← Chapters

ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်ခြင်း

Vol. 10 Ch. 140

ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်ခြင်း

Vol. 10 Ch. 140

လီချန်ရှို့သည် တိမ်စီး၍ တောင်များ၊ မြစ်များကို ဖြတ်သန်းနေရင်း စိတ်ပျော်ရွှင်နေ၏။ သူသည် ယခင်ကထက်ပို၍ ယုံကြည်မှုရှိလာပြီဖြစ်သည်။

သူသည် ကောင်းကင်နှင့် မြေကြီး၏ သာယာလှပပုံကို ခံစားကြည့်ရှုလိုက်သည်။ နေမင်း၊ လမင်းတို့၏ အနှစ်သာရကို ကြည်ကြည်နူးနူးတွေးတောလိုက်၏။

မှောင်မည်းအေးစက်သော အာဒိကပ္ပလောကကြီးထဲတွင် နွေးထွေးသော နေရောင်ခြည်အလင်းတန်းတစ်ခု ကျရောက်လာပေပြီ။

“ ငါတစ်ယောက်တည်း မဟုတ်တော့ဘူး... ”

“ နောက်ဆုံးတော့ ငါအသိအမှတ်ပြုခံရတယ်လို့ ရှားရှားပါးပါးခံစားလာရပြီ... ”

လီချန်ရှို့တစ်ယောက် အနည်းငယ် ကဗျာဆန်နေသည်။ သူ အတန်ကြာတွေးတော၍ ပြောလိုက်၏။

“ ငါ့မှာ နောက်ခံကောင်းကောင်းရှိပြီ ဆိုပေမယ့် စိတ်အေးလို့တော့မရသေးဘူး ”

အရှင်ရွှမ်းဒူ ရောက်ရှိလာမှုသည် သူ၏ ယုံကြည်မှုကို တိုးသွားစေ၏။ ယခု သူ့တွင် လုံခြုံသော ခိုလှုံရာတစ်ခု ရှိပေပြီ။ သူသည် ရန်ကျောင်းတော်မှ စွမ်းအားကြီးသော ပညာရှင်တစ်ဦး၏ အာရုံစိုက်မှုကို ခံရအောင် ပြုလုပ်နိုင်ခဲ့ပြီဖြစ်သည်။

သို့သော် ရန်ကျောင်းတော်၏ ရာထူးအကြီးဆုံးသူနှစ်ဦးဖြစ်သော ကျောင်းတော်တည်ထောင်သူနှင့် တပည့်ခေါင်းဆောင်တို့သည် အေးအေးဆေးဆေး၊ တိတ်တိတ်ဆိတ်ဆိတ် နေတတ်သူများသာဖြစ်သည်။

အရှင်ရွှမ်းဒူသည်လည်း လီချန်ရှို့ကို တန်ခိုးရှင်၏ ထောက်ပံ့မှုကို ရပြီဆိုရုံဖြင့် သွေးနားထင်ရောက်ကာ ကျေနပ်ရောင့်ရဲ မနေရန် သတိပေးခဲ့၏။

အမှန်တွင် အရှင်ရွှမ်းဒူ၏ သတိပေးချက်သည် လီချန်ရှို့အတွက် များစွာအဓိပ္ပာယ်မရှိပေ။

လီချန်ရှို့သည် အရှင်ရွှမ်းဒူနှင့် နှုတ်ဆက်လမ်းခွဲပြီးနောက်တွင် တစ်စုံတစ်ခုကို တွေးတောလိုက်၏။

“ ငါကဘာလို့ တန်ခိုးရှင်ရဲ့ မျက်နှာပေးတာကို ခံရတာလဲ... ”

လီချန်ရှို့သည် ထိုအကြောင်းကို အတန်ကြာ ဖြည်းဖြည်းချင်း တွေးတောနေ၏။

ပထမအချက်အနေဖြင့် တောင်သမုဒ္ဒရာမှ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသည် ကောင်းကင်ဘုံခုံရုံးများအပြင် နဂါးမျိုးနွယ်တို့နှင့် ကမ္မနှောင်ကြိုးများ ရစ်နွယ်နေ၏။ ထို့ကြောင့် သူ့အား တန်ခိုးရှင်က အထင်ကြီးသွားခြင်းဖြစ်ရပေမည်။

ဒုတိယအချက်မှာ ယခင်က သူလုပ်ကိုင်ခဲ့သောကိစ္စများသည် တန်ခိုးရှင်၏ ရည်ရွယ်ချက်နှင့် သွား၍တူနေခြင်း ဖြစ်ရပေမည်။ ထို့ကြောင့် တန်ခိုးရှင်သည် သူ၏ ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို ဖုံးကွယ်ပေးခဲ့ပြီး နဂါးမျိုးနွယ် ကောင်းကင်ဘုံလက်အောက်သို့ ဝင်မည့်ကိစ္စကို သူ့အား တာဝန်ပေးခဲ့ခြင်း ဖြစ်နိုင်၏။ သဲလွန်စများကို ဆက်စပ်ကြည့်လိုက်ပြီးနောက် လီချန်ရှို့သည် ဖြစ်နိုင်ခြေများကို ခန့်မှန်းနိုင်ခဲ့ပေပြီ။ တန်ခိုးရှင်သည် သူ့ကို မျက်နှာသာပေးခြင်းသည် သူ၏ချောမောခံ့ညားသော ရုပ်ရည်ကြောင့်သာ မဟုတ်ကြောင်း လီချန်ရှို့ သိရှိပြီးဖြစ်သည်။

