အခန်း ၆၄၄
Vol. 32 Ch. 644
အခန်း (၆၄၄)
ရှန်းဝူ စကြဝဠာ တိုက်ကြီးမှ ရောက်ရှိလာသော လူငယ်သည် စီယန်ရု၏ စကားကို ကြားသောအခါ ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေသည်။
“မိန်းကလေး... ကျွန်တော် ကြွားဝါပြောဆိုနေတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ရှန်းဝူ စကြဝဠာ တိုက်ကြီးမှာဆိုရင် ပါရမီထူးချွန်တဲ့ လူငယ်တွေ အများကြီး ရှိကြတာပေါ့၊ ထိုသို့သောသူတွေထဲကမှ ဘယ်လို အချက်အလက်မျိုးကို သိချင်တာလဲဆိုတာ မသိရသေးလို့ပါဗျာ”
စီယန်ရုသည် ချင်ယွမ်ဖုန်း၏ အကြောင်းကို မည်သို့ မည်ပုံ စတင်ပုံဖော် ပြောဆိုရမည်ကို မသိဘဲ စိတ်ထဲ၌ ဝေခွဲမရ ဖြစ်နေချေသည်။
ထိုအခါ သက်ကြီးဝါကြီးဖြစ်ပြီး အတွေ့အကြုံ ပိုမိုရင့်ကျက်လှသော ကွမ်းဟိုင်သည် ရှေ့သို့ တစ်လှမ်း တိုးလာကာ အလယ်အလတ်အဆင့် သားရဲ၏ အမြူတေကဲ့သို့ တန်ဖိုးရှိသော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်တုံးကို ထိုလူငယ်၏ လက်ထဲသို့ တိတ်တဆိတ် ထည့်ပေးလိုက်ရင်း စကားဆိုသည်။
“ကျွန်တော်တို့ သိချင်တာကတော့ ဒီတိုက်ကြီးပေါ်မှာ ဆေးဖော်စပ်ခြင်း ပညာရပ်မှာဖြစ်ဖြစ်၊ သိုင်းပညာရပ်မှာဖြစ်ဖြစ် အထူးပင် ပါရမီ ထူးချွန်ပြောင်မြောက်တဲ့ လူငယ်တွေ ရှိပါသလား၊ ဒါမှမဟုတ် မကြာသေးခင်ကမှ ဒီတိုက်ကြီးပေါ်မှာ အလွန် ပြင်းထန်တဲ့ တိုက်ပွဲကြီးတွေ ဖြစ်ပွားခဲ့တာမျိုး ရှိလား ဆိုတာကို မေးမြန်းချင်တာပါ”
ထိုလူငယ်သည် ခေတ္တမျှ စဉ်းစားတွေးတောနေပြီးမှ မျက်မှောင်ကြုတ်လျက် ဆိုလေသည်။
“အမှန်အတိုင်း ပြောရရင်တော့ ရှန်းဝူ စကြဝဠာ တိုက်ကြီးမှာ ဆေးဖော်စပ်ခြင်း ပညာရပ်မှာ ထူးချွန်တဲ့ ပါရမီရှင်တွေလည်း အများကြီး ရှိသလို၊ ကျင့်ကြံခြင်း နယ်ပယ်မှာ ထူးချွန်သူတွေလည်း မနည်းပါဘူး၊ တစ်ဦးနဲ့တစ်ဦး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတဲ့ ဖြစ်ရပ်တွေကလည်း ရေတွက်လို့တောင် မရနိုင်ပါဘူး၊ ဒါပေမဲ့ အရည်အချင်းတွေ အားလုံးကို တစ်ကိုယ်တည်းနဲ့ စုစည်းပိုင်ဆိုင်ထားတဲ့သူ ဆိုလို့တော့ တစ်ယောက်တည်းပဲ ရှိနိင်တယ်”
“အဲဒါ ဘယ်သူလဲ” စီယန်ရုက စိတ်လှုပ်ရှားစွာဖြင့် အလျင်အမြန်ပင် ဖြတ်မေးလိုက်မိသည်။ ထိုသူသည် မိမိတို့ ကယ်တင်ထားသော အာဟိုင် ဖြစ်နေမည်လော ဟုလည်း တွေးတောမိချေသည်။
