အခန်း ၆၅၀
Vol. 32 Ch. 650
အခန်း (၆၅၀) ပြန်လည်နိုးထလာသော အတိတ်ပုံရိပ်များ
လူတိုင်းသည် ချင်ယွမ်ဖုန်းအား မမျှော်လင့်နိုင်သော အားကိုးတကြီး မျက်ဝန်းများဖြင့် ဝိုင်းဝန်းကြည့်ရှုနေကြချေသည်။ ယင်းက နတ်ဘုရားဆေးခန်းမအသင်း၏ ဥက္ကဋ္ဌ ရာထူးကို ရရှိထားသူဖြစ်ပေရာ ဤအမြစ်မဲ့ကျွန်းများပေါ်တွင် ၎င်းအလိုရှိရာ မှန်သမျှကို စိတ်တိုင်းကျ ဆောင်ရွက်နိုင်စွမ်း ရှိနေသောကြောင့်ပင်။
သို့သော်လည်း ချင်ယွမ်ဖုန်းက ထိုအခွင့်အရေးကို ငြင်းပယ်လိုက်လေသည်။ ကြီးမားလှသော စည်းစိမ်ဩဇာ အရှိန်အဝါတို့က ရှေ့မှောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသော်လည်း ချင်ယွမ်ဖုန်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ ခါးခါးသီးသီးပင် ငြင်းဆန်ပယ်ချခဲ့ချေပြီ။
"အားလုံးပဲ ဖယ်ကြပါဦး။ ငါက ဘယ်လိုဥက္ကဋ္ဌ ရာထူးကိုမှ မလိုချင်ဘူး။ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင်" ချင်ယွမ်ဖုန်းက လက်ကို ဝှေ့ယမ်းပြလျက် "မင်းကပဲ ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေရမှာပါ။ နောက်နောင် ဘာဆက်လုပ်ရမယ်ဆိုတာကိုလည်း မင်းပဲ ဆုံးဖြတ်ပါတော့"
"ဒါပေမဲ့..." ယီဟုန်ကွမ်းက ဇွတ်အတင်း ဆက်လက်တိုက်တွန်းရန် ပြင်လိုက်သော်လည်း ချင်ယွမ်ဖုန်းမှာမူ ထိုအခန်းအတွင်းမှ လှည့်ထွက်သွားခဲ့ချေပြီ။
စီဒန်ဟွာက ပြုံးလိုက်ပြီး ယီဟုန်ကွမ်းအား တွဲထူပေးလိုက်ရင်း "ကဲပါ... မင်းပဲ ဥက္ကဋ္ဌနေရာကို ပြန်ယူလိုက်တာက ပိုကောင်းပါတယ်။ အာဟိုင်ကတော့ ဥက္ကဋ္ဌ လုပ်မှာမဟုတ်ဘူး။ ငါ့စိတ်ထဲ သိနေတာတစ်ခုကတော့ ထိုသူဟာ ဤအမြစ်မဲ့ကျွန်းများလို နေရာအသေးအဖွဲလေးမှာ သောင်တင်နေမယ့်သူ မဟုတ်ဘူးဆိုတာပဲ"
ချင်ယွမ်ဖုန်း တစ်ယောက် အပြင်သို့ လှမ်းမြန်းထွက်ခွာသွားသည်ကို မြင်လျှင် မြင်ချင်းပင် ယန်ရုသည်လည်း ၎င်းနောက်သို့ မဆိုင်းမတွ တကောက်ကောက် လိုက်ပါသွားခဲ့တော့သည်။
မှောင်ရီပျိုးစ အချိန်သို့ ရောက်ရှိနေပြီဖြစ်၍ လမ်းမကြီး၏ ဝဲယာတစ်ချက်စီတွင် မီးအိမ်များကို အစီအရီ ထွန်းညှိထားကြပေရာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အလွန်ပင် စည်ကားသိုက်မြိုက်လျက် ရှိနေချေသည်။
ယန်ရုနှင့် ချင်ယွမ်ဖုန်းတို့သည် တစ်ဦးကိုတစ်ဦး စကားတစ်ခွန်းမျှ မဆိုကြဘဲ လမ်းမထက်တွင် ယှဉ်တွဲလျက် အေးအေးလူလူ လှမ်းလျှောက်နေကြသည်။