တန်ခိုးရှင်၏ အကာအကွယ်ကို အလိုရှိလျှင် သူသည် ထိုက်တန်သူဖြစ်ကြောင်း သက်သေပြရပေမည်။ သူသည် “ တည်တည်ငြိမ်ငြိမ်နေ၍ ကမ္မနှောင်ကြိုးများကို ရှောင်ရှားပါ ” ဟူသော နိယာမအတိုင်း ဆက်လက်နေထိုင်ရမည်ဖြစ်သည်။

တချိန်တည်းမှာပင် သူ၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း မြှင့်တင်ရပေမည်။ သူသည် အာကာသနတ်မင်းအဆင့်ကို ရောက်ပါမှ တန်ခိုးရှင်အတွက် ဆက်လက်တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်ပြီး ကာကွယ်ပေးခြင်းကို ခံရပေမည်။

လီချန်ရှို့ ခါးသက်သက်ပြုံးလိုက်ပြီး ရင်ထဲတွင် သက်ပြင်းချလိုက်သည်။

တစ်ပါးသူအား အသုံးချတတ်သူသည် ပြန်၍ အသုံးချခံရသည်သာ ဖြစ်၏။

ထိုအရာကား “ နဂါးများကို နှိမ်နင်းခဲ့သော လူငယ်သည် တဖြည်းဖြည်း မိစ္ဆာနဂါးတစ်ကောင်ဖြစ်လာပေမည် ” ဟူသော ဆိုရိုးနှင့် အဓိပ္ပာယ်တူပေလိမ့်မည်။

သူသည် တောင်ကြားကို သူ၏နတ်အာရုံသုံး၍ လေ့လာလိုက်ရာ အရှင်ရွှမ်းဒူသည် အမှန်ပင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိလိုက်ရ၏။ သူသည် တိမ်စီး၍ အောက်ရှိ တောအုပ်အတွင်းသို့ ဆင်းသက်လိုက်သည်။

သူသည် မြေအောက်ထဲသို့ ဝင်၍ တုနတ်ဝိဇ္ဇာဂိုဏ်းသို့ ပြန်သွားလိုက်လေသည်။

လီချန်ရှို့၏ အမြင်တွင် သူ့အနေဖြင့် အရှင်ရွှမ်းဒူကို မျက်နှာလိုမျက်နှာရလုပ်ရန် အကြောင်းနှစ်ချက်သာရှိကြောင်း တွေးတောလိုက်၏။

ပထမတစ်ချက်မှာ နဂါးမျိုးနွယ်ကို သူ လိမ်လိုက်မှုများသည် အမှန်တရား ဖြစ်နေခြင်းပင်။ အရှင်ရွှမ်းဒူကြောင့် သူသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို ကိုင်တွယ်ရာတွင် ပို၍ ယုံကြည်မှုရှိလာပေသည်။

ဒုတိယအနေဖြင့် အရှင်ရွှမ်းဒူသည် အရှင်မဝမ်၏ ဖိအားပေးမှုအများစုကို တိုက်ရိုက်လျှော့ချပေးနိုင်၏။

အရှင်ရွှမ်းဒူသာ တောင်သမုဒ္ဒရာသို့သွား၍ “ သေမျိုးတွေကို မထိခိုက်စေနဲ့ ”ဟု ပြောခဲ့ပါက ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်နိုင်မည်ဖြစ်သည်။

နဂါးမျိုးနွယ်သည် အရှင်ရွှမ်းဒူပေါ်လာရခြင်းမှာ တောင်သမုဒ္ဒရာ၏ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို အထောက်အပံ့ပေးရန်ဖြစ်ရမည်ဟု ထင်သွားကြမည်ဖြစ်သည်။ ထို့ကြောင့် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများသည် အမှန်ပင် ရန်ကျောင်းတော်၏ ကုသိုလ်ရှာရာ နေရာများဖြစ်သည်ဟု ထင်သွားကြပေမည်။

ထိုအခါ နဂါးမျိုးနွယ်သည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို ပို၍ အရေးပေးလာမည် ဖြစ်သည်။ သူတို့၏မာန၊ သူတို့၏ လက်ရှိအခြေအနေနှင့် သူတို့၏ နှလုံးသားထဲမှ အကြောက်တရားများကြောင့် နောက်ဆုံးကောက်ရိုးတစ်မျှင်ဖြစ်သော ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို မလွတ်တန်းဆုတ်ကိုင်ထားကြတော့မည် ဖြစ်ပေသည်။