“ချင်ယွမ်ဖုန်း” ထိုလူငယ်က စကားလုံးချင်း အေးအေးလူလူ ရွတ်ဆိုပြပြီးမှ ဆက်ပြောသည်။ “ချင်ယွမ်ဖုန်းဆိုတာ အခုအချိန်မှာ အကျော်ကြားဆုံး ပါရမီရှင်ပဲဗျ၊ အရင်တုန်းကတော့ သူက မိသားစုတစ်ခုရဲ့ ထူးချွန်တဲ့ လူငယ်တစ်ယောက်မျှသာ ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အပြောင်းအလဲတချို့ ဖြစ်ပျက်ခဲ့ပြီး ရုတ်တရက်ဆိုသလို နာမည်ကျော်ကြား လူသိများလာခဲ့တာ၊ အဲ့ကိစ္စတွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတင် ဖြစ်ပျက်ခဲ့တာပေါ့”
“ကျွန်မကို အသေးစိတ်လေး သေချာ ရှင်းပြပေးလို့ ရမလားဟင်” စီယန်ရုသည် စိတ်စောစွာဖြင့် ထပ်မံမေးမြန်းရင်း ရှေ့သို့ တိုးကာ ထိုလူငယ်ထံသို့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်တုံး ထပ်မံ ပေးကမ်းလိုက်ပြန်သည်။
ထိုလူငယ်သည် ကြီးကြီးမားမား ဘာမျှ မလုပ်ဆောင်ရသေးဘဲ အဖိုးတန်လှသော အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အချို့ကို ရရှိသွားသဖြင့် စိတ်ထဲ၌ အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရချေသည်။
“ချင်ယွမ်ဖုန်းရဲ့ အကြောင်းကို ပြောရမယ်ဆိုရင်တော့ ပြောစရာတွေက သိပ်ကို များလွန်းလို့ သုံးရက်နဲ့ သုံးည ပြောရင်တောင် ကုန်နိုင်မယ် မဟုတ်ပါဘူး...” ဟု ဆိုကာ ထိုလူငယ်သည် မရပ်မနား တောက်လျှောက် ပြောပြလေတော့သည်။
ချင်ယွမ်ဖုန်းသည် နတ်ဘုရားသောင်းချီနယ်မြေအတွင်း အခြားသော ဂိုဏ်းများမှ လူများကို ကယ်တင်ခဲ့သည့် အကြောင်းမှသည် ဆေးဖော်စပ်သူများအသင်း၏ ပြိုင်ပွဲတွင် ပထမဆု ဆွတ်ခူးခဲ့သည့် အကြောင်း၊ ထို့နောက် အခြားသော ထူးခြားဆန်းပြားသည့် ဖြစ်ရပ်အမျိုးမျိုးကို ကျော်ဖြတ်ကာ နောက်ဆုံးတွင် ချင်ယွမ်ဖုန်း၏ သုံးနှစ်ကတိကဝတ် တိုက်ပွဲသို့ ရောက်ရှိခဲ့သည့်အထိ အကုန်အစင် ပါဝင်ပေသည်။
ထိုတိုက်ပွဲတွင် ချင်ယွမ်ဖုန်းသည် ခက်ခက်ခဲခဲနှင့် အောင်ပွဲခံနိုင်ခဲ့သော်လည်း မြူနှင်းဂိုဏ်းမှ ဂိုဏ်းကြီးကြပ်သူ အကြီးအကဲများ၏ အရှက်မဲ့လှသော ချုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရချေသည်။
သို့သော် သူသည် သေတွင်းထဲမှ နေ၍ အသည်းအသန် ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် မြူနှင်းဂိုဏ်းမှ ဘိုးဘေးနယ်ပယ် အဆင့်ရှိသော သိုင်းပညာရှင်ကြီး ရှစ်ဦးအထိ အသက်ဆုံးရှုံးသွားစေခဲ့သည်။
