← Chapters

အရှင်ရွှမ်းဒူပေးသော သင်ခန်းစာ

Vol. 10 Ch. 139

အရှင်ရွှမ်းဒူပေးသော သင်ခန်းစာ

Vol. 10 Ch. 139

“ ဟားဟား..ဟားဟား ... အဲဒီလိုလည်း ဖြစ်တာပဲလား။ စုန်းကဝေလူသားတွေရဲ့ ရွာက မင်းကို ပင်လယ်စောင့်နတ်မင်းအဖြစ် အတင်းတင်မြှောက်လိုက်တာပေါ့လေ။ စုန်းကဝေလူသားတွေက သူတို့ရဲ့ မွေးရာပါအစွမ်းတွေကြောင့် တုတ်ခိုင်သန်မာနေလို့ နတ်တမန်တော်တွေအဖြစ်ဟန်ဆောင်ပြီး ချမ်းသာအောင်ကြံနေတာပေါ့ဟုတ်လား၊ နောက်ဆုံးတော့ နဂါးမျိုးနွယ်ပါ ပါလာတာပေါ့လေ။ အံ့ဩစရာပဲ... ဒီလောကထဲက ဖြစ်ရပ်တွေကတော့ တကယ့်ကို အံ့ဩစရာပဲ ”

တောင်ကြားလေးအတွင်းရှိ စမ်းချောင်းလေးဘေးတွင် အရှင်ရွှမ်းဒူသည် ငါးကင်တစ်ကောင်ကို ကိုင်၍ ရယ်မောနေလေသည်။

လီချန်ရှို့သည် ဘေးတွင်ထိုင်ရင်း အားတင်း၍ ပြုံးထားရ၏။ သူသည် အကြီးအကဲများကို ပေးရန်ကြံရွယ်ထားသော ဝိညာဉ်ငါးနှစ်ကောင်ကို ထုတ်လိုက်ပြီး ထပ်ကင်လိုက်သည်။

တစ်စုံတစ်ယောက်ကို မျက်နှာလိုမျက်နှာရလုပ်ရန် လိုအပ်သော ပထမဆုံးအရာမှာ ရိုးသားမှုဖြစ်သည်။

ထို့နောက် သူသည် ထိုသူ ကြိုက်သော၊ အလိုရှိသော အရာများကို လုပ်ပေးရမည်ဖြစ်သည်။

အရှင်ရွှမ်းဒူတစ်ယောက် ရယ်မော၍ မေးလိုက်၏။

“ ဘာတွေဆက်ဖြစ်သေးလဲဆိုတာ ငါ့ကို ဆက်ပြောပြပါဦး။ ငါက မင်းရဲ့ ဇာတ်လမ်းကို အလကားနားထောင်တာမဟုတ်ပါဘူး။ ပြီးကျရင် မင်း ရန်ကျောင်းတော်ရဲ့ အတတ်တစ်ခုကို ရွေးလို့ရတယ်။ တကယ်လို့ အဲ့အတတ်ကိုငါသိရင် မင်းလည်း သင်ယူနိုင်ရမှာပေါ့။ ငါမင်းကို သင်ပေးမယ် ”

လီချန်ရှို့သည် ထိုစကားကို ကြားသောအခါ ဝမ်းသာမသွားပေ။ သူ သက်ပြင်းသဲ့သဲ့ချ၍ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို သူမည်သို့ ကိုင်တွယ်ခဲ့ကြောင်းကို ဆက်ပြောလိုက်သည်။

သူသည် အဘယ်ကြောင့် နဂါးမျိုးနွယ်နှင့် ပတ်သက်နေကြောင်းကိုလည်း အရှင်ရွှမ်းဒူကို ပြန်ဖြေလိုက်၏။

လီချန်ရှို့သည် သူ၏ နောက်ကွယ်တွင် ထောက်ပံ့ပေးသည့် ပညာရှင်များမရှိသော်လည်း နဂါးမျိုးနွယ်ကို သူ့‌နောက်ကွယ်တွင် ပညာရှင်တစ်ဦးရှိသည်ဟု ထင်သွားအောင်လုပ်ခဲ့ကြောင်းကို အရှင်ရွှမ်းဒူကြားလိုက်သောအခါ ရယ်မောလိုက်လေသည်။ သူသည် လီချန်ရှို့၏ “ ပါးနပ်သောအကြံ ” ကိုချီးမွမ်းလိုက်ပြီး လီချန်ရှို့ကို ချီးကျုးလိုက်သည်။

“ မင်းက တကယ်ကို ဉာဏ်ကောင်းတာပဲ။ ဆရာက မင်းရဲ့ ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ဖုံးကွယ်ပေးထားတာ အံ့ဩစရာ မရှိတော့ပါဘူး ”

ထိုစကားကို ကြားလိုက်ရသောအခါ လီချန်ရှို့၏ မျက်နှာထားပြောင်းလဲသွား၏။

‘ တန်ခိုးရှင်က ငါ့ကို တကယ် အသိအမှတ်ပြုပြီလား ’

လီချန်ရှို့သည် ချက်ချင်းပင် ထိုကိစ္စ၏ အကျိုးနှင့်အကြောင်းကို သုံးသပ်လိုက်သည်။

နဂါးမျိုးနွယ် ကောင်းကင်ဘုံလက်အောက်သို့ ဝင်ခြင်းသည် ကောင်းကင်ဘုံခုံရုံးများ၏ ဩဇာအာဏာကို ခိုင်ခံ့တိုးတက်အောင် လုပ်ရန် အရေးပါသော အချက်တစ်ခု ဖြစ်ရပေမည်။ တန်ခိုးရှင်သည် ကောင်းကင်ဘုံခုံရုံးများကို ပံ့ပိုးလိုခြင်းမှာ ထင်ရှားလေသည်။ ရှန်းရှစ်များသည်ပင် မဟာအကြီးအကဲဘွဲ့များကို ခံယူ၍ ကျောက်စိမ်းဧကရာဇ်အတွက် တာဝန်ထမ်းဆောင်နေကြ၏။