အနောက်ကျောင်းတော်အတွက်မူ အရှင်မဝမ်သည် အနည်းငယ် သတိထားသွားနိုင်၏။ သို့သော် အရှင်ရွှမ်းဒူသည် “ သေမျိုးတွေကို မထိခိုက်စေနဲ့ ” ဟူ၍သာ ပြောခဲ့ခြင်းဖြစ်ပြီး အခြားမည်သည့်စကားကိုမှ ဆက်မပြောခဲ့ချေ။ သူ၏ ဆိုလိုချက်အမှန်မှာ “ ပင်လယ်ထဲမှာတော့ တိုက်ခိုက်လို့ရတယ် ” ဟူ၍ဖြစ်သည်။

ထိုစကားလုံးများသည် ရန်ကျောင်းတော်၏ တပည့်ခေါင်းဆောင်တစ်ဦးနှင့် လိုက်ဖက်ညီလှပေသည်။

အနောက်ကျောင်းတော်အနေဖြင့် တောင်ကျွန်း အနောက်ဘက်တွင် ကုသိုလ်စုဆောင်းသောအခါတွင် သူတို့သည် ကိစ္စအချို့ကို သတိထားရတော့မည်ဖြစ်သည်။

အကယ်၍ လီချန်ရှို့သာ မှန်ခဲ့ပါက အနောက်ကျောင်းတော်သည် နဂါးမျိုးနွယ်ကို ဆက်အကောက်ကြံပြီး သူတို့လက်အောက်သို့ ဝင်လာအောင် လုပ်ဦးမည်ဖြစ်သည်။

လီချန်ရှို့အနေဖြင့် သေချာဂရုတစိုက် အစီအစဉ်ဆွဲ၍ တောင်သမုဒ္ဒရာ၏ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို အပြည့်အဝအသုံးချရပေမည်။ နဂါးမျိုးနွယ်အနေဖြင့် ထိုဝန်ထုပ်ဝန်ပိုးကို ဆက်မထမ်းနိုင်တော့သည့်အခါ၌ သူသည် နဂါးမျိုးနွယ်ကို ကောင်းကင်ဘုံလက်အောက်သို့ ဆွဲသွင်းလိုက်ပြီး ကျောက်စိမ်းဧကရာဇ်ကို ထောက်ပံ့ပေးသူများဖြစ်လာအောင် လုပ်ရပေမည်။

နဂါးမျိုးနွယ်အတွက် အနောက်ကျောင်းတော်နှင့် ယှဉ်ပြိုင်လုရခြင်းသည် ကျားပါးစပ်မှ အစာကိုလုသည်နှင့် အလားသဏ္ဍာန်တူ၏။

ယနေ့မတိုင်ခင်က လီချန်ရှို့၏အနောက်တွင် ကျောက်စိမ်းဧကရာဇ်၏ ဝိုးတဝါးဖြစ်တည်မှုသာ ရှိခဲ့၏။ ထို့ကြောင့် သူသည် အနောက်ကျောင်းတော်နှင့် ရင်မဆိုင်ဝံ့ခဲ့ပေ။ သို့သော် ယခုတွင် လီချန်ရှို့၏အနောက်၌ သူ၏ ကောင်းကင်ဘုံလျှို့ဝှက်ချက်ကိုပင် ဖုံးကွယ်ပေးခဲ့သော တန်ခိုးရှင်ရှိပေပြီ။ ထို့ပြင် ထိုတန်ခိုးရှင်သည် တန်ခိုးရှင်ခြောက်ပါးထဲတွင် စွမ်းအားအကြီးဆုံးဖြစ်၏။

နောင်တွင် လီချန်ရှို့သည် ဂရုတစိုက်ပြုမူ၍ သူသည် ပင်လယ်စောင့်နတ်မင်းဖြစ်ကြောင်း ပေါ်မသွားစေဘဲ ကမ္မနှောင်ကြိုးများကို ရှောင်ရှားနိုင်ခဲ့ပါက အနောက်ကျောင်းတော်နှင့်လည်း ယှဉ်ပြိုင်ရင်ဆိုင်ဝံ့ပေပြီ။

ထိုကိစ္စသည် တန်ခိုးရှင် သူ့အား ပထမဆုံးပေးခဲ့သည့် တာဝန်မဟုတ်ပါလား။

သူ၏အနာဂတ်နှင့် ကံကြမ္မာသည် ထိုကိစ္စအပေါ်တွင် မူတည်ပေသည်။ သူသည် သတိကြီးကြီးဖြင့် အကောင်းဆုံးကြိုးစားရပေမည်။

လီချန်ရှို့သည် မူလက သူဂိုဏ်းတွင်းသို့ ပြန်ရောက်လျှင် သူ၏ဆရာနှင့် ညီမလေးတို့နှင့်အတူ ဖားများ၊ ငါးများကို ချက်ပြုတ်၍ အောင်ပွဲခံကာ သူရရှိခဲ့သော ကျောက်စိမ်းပြားနှစ်ပြားကို လေ့လာရန် ကြံရွယ်ခဲ့၏။

