရလိမ့်မယ်..."
"ဒီကားက တကယ် မိုက်တယ်... အရည်အသွေးလည်း ကောင်းပြီး စီးရတာလည်း အရမ်း သက်တောင့်သက်သာ ရှိတယ်... အစ်ကိုဟန်က တကယ်ကို အရည်အချင်းရှိတာပဲ... ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကားတစ်စီး ပိုင်ဆိုင်နေပြီ..."
အနီးနားရှိ လူငယ်အနည်းငယ်က အားကျစွာဖြင့် ကြည့်နေကြလေသည်။
ဗီဒီယိုအတိုလေးတွေထဲမှာ လူတွေက ရိုးလ်ရွိုက်စ်၊ ဘန်တလေနဲ့ ကူလီနန် ကားတွေကို မောင်းနှင်နေကြပေမဲ့ အဲဒါတွေက အွန်လိုင်းမှာသာဖြစ်ပြီး လက်တွေ့မှာ မဟုတ်ချေ။
လက်တွေ့မှာတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြီးသည်နှင့် တစ်ပြိုင်နက် ကားတစ်စီး ဝယ်နိုင်သူ မည်မျှ ရှိမည်နည်း။
တကယ်ကို အားကျစရာကောင်းလှပေ၏။
အခြားသူများထံမှ ချီးကျူးစကားများကို ကြားလိုက်ရသဖြင့် ဟန်သယ်၏ မောက်မာမှုသည် ကြီးမားစွာ ကျေနပ်သွားခဲ့လေသည်။ သူက စုယွမ်အား အထင်သေးစွာ ကြည့်လိုက်ပြီး သူ၏ မောက်မာမှုမှာ ပို၍ပင် ထင်ရှားလာတော့သည်။
"မော်ဒယ်ဟောင်း မာဂိုတန် ကားလား... စိတ်ဝင်စားစရာပဲ..." ဟန်သယ်၏ မောက်မာသော အမူအရာကို ကြည့်ရင်း စုယွမ်က အနည်းငယ် ပြုံးလိုက်၏။
စုယွမ်၏ စကားကို ကြားလိုက်ရချိန်၌ ပိုင်ချန်သည်လည်း မရယ်ဘဲ မနေနိုင်ခဲ့ချေ။
စုယွမ်၏ သရော်လှောင်ပြောင်သော လေသံကို ကြားလိုက်ရချိန်၌ ဟန်သယ်၏ မျက်နှာမှာ ပျက်ယွင်းသွားတော့သည်။
"လောင်စူး... အရမ်းကြီး စည်းလွတ်ဘောင်လွတ် မလုပ်နဲ့နော်..."
"မင်းက အခုမှ ကျောင်းက ဘွဲ့ရခါစပဲ ရှိသေးတာလေ... တစ်လကို ယွမ် ငါးထောင်လောက် ရှာနိုင်ပြီလား..."
"မင်းက မစားမသောက်ဘဲ စုရင်တောင်မှ ဒီကားကို ဝယ်နိုင်ဖို့ အချိန်နှစ်နှစ်လောက် ယူရဦးမှာနော်..."
"အခုခေတ်က အရင်တုန်းကလို မဟုတ်တော့ဘူး... မင်းမှာ ကားတစ်စီးမှ မရှိရင် ဘယ်သူကမှ မင်းကို လက်ထပ်ချင်မှာ မဟုတ်ဘူး... အဲဒါကို မင်းက ဒီနေရာမှာ ရပ်ပြီး သရော်တဲ့စကားတွေ ပြောနေသေးတယ်..."
"မင်းမှာ ဘာအရည်အချင်းတွေ ရှိနေလို့လဲ..."
"ရိုးရိုးသားသား ပြောရရင် လက်တွေ့မကျတာတွေ ဒါမှမဟုတ် ငါ့ကို အားကျနေတာတွေ လုပ်နေစရာ မလိုပါဘူး... ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ အစမှတ်တွေက မတူညီတဲ့အတွက် နှိုင်းယှဉ်လို့ မရနိုင်ဘူးလေ..."