အရှင်ထိုက်စန့်လောင်ကျွင်းသည် နဂါးမျိုးနွယ် ကောင်းကင်ဘုံလက်အောက်သို့ ဝင်လာမည့်ကိစ္စသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများနှင့် ပတ်သက်နေကြောင်းသိ၍ အ‌နောက်ကျောင်းတော် ထိုကိစ္စကို သိရှိသွားမည့်အရေးမှ နဂါးမျိုးနွယ်ကို ကာကွယ်ပေးထားခြင်းဖြစ်ရပေမည်။

ထိုခန့်မှန်းချက်သည် အကျိုးအကြောင်း ဆီလျော်ပေသည်။

လီချန်ရှို့၏ ခေါင်းထဲတွင် အတွေးတစ်ခု ရှိနေ၏။ တန်ခိုးရှင် သူ၏ ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ဖုံးကွယ်ပေးလိုက်သောအချိန်သည် သူ ကျောက်စိမ်းဧကရာဇ်နှင့် တွေ့ခဲ့သော အချိန်ကပင် ဖြစ်နိုင်ပေသည်။

သို့သော် သူသည် အတိအကျ ကောက်ချက်မချနိုင်ပေ။ သူသည် တန်ခိုးရှင်၏ အတွေးကို မခန့်မှန်းဝံ့ပေ။

သူ၏ အမွှေးတိုင်ထွန်းညှိပူဇော်မှုသည် အလဟဿမဖြစ်ခဲ့ချေ။

“ ချန်ရှို့... ”

အရှင်ရွှမ်းဒူက ပြုံး၍ ပြောလိုက်၏။

“ ဆရာက ငါ့ကို အခု တာဝန်တစ်ခုပေးလိုက်တယ်။ သူက နဂါးမျိုးနွယ် ကောင်ကင်ဘုံခုံရုံးလက်အောက်ကို ဝင်ရောက်လာအောင် ငါတို့ကို လုပ်စေချင်တယ်... မင်း ဘယ်လိုထင်လဲ ”

လီချန်ရှို့ လေးလေးနက်နက်ပြောလိုက်သည်။

“ ကျွန်တော် အရှင်ရွှမ်းဒူရဲ့ အစီအစဉ်ကို လိုက်နာပါ့မယ် ”

“ အခု တန်ခိုးရှင်က တစ်ခုခုအလိုရှိနေတယ်ဆိုတာ ကျွန်တော် အရှင့်ဆီက ကြားခဲ့ရပြီဆိုတော့ ကျွန်တော် အကောင်းဆုံးကြိုးစား လုပ်ဆောင်မှာပါ ”

အရှင်ရွှမ်းဒူ မျက်လုံးများ ကျဉ်းသွားသည်အထိ ပြုံးလိုက်သည်။

“ မင်းက စလုပ်ပြီးနေပြီဆိုတော့ အဲ့အတိုင်းပဲ ဆက်လုပ်ကြတာပေါ့။ ဒါပေမဲ့ နဂါးမျိုးနွယ်က အမြဲတမ်း စိတ်ကြီးဝင်နေပြီး ကောင်းကင်ဘုံခုံရုံးတွေကို အထင်အမြင်သေးတယ်။ မိစ္ဆာဧကရာဇ်က မိစ္ဆာခုံရုံးတွေကို တည်ထောင်ခဲ့တုန်းက မိစ္ဆာတွေရဲ့ ရွှေခေတ်ပေါ့ကွာ။ အဲ့တုန်းကတောင် မိစ္ဆာတွေက နဂါးတွေကို “ ဧည့်သည် ” အဖြစ်ပဲ ဖိတ်ခေါ်နိုင်ခဲ့တယ်။ နဂါးမျိုးနွယ်က ကုသိုလ်နဲ့ အခွင့်အရေးကောင်းတွေ မရှိဘဲ အစွမ်းတွေ ကျဆင်းနေပြီ ဆိုပေမယ့် ကပ်ဘေးတစ်ခုခုနဲ့သာ ရင်မဆိုင်ရဘူးဆိုရင် သူတို့ရဲ့ မာနကို ချိုးဖြတ်ဖို့ လွယ်မယ်မထင်ဘူး ”

အရှင်ရွှမ်းဒူ ဆိုလိုသည့်အဓိပ္ပာယ်မှာ လီချန်ရှို့ကို နဂါးမျိုးနွယ်၏ မာနကို ချိုးဖြတ်နိုင်မည့် နည်းလမ်းများကို ရှာဖွေခိုင်းခြင်းပင်။

လီချန်ရှို့ ဆွံ့အသွား၏။

သူသည် တုနတ်ဝိဇ္ဇာဂိုဏ်း၏ တပည့်လေးသာဖြစ်၍ ထိုမျှကြီးလေးသော တာဝန်ကြီးကို သူ၏ပခုံးက မထမ်းနိုင်ပေ။

အရှင်ရွှမ်းဒူသည် သူ့ကို ထိုသို့ခိုင်းခဲ့စဉ်တွင် မျက်တောင်ပင်မခတ်ခဲ့ချေ။

“ အရှင်ရွှမ်းဒူ... ”

လီချန်ရှို့ စိတ်မသက်မသာဟန်ဖြင့် ပြောလိုက်၏။

“ ကျွန်တော်က နဂါးမျိုးနွယ်ရဲ့ အစွမ်းကို အသုံးချပြီး တောင်သမုဒ္ဒရာက ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေကို ကာကွယ်နေတာပါ။ အဲဒါကကို ကျွန်တော့်ကို စိတ်မသက်မသာ ဖြစ်စေနေပြီ။ အခု အရှင်က ကျွန်တော့်ကို နဂါးမျိုးနွယ်ကို ထပ်လှည့်ဖျားဖို့ ပြောနေတာပါလား ခင်ဗျာ... ”