အတန်ကြာလျှင် ယန်ရုက ချင်ယွမ်ဖုန်းအား စေ့စေ့ကြည့်လျက် "အာဟိုင်... မင်း အတိတ်က အမှတ်သညာတွေကို ပြန်ရသွားပြီ မဟုတ်လား" ဟု ဖွင့်ဟမေးမြန်းလိုက်ချေသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်တယ်။ အားလုံးနီးပါး ပြန်မှတ်မိသွားပြီ"
၎င်းသည် တည်းခိုခန်းအတွင်း၌ ဝိညာဉ်အစအနများ ပြန်လည်စုစည်းစေသည့် ဆေးလုံးတစ်လုံးကို ဖော်စပ်၍ သုံးစွဲခဲ့ပေရာ ဒဏ်ရာရရှိထားသော စိတ်ဝိညာဉ်မှာ အမှန်တကယ်ပင် ပြန်လည်ကောင်းမွန်လာပြီး အမှတ်သညာအားလုံးကို ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင် ချင်ယွမ်ဖုန်းသည် မိမိ၏ စစ်မှန်သော မူလလက္ခဏာကို အပိုင်အနိုင် သိရှိသွားခဲ့ချေပြီ။
၎င်းသည် အရာခပ်သိမ်းကို သဘောပေါက် နားလည်သွားခဲ့ပြီ ဖြစ်သည်။
ယန်ရု၏ မျက်နှာထက်တွင် ညှိုးငယ်သော အရိပ်အယောင်များ ဖြတ်ပြေးသွားချေသည်။
ချင်ယွမ်ဖုန်း အတိတ်မေ့ရောဂါ ပျောက်ကင်းသွားသည်နှင့် တစ်ပြိုင်နက် ဤအမြစ်မဲ့ကျွန်းများပေါ်တွင် ဆက်လက်နေထိုင်တော့မည် မဟုတ်ကြောင်းကို သူမ ကောင်းကောင်းကြီး သိရှိနေပေသည်။
"မင်းရဲ့ မူလနာမည်က ဘယ်သူလဲဟင်" ယန်ရုက တိုးညှင်းစွာ မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ရင်း "ငါက မူလက တိုက်ကြီးပေါ်က လုယွဲ့အင်ပါယာ၊ ထျန်းတူး ပြည်နယ်မြို့တော်မှာရှိတဲ့ ချင်မိသားစုဝင် တစ်ယောက်ပါ။ ငါ့နာမည်က ချင်ယွမ်ဖုန်းလို့ ခေါ်တယ်"
"ချင်ယွမ်ဖုန်း... တကယ်ပဲ နင်ဖြစ်နေတာလား..." ယန်ရုက တိုးတိုးလေး ရေရွတ်လိုက်မိချေသည်။
လွန်ခဲ့သော အချိန်များကတည်းက ချင်ယွမ်ဖုန်းဟူသော အမည်နာမကို ပထမဆုံးအကြိမ် ကြားလိုက်ရကတည်းက အာဟိုင်သည် တိုက်ကြီးတစ်ခုလုံးကို လှုပ်ခတ်အောင် စွမ်းဆောင်နိုင်ခဲ့သည့် ထိုထူးချွန်ထက်မြက်သော သိုင်းပညာရှင် ချင်ယွမ်ဖုန်း ဖြစ်နေနိုင်ကြောင်း သူမ စိတ်ထဲတွင် ကြိုတင်အာရုံရနေခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်မူ သူမ၏ မိန်းမသားဆဋ္ဌမအာရုံသည် ထူးဆန်းအံ့ဩဖွယ်ကောင်းလောက်အောင် မှန်ကန်နေခဲ့ချေပြီ။
"မင်းရဲ့ ပုံစံကိုကြည့်ရတာ... ငါ့အကြောင်းကို အရင်ကတည်းက ကြားဖူးနေတဲ့ ပုံပဲနော်" ချင်ယွမ်ဖုန်းက အနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
ဤနေရာသည် တိုက်ကြီးနှင့် အလွန်တရာ ဝေးကွာလှပေရာ ကုန်သည်သင်္ဘောကြီးများပင်လျှင် ငါးနှစ်မှ တစ်ကြိမ်သာ လာရောက်လေ့ရှိပြီး ထိုငါးနှစ်တာ ကာလအတွင်း၌ လမ်းခရီးတွင်တင် တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် အချိန်ကုန်လွန်တတ်ပေသည်။