ဟန်သယ်မှာ အနည်းငယ် စိုးရိမ်သွားပုံရသော်လည်း သူက ပြန်တွေးလိုက်သည်။ မော်ဒယ်ဟောင်း မာဂိုတန် ကားဆိုရင်ရော ဘာဖြစ်လဲ။ စုယွမ် ဝယ်နိုင်သည့် အရာမျိုးမှ မဟုတ်တာ။
ဤကားက သူ၏ အစမှတ်သာ ဖြစ်သော်လည်း ၎င်းက စုယွမ်အတွက်မူ ခရီးဆုံးပန်းတိုင် ဖြစ်နေချေပြီ။
ဟန်သယ်၏ စကားများမှာ တော်တော်လေး အဓိပ္ပာယ်ရှိပုံရသဖြင့် သူ၏နောက်တွင် ရှိနေသော လူငယ်အနည်းငယ်က သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြလေသည်။
ဤသည်ကို မြင်လိုက်ရချိန်၌ ဟန်သယ်သည် ပို၍ပင် မောက်မာလာခဲ့၏။
"ကောင်းပြီ... မင်းက ဒီမှာ ဝန်တင်ကောင် တစ်ကောင်လို အလုပ်လုပ်နေရပေမဲ့ ငါကတော့ မြက်ခင်းပြင်ပေါ်မှာ ဝန်တင်ကောင်ကို စီးသွားတော့မှာ... ဘာမှ မကွာခြားပါဘူး... အားလုံးက ဘဝအကြောင်းပါပဲ... ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့... အနာဂတ်ကျရင်တော့ မင်းလည်း ဝယ်နိုင်လာမှာပါ..."
ဟန်သယ်က စုယွမ်၏ ပခုံးကို ထပ်မံ၍ ပုတ်ကာ ပြောဆိုလိုက်သည်။
စုယွမ်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။
ဟန်သယ်သည် သူ့ကို ငယ်စဉ်ကတည်းက “လောင်စူး” ဟု ခေါ်လေ့ရှိပြီး ကြွားဝါခြင်းနှင့် လူအများရှေ့တွင် ပြသရခြင်းကို နှစ်သက်ကြောင်း စုယွမ် ကောင်းစွာ သိရှိထားပေသည်။
မာဂိုတန် ကားမှာ ကောင်းမွန်သော ကားတစ်စီး ဖြစ်သော်လည်း ၎င်း၏ ကောင်းကွက်များကို အလွန်အကျွံ ချဲ့ကားပြောဆိုနေရန် မလိုအပ်ချေ။
ဟန်သယ်၏ မျက်နှာကို ကြည့်ရင်း သူသည် မိမိ ရှက်ရွံ့ပြီး သိမ်ငယ်သွားသည်ကို မြင်ချင်နေကြောင်း စုယွမ် သိလိုက်လေ၏။
သူ၏ မောက်မာမှုကို ကျေနပ်စေရန်အတွက် မိမိက သူ့ကို အားကျနေသည်ကို သူ မြင်တွေ့ချင်နေခြင်းပင်။
'ဒါပေမဲ့ ငါက တကယ်ကို သူ့ကို အားကျနေဖို့ မလိုအပ်ဘူးလေ...'
"အိုး... တကယ်ကို အထင်ကြီးစရာပဲ..." စုယွမ်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ပြီးနောက် ပိုင်ချန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ငါတို့လည်း သွားကြရအောင်..."
"ကလေးလေး တစ်ယောက်က ကလေးလို စကားပြောနေတာပါ... စိတ်ထဲမထားပါနဲ့..."
ပိုင်ချန်က ပြုံးလျက် ခေါင်းညိတ်လိုက်၏။ တကယ်ကို စိတ်ဝင်စားစရာ ကောင်းလှပေသည်။
ထို့နောက် သူတို့နှစ်ဦးသည် ဟန်သယ်ကို လျစ်လျူရှုကာ ကားဆီသို့ တိုက်ရိုက် လျှောက်သွားကြလေတော့သည်။
စုယွမ်၏ စကားများကို ကြားလိုက်ရချိန်၌ ဟန်သယ်၏ မျက်နှာမှာ တုန်လှုပ်မှုကြောင့် တွန့်လိမ်သွားတော့၏။
သူ၏ မည်းနက်နေသော မျက်နှာပေါ်သို့ နီရဲသော အရောင်တစ်ခု ရောက်ရှိလာပြီး သူ့ကို အနီရင့်ရောင်နှင့် အနက်ရောင် ရောယှက်နေသည့်အလား ဖြစ်သွားစေခဲ့သည်။
တစ်နည်းအားဖြင့် ပြောရလျှင် ဟန်သယ် လုံးလုံးလျားလျား ပေါက်ကွဲသွားခဲ့လေပြီ။
"အဲဒီမှာ ရပ်လိုက်စမ်း... မင်း ဘယ်သူ့ကို ပြောနေတာလဲ... ဘယ်သူ့ကို ကလေးလေးလို့ ခေါ်နေတာလဲ..."