“ ခဏလောက်နေပါဦး... ငါ နိမိတ်ဖတ်ကြည့်ပါဦးမယ် ”

အရှင်ရွှမ်းဒူသည် သူ၏လက်ချောင်းများကိုထိ၍ တွက်ချက်လိုက်သည်။ သူ ပြုံးမနေဘဲ မျက်နှာတည်တည်ဖြစ်နေခြင်းသည် တွေ့ရခဲ၏။

“ ဒီကိစ္စက ဒီလောက်မရိုးရှင်းဘူး။ အခု အနောက်ကျောင်းတော်က တန်ခိုးရှင်နှစ်ပါးက နဂါးမျိုးနွယ်ကို သူတို့ရဲ့ လက်အောက်ကို သိမ်းသွင်းချင်နေတာ။ သူတို့က စတောင်တိုက်ခိုက်နေပြီ။ သူတို့က နဂါးမျိုးနွယ် သူ့ဘာသာ လက်အောက်ခံလာအောင် လျှို့ဝှက်ပြီး ဖိအားပေးနေတဲ့ပုံပဲ...ကျွတ်...ကျွတ်… ဒီလောက်နှစ်တွေကြာတာတောင် သူတို့က လှည့်ကွက်အဟောင်းတွေ သုံးနေတုန်းပဲ ”

လီချန်ရှို့က လေသံဖျော့ဖျော့ဖြင့် ပြောလိုက်၏။

“ အရှင်ရွှမ်းဒူ... ကျွန်တော်တို့ ဒီကိစ္စကို ဒီလိုဆွေးနွေးနေတာ သင့်တော်ပါ့မလား ”

“ မပူပါနဲ့... ”

အရှင်ရွှမ်းဒူပြောလိုက်သည်။

“ မင်းငါ့နဲ့ (၁၀)ကျန့်အကွာမှာရှိနေရင် မင်းကြိုက်တာပြောလို့ရပါတယ် ”

အရှင်ရွှမ်းဒူသည် ငါးကင်ကို လှမ်းယူလိုက်၏။ ထို့နောက် ငါးကင်ကိုဖဲ့၍ စားလိုက်ပြီး ထိုကိစ္စကို မည်သို့ကိုင်တွယ်ရမည်ကို စဉ်းစားတွေးတောနေလေသည်။

သို့ရာတွင် လီချန်ရှို့သည် မည်သည့် မှော်အတတ်ကို သင်ပေးရန် တောင်းဆိုရမည်ကိုသာ တွေးတောနေ၏။

ကိုယ်ယောင်ဖျောက်အတတ်တစ်ခု သို့မဟုတ် သူ၏ချီကို ဖုံးကွယ်နိုင်မည့်အတတ်တစ်ခုကို သင်ယူနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ သို့တည်းမဟုတ် အခြားသူများ သူ့ကို နတ်အာရုံသုံးကာ အာရုံခံ၍ မရသည့် အရှင်ရွှမ်းဒူသုံးသောအတတ်မျိုးကို သင်ယူရလျှင်လည်း မဆိုးပေ။

‘ ဟင်... ’

လီချန်ရှို့ ရုတ်တရက် တစ်စုံတစ်ခုကိုတွေးမိသွားပြီး အလျင်အမြန်မေးလိုက်သည်။

“ အရှင်ရွှမ်းဒူ... အရှင်ရွှမ်းဒူပြောတာက အနောက်ကျောင်းတော်က တန်ခိုးရှင်နှစ်ပါးက နဂါးမျိုးနွယ်ကို တိုက်ခိုက်နေပြီပေါ့...ဟုတ်လား ”

အရှင်ရွှမ်းဒူက ပြန်ဖြေလိုက်သည်။

“ ဟုတ်တယ်လေ... ကောင်းကင်ဘုံလျှို့ဝှက်ချက် ပေါ်သွားပြီ။ ဒီနေ့ နဂါးမျိုးနွယ်အပေါ်ကို အန္တရာယ်အချို့ကျရောက်လာတယ်။ ဒါပေမဲ့ ငါ အခုတော့ မစိုးရိမ်သေးပါဘူး ”

လီချန်ရှို့ ရယ်၍ ခေါင်းခါယမ်းလိုက်ရသည်။

ရွှမ်းဒူသည် လီချန်ရှို့မှာ အမှန်ပင် စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားလိုက်ရလေသည်။ သူသည် စိတ်ဝင်စားစရာကောင်းသည်သာမကသေး သူ၏ အပြုအမူများသည်လည်း စိတ်ဝင်စားစရာကောင်းပေသည်။ သူနှင့် ပတ်သက်သော စိတ်ဝင်စားဖွယ်အရာများ အများအပြားရှိပုံရ၏။

အရှင်ရွှမ်းဒူမေးလိုက်သည်။

“ တခြားဘာပြောချင်တာရှိသေးလဲ ”

“ ‌တောင်သမုဒ္ဒရာက ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေမှာ အန္တရာယ်ကြုံနေတာ ကျွန်တော်အာရုံခံခဲ့မိပါတယ်... ”

ထို့နောက် လီချန်ရှို့သည် တောင်ကျွန်း၏ အနောက်တောင်ဘက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအကြောင်းကို အရှင်ရွှမ်းဒူအား ပြောပြလိုက်လေသည်။

“ ကျွန်တော် နဂါးမျိုးနွယ်ကို လိမ်ပြောလိုက်တာတွေက အမှန်တွေဖြစ်နေတာပါလား။ နဂါးမျိုးနွယ်က ဒီလောက်ယုံကြည်မှုရှိနေတာ အံ့ဩစရာမရှိတော့ပါဘူး ”

“ ဟားဟားဟားဟား... ”

အရှင်ရွှမ်းဒူ ထပ်မံရယ်မောလိုက်သည်။ အရှင်ရွှမ်းဒူသည် လီချန်ရှို့၏ အတွေးကို အကောင်းဘက်မှမြင်ပုံရ၏။