ထို့ကြောင့် တိုက်ကြီးပေါ်တွင် ဖြစ်ပျက်သမျှသော သတင်းအချက်အလက်များသည် ဤနေရာရှိ လူသားတို့၏ နေ့စဉ်ဘဝနှင့် အလှမ်းဝေးကွာလွန်းလှသည် ဖြစ်ပေ၏။
"ကြားဖူးတာပေါ့" ယန်ရုက ခေါင်းညိတ်ပြလျက် "ငါ တိုက်ကြီးကလာတဲ့ ကုန်သည်သင်္ဘောတွေဆီမှာ စုံစမ်းကြည့်ဖူးတယ်။ အဲ့ဒီမှာ ချင်ယွမ်ဖုန်းလို့ခေါ်တဲ့ အလွန်အမင်း အစွမ်းထက်တဲ့ သိုင်းပညာရှင်တစ်ယောက် ရှိတယ်လို့ ပြောကြတာ။ အဲ့ဒါ နင်ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး"
"တကယ်လို့ ငါသာ အမှန်တကယ် စွမ်းဆောင်နိုင်စွမ်း ရှိခဲ့မယ်ဆိုရင် ဒီလိုနေရာမျိုးကို ရောက်လာစရာ အကြောင်းမရှိပါဘူး" ချင်ယွမ်ဖုန်း၏ မျက်ဝန်းအစုံတွင် နာကျည်းမုန်းတီးမှု အရိပ်အယောင်များ ဖျတ်ခနဲ ပေါ်ထွက်လာချေသည်။
ထိုအာဃာတတရားသည် မြူနှင်းဂိုဏ်း တစ်ခုတည်းဆီသို့သာ ဦးတည်နေခြင်းမဟုတ်ဘဲ ၎င်းအား ဇွတ်အတင်း လိုက်လံလုပ်ကြံ သတ်ဖြတ်နေခဲ့သည့် ယမမင်း အဖွဲ့အစည်းဆီသို့လည်း အကြုံးဝင်နေပေသည်။
ထိုလူများအားလုံးက ၎င်းအား အသက်ပျောက်စေရန် အလိုရှိကြသော်လည်း ၎င်းကမူ မည်သည့်နည်းနှင့်မျှ သေဆုံးပေးမည်မဟုတ်ချေ။ယယ
သေဆုံးမပေးရုံမျှမက ထိုရန်သူများ၏ ရှေ့မှောက်သို့ ပိုမိုခန့်ညားထည်ဝါသော ဟန်ပန်ဖြင့် တင်းခံကာ ပြန်လည်ပေါ်ထွက်ပြဦးမည် ဖြစ်သည်။
"နင်ထွက်သွားတော့မှာလား" ယန်ရုက ခပ်တိုးတိုးလေး မေးမြန်းရှာသည်။
ချင်ယွမ်ဖုန်းက ပြုံးပြလိုက်ပြီး "ငါ့ရဲ့ ဒဏ်ရာတွေအားလုံး အရှင်းပျောက်ကင်းတဲ့အထိတော့ စောင့်ရဦးမှာပါ"
"ဪ... အဲ့လိုလား" ယန်ရု၏ စိတ်ထဲတွင် အနည်းငယ်မျှ ဝမ်းမြောက်သွားမိချေသည်။ ယင်းက ချင်ယွမ်ဖုန်းနှင့်အတူ ဆက်လက်ရှိနေမည့် အချိန်အပိုင်းအခြားလေး ပိုမိုရရှိသွားခြင်းကို ဆိုလိုခြင်း ဖြစ်ပေသည်။
"ဒါနဲ့ အာဟိုင်... အာ... ချင်ယွမ်ဖုန်းလား" ယန်ရုက နှုတ်ကျိုးနေသည့် အခေါ်အဝေါ်ကို လျင်မြန်စွာ ပြန်လည်ပြင်ဆင်လိုက်ရချေသည်။
ချင်ယွမ်ဖုန်းက အူကြောင်ကြောင်နိုင်လှသော သူမ၏ ပုံစံကိုကြည့်၍ သက်ပြင်းချလျက် ခေါင်းကို ခါယမ်းကာ "ငါ့ကို အာဟိုင်လို့ပဲ ဆက်ခေါ်လို့ရပါတယ်၊ ဒီနာမည်ကို ငါ အသားကျနေပါပြီ"
"ဒါဆိုလည်း အာဟိုင်... နင် အဲ့ဒီတုန်းက ဘယ်လိုလုပ်ပြီး အသက်ဘေးက လွတ်မြောက်လာခဲ့တာလဲ" ယန်ရုက မေးမြန်းလိုက်သည်။