ယင်းနောက်တွင်မူ သူသည် ယမမင်း လူသတ်သမားအဖွဲ့အစည်း၏ လိုက်လံလုပ်ကြံခြင်းကို ခံခဲ့ရပြီး အသက်ပျောက်ကွယ်သွားခဲ့ရသည်ဟု ဆိုသည်။
ထိုလူငယ်က ဤအကြောင်းအရာ အလုံးစုံကို ရိုးရှင်းစွာသာ ရှင်းပြခဲ့သော်လည်း စီယန်ရု၏ စိတ်နှလုံးကိုမူ အလွန်အမင်း တုန်လှုပ်ခြောက်ခြား သွားစေခဲ့သည်။
သူမ၏ စိတ်အာရုံထဲတွင်မူ အာဟိုင်သည် ဤ ချင်ယွမ်ဖုန်း ဆိုသူနှင့် မလွဲဧကန် ပတ်သက်မှု ရှိနေရမည်ဟု ခံစားနေရချေသည်။
“သူက တကယ်ပဲ သေသွားခဲ့တာလား” စီယန်ရုက ကန့်လန့်ဖြတ် မေးမြန်းလိုက်သည်။
ထိုလူငယ်က ခပ်ပြုံးပြုံးဖြင့် “မိန်းကလေးရယ်... ယမမင်း အဖွဲ့အစည်းဆိုတာ ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်မှာ အင်အားအကြီးဆုံးနဲ့ သက်တမ်းအရင့်ဆုံး လူသတ်သမား အဖွဲ့အစည်းကြီးဗျ၊ သူတို့က ဘယ်တုန်းကမှ လိမ်ညာပြောဆိုလေ့ မရှိပါဘူး၊ သူတို့ဆီက သေဒဏ်ပေးခြင်း ခံရတဲ့သူမှန်သမျှ မုချ သေဆုံးကြရတာချည်းပါပဲ” ဟု ဆိုသည်။
“တကယ်ကို နှမြောဖို့ကောင်းတာပဲ” ဘေးမှ ကွမ်းဟိုင်ကလည်း စိတ်မကောင်းစွာဖြင့် ရေရွတ်လိုက်မိသည်။
ဤမျှ ပါရမီထူးချွန်လှသော ပါရမီရှင် လူငယ်တစ်ဦးသည် အင်အားကြီးမားလှသော အဖွဲ့အစည်းနှစ်ခု၏ ကြားတွင် မကျဆုံးသင့်ဘဲ ကျဆုံးသွားခဲ့ရသဖြင့် တကယ်ပင် ရင်နာစရာကောင်းလှသော အဆုံးသတ် ဖြစ်ချေသည်။
“ဒါနဲ့... မိတ်ဆွေတို့ သိချင်တာ ကျန်ပါသေးလား” ဟု ထိုလူငယ်က မေးသည်။
ကွမ်းဟိုင်သည် စီယန်ရုကို လှည့်ကြည့်လိုက်သောအခါ သူမသည် စိတ်လွင့်မျောလျက် ငေးငိုင်စွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
“မိန်းကလေး ယန်ရု... ဘာများ သိချင်သေးလို့လဲ” ကွမ်းဟိုင်က အသံတိုးတိုးဖြင့် မေးလိုက်မှသာ စီယန်ရုသည် သတိပြန်ဝင်လာပြီး အလျင်အမြန်ပင် ခေါင်းယမ်းလိုက်သည်။
“ချင်ယွမ်ဖုန်းက မသေသေးပါဘူး” သူမက ထိုလူငယ်ကို ကြည့်ကာ ပြတ်သားစွာ ပြောဆိုလိုက်ချေသည်။
ထိုလူငယ်သည် အနည်းငယ် ဝေခွဲမရ ဖြစ်သွားရသည်။ ချင်ယွမ်ဖုန်း သေဆုံးသွားခြင်းက အားလုံး သိရှိပြီးသား အမှန်တရားတစ်ခု ဖြစ်နေပြီကို ဤမိန်းကလေးငယ်က ဘာကြောင့် ထိုသို့ ပြောနေရသနည်းဟု တွေးမိသည်။