သူသည် စိတ်ပျော်နေ၏။

မကြာမီ အရှင်ရွှမ်းဒူသည် လီချန်ရှို့၏ ပခုံးကိုပုတ်၍ ပြောလိုက်သည်။

“ တော်တယ်... ငါ ဆရာဆိုလိုတာကို နားလည်သွားပြီ။ မင်းက နဂါးမျိုးနွယ် ကောင်းကင်ဘုံလက်‌အောက်ကို ဝင်မယ့်ကိစ္စကို တာဝန်ယူရမယ်။ မင်းမဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုခုနဲ့ ကြုံရရင် တုနတ်ဝိဇ္ဇာဂိုဏ်းမှာပဲနေ...အဲ..မဟုတ်သေးပါဘူး။ အခု မင်းက ဒီမှာရှိနေတာပဲ။ မင်းဘယ်လိုလုပ် တောင်ကျွန်းက ကိစ္စတွေအများကြီးကို စီစဉ်ခဲ့တာလဲ ”

“ ကျွန်တော့်မှာ ပုံပြောင်းစက္ကူကိုယ်ပွားလို့ခေါ်တဲ့ အတတ်အသေးစားလေး ရှိပါတယ် ”

လီချန်ရှို့သည် မည်သည့်ကိစ္စကိုမှ ထိမ်ချန်မထားဝံ့ပေ။ သူသည် ချက်ချင်းပင် အင်္ကျီလက်အတွင်းမှ စက္ကူကိုယ်ပွားတစ်ရုပ်ကို ထုတ်ပြလိုက်၏။

“ ကျွန်တော် စက္ကူရုပ်အတတ်ကို အဆင့်မြှင့်ပြင်ဆင်ပြီးတော့ ကိုယ်ပွားအတတ်ဖြစ်အောင် လုပ်ထားတာပါ ”

အရှင်ရွှမ်းဒူသည် စက္ကူကိုယ်ပွားနှင့် လီချန်ရှို့ကို ကြည့်၍ ခေါင်းခါယမ်းလိုက်လေသည်။

‘ သူက နှစ်နှစ်ရာလောက်ပဲ ကျင့်ကြံရသေးပေမယ့် ကိုယ်ပွားအတတ်တွေကိုတောင် တတ်နေပြီပဲ... ’

“ ဆရာကသာ ငါ့ကို တပည့်လက်မခံရဘူးလို့ တားမြစ်မထားရင် ငါ မင်းကို တုသိတာနန်းတော်ကို ပြန်ခေါ်သွားတယ်။ ဒါပေမဲ့ ချန်ရှို့... ငါမင်းကို နည်းနည်းလောက်တော့ သတိပေးချင်တယ် ”

လီချန်ရှို့၏ မျက်နှာထားသည် ရုတ်ခြည်းပင် လေးနက်သွား၏။ သူသည် ကျောက်တုံးပေါ်တွင် ထိုင်ရင်း ဂရုတစိုက်နားထောင်လိုက်၏။

အရှင်ရွှမ်းဒူ၏ မျက်လုံးများထဲတွင် အတိတ်ပုံရိပ်များဖြင့် ပြည့်နှက်နေပြီး ခပ်ဖြည်းဖြည်း ပြောလိုက်သည်။

“ အာဒိကပ္ပလောကက မင်းထင်သလို မအေးချမ်းဘူး... ”

လီချန်ရှို့ ဆွံ့အသွားသည်။

သူသည် အရှင်ရွှမ်းဒူ အရေးကြီးကိစ္စတစ်ခုခုပြောတော့မည်ဟု ထင်ခဲ့၏။ သူသည် ထိုကိစ္စကို သိရှိပြီးဖြစ်သည်။

သို့သော် လီချန်ရှို့သည် မျက်နှာထားတည်တည်ထား၍ အရှင်ရွှမ်းဒူပြောသည်ကို ဆက်နားထောင်နေလိုက်၏။

အရှင်ရွှမ်းဒူ ဆက်ပြော၏။

“ ရှေးခေတ်တုန်းက ငါလည်း မမွေးသေးဘူးဆိုတော့ အခု အဲ့အကြောင်းကို မပြောသေးဘူး။ ဒါပေမဲ့ ရှေးခေတ်မှာ လောကကို ကိုင်လှုပ်နိုင်တဲ့ ပါရမီရှင်တွေ၊ စွမ်းအားကြီးတဲ့သူတွေ အများကြီးရှိခဲ့တယ်။ နောက်ဆုံးကျတော့ သူတို့လည်း ပြာဖြစ်သွားရတာပဲ... ”

“ အာဒိကပ္ပခေတ်မှာက အတွေ့ရအများဆုံးအရာက တခြားသူတွေကို အကောက်ကြံတဲ့ ကိစ္စတွေပဲ... ”

လီချန်ရှို့တွေးတောလိုက်၏။

‘ ဘာလို့ ဒီစကားကို ရင်းနှီးနေရတာလဲ ’

“ ဆရာက ငါ့ကို ဘာလို့ ကမ္မနှောင်ကြိုးတွေထဲ ဝင်မပါအောင် သင်ကြားပေးထားတာလဲဆိုတာ မင်းသိလား ”

အရှင်ရွှမ်းဒူ သက်ပြင်းချ၍ ပြောလိုက်သည်။

“ ဘာလို့လည်းဆိုတာ ကမ္မနှောင်ကြိုးတွေထဲက ရုန်းထွက်ဖို့ဆိုတာ မလွယ်လို့ပဲ။ မင်းကတော့ ဒါက ကိစ္စအသေးအမွှားလေးလို့ ထင်ချင်ထင်မယ်။ ဒါပေမဲ့ ကမ္မနှောင်ကြိုးတွေ ရစ်တွယ်မိရင် အချိန်ကြာလာတာနဲ့အမျှ အသက်ကိုတောင် ရန်ရှာနိုင်တဲ့ ‌ဘေးဒုက္ခတွေနဲ့ ကြုံတွေ့လာရနိုင်တယ်။ ရှေးခေတ်ကတည်းက ဖြစ်ပျက်ခဲ့တာတွေအပေါ် အခြေခံပြီး ငါမင်းကို အမှန်ဆုံးစကားတစ်ခွန်းပြောမယ်။ အဲဒါက... အာဒိကပ္ပလောကက အန္တရာယ်တွေ အရမ်းများလွန်းတယ် ”