တိုက်ကြီးပေါ်ရှိ လူသားများ၏ အဆိုအရမူ ချင်ယွမ်ဖုန်းသည် မုချဧကန် သေဆုံးသွားခဲ့ပြီဟု ယူဆထားကြသောကြောင့် ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် ထိုအမေးကို ကြားလိုက်ရသောအခါ အတိတ်ကို ပြန်လည်တွေးတောရင်း ငေးမှိုင်သွားမိချေသည်။
၎င်းသည် ထိုစဉ်က အမှန်တကယ်ပင် သေလုမြောပါး အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသော်လည်း မိမိထံတွင် ရုတ်တရက်တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းဖြင့် အသက်ဆက်နိုင်မည့် အခွင့်အရေးကို လဲလှယ်ယူနိုင်သော စနစ်တစ်ခု ရှိနေခဲ့ပေရာ စီဒန်ဟွာက ၎င်းအား ကယ်ဆယ်နိုင်သည့် အချိန်အထိ ဇီဝအသက်စွမ်းအားကို ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍သာ ထိုစနစ်သာ မရှိခဲ့ပါက ချင်ယွမ်ဖုန်းသည် ပင်လယ်မိစ္ဆာကြီး၏ ဝမ်းဗိုက်အတွင်း၌ပင် ကွယ်လွန်အနိစ္စ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပေ၏။
အတိတ်ကို ပြန်လည်စဉ်းစားမိသည့်အခါတိုင်း ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ယနေ့တိုင် ကျန်ရှိနေဆဲပင်။
ထိုသေလုမတတ် ခံစားချက်မျိုးသည် အရာအားလုံးကို လက်လွှတ်လိုက်ရသကဲ့သို့ ဖြစ်ပေရာ အလွန်ပင် စိတ်မချမ်းမြေ့စရာ ကောင်းလှချေသည်။
မိမိနောက်ဆုံး မြင်တွေ့ခဲ့ရသည့် လူသားမှာ မြောင်ယွီလန် ဖြစ်နေခဲ့သည်ဟူသော အချက်ကလည်း ချင်ယွမ်ဖုန်း၏ စိတ်ကို ထူးဆန်းသော ဝေဒနာတစ်ရပ် ခံစားရစေသည်။
ထို့အပြင် မြောင်ယွီလန်က ၎င်းအား အလွန်အရေးကြီးလှသော လက်ဆောင်တစ်ခု ရှိနေသည့် စိန်ခေါ်ရာမြို့တော်သို့ သွားရောက်ရန် ပြောကြားခဲ့သော်လည်း နောက်ဆုံးတွင် ချင်ယွမ်ဖုန်းသည် ကတိကဝတ်ကို ဖျက်ဆီးမိသကဲ့သို့ ဖြစ်ခဲ့ရချေပြီ။
"အာဟိုင်..." ယန်ရုသည် ချင်ယွမ်ဖုန်း၏ မျက်နှာရှေ့တွင် လက်ကို ဝှေ့ယမ်းပြလိုက်ကာ ၎င်းအား အတိတ်ပုံရိပ်များထဲမှ ပြန်လည်နှိုးထလာစေရန် လုပ်ဆောင်လိုက်သည်။
"ဪ... ဘာမှမဟုတ်ပါဘူး။ ငါ ကံကောင်းသွားလို့ နေမှာပါ။ မဟုတ်ရင် မင်းနဲ့ ဒီလို ဆုံတွေ့ခွင့် ရမှာမဟုတ်ဘူး" ချင်ယွမ်ဖုန်းက ရယ်မောလိုက်ချေသည်။
ထိုနှစ်ဦးသားသည် လမ်းမထက်တွင် လျှောက်လှမ်းရင်း တတွတ်တွတ် စကားဆိုနေကြသည်။ ချင်ယွမ်ဖုန်းက ယန်ရုအား အတိတ်က ဖြစ်ပျက်ခဲ့သမျှသော အကြောင်းအရာများကို စိတ်ရှည်လက်ရှည်ပင် ပြန်လည်ပြောပြနေခဲ့တော့သည်။
ညဉ့်နက်သန်းခေါင် အချိန်သို့ ရောက်ရှိသောအခါ ချင်ယွမ်ဖုန်းနှင့် ယန်ရုတို့သည် တည်းခိုခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။