သို့သော်လည်း ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်တွင် ချင်ယွမ်ဖုန်းကို ကိုးကွယ်ယုံကြည်ကြသော မိန်းကလေးများသည် ဤစီယန်ရုထက်ပင် ပိုမို၍ ရူးသွပ်ကြသည်ကို ပြန်လည်တွေးတောမိကာ စိတ်ထဲက နားလည်ပေးလိုက်လေသည်။
ယင်းနောက် စီယန်ရုနှင့် ကွမ်းဟိုင်တို့သည် ထိုနေရာမှ ထွက်ခွာခဲ့ပြီး ဖောင်ဖျက်ကျွန်းပေါ်ရှိ ကုန်သည်ကြီးများအသင်းသို့ သွားရောက်ခဲ့ကြသော်လည်း မိမိတို့ လိုချင်သော ပစ္စည်းများအားလုံးမှာ လေလံပွဲ၌ လေလံတင်ရောင်းချမည့် ပစ္စည်းများ ဖြစ်နေသဖြင့် လက်ရှိအချိန်တွင် တိုက်ရိုက်ဝယ်ယူ၍ မရနိုင်ကြောင်း သိရှိခဲ့ရသည်။
“မိန်းကလေး ယန်ရု... ကျွန်တော်တို့ အိမ်ပြန်ကြရင် ကောင်းမယ် ထင်တယ်” ကွမ်းဟိုင်က အကြံပြုသည်။
စီယန်ရုက ခေါင်းညိတ်လိုက်ပြီး “ကောင်းပါပြီ၊ ဒါပေမဲ့ ဦးလေးကော ချင်ယွမ်ဖုန်း တကယ်ပဲ သေသွားပြီလို့ ထင်လား” ဟု မေးမြန်းပြန်သည်။
“ဒါတော့ ကျွန်တော်လည်း မပြောတတ်ဘူး၊ ဒါပေမဲ့ သူတို့ရဲ့ ယုံကြည်ချက်အပြည့်နဲ့ ပြောနေပုံအရဆိုရင်တော့ သေဆုံးသွားခဲ့ပြီ ဖြစ်နိုင်တယ်” ကွမ်းဟိုင်က ပြုံး၍ ဆိုသည်။
“ဒါပေမဲ့... အာဟိုင်သာ ချင်ယွမ်ဖုန်း ဖြစ်နေခဲ့ရင်ကော” စီယန်ရုက ရုတ်တရက် ထူးဆန်းသော မေးခွန်းကို မေးလိုက်ချေသည်။
ကွမ်းဟိုင်သည် စကားမဆိုနိုင်ဘဲ ဆွံ့အသွားကာ ထိုသို့ ဖြစ်နိုင်ချေ ရှိ၊ မရှိကို တွေးတောနေမိတော့သည်။
အမှန်စင်စစ် ချင်ယွမ်ဖုန်းသည် သေလုမြောပါး အခြေအနေသို့ ရောက်ရှိနေချိန်တွင် စီဒန်ဟွာက ကယ်တင်ခဲ့ခြင်း ဖြစ်ပြီး သာမန် သိုင်းပညာရှင်တစ်ဦးသာဆိုလျှင် ယခင်ကတည်းက အသက်ပျောက်နေခဲ့ပြီ ဖြစ်သည်။
သို့သော် အာဟိုင်သည် ဇီဝအသက်စွမ်းအား ပြတ်တောက်မသွားဘဲ တစ်လနီးပါးမျှ သတိမေ့မြောနေခဲ့ပြီးမှ အံ့ဩစရာကောင်းလောက်အောင် ပြန်လည် အသက်ရှင်လာခဲ့ခြင်းပင်။
“သွားကြစို့၊ အာဟိုင်က အဲ့ပစ္စည်းတွေကို နောက်ပိုင်းကျရင် သိရှိသွားမှာပါ” စီယန်ရုက တည်ငြိမ်စွာ ဆိုသည်။
၎င်းတို့သည် ကျွန်းငယ်ပေါ်သို့ ပြန်ရောက်သောအခါ ဖောင်ဖျက်ကျွန်းတွင် ဖြစ်ပျက်ခဲ့သမျှကို စီဒန်ဟွာနှင့် အခြားသူများအား အကုန်အစင် ပြောပြခဲ့ကြသည်။
ထို့ပြင် နတ်ဘုရားဆေးခန်းမအသင်းသည်လည်း ရုတ်တရက်ဆိုသလို အေးအေးလူလူ ရှိနေပြီး ဝူယင်းသည် ဥက္ကဋ္ဌ ဖြစ်လာပြီးနောက်တွင် ကောင်းမှုကုသိုလ် အများအပြားကို လုပ်ဆောင်နေကြောင်းလည်း သိရသည်။