"မင်းက ငါ့ထက် နှစ်အနည်းငယ်လောက်ပဲ ကြီးတာလေ... ဘာတွေများ အဲဒီလောက် အထူးတလည် ဖြစ်နေလို့လဲ..."
"မင်းက အောက်ခြေလူတန်းစားက ဝန်တင်ကောင်လေး တစ်ကောင်ပါပဲ... ဘာတွေများ အဲဒီလောက် မောက်မာနေရတာလဲဆိုတာ ငါ မသိတော့ဘူး..."
"မင်းကိုယ်မင်း ဘယ်သူလို့များ ထင်နေတာလဲ... ပိုက်ဆံတစ်ပြားမှ မရှိတဲ့ ငမွဲကောင်..."
"မင်းရဲ့ ကောင်မလေးကလည်း မျက်စိကန်းနေလို့ မင်းလိုကောင်နဲ့ တွဲနေတာပဲ ဖြစ်ရမယ်..."
"မင်းက ဒီလောက် ပူအိုက်နေတဲ့ ရာသီဥတုမှာ ဘတ်စ်ကားကို တိုးစီးရမယ့် ငကြောက်ကောင်လေ... အဲဒါကိုများ ငါ့ကို ကလေးလေးလို့ ခေါ်ပြီး ကလေးဆန်တယ်လို့ ပြောနေသေးတယ်..."
"စုယွမ်... မင်းရဲ့ ဘဝတစ်သက်တာလုံး ဒီလိုကားမျိုးကို ဘယ်တော့မှ မောင်းနိုင်မှာ မဟုတ်ဘူးဆိုတာ မင်း သိလား..."
ဟန်သယ်မှာ ဒေါသထွက်နေပြီး သူ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားကာ အံကို ကြိတ်ထားလေ၏။
သူ လုံးလုံးလျားလျား နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
သူက စုယွမ်ထက် အများကြီး ပိုသာနေတာကို စုယွမ်က ဘာလို့ သူ့ကို အားမကျရတာလဲ။
ငါ့ရှေ့မှာ သူက သိမ်ငယ်သလို ခံစားရမှာ မဟုတ်ဘူးလား။
ဘာလို့ ဒီလောက်တောင် ဂရုမစိုက်တဲ့ ပုံစံမျိုး ဖြစ်နေရတာလဲ။
သူက ဘာအတွက်များ ဟန်ဆောင်နေရတာလဲ။
ဟန်သယ်သည် ထွက်ခွာသွားသော စုယွမ်၏ ကျောပြင်ကို နာကြည်းစွာဖြင့် ကြည့်နေပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာခဲ့ပေ၏။
ဤမျှ ပူအိုက်သော ရာသီဥတုတွင် စုယွမ် အိမ်ပြန်ရန်အတွက် ဘတ်စ်ကား စီးရမည်ဟူသော အတွေးက သူ၏ ဒေါသများကို အနည်းငယ် ငြိမ်သက်သွားစေခဲ့သည်။
စုယွမ်သည် ဟန်သယ် ပြောသမျှ စကားများအားလုံးကို ရှင်းလင်းစွာ ကြားလိုက်ရလေသည်။
အတိုချုပ် ပြောရလျှင် ၎င်းကို စကားလုံး အနည်းငယ်ဖြင့် အကျဉ်းချုံးနိုင်ပေသည်။ လုံးလုံးလျားလျား အန္တရာယ်ကင်းမဲ့လွန်းလှသည်။
"ကလေးတွေက အဲဒီလိုပါပဲ... ငါ့ကို မရယ်ပါနဲ့နော်..." စုယွမ်က ပိုင်ချန်အား ပြောဆိုလိုက်၏။