စီဒန်ဟွာနှင့် အခြားသောသူများမှာလည်း အိပ်စက်အနားယူရန် ပြင်ဆင်နေကြပြီ ဖြစ်ပေရာ တစ်ဦးကိုတစ်ဦး နှုတ်ဆက်စကား ဆိုပြီးနောက် ချင်ယွမ်ဖုန်းနှင့် ယန်ရုတို့သည်လည်း မိမိတို့၏ အခန်းအသီးသီးသို့ ပြန်လည်ဝင်ရောက်သွားခဲ့ကြတော့သည်။
ချင်ယွမ်ဖုန်းသည် အမှတ်သညာများ ပြန်လည်ရရှိသွားခဲ့ပြီ ဖြစ်ပေရာ မိမိ၏ ခန္ဓာကိုယ် ဒဏ်ရာများ အမြန်ဆုံး ပျောက်ကင်းရန်သာ ပြင်းပြစွာ ဆန္ဒရှိနေတော့သည်။
သို့မှသာ တိုက်ကြီးပေါ်သို့ အမြန်ဆုံး ပြန်လည်ချီတက်ကာ မိမိအား သေဆုံးစေလိုသည့် ရန်သူများကို မျက်မှောက်၌ပင် အသက်ပျောက်သွားအောင် ခြေမှုန်းနိုင်မည် မဟုတ်လော။
ဤကဲ့သို့သော သွေးဆာရက်စက်သည့် အတွေးအကြံများ စိတ်တွင်း၌ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် ချင်ယွမ်ဖုန်းသည် ယင်းကို မည်သို့မျှ ဖိနှိပ်ချုပ်တည်းထားနိုင်ခြင်း မရှိတော့ပေ။
၎င်းသည် မိမိ၏ ခန္ဓာကိုယ်အတွင်း၌ သုံးခွလှံ၏ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများ စိမ့်ဝင်နေခဲ့ပြီဖြစ်ကြောင်း သဘောပေါက်ထားပေရာ ထိုအခြေအနေသည် သားရဲခြေဆန့်ကျွန်းပေါ်တွင် မိမိကိုယ်မိမိ မထိန်းချုပ်နိုင်ဘဲ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့စဉ်ကအတိုင်းပင် ဖြစ်သည်။
ထိုကြမ်းကြုတ်သော အရှိန်အဝါသည် ၎င်း၏ ခန္ဓာကိုယ်အတွင်း၌ နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ပြီ ဖြစ်သဖြင့် ချင်ယွမ်ဖုန်း၏ စိတ်ခံစားချက်များ ပြင်းထန်စွာ လှုပ်ခတ်လာသည့် အခါတိုင်း ပေါ်ထွက်လာလေ့ရှိပြီး ၎င်းအား သွေးဆာ မိစ္ဆာတစ်ကောင်အသွင် ပြောင်းလဲသွားစေရန် တွန်းပို့နေခြင်း ဖြစ်သည်။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် ဤကြမ်းကြုတ်သော အရှိန်အဝါကို လုံးဝ အမြစ်ပြတ်အောင် မချေမှုန်းနိုင်သေးပေရာ မိမိကိုယ်မိမိ ထိန်းချုပ်မှုမလွတ်သွားစေရန် အစွမ်းကုန် ဖိနှိပ်ချုပ်တည်းထားဖို့သာ ကြိုးပမ်းနိုင်ပေတော့သည်။
"ရှောင်လင်... ငါ့ရဲ့ အရည်အချင်းပြကွက်ကို တစ်ချက်လောက် ထုတ်ပြစမ်းပါဦး" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဖွင့်ဟလိုက်သည်။
ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် ပြုံးရွှင်သော မျက်နှာထားဖြင့် ပြန်လည်ပေါ်ထွက်လာလျက် "အရှင်သခင်... သင် နောက်ဆုံးတော့ အတိတ်က အမှတ်သညာတွေကို ပြန်ရသွားခဲ့ပြီပေါ့"