လီချန်ရှို့ တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်လိုက်၏။ ထိုအခိုက်တွင် သူဝမ်းနည်းဝမ်းသာ ခံစားလိုက်ရ၏။ နောက်ဆုံးတွင် သူနှင့်အတွေးတူသူကို တွေ့ခဲ့ရပေပြီ။

အရှင်ရွှမ်းဒူဆက်ပြောလိုက်သည်။

“ မိစ္ဆာဆရာ ခွန်းပန်းကို ကြည့်လိုက်... သူက ကောင်းကင်ဘုံကိုးဘုံ အထက်မှာတောင် နေနိုင်တဲ့အထိ အစွမ်းကြီးခဲ့တဲ့သူပဲ။ ဒါပေမဲ့ နောက်ဆုံးကျတော့ ဒုက္ခိတဖြစ်သွားရပြီး ဟွင်းသွမ်းပင်လယ်ကို ထွက်ပြေးသွားခဲ့ရတယ်မလား။ မိစ္ဆာဧကရာဇ်နှစ်ပါးကိုလည်း ကြည့်လိုက်... သူတို့က စိတ်ဓာတ်မြင့်မားပြီး ပုကျိုးတောင်ထိပ်မှာတောင် ရပ်နိုင်ခဲ့တဲ့သူတွေပဲ။ နောက်ဆုံးကျတော့လည်း သေဆုံးသွားပြီး ပြာတောင်မကျန်ခဲ့ဘူးမလား။ ပြီးတော့ တိုက်ပွဲဝင်စုန်းကဝေတွေ၊ မဟာမိစ္ဆာတန်ခိုးရှင်ဆယ်ပါး၊ သွေးပင်လယ် အသူရာ..ပြီးတော့ ဆန်းကြယ်တဲ့ မှော်အစွမ်းတွေရှိတဲ့ စွမ်းအားကြီးသူတွေက လောကအနှံ့ရှိခဲ့တာပဲ။ အဲ့စွမ်းအားကြီးတဲ့သူတွေကို ရေတောင်မရေတွက်နိုင်ဘူး။ ချန်ရှို့ ... ဒီလောကမှာ နိုင်သူ၊ ရှုံးသူဆိုတာမရှိဘူး။ သေသူ၊ ရှင်သူဆိုတာပဲ ရှိတယ် ”

လီချန်ရှို့သည် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

“ အရှင်ရွှမ်းဒူ...ဘာလို့ဒီအမှန်တရားကို ရန်ကျောင်းတော်က တပည့်တွေအကုန်လုံးကို မသင်ပေးတာလဲ ”

“ ဒါက ဒီအတိုင်းသတိထားတာပါပဲ... ဘယ်သူက ကမ္မနှောင်ကြိုးတွေ လုံးဝမငြိတွယ်အောင်နေနိုင်မှာလဲ ”

အရှင်ရွှမ်းဒူ ပြုံး၍ ပြောလိုက်၏။

“ ငါက မင်းကို ဒီအကြောင်း သိထားအောင်လို့ ပြောပြတာပါ... ”

“ သက်တမ်းရှည်ရှည်နေနိုင်တဲ့ အာကာသနတ်မင်းတွေဆိုတာ ဘာမှမဟုတ်ဘူး။ ကဲ..တာ့လော်နတ်မင်းအဆင့်ရောက်နေတော့ရော ဘာဖြစ်သေးလဲ။ မင်း နတ်ဝိဇ္ဇာအဖြစ် တက်လှမ်းသွားနိုင်ပြီဆိုတာနဲ့ပဲ ကျေနပ်မနေနဲ့။ ကျင့်ကြံခြင်းမှာ ဆက်ပြီး အာရုံစိုက်မှ ရမယ် ”

လီချန်ရှို့ မတ်တတ်ထရပ်၍ ဦးညွှတ်လိုက်သည်။ အရှင်ရွှမ်းဒူသည် အကျင့်စရိုက်ကောင်းမွန်၍ ကြင်နာတတ်သူဖြစ်ကြောင်း လီချန်ရှို့ တွေးလိုက်၏။

လီချန်ရှို့သည် သူ နှစ်ရာချီ သတိကြီးကြီးထားကာ ပြုမူခဲ့မှုအပေါ် အသိအမှတ်ပြုသူတစ်ဦးရှိလာပြီဖြစ်သဖြင့် အရှင်ရွှမ်းဒူနှင့် ဆက်၍ စကားစမြည်ပြောလိုသေးပေသည်။

သို့သော် သူဆက်မပြောနိုင်ပေ။

သူသည် အချိန်တိုင်းတွင် သတိကြီးကြီးထားနေရမည် ဖြစ်သည်။

သူ့အတွက် စိတ်ပူပေးသော အရှင်ရွှမ်းဒူကို သူကျေးဇူးတင်သော်လည်း သူသည် အရှင်ရွှမ်းဒူပေါ်တွင်သာ မှီခိုနေ၍မရသလို အပြည့်အဝလည်း ယုံကြည်၍မရပေ။

အရှင်ရွှမ်းဒူသည် သူ့ကို အစဉ်အမြဲ အာရုံစိုက်နေနိုင်မည် မဟုတ်ချေ။

ထို့ပြင် အကယ်၍ သူ့ကို တစ်စုံတစ်ယောက်က တိုက်ခိုက်ခဲ့ပါလျှင် အရှင်ရွှမ်းဒူအနေဖြင့် အလောင်းကောက်ပေးသည်လောက်သာ အများဆုံးလုပ်နိုင်မည်ဖြစ်သည်။ အကယ်၍ သူ၏ အလောင်းသည် နွေးနေသေးပါက အရှင်ရွှမ်းဒူသည် ကိုးပါးတော်လှန်ရွှေဆေးလုံးကို သူ့ပါးစပ်အတွင်းထို့ထည့်ပေးခြင်း သို့မဟုတ် ထိုကဲ့သို့ တစ်ခုခုသာ လုပ်ပေးနိုင်မည် ဖြစ်သည်။