ပိုင်ချန်မှာ အနည်းငယ် မျက်နှာနီရဲသွားပြီး ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် စုယွမ်သည် g-wagon ကားနံဘေးတွင် တိုက်ရိုက် ရပ်လိုက်ပြီး တံခါးကို ဖွင့်ကာ ဝင်ထိုင်လိုက်လေသည်။ ပိုင်ချန်ကလည်း ခရီးသည်ထိုင်ခုံဘက်မှ တံခါးကို ဖွင့်ကာ ဝင်ထိုင်လိုက်၏။
ချက်ချင်းပင် ကားစက်နှိုးသွားပြီး g-wagon ကားကြီးသည် အနက်ရောင်နင်ဂျာတကောင်အလား အလျင်အမြန် မောင်းထွက်သွားတော့သည်။
ဤသည်ကို မြင်လိုက်ရချိန်၌ ဟန်သယ်နှင့် သူ၏ နောက်တွင်ရှိသော လူငယ်အနည်းငယ်မှာ လုံးလုံးလျားလျား ဆွံ့အသွားကြလေ၏။
သူ၏ ပါးစပ်မှာ ဟသွားပြီး မျက်နှာပေါ်တွင် တုန်လှုပ်မှုများ ပြည့်နှက်သွားတော့သည်။
"ဒါက..." ဟန်သယ်၏ မျက်လုံးများမှာ ကြေးခေါင်းလောင်း နှစ်လုံးအလား ပြူးကျယ်နေပြီး ကားကို စူးစိုက်ကြည့်နေစဉ် သူ၏ လက်တစ်ဖက်က သူ၏ ပေါင်တွင်းပိုင်းကို အဆက်မပြတ် ဆွဲလိမ်နေခဲ့ပေ၏။
"ဘုရားရေ... အစ်ကိုဟန်... ဒါက အစ်ကို့ရဲ့ ဆွေမျိုးလား... သူက g-wagon ကို မောင်းနေတာပဲ..."
"ဝိုး... တကယ်ကို အထင်ကြီးစရာပဲ... ဒီကားက ယွမ် တစ်သန်းလောက် တန်မှာ မဟုတ်လား... တကယ်ကို မိုက်လွန်းတယ်ကွာ..."
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ... ငါတို့ရွာက သူဌေးကြီး တစ်ယောက်လည်း ပိုက်ဆံနည်းနည်း ရလာလို့ တစ်စီး ဝယ်ထားတာ... ယွမ် နှစ်သန်းကျော်တောင် ပေးရတာနော်..."
"ကျီး... ယွမ် နှစ်သန်းကျော်တန်တဲ့ ကားတစ်စီး... ငါက အဲဒီလို ကားမျိုးကို တစ်ခါမှတောင် မစီးဖူးဘူး..."
"ဒါက အစ်ကိုဟန်ရဲ့ ကားအစီး ၂၀ ကျော်လောက်တောင် ဝယ်လို့ရတယ် မဟုတ်ဘူးလား..." လူငယ်အနည်းငယ်သည် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ကား၏ တန်ဖိုးကို သဘောပေါက်သွားချိန်၌ အံ့အားသင့်စွာဖြင့် သက်ပြင်းချလိုက်ကြလေသည်။
"အစ်ကိုဟန်... အစ်ကို့ရဲ့ ဆွေမျိုးက အဲဒီလောက် ချမ်းသာတာကို စောစောက ဘာလို့ သူ့ကို အဲဒီလို ပြောလိုက်တာလဲ..." လူငယ်တစ်ယောက်က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။
ဤအချိန်တွင် ဟန်သယ်မှာ တုန်လှုပ်မှုမှ ပြန်လည်သက်သာလာခြင်း မရှိသေးချေ။
'စုယွမ်က အခုမှ ကျောင်းက ဘွဲ့ရခါစလေ... ဒီလို ကားမျိုးကို သူက ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ...'
'အဲဒါက မဖြစ်နိုင်ဘူး မဟုတ်လား...'