ယခုတွင် သူသည် ‌အောက်ပါအချက်များကို ရှေးဦးစွာ ပြုလုပ်သင့်သည်ဟု ခံစားနေရ၏။

သူသည် ပထမဦးဆုံး အနောက်ကျောင်းတော်နှင့် နဂါးမျိုးနွယ်တို့ မည်သို့တုံ့ပြန်လာနိုင်သည်ဆိုသည့် ဖြစ်နိုင်ချေများကို စာရင်းပြုစုရပေမည်။ ထို့နောက် ထိုဖြစ်နိုင်ချေများကို အခြေခံ၍ အနာဂတ်အတွက် အစီအစဉ်များကို ဆွဲရပေမည်။ နောင်တွင် သူ ပျာယာမခတ်သွားစေရန် ကြိုတင်ပြင်ဆင်ထားမှုသည် အရေးကြီးပေသည်။

လီချန်ရှို့သည် တုနတ်ဝိဇ္ဇာဂိုဏ်းနှင့် လီ(၆၀၀)အကွာသို့ ရောက်သည်အထိ မြေအောက်အတွင်းမှ သွားခဲ့၏။ ထို့နောက် သူသည် တိမ်စီးကာ တာအိုပေါင်းစည်းခြင်းအဆင့်ရှိသူတစ်ယောက်၏ အမြန်နှုန်းဖြင့် ဂိုဏ်းသို့ ခပ်ဖြည်းဖြည်း ပြန်လာခဲ့လေသည်။

ဥပမာအားဖြင့် သူသည် ပင်လယ်စောင့်နတ်မင်းဖြစ်ကြောင်း အရှင်ရွှမ်းဒူကြားလိုက်ရသောအခါ အတန်ငယ် အံ့အားသင့်သွားခဲ့၏။ ထို့ကြောင့် အောင်းရိသာ ထိုကိစ္စကို မဖော်လိုက်လျှင် တောင်သမုဒ္ဒရာ၏ ပင်လယ်စောင့်နတ်မင်းသည် တုနတ်ဝိဇ္ဇာဂိုဏ်းမှ နတ်ဝိဇ္ဇာပင်မဖြစ်သေးသော တပည့်ငယ်လေးတစ်ဦး ဖြစ်လိမ့်မည်ဟု မည်သူမှထင်မည်မဟုတ်ပေ။

လီချန်ရှို့အတွက် ထိုဖုံးကွယ်ချက်သည် သူ၏ ဝှက်ဖဲများထဲမှ တစ်ခုပင်။ ထိုအရာသည် အရေးကြီးပေသည်။

အနောက်ကျွန်းရှိ ဝိညာဉ်တောင်တစ်ခုအနီးမှ အရှင်မဝမ်ကျင်း၏ လိုဏ်ဂူထဲတွင် ခြင်သံများ တဝီဝီထွက်‌ပေါ်လာပြီး အရှင်မဝမ်ကျင်းသည် ကျင့်ကြံနေသော အမျိုးသမီးအစေခံနှစ်ဦး၏ ရှေ့၌ပေါ်လာလေတော့သည်။

အမျိုးသမီးအစေခံနှစ်ဦး တုန်လှုပ်သွား၏။ သူမတို့သည် မျက်လုံးဖွင့်မကြည့်နိုင်သေးခင်မှာပင် အရှင်မဝမ်ကျင်းသည် သူမ၏ လက်ကိုဝှေ့ယမ်းလိုက်ရာ အမျိုးသမီးအစေခံနှစ်ဦးသည် ပြာအဖြစ် ပြောင်းလဲသွားလေသည်။

“ ငါ မင်းတို့ကို ကျင့်ကြံခွင့်ပြုလို့လား ”

အရှင်မဝမ်ကျင်းသည် အေးစက်စက်ပြောလိုက်၏။ သူမ၏ အဝတ်များ လွင့်ပျံသွားပြီး လိုဏ်ဂူထဲတွင် ရေသံများကို ကြားလိုက်ရသည်။ အဝတ်များ မြေပြင်ပေါ်ပြန်ကျသွားသောအခါ အရှင်မဝမ်ကျင်းသည် စိတ်တန်ခိုး အရောင်အဝါများ ထူထဲစွာ ထွက်ပေါ်နေသော ရတနာရေကန်အတွင်းသို့ ရောက်နေပြီဖြစ်၏။ သူမသည် ဝိညာဉ်ကြာပွင့်တစ်ပွင့်ကို သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် ဆိတ်လိုက်၏။ ထို့နောက် ကြာပွင့်၏ ပွင့်ဖတ်များကို တစ်ပွင့်ချင်း ဖြည်းဖြည်းချင်း ချွေလိုက်လေတော့သည်။

ထိုအပြုအမူသည် သူမ၏ စိတ်ကို တည်ငြိမ်အောင်လုပ်ရာတွင် အသုံးဝင်ပေသည်။

သူမကဲ့သို့ နှစ်ပေါင်းများစွာ နေလာသူများထံတွင် အခြားသူများနားမလည်နိုင်သော အမူအကျင့်များ ရှိတတ်လေသည်။

