အခန်း ၆၅၂
Vol. 32 Ch. 652
အခန်း (၆၅၂) အဆိပ်နဂါး
ချင်ယွမ်ဖုန်း၏ မျက်နှာထက်တွင် ဝမ်းသာအားရဖြစ်မှုတို့ ထင်ဟပ်သွားချေသည်။ မရှိသည်ထက်စာလျှင်မူ ယင်းက များစွာကောင်းမွန်ပေသည်။
ယီဟုန်ကွမ်းသည် ချင်ယွမ်ဖုန်းထံသို့ မြေပုံကို ရိုသေသေလေးလေး ကမ်းပေးလိုက်၏။ ထိုမြေပုံပေါ်တွင် အမြစ်မဲ့ကျွန်းများနှင့် ဝေးကွာလှသော အရပ်ဒေသသို့ သွားရမည့် လမ်းကြောင်းကို အသေးစိတ် ရေးဆွဲဖော်ပြထားပေသည်။
ချင်ယွမ်ဖုန်းအနေဖြင့် ထိုနေရာသို့ သွားရောက်မည်ဆိုလျှင်ပင် လဝက်မျှ အချိန်ယူရပေလိမ့်မည်။
“ဆရာ... ပဉ္စမအဆင့် နတ်သားရဲဆိုတာ အလွန်တရာ အစွမ်းထက်လှပါတယ်၊ အကယ်၍ သွားမယ်ဆိုရင် ကျွန်တော်မျိုးပါ အတူလိုက်ပါပါရစေ” ဟု ယီဟုန်ကွမ်းက လျှောက်တင်လေသည်။
ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းလျက် “မလိုပါဘူး၊ ဒီကိစ္စကို ငါ့ဘာသာပဲ ဖြေရှင်းတာက ပိုကောင်းပါလိမ့်မယ်၊ ဒါနဲ့... ပြီးခဲ့တဲ့အကြိမ်က ငါသင်ပေးခဲ့တဲ့ ကျင့်စဉ်ကို မင်းဘယ်လောက်အထိ လေ့ကျင့်လို့ ပြီးမြောက်ပြီလဲ” ဟု မေးမြန်းလိုက်၏။
“ဆရာ. ကျေးဇူးပြုပြီး လမ်းညွှန်ပြသပေးပါဦး” ယီဟုန်ကွမ်းက စိတ်လှုပ်ရှားစွာဖြင့် ဆိုသည်။ ချင်ယွမ်ဖုန်းက သူ့အား အနည်းငယ် လမ်းညွှန်ပြသခဲ့ဖူးရာ ထိုအရာကပင် သူပြန်ရောက်ကတည်းက များစွာ အကျိုးကျေးဇူး ဖြစ်ထွန်းစေခဲ့ပေသည်။
ထို့ကြောင့် ယခုကဲ့သို့ အခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ချေ။
ယီဟုန်ကွမ်းက သတင်းအချက်အလက် ပေးအပ်သည့်အတွက် ယင်းကို အဖိုးအခအဖြစ် သတ်မှတ်ကာ ချင်ယွမ်ဖုန်းက ဆေးဖော်စပ်ခြင်း ပညာရပ်အချို့ကို လမ်းညွှန်ပြသပေးပြီးနောက် ယန်ရုနှင့်အတူ ထွက်ခွာခဲ့ကြတော့သည်။
“အာဟိုင်... နင် တကယ်ပဲ တစ်ယောက်တည်း သွားတော့မလို့လား” ယန်ရုက စိုးရိမ်တကြီး မေးမြန်းရှာသည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် “ဟုတ်တယ်... မင်းလည်း ယီဟုန်ကွမ်း ပြောတာ ကြားသားပဲ၊ အဲဒီနေရာက အလွန် အန္တရာယ်များတယ်” ဟု ဆို၏။
“ဟင့်အင်း... ငါ နင်နဲ့အတူ လိုက်ချင်တယ်” ယန်ရုက ပြတ်သားစွာ ဆိုလေသည်။
“ဘာလို့လဲ၊ အဲဒီကျရင် ငါ မင်းကို ကာကွယ်ပေးနိုင်ဖို့ ခက်လိမ့်