ယွမ် နှစ်သန်းကျော် တန်ကြေးရှိသော ကားတစ်စီးဆိုသည်မှာ အောက်ခြေအလုပ်သမား တစ်ယောက်အဖြစ် အလုပ်လုပ်နေသော ဘွဲ့ရခါစ လူငယ်တစ်ယောက် ဝေလာဝေး သူ၏ မိသားစုပင်လျှင် ဝယ်ယူနိုင်စွမ်း မရှိသော အရာတစ်ခု ဖြစ်ပေသည်။
သူ၏ မိသားစုနှင့် ပတ်သက်၍ပြောရလျှင် ၎င်းတို့က ကုန်စုံဆိုင်ငယ်လေး တစ်ဆိုင် ဖွင့်လှစ်ပြီး နှစ်တစ်ရာကျော် ရောင်းချလျှင်တောင်မှ ဤကားကို ဝယ်ယူနိုင်စွမ်း ရှိမည်မဟုတ်ချေ။
သူ၏ စုတ်ချာနေသော မာဂိုတန် ကားလေးကို ကြည့်ရင်း ဟန်သယ်သည် ဒေါသလှိုင်းလုံးတစ်ခုကို ခံစားလိုက်ရလေ၏။
ထို့ထက်ပို၍ ဆိုးရွားသည်မှာ သူ၏ နောက်တွင်ရှိသော လူများ၏ရှေ့၌ သူ လုံးလုံးလျားလျား အရှက်ကွဲသွားခဲ့ရခြင်းပင်။
'ဒီလို အခြေအနေမျိုးမှာ ငါက ဘယ်လိုလုပ်ပြီး အစ်ကိုကြီး ဖြစ်နိုင်တော့မှာလဲ...'
ခဏတာမျှ ဟန်သယ်မှာ စကားမပြောနိုင်ဘဲ စုယွမ်အား အထင်သေးရမည့် အကြောင်းရင်းကို ရှာမတွေ့နိုင်အောင် ဖြစ်နေခဲ့သည်။
'ဒါပေမဲ့ ငါ မျက်နှာအပျက်ခံလို့ မရဘူး... တကယ်လို့ ဒီတစ်ကြိမ်သာ မျက်နှာပျက်သွားရင် ဒီလူတွေရဲ့ရှေ့မှာ အစ်ကိုကြီးဆိုတဲ့ ငါ့ရဲ့ ပုံရိပ်က လုံးလုံးလျားလျား ပျက်စီးသွားလိမ့်မယ်...'
ရုတ်တရက် ဟန်သယ်သည် ကားငှားရမ်းသည့် ဆိုင်တစ်ဆိုင်ကို မြင်တွေ့လိုက်ရပြီး သူ၏ မျက်နှာပေါ်ရှိ မှုန်မှိုင်းနေမှုများက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့လေ၏။
"ဟားဟား.. မင်းတို့အားလုံးက အဲဒီကားက သူပိုင်တာလို့ ထင်နေကြတာ မဟုတ်လား... သူက လူချမ်းသာ တစ်ယောက်လို့ ထင်နေကြတာ မဟုတ်လား..."
"တကယ်လို့ မင်းတို့ အဲဒီလို တွေးနေမယ်ဆိုရင် မင်းတို့ရဲ့ အမြင်က ဘယ်လောက်တောင် ကျဉ်းမြောင်းလဲဆိုတာကို ပြသနေတာပဲ..." ဟန်သယ်က သူ၏ မောက်မာသော အမူအရာကို ပြန်လည်ရယူလိုက်ပေသည်။
"ဟင်... အစ်ကိုဟန်က ဘာကိုဆိုလိုချင်တာလဲ..." လူငယ်တစ်ယောက်က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။
'ကားကိုတောင် မောင်းထွက်သွားပြီဆိုတော့ အဲဒါက သူ့ကား မဟုတ်ဘူးလား...'
"ဟက်..." ဟန်သယ်က အထင်သေးစွာဖြင့် ရယ်မောလိုက်ပြီးနောက် ဟန်ကိုယ့်ဖို့လုပ်ကာ သူ၏ မာဂိုတန် ကားလေးကို လက်တစ်ဖက်ဖြင့် ညင်သာစွာ ကိုင်တွယ်ရင်း ပြောဆိုလိုက်လေသည်။
"ရိုးရိုးလေးပါပဲ... အဲဒီကားက သူ ငှားလာတာလေ..."