ဥပမာအားဖြင့် ဆေးဖော်စပ်သူ အမျိုးသမီးငယ်များကို နတ်ဘုရားဆေးခန်းမအသင်းသို့ ခေါ်ယူခြင်းနှင့် အမျိုးသမီးများအား ဆေးဖော်စပ်ခြင်း ပညာရပ်ကို သင်ယူရန် အားပေးကူညီခြင်းတို့သည် ယခင်က ယီဟုန်ကွမ်း လုပ်ဆောင်ခဲ့သည်များထက် များစွာ ပိုမိုကောင်းမွန်လှပေသည်။
ရက်အနည်းငယ်မျှ ဆေးဝါးကုသမှု ခံယူပြီးနောက်တွင် ယီဟုန်ကွမ်း၏ ကျန်းမာရေးသည် တဖြည်းဖြည်း ကောင်းမွန်လာခဲ့သည်။
သေတွင်းမှ လွတ်မြောက်လာခဲ့ရသဖြင့် သူသည် မိမိ၏ အတိတ်က လုပ်ရပ်များကို ပြန်လည်ဆင်ခြင်မိကာ အရာအားလုံးသည် အိပ်မက်တစ်ခုကဲ့သို့သာ ခံစားနေရချေသည်။
နောက်ထပ် နှစ်ရက်မျှ ကုန်လွန်သွားပြီး လေလံပွဲပင် စတင်နေပြီ ဖြစ်သော်လည်း ချင်ယွမ်ဖုန်းသည် ပြန်လည်ရောက်ရှိမလာသေးပေ။
“မဖြစ်သေးပါဘူး၊ ကျွန်မ သွားပြီးတော့ အာဟိုင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ပေးရမယ်၊ သူ ပြန်လာတာကိုပဲ စောင့်နေရင်တော့ အဲဒီပစ္စည်းတွေအားလုံး လေလံပွဲမှာ သူများလက်ထဲ ပါသွားကုန်လိမ့်မယ်” ဟု စီယန်ရုက ဆိုသည်။
အားလုံးကလည်း သူမ၏ စကားကို ခေါင်းညိတ်ထောက်ခံကြသည်။ ထို့ကြောင့် ယီဟုန်ကွမ်းကို ပြုစုစောင့်ရှောက်ရန်အတွက် ချီယန်နှင့် ချွေကျားတို့ကို ချန်ထားရစ်ခဲ့ပြီး ကျန်ရှိသောသူများ အားလုံးသည် ဖောင်ဖျက်ကျွန်းသို့ ထွက်ခွာခဲ့ကြလေသည်။
၎င်းတို့ ထွက်ခွာသွားပြီးနောက်တွင်မူ ချင်ယွမ်ဖုန်းသည် ကျွန်းပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူသည် ယခင်ကထက်ပင် ပိုမို အစွမ်းထက်လာပုံရပြီး ခန္ဓာကိုယ်ပတ်လည်တွင် မထင်မရှား အရှိန်အဝါအလင်းတန်းများ ပင် ဝန်းရံနေချေသည်။
“ဆရာသခင်... ပြန်လာပြီလား” ချွေကျားသည် ချင်ယွမ်ဖုန်းကို မြင်လျှင်မြင်ချင်း အလျင်အမြန်ပင် ဆီးကြိုနှုတ်ဆက်လိုက်သည်။
ချင်ယွမ်ဖုန်း၏ အံ့မခန်း စွမ်းဆောင်ရည်များကို မြင်တွေ့ခဲ့ရပြီးကတည်းက ချွေကျားသည် သူ့အပေါ် အလွန်အမင်း ကြည်ညိုလေးစားမိကာ ဆေးဖော်စပ်ခြင်း ပညာရပ်ကိုလည်း ကြိုးစားအားထုတ် ကျင့်ကြံခဲ့သဖြင့် များစွာ တိုးတက်ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။
“အခြားသူတွေကော ဘယ်သွားကြလဲ” ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။