သူ အတွေးလွန်နေ၏။

“ ဒါဆို နဂါးမျိုးနွယ်နဲ့ ပတ်သတ်တဲ့ ကိစ္စတွေကို မင်းကောင်းမယ်ထင်သလိုသာ ကိုင်တွယ်လိုက်ပါ ”

အရှင်ရွှမ်းဒူသည် သူဒူးကို သူပုတ်လိုက်၏။ မီးပုံလေး ငြိမ်းတော့မည်ကို တွေ့သောအခါ သူထရပ်လိုက်သည်။

“ ဒီနေ့တော့ စကားစကို ဒီမှာပဲ ဖြတ်ကြတာပေါ့။ မင်း ဘာမှော်အတတ်ကို သင်ချင်လဲ။ ငါက ပြောပြီးသားစကားကို ပြန်မရုတ်သိမ်းပါဘူး ”

လီချန်ရှို့ ခေတ္တတွေးတောလိုက်ပြီး‌နောက် “ ကိုယ်ယောင်ဖျောက်အတတ် ” ဟုပြောလိုက်လေတော့သည်။

အရှင်ရွှမ်းဒူသည် ခေတ္တမျှ အံ့အားသင့်သွား၏။ ထို့နောက် သူသည် လက်ခုပ်တီး၍ ရယ်မောလိုက်သည်။ သူသည် သူ၏အင်္ကျီလက်အတွင်းမှနေ၍ ကျောက်စိမ်းပြားနှစ်ပြားကို ထုတ်လိုက်၏။

“ ငါ အစကတော့ ဒီကျောက်စိမ်းပြားနှစ်ပြားကို ဆုအနေနဲ့ တစ်ပြားစီ ခွဲပြီးပေးမလို့ပဲ။ အခုတော့ တစ်ခါတည်း အတူတူပေးလိုက်တော့မယ်။ ငါ့မှာ ကိုယ်ယောင်ဖျောက်အတတ်တစ်ခုတော့ရှိတယ်... ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းနိမ့်နေတော့ အဲ့အတတ်ကို ကျင့်နိုင်မှာမဟုတ်ဘူး။ ဒီကျောက်စိမ်းပြားပေါ်က အတတ်က မင်းရဲ့ ခန္ဓာကိုယ်ကို ပုံပြောင်းနိုင်မယ့် အတတ်ပဲ။ မင်း အဲဒါကို သဘောပေါက်အောင်လေ့လာပြီးတော့ မင်း စက္ကူကိုယ်ပွားတွေရဲ့ မှော်အစွမ်းကို ပြီးပြည့်စုံအောင် လုပ်လို့ရတာပေါ့။ ဒီကျောက်စိမ်းပြားကတော့ ငါ့ဆရာရေးသားထားတဲ့ သုတ္တန်တစ်ခုပဲ။ အဲဒါက မင်းကို တာအိုတရားနဲ့ ပတ်သက်တဲ့ အသိအမြင်တွေ ပေးလိမ့်မယ်။ မင်းဘာသာမင်း သ‌ဘောပေါက်အောင် ဖတ်ရှုကြည့်ပေါ့ ”

လီချန်ရှို့သည် ကျောက်စိမ်းပြားနှစ်ပြားကို ယူလိုက်ပြီး ဝမ်းမြောက်ဝမ်းသာ မျက်နှာထားကို ဖော်ပြလိုက်လေသည်။

“ ကျေးဇူးတင်ပါတယ် အရှင်ရွှမ်းဒူခင်ဗျာ... ”

“ နှစ်ပေါင်းများစွာ ကြာပြီးတော့မှ ရန်ကျောင်းတော်လက်အောက်ခံ ဂိုဏ်းတွေအများကြီးရှိတဲ့အထဲက ဆရာတန်ဖိုးထားတဲ့ တပည့်တစ်ယောက် နောက်ဆုံးမှာ ထွက်ပေါ်လာတာပဲ... မင်းက ငါ့ဆရာ တန်ဖိုးထားတဲ့ တပည့်ဆိုတော့ ငါမင်းကို ကောင်းကောင်းဂရုစိုက်မှာပါ ”

အရှင်ရွှမ်းဒူသည် လီချန်ရှို့၏ ပခုံးကို ပုတ်လိုက်၏။

“ ငါဒီတစ်ခေါက် ဒီကိုဆင်းလာလက်စနဲ့ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေကို သွားပြီး လူလုံးပြပေးရဦးမလား ”

“ အရင်တုန်းကတော့ မင်းအနောက်မှာ ဘယ်သူမှမရှိခဲ့ဘူး။ အခုတော့ မင်းမှာ နောက်ခံကောင်းကောင်းရှိနေပြီ ”

“ ဒါပေမဲ့ မင်း‌ နောက်ခံရှိပြီဆိုပြီးတော့ ပြဿနာမျိုးစုံတော့မရှာနဲ့‌နော်။ ငါက တည်ငြိမ်ပြီး အာကိုးရတဲ့ တပည့်တွေကိုပဲ သဘောကျတာ။ မင်းသာ ကမ္မနှောင်ကြိုးတွေ အများကြီးတွယ်အောင် လုပ်ရင် ငါ ကိုယ်တိုင် မင်းကို သတ်ရလိမ့်မယ် ”

လီချန်ရှို့ ဆွံ့အသွား၏။

‘ သူက ငါ့ကို အကြင်နာတရားနည်းနည်း ပြပြီးပြီးချင်းပဲ ရက်ရက်စက်စက် ခြိမ်းခြောက်လိုက်တာလား ’