“ ဘယ်လိုတောင် ကောက်ကျစ်တဲ့ နဂါးလဲ... ငါ့ရဲ့ ရင်သွေးတွေကို မင်းတို့ရဲ့နဂါးတွေက ဒီလိုမီးရှို့ပစ်တာပေါ့လေ။ မင်းက သူတို့ရဲ့ ပြာတွေကိုတောင် လွှင့်မျှောလိုက်သေးတယ်... ”

အရှင်မဝမ်ကျင်းသည် အံ့ကြိတ်၍ မကျေမနပ်ရေရွတ်လိုက်သည်။ သို့သော် မကြာခင် သူမသည် အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်၏။

သူမသည် အတန်ငယ် စိတ်မကျေမနပ်ဖြစ်နေခြင်းသာ ဖြစ်သည်။

ဤအကြိမ်တွင် လက်ထောက်ဂိုဏ်းချုပ်သည် သူမကို သူ၏မျိုးနွယ်ခြင်နက်များ (၃၀)ရာခိုင်နှုန်းပြန်ပေးခဲ့၏။ သူမသည် ထိုထဲမှ (၁၀)ရာခိုင်နှုန်းကို နဂါးများအား ခြုံခိုတိုက်ခိုက်ရန် စီစဉ်ခဲ့ပေသည်။ သူမနိုင်လိမ့်မည်ဟုသာ ထင်ထားခဲ့၏။

ထိုနဂါးများသည် ထိုမျှဉာဏ်နီဉာဏ်နက်များလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် သူမ အနည်းငယ် စိတ်မတည်မငြိမ် ဖြစ်နေခြင်းပင်။

သူမ၏မျိုးနွယ် ခြင်နက်များ အများအပြားသေသွားသဖြင့် ဘုရင်မဖြစ်သော သူမသည် စိတ်ထိခိုက်နေခြင်းမှာ သဘာဝပင်။

သို့သော် သူမ စိတ်ထိခိုက်နေသော်လည်း မျိုးနွယ်အတွင်းမှ ခြင်အိုကြီးများ ကျန်နေသေးပါက နောင်နှစ်သောင်းချီတွင် ခြင်များပြန်လည် မွေးဖွားလာဦးမည်ဖြစ်သည်။

အရှင်မဝမ်ကျင်းသည် သူမ၏ ဒေါသများကို လျှော့ချပြီးသွားသောအခါ ထိုသူ၏ ပုံရိပ်သည် သူမ၏ရင်ထဲတွင် ပေါ်လာပြန်လေသည်။

အရှင်ရွှမ်းဒူ...

သူမသည် အံ့ကြိတ်၍ ဒေါသများကို ဖွင့်ထုတ်ပစ်လိုက်ချင်သော်လည်း သူမ၏ နှလုံးသားသည် အကြိမ်အနည်းငယ် တုန်လှုပ်သွား၏။ အရှင်ရွှမ်းဒူ သူမကို ရှာဖွေနေခဲ့စဉ်က သူမခံစားခဲ့ရသော ကူကယ်ရာမဲ့သောခံစားချက်နှင့် အကြောက်တရားတို့ကို သူမပြန်အမှတ်ရသွားသည်။

ထိုသူ့ကို သွား၍ ရန်စ၍ မရပေ။

“ နောက်ဆိုရင် ငါ လူသားတွေကို ရှောင်ရမယ်... တောင်သမုဒ္ဒရာရဲ့ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေက ရန်ကျောင်းတော်ရဲ့ ဘုံကျောင်းတွေပဲ.... ”

အရှင်မဝမ်ကျင်းသည် နူးညံ့စွာ ညီးညူလိုက်သည်။ ကြာပွင့်ဖတ်များသည် တစ်စစီဖြစ်နေပြီဖြစ်ပြီး ရေကန်ထဲတွင် ပျံ့နှံ့နေပေပြီ။

သူမသည် နဂါးမျိုးနွယ်မှ စတင်ရမည့်ပုံ ပေါ်၏။

သူမသည် လက်ထောက်ဂိုဏ်းချုပ်ထံမှ အမိန့်ရထားပြီဖြစ်၍ နှစ်ပေါင်းတစ်ထောင်အတွင်း အောင်မြင်အောင်လုပ်ရမည် ဖြစ်သည်။

‘ နဂါးမျိုးနွယ်မှာ အသုံးချလို့ရမယ့် ဘာအားနည်းချက်တွေ ရှိလဲ... ’