“ဪ... သူတို့က ဆရာသခင် အသုံးပြုဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို တခြားသူတွေ ဝယ်သွားမှာ စိုးရိမ်လို့ လေလံရုံကို သွားကြပါတယ်” ဟု ချွေကျားက ဖြေကြားသည်။
“ရှန်းဝူ စကြဝဠာ တိုက်ကြီးက လာတဲ့ ကုန်သည်သင်္ဘောကြီးတွေ ရောက်နေပြီလား” ချင်ယွမ်ဖုန်းက အနည်းငယ် အံ့ဩသွားရင်း မေးသည်။
“ဟုတ်ပါတယ်၊ ဒါပေမဲ့ ကြားရသလောက်တော့ သူတို့က နှစ်ရက်ပဲ နေပြီး ပြန်ထွက်သွားကြပြီ၊ အခုအချိန်ဆိုရင် ကျွန်းနဲ့ တော်တော်လေး ဝေးသွားလောက်ပါပြီ”
“ဒီလိုလား” ချင်ယွမ်ဖုန်းသည် စိတ်မသက်မသာဖြင့် ခေါင်းယမ်းလိုက်မိသည်။ သူသည် တိုက်ကြီးမှ လာသော လူများကို တွေ့ဆုံကာ မိမိ၏ နောက်ကြောင်းရာဇဝင်ကို မေးမြန်းစုံစမ်းရန် ကြံရွယ်ထားသော်လည်း ထိုအစီအစဉ်မှာ ပျက်ပြယ်သွားခဲ့ရပြီ ။
သူသည် အခန်းထဲသို့ပင် မဝင်ရသေးမီမှာပင် ယီဟုန်ကွမ်းသည် အပြင်သို့ ထွက်လာကာ ချင်ယွမ်ဖုန်းအား လက်အုပ်ချီ၍ ဂါရဝပြု နှုတ်ဆက်လေသည်။
“သခင်လေး... ပြန်ရောက်လာပြီလား” ယီဟုန်ကွမ်းက ရိုသေခန့်ညားစွာ ဆိုသည်။ ယခုအချိန်တွင် ချင်ယွမ်ဖုန်း၏ စွမ်းအားကြီးမားမှုကို သူသည် ပိုမို၍ သိသာထင်ရှားစွာ ခံစားနေရချေပြီ။
ထိုစွမ်းအားသည် အပြင်ပန်း၌ ပြသနေသော စွမ်းအားမျိုး မဟုတ်ဘဲ လူအများအပြားကို မိမိ၏ ပတ်လည်တွင် မသိမသာ စုစည်းစေနိုင်သော စွမ်းအားမျိုး ဖြစ်ပြီး ဤကဲ့သို့သော စည်းလုံးညီညွတ်မှုကပင် ချင်ယွမ်ဖုန်းကို ပိုမို အစွမ်းထက်လာစေခြင်း ဖြစ်သည်။
“နေထိုင်လို့ ကောင်းသွားပြီလား” ချင်ယွမ်ဖုန်းက မေးလိုက်သည်။
ယီဟုန်ကွမ်းက ခေါင်းညိတ်ပြကာ “အများကြီး ကောင်းမွန်သွားပါပြီ၊ သခင်လေးက ကျွန်တော့်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအထူးပဲ တင်ရှိပါတယ်” ဟု ဆိုသည်။
“ကိစ္စမရှိပါဘူး” ချင်ယွမ်ဖုန်းက ဂရုမစိုက်ဟန်ဖြင့် လက်ဝါးကို ဝှေ့ယမ်းပြလိုက်သည်။
ယီဟုန်ကွမ်း၏ မျက်နှာတွင်မူ နောင်တရရိပ်များ လွှမ်းမိုးနေပြီး “ကျွန်တော့်အနေနဲ့ သခင်လေး လိုချင်တဲ့ ဆေးဝါးပစ္စည်းတွေကို ဝယ်ယူပေးနိုင်ခြင်း မရှိခဲ့တာကတော့ တကယ်ကို နှမြောဖို့ကောင်းလှပါတယ်၊ သခင်လေး ပေးအပ်ခဲ့တဲ့ ယုံကြည်မှုကို ကျွန်တော် ဖျက်ဆီးမိသလို ဖြစ်သွားခဲ့ရပါပြီ” ဟု စိတ်မကောင်းစွာဖြင့် လျှောက်တင်လိုက်ချေသည်။