“ မပူပါနဲ့ အရှင်ရွှမ်းဒူ... နောက်ကျ ကျွန်တော် ကိစ္စတွေကို လုပ်ကိုင်တဲ့အခါမှာ တော်တော်လေး ဂရုတစိုက်လုပ်ပါမယ် ”

လီချန်ရှို့ ခေတ္တမျှတွေးတော၍ ဆက်ပြောလိုက်သည်။

“ တောင်သမုဒ္ဒရာမှာ နဂါးမျိုးနွယ်ရဲ့ ပညာရှင်တွေ စုဝေးနေပါတယ်။ အရှင်ရွှမ်းဒူရဲ့ အရှိန်အဝါကို သူတို့မြင်သွားအောင် ပြလို့ရမလားခင်ဗျာ... ”

“ ဒါပေမဲ့ တန်ခိုးရှင်ကိုယ်တိုင် နဂါးမျိုးနွယ် ကောင်းကင်ဘုံလက်အောက်ဝင်မယ့်ကိစ္စကို စီစဉ်နေတာဆိုတော့ အနောက်ကျောင်းတော်ကို သတိပေးသလိုဖြစ်မသွားရင်တော့ အကောင်းဆုံးပေါ့... ”

“ အိုး... ”

အရှင်ရွှမ်းဒူအတန်ငယ် မျက်မှောင်ကြုတ်လိုက်သည်။

“ မင်းမှာ ဘယ်လိုအကြံကောင်းရှိလဲ။ ရှိရင်ထုတ်ပြောလိုက်ပါ။ ဒီကိစ္စတွေအကြောင်းကို စဉ်းစားရတာ ငါ မကြိုက်ဆုံးအလုပ်ပဲ ”

“ ဟုတ်ကဲ့ပါ... ကျွန်တော် ဝေ့ဝိုက်နေသလိုဖြစ်သွားတယ်။ တကယ်လို့ အခု ကျွန်တော်ပြောမယ့် စကားထဲမှာ အမှားပါခဲ့ရင် ကျွန်တော့်ကို ဗွေမယူပါနဲ့ ”

လီချန်ရှို့ စကားအနည်းငယ် တီးတိုးပြောလိုက်၏။

အရှင်ရွှမ်းဒူတစ်ယောက် ချက်ချင်းပင် ပြုံးသွားပြီး ခေါင်းညိတ်လိုက်သည်။

“ မင်းအကြံက ငါ့အတွေးနဲ့ဆင်တယ် ”

“ ကျွန်တော် ဒီအကြံရအောင် ခေါင်းမီးတောက်အောင် စဉ်းစားခဲ့ရတာပါ။ ကျွန်တော် ဒီအကြံကိုရခဲ့တာက အရှင်ရွှမ်းဒူရဲ့ လမ်းညွှန်မှုကို ရရှိခဲ့တာကြောင့်လည်း ပါပါတယ် ”

“ အင်း...အင်း..မဆိုးဘူး။ မင်းအဲ့လို စကားလုံးချိုချိုလေးတွေ ပြောတတ်ရင် နည်းနည်းလောက် ထပ်ပြောစမ်းပါ ”

လီချန်ရှို့ ဆွံ့အသွား၏။ ပညာရှင်များသည် အမှန်ပင် တမူထူးခြားကြပေသည်။

ထို့နောက် အရှင်ရွှမ်းဒူသည် ထွက်သွားရန် ဟန်ပြင်လိုက်၏။ လီချန်ရှို့တစ်ယောက် ခေတ္တမျှ ချီတုံချတုံဖြစ်နေပြီး‌နောက် အရဲစွန့်၍ ပြောလိုက်လေသည်။

“ အရှင်ရွှမ်းဒူ... ကျွန်တော့်မှာ ပြောစရာတစ်ခု ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် ပြောသင့်၊ မပြောသင့် မဝေခွဲနိုင်ဘူး ဖြစ်နေတယ်... ”

“ ပြောပါ... ”

“ ရန်ကျောင်းတော် စည်ပင်ဝပြောဖို့ တာအိုလက်တွဲဖော်ထားတဲ့ စနစ်ကို အရှင်ရွှမ်းဒူ အကောင်အထည်ဖော်ခဲ့တယ်ဆိုတာ ကျွန်တော်နည်းလည်ပါတယ်...ဒါပေမဲ့... ”

အရှင်ရွှမ်းဒူ ပြုံးသွား၏။

“ ဘာလဲ...အဲ့အကြံက မကောင်းလို့လား ”

“ အဲဒါက ပုံမှန်ဆိုရင်တော့ ကောင်းပါတယ် ”

လီချန်ရှို့ လေသံတိုးတိုးဖြင့် ပြောလိုက်၏။

“ ဒါပေမဲ့ ပြဿနာက အဲ့လူတွေက ကလေးမွေးမှာ မဟုတ်ပါဘူး... ”

အရှင်ရွှမ်းဒူ မျက်မှောင်ကြုတ်သွား၏။

“ ဘာလို့လဲ... အကျိုးသင့်အကြောင်းသင့်ပြောမယ်ဆိုရင် ယင်နဲ့ယန်နဲ့ ပေါင်းစည်းသွားရင် ဝိညာဉ်တစ်ခု မွေးဖွားလာရမယ်မလား... ”

လီချန်ရှို့ ချက်ချင်းပင် တစ်စုံတစ်ခုကို နားလည်သွား၏။

‘ အင်း အရှင်က တာအိုလက်တွဲဖော်စနစ်မှာ နှစ်တွေအများကြီး ဝင်ရှုပ်ပြီးတာတောင် အဲ့အကြောင်းကို မသိသေးတာလား... ’

“ သူတို့က အဲ့ကိစ္စကို သူတို့ဘာသာ ထိန်းချုပ်နိုင်နေသေးတာလား ”

အရှင်ရွှမ်းဒူသည် ရယ်ရမလို ငိုရမလိုဖြစ်သွားပြီး မေးလိုက်၏။

“ အဲ့လိုဆိုတာ ကျွန်တော် (၈၀)ရာခိုင်နှုန်းသေချာပါတယ်... ဒီကိစ္စက တော်တော်‌လေး ရှုပ်ထွေးပါတယ် ”

လီချန်ရှို့သည် ထိုသို့သာ ပြန်ဖြေလိုက်ရလေသည်။

****

တောင်ကျွန်း၏ အနောက်တောင်ဘက်ရှိ နဂါးမျိုးနွယ် ခြုံခိုတိုက်ခိုက်ခဲ့သောနေရာမှ တောင်စောင်းတစ်ခုပေါ်၌...