အရှင်မဝမ်ကျင်းသည် သူမ၏လက်ချောင်းများကိုထိ၍ နိမိတ်ဖတ်လိုက်သည်။ သူမ၏ ကျဉ်းမြောင်းသော ဇာမနီမျက်လုံးလေးများသည် အတန်ငယ် ပို၍ ကျဉ်းမြောင်းသွားသည်။ သူမ၏ နှုတ်ခမ်းပါး‌ပေါ်မှ အပြုံးသည် လွန်စွာ နှစ်လိုဖွယ်ကောင်းသော်လည်း အေးစက်စက်လည်း နိုင်ပေသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ရေနဂါးစစ်သည်အချို့သည် နဂါးမျိုးနွယ်၏ အပြုအမူများကို မကျေနပ်၍ ပုန်ကန်ခဲ့သည့်ဖြစ်ရပ်ကို သူမ အမှတ်ရသွား၏။

“ ငါ အဲ့ကိစ္စကို အသုံးချလို့ ရတယ် ”

******

ထိုအခိုက်တွင် အန်းရွှေမြို့တောင်ဘက်ရှိ သမုဒ္ဒရာအတွင်း၌...

“ သူက တကယ်ပဲ အရှင်ရွှမ်းဒူလား... ”

“ အဟုတ်ပဲ... သူက တကယ့်ကို အရှင်ရွှမ်းဒူပဲ... ကျုပ်တို့ အမြင်မမှားလောက်ပါဘူး ”

“ သူက အရှင်ရွှမ်းဒူဆိုတော့ရော ဘာဖြစ်သေးလဲ... ကျုပ်တို့နဂါးတွေက သူတို့ကို မှီခိုစရာလိုလို့လား... ”

“ ဟုတ်တယ်... ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေကရတဲ့ အမွှေးတိုင်ပူဇော်မှုတွေက တူလေးအောင်းရိအတွက်ပဲ... ”

ရေနဂါးရထားလုံးအတွင်း ထိုင်နေသော အောင်းရိသည် အပြင်ရှိ သူ၏ဦးရီးတော်များ ပြောနေသော စကားများကို ကြားလိုက်ရသောအခါ ခါးသက်သက်ရယ်မောလိုက်ရလေတော့သည်။

ထိုသူများသည် နဂါးမျိုးနွယ် အင်အားနည်းလာပြီဖြစ်ကြောင်း ဝန်မခံလိုကြသူများသာ ဖြစ်သည်။ သူတို့သည် အတင်းပင် ခေါင်းမာနေ၍ ရန်ကျောင်းတော်၏ အကြီးဆုံးတပည့်ကိုပင် အရေးမပါဟန် ပြောနေကြ၏။

ယခုတွင် အာပေါင်အာရင်းသန်သန်ပြောနေသော သူ၏ဦးရီးတော်နှစ်ယောက်သည် အရှင်ရွှမ်းဒူပေါ်လာသောအခါ ပါးစပ်အဟောင်းသားဖြစ်နေသဖြင့် မေးရိုးများပင် ပြုတ်ကျသွားတော့မတတ်ဖြစ်နေသူနှစ်ဦးဖြစ်ကြောင်း အောင်းရိသိရှိပြီး ဖြစ်သည်။

အောင်းရိသည် ခေါင်းခါယမ်းလိုက်ပြီး လက်ဖဝါးအရွယ် မှန်လေးတစ်ချပ်ကိုထုတ်ကာ ၎င်းအပေါ်ရှိ တံဆိပ်‌တော်များကို နှိုးလိုက်လေသည်။

ဖျစ်...

မှန်လေးသည် အကြိမ်အနည်းငယ် လှုပ်ရှားသွားပြီး မှန်အတွင်း၌ ရုတ်ခြည်းပင် ရုပ်ပုံတစ်ခု ပေါ်လာလေတော့သည်။

သူ၏ ခမည်းတော်သည် သက်တံ့သန္တာသလွန်ပေါ်တွင် လှဲလျောင်းနေကြောင်း အောင်းရိတွေ့လိုက်၏။ သူ၏ ဘေးတွင် သိမ်မွေ့သော ပင်လယ်မျိုးနွယ်မှ အမျိုးသမီးအစေခံ အနည်းငယ်သည် ယပ်ခတ်ပေးသူကပေး၊ ခြေထောက်များ၊ ပခုံးများကို နှိပ်သူကနှိပ်၊ လက်ဖက်ရည်ဆက်သသူက ဆက်သနှင့် ရှိနေကြ၏။

လက်ရှိတွင် အရှေ့သမုဒ္ဒရာမှ နဂါးဘုရင်သည် နဂါးမျိုးနွယ်၏ ဩဇာအာဏာအကြီးဆုံး သူတစ်ယောက်ဖြစ်နေ၏။ သူသည် သမုဒ္ဒရာလေးစင်းလုံးကို အစိုးရပြီး မရေမတွက်နိုင်သော ရတနာများကို ပိုင်ဆိုင်ထားလေသည်။ ထိုအရာသည် နဂါးတို့၏ ဘဝပင်ဖြစ်ပေသည်။

ထိုဘဝသည် ပျင်းရိငြီးငွေ့ဖွယ်ကောင်း၍ အဓိပ္ပာယ်မရှိသော သာမန်ဘဝသာဖြစ်သည်။ သူသည် ဘေးမှနေ၍ တုန်ချိချိဖြင့် ပြောလိုက်သံကို ကြားလိုက်ရ၏။