"ဟုတ်တယ်" ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။ မိမိ၏ အမှတ်သညာများ ပြန်လည်ရရှိရန် လျှောက်လှမ်းခဲ့ရသော လမ်းခရီးသည် အမှန်တကယ်ပင် အဖုအထစ် အဆီးအတားများဖြင့် ပြည့်နှက်နေခဲ့ခြင်း ဖြစ်သည်။
သခင် : ချင်ယွမ်ဖုန်း
အသက် : ၂၃ နှစ်
ကျင့်စဉ်အဆင့် : စတုတ္ထအဆင့် ဘိုးဘေးနယ်ပယ်၊ သတ္တမအဆင့် ဆေးဖော်စပ်သူ၊ ဆဋ္ဌမအဆင့် အဆောင်လက်ဖွဲ့ ဖန်တီးသူ
သိုင်းပညာရပ်မျာ: -ဝိညာဉ်ရှာဖွေခြင်းပညာရပ်၊ အဆိပ်တစ်သောင်း ပညာရပ်၊ မိုးတိမ်လွင့် ပညာရပ်၊ ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်၊ အလောင်းကောင်ရုပ်သေး ပညာရပ်၊ ယင်ယန်ပေါင်းစပ်ခြင်း ပညာရပ်၊ ဝိညာဉ်သားရဲထိန်းကျောင်းရေး ပညာရပ်၊ နဂါးဟိန်းသံပညာရပ်၊ ဓားဆွဲ ခုတ်ချက်၊ လင်းနို့အသွင်ပြောင်းလဲခြင်းပညာရပ်၊ သွေးပေါက်ကွဲခြင်း ပညာရပ်၊ မီးလျှံကောင်းကင်ခုတ်ချက်၊ နေဝင်ချိန်တစ်ချက်ခုတ်၊ ဗုဒ္ဓဂါထာတော် လက်ဝါး၊ ဝရဇိန်ခန္ဓာပညာရပ်၊ ကြိုတင်သိမြင်ခြင်း၊ မိုးကြိုးမီးလျှံ ဗုံးသီး၊ နဂါးသတ်ချက်၊ ဝိညာဉ်ချီပေါက်ကွဲခြင်း၊ အရိပ်ဆိုးသတ်ဖြတ်ခြင်း၊ ကောင်းကင်ဘုံ သန့်စင်ခြင်း နတ်ဘုရားလက်ဝါး
ဓာတ်စွမ်းအင်: ခရမ်းရောင်မီး၊ ရွှေရောင်မိုးကြိုး၊ ဟင်းလင်းပြင်၊ နှင်းမြူ၊ နဂါးအရှိန်အဝါ၊ မြေကမ္ဘာ
ကျင့်စဉ် : စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်
ယုံကြည်မှုတန်ဖိုး : ၂၉,၉၁၆,၅၃၈
ချင်ယွမ်ဖုန်းသည် မိမိ၏ ကျင့်စဉ်အဆင့်အတန်း လျော့ကျသွားခြင်း မရှိသည်ကို တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်သွားမိသည်။
ယင်းသည် စနစ်က ၎င်း၏ ဇီဝအသက်ကို ကယ်ဆယ်ပေးခဲ့သောကြောင့် သွေးဆာမဆာ ဖြစ်တည်မှု၏ ဘေးထွက်ဆိုးကျိုးများကို ချေဖျက်ပေးလိုက်ခြင်းကြောင့် ဖြစ်တန်ရာပေသည်။
ထို့အပြင် ချင်ယွမ်ဖုန်းသည် သတ္တမအဆင့်ရှိသော ဆေးဖော်စပ်သူတစ်ဦး ဖြစ်လာခဲ့ချေပြီ။ ၎င်းအနေဖြင့် ဤအမြစ်မဲ့ကျွန်းများပေါ်တွင် ဆေးလုံးများ ဖော်စပ်နေခဲ့သည့် အချိန်ကာလများသည် အလဟဿ ဖြစ်မသွားခဲ့ချေ။
"အရှင်သခင်အနေနဲ့ နောက်ထပ် ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ်ရှိပါသလဲ" ရှောင်လင်က မေးမြန်းလိုက်သည်။
"ငါတို့ တိုက်ကြီးပေါ်ကို အားအင်အပြည့်နဲ့ ပြန်သွားပြီး ရန်သူတွေကို သုတ်သင်ရမှာပေါ့" ချင်ယွမ်ဖုန်းက ရက်စက်ကြမ်းကြုတ်သော လေသံဖြင့် ပြတ်သားစွာ ဆိုလိုက်တော့သတည်း။