‌

အောင်းရိသည် ကောင်းကင်ပေါ်သို့ လွင့်မြောနေသော ပြာမှုန့်များအကြားတွင် ရပ်နေလေသည်။

‘ ဘယ်လိုပဲဖြစ်ဖြစ် နဂါးမျိုးနွယ်က နိုင်မှာဆိုပေမယ့် အစ်ကိုချန်ရှို့ရဲ့ နောက်ကွယ်က ပညာရှင်ပေးခဲ့တဲ့ ဗျူဟာကြောင့်သာ မဟုတ်ရင် ငါတို့ရဲ့ အကျအဆုံးအရေအတွက်က ဒီထက်အဆပေါင်းများစွာ ပိုများမှာပဲ ’

‘ ငါ အစ်ကိုချန်ရှို့အပေါ်ကို အကြွေးအများကြီး တင်သွားပြီ ’

အောင်းရိသည် ရွှေနတ်လိပ်ကျွန်းသို့ ပြန်ရောက်လျှင် ‘ ရန်သူများကို တပ်ပြန်ဆုတ်သွားအောင် လုပ်နိုင်သည့် ဗျူဟာ နှစ်ဆယ့်ခြောက်ဆင့် ’ကို တိုက်ပွဲဗျူဟာတွဲတစ်ခုအဖြစ် ပြန်၍ အကျဉ်းချုံးရေးသားလို၏။ အကယ်၍ အစ်ကိုချန်ရှို့သာ ခွင့်ပြုပါက သူသည် ထိုတိုက်ပွဲဗျူဟာတွဲကို သူ၏ ခမည်းတော်ထံ ဆက်သလိုလေသည်။

ထိုအခိုက်တွင် နဂါးမျိုးနွယ်မှ နဂါးအိုကြီးအချို့သည် စိုးရိမ်မကင်းဟန်ဖြင့် လျှောက်လှမ်းလာ၏။

နဂါးအိုကြီးတစ်ကောင်က ပြောလိုက်သည်။

“ အရှင့်သား... ကျွန်တော်တို့ ဒီတစ်ခေါက် ရင်ဆိုင်ခဲ့ရတဲ့ ရန်သူတွေက သွေးတောင်ပံ ခြင်နက်လို့ခေါ်တဲ့ ရှေးဟောင်းသားရဲတွေပဲ။ အဲ့ခြင်နက်တွေက တော်တော်လေး ကြမ်းကြုတ်ပါတယ်။ အခုကျွန်တော်တို့ချည်းပဲဖြစ်နေပြီး ကူကယ်ရာမဲ့နေတဲ့ အခြေအနေကို ဖြေရှင်းဖို့ ရန်ကျောင်းတော်က ပညာရှင်တွေကို ဆင့်ခေါ်လို့ ရနိုင်မလား... ”

အောင်းရိသည် ထိုစကားကို ကြားသောအခါ ခေတ္တမျှတွေးတောလိုက်၏။ ထို့နောက် သူ ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်လေသည်။

“ ကျွန်‌တော် ဒီကိစ္စကို အစ်ကိုနတ်မင်းနဲ့ တိုင်ပင်ပြီးတော့မှ ဆုံးဖြတ်လို့ရမှာ... ”

“ အိုး... ”

ရုတ်တရက် သူသည် လေထဲမှ ရယ်သံကို ကြားလိုက်ရ၏။

အောင်းရိ သူ၏စကားကို ရပ်တန့်လိုက်သည်။ နဂါးများသည် ပြိုင်ဘက်ကင်းရန်သူနှင့် ကြုံတွေ့လိုက်သည့်အလား ကြည့်လိုက်ကြ၏။ သူတို့သည် ကောင်းကင်ပေါ် ကျန့်တစ်ရာအမြင့်ရှိ နေရာသို့ ကြည့်လိုက်ကြသည်။

ထိုနေရာတွင် ဝတ်ရုံနက်ဝတ်ဆင်ထားသော လူတစ်ယောက်သည် လက်နောက်ပစ်၍ ရပ်တန့်နေ၏။ ထိုလူ မည်သည့်နေရာကရောက်လာကြောင်း၊ မည်သည့်အချိန်ကရောက်လာကြောင်းတို့ကို ရှင်းရှင်းလင်းလင်း မသိရပေ။ ထိုလူသည် အောက်သို့ငုံ့ကြည့်၍ ပြောလိုက်၏။

“ သေမျိုးတွေကို မထိခိုက်မိစေနဲ့ ”

ထိုသို့ပြောပြီး‌နောက် ထိုလူသည် တာအိုသင်္ကေတအချို့ကို ချန်ခဲ့လိုက်ပြီး လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားလေတော့သည်။

နဂါးများသည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြ၏။

“ အဲ့လူက... ”

“ အရှင်ရွှမ်းဒူမလား... ဒီတာအိုသင်္ကေတတွေက ရန်ကျောင်းတော်က အရှင်ရွှမ်းဒူရဲ့ တာအိုသင်္ကေတတွေပဲ... ”

ထိုအခိုက်တွင် အခြေအနေကို စောင့်ကြည့်နေသော အရှင်မဝမ်ကျင်းသည် ရုတ်ခြည်း တုန်လှုပ်သွားပြီး သူမ၏မကျေမနပ်ဖြစ်နေမှုများ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားလေတော့သည်။

All Chapters