“ အရှင်မင်းကြီး... အရှင့်သားက အရှင့်ကို တွေ့ခွင့်တောင်းနေပါတယ် ”

ထိုအသံသည် သူ့ခမည်းတော်၏ ဝန်ကြီးချုပ် လိပ်ဘိုးဘိုး၏ အသံဖြစ်ကြောင်း အောင်းရိသိ၏။

“ အောင်းရိလား... ”

နဂါးဘုရင်သည် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး အမျိုးသမီးအစေခံများကို ထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်သည်။ သူသည် အောင်းရိကို မှန်ထဲမှတစ်ဆင့် ကြည့်လိုက်၏။

အောင်းရိ ချက်ချင်းပင် မတ်မတ်ထိုင်လိုက်၏။

“ ခမည်းတော်... သားတော်ပါ ”

“ အင်း... ငါ အဲ့က တိုက်ပွဲအကြောင်းကို ကြားပြီးပါပြီ။ မင်း ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တယ် ”

ထိုစကားကို ကြားလိုက်ရသောအခါ အောင်းရိ အတန်ငယ်ပြုံးသွား၏။ သို့သော် သူလျင်မြန်စွာ ခေါင်းငုံ့လိုက်ပြီး ပြောလိုက်၏။

“ အဲဒါက ပညာရှင်တွေရဲ့ လမ်းညွှန်ပေးခဲ့မှုတွေကြောင့်ပါ။ သားတော် နာမည်ကောင်းဝင်မယူရဲပါဘူး ”

အရှေ့သမုဒ္ဒရာ၏ နဂါးဘုရင်သည် ပြုံး၍ ပြောလိုက်၏။

“ မင်း ရွှေနတ်လိပ်ကျွန်းမှာ သွားကျင့်ကြံတာ အလကားဖြစ်မသွားဘူးပဲ ”

“ နောက်ကျရင် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေမှာ ရတနာတွေ ပိုပြီးထားထားဖို့ မမေ့နဲ့။ ငါတို့မျိုးနွယ်က ပင်လယ်စောင့်နတ်မင်းအပေါ်မှာ အကြွေးတင်နေလို့ မရဘူး ”

“ သားတော် နားလည်ပါတယ်... သားတော် ပြီးရင် လုပ်ဆောင်လိုက်ပါမယ်။ ခမည်းတော်... သားတော် ရွှေနတ်လိပ်ကျွန်းကို ပြန်ပြီး ဆက်ကျင့်ကြံချင်ပါတယ် ”

“ သွားပါ... ”

အရှေ့သမုဒ္ဒရာ၏ နဂါးဘုရင်သည် လက်ဝှေ့ယမ်းပြလိုက်သည်။

“ ငါ့ရဲ့ သားတော်က ကြိုးစားပြီး ကြင်နာတတ်တယ်။ ငါ အရမ်းဝမ်းသာတယ်။ ရတနာတွေလက်ဆောင်ပေးမယ့်ကိစ္စကို မင်း ကိုယ်တိုင်လုပ်စရာမလိုပါဘူး။ ငါပဲ စီစဉ်လိုက်ပါမယ် ”

ထို့နောက် မှန်လေးသည် တုန်ခါသွားပြီး မှန်အတွင်းရှိ ပုံရိပ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့သည်။

အောင်းရိ စိတ်ပေါ့သွားဟန် သက်ပြင်းချလိုက်ပြီး မှန်လေးကို ပြန်သိမ်းလိုက်၏။

သူ၏ ခမည်းတော်သည် ပင်လယ်စောင့်နတ်မင်းသည် မည်သူဖြစ်ကြောင်းမေးမည်ကို သူကြောက်ရွံ့နေခဲ့ခြင်းပင်။ အကယ်၍ သူ၏ခမည်းတော်သာ အမှန်ပင် ထိုသို့မေးခဲ့ပါက အောင်းရိသည် မည်သို့ပြန်ဖြေရမည်ကို သိမည်မဟုတ်ပေ။

“ အစ်ကိုချန်ရှို့... အစ်ကို့ရဲ့ ကျေးဇူးကို ပြန်ဆပ်ဖို့ ကျွန်တော်ဘာလုပ်ရမလဲ ”

အရှေ့သမုဒ္ဒရာ နဂါးဘုရင်၏ အမိန်တော်သည် လျင်မြန်စွာပင် ထွက်ရှိလာ၏။ အောင်းရိတစ်ယောက် စစ်တပ်နှင့်လမ်းခွဲ၍ ရွှေနတ်လိပ်ကျွန်းသို့ ပြန်ရောက်သောအခါ ရေနဂါးစစ်သည် တစ်စုသည် ကြီးမားသော သေတ္တာကြီး တစ်ဒါဇင်ကို သယ်ဆောင်၍ အန်းရွှေမြို့သို့ သွားနေကြပြီဖြစ်သည်။

သေတ္တာအတွင်း၌ ပါသည့်အရာများကို မဆိုထားဘိ သေတ္တာများသည်ပင် အဆောင်များပြုလုပ်ရာတွင် အသုံးဝင်သည့် ရှားပါးပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

******

နှစ်ရက်ကြာပြီးနောက် လူသူလေးပါး..အဲ..နတ်သူလေးပါး ကင်းရှင်းနေသော လင်းရှောင်ရတနာခန်းမအတွင်းသို့ စစ်သူကြီးတုံမုသည် တိမ်စီး၍ ဝင်သွားလေ၏။ သူက ဦးညွှတ်၍ ပြောလိုက်သည်။

“ အရှင်ဧကရာဇ် လွန်ခဲ့တဲ့နှစ်ရက်က ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေမှာ ဘာဖြစ်သွားလဲဆိုတာ ကျွန်တော်မျိုးတို့ စုံစမ်းခဲ့ပါပြီ ”

“ အင်း... ”

ပလ္လင်ပေါ်တွင် ထိုင်နေသော ဝတ်ရုံဖြူဖြင့်လူငယ်သည် သူ၏ လက်အတွင်းမှ ကျောက်စိမ်းစုတ်တံကို ချ၍ ပြောလိုက်၏။

“ လျှောက်တင်ပါ... ”

“ မှန်လှပါ... တစ်ယောက်ယောက်က နဂါးမျိုးနွယ်ကိုအကောက်ကြံချင်လို့ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းတွေကို အသုံးချပြီး နဂါးမျိုးနွယ်က စစ်သည်တွေကို ချုံခိုတိုက်ခိုက်ခဲ့တာပါ။ ဒါပေမဲ့ သူတို့ကပဲ နဂါးမျိုးနွယ်ရဲ့ ချုံခိုတိုက်ခိုက်တာကို ခံခဲ့ရပါတယ်။ နဂါးမျိုးနွယ်ကို ဘယ်သူတွေက အကောက်ကြံတာလည်းဆိုတာတော့ ကျွန်တော်မျိုးလည်း နိမိတ်ဖတ် တွက်ချက်ကြည့်လိုက်မရဘူးဖြစ်နေပါတယ်။ ဒါပေမဲ့ လာပြီး တိုက်ခိုက်တဲ့သူတွေကတော့ ရှေးဟောင်းသားရဲဖြစ်တဲ့ ကြမ်းကြုတ်တဲ့ သွေးတောင်ပံခြင်နက်တွေပါ။ လက်ရှိမှာ သွေးတောင်ပံခြင်နက်တွေကို အဲ့လောက်အများကြီး စေလွှတ်နိုင်တဲ့ မျိုးနွယ်က နှစ်ခုပဲရှိပါတယ်... ”

ဝတ်ရုံဖြူဖြင့်လူငယ်သည် ခပ်ဖြည်းဖြည်း ခေါင်းညိတ်လိုက်၏။ စစ်သူကြီးတုံမုဆိုလိုသည်ကို သူနားလည်၏။

“ သူတို့က ကျုပ်ကို ဘယ်တုန်းကမှ အလေးအနက်မထားခဲ့ဘူး... ”

ဝတ်ရုံဖြူနှင့်လူငယ်သည် နှေးကွေးစွာ သက်ပြင်းချလိုက်၏။ သူ၏မျက်ဝန်းများထဲတွင် အရောင်တစ်ချက်လက်သွားပြီး ပုံမှန်အတိုင်း ပြန်၍ ပြုံးလိုက်၏။

“ စစ်သူကြီးတုံမု...ခဏနေရင် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းကို လက်ဆောင်အနည်းငယ် ယူသွားပေးလိုက်ပါ... ”

“ ကျုပ်ရဲ့ အမိန်တော်ကို ကောင်းကင်တာအိုက အတည်မပြုပေးရသေးဘူးဆိုတော့ ကျုပ်ဒီနည်းနဲ့ပဲ အဲ့... နတ်မင်းကို နှစ်သိမ့်ပေးနိုင်မယ်.... ”

ကျောက်စိမ်းဧကရာဇ်သည် သူ၏လက်ချောင်းများကို ထိ၍ နိမိတ်ဖတ်လိုက်၏။ ထို့နောက် သူ ခါးသက်သက်ပြုံး၍ ပြောလိုက်လေသည်။

“ စစ်သူကြီးတုံမု... ဒီတစ်ခေါက် ပင်လယ်စောင့်နတ်မင်းရဲ့ တာအိုနာမည်ကို မေးခဲ့ဖို့ မမေ့နဲ့ဦး... ”

စစ်သူကြီးတုံမု အံ့အားသင့်သွား၏။ ထိုအခိုက်တွင် သူသည် ပင်လယ်စောင့်နတ်မင်း၏ အမည်ကိုပင် မသိကြောင်း ချက်ချင်း အမှတ်ရသွားလေတော့သည်။ ပင်လယ်စောင့်နတ်မင်း၏ အမည်အတုကိုပင် သူ မသိချေ။

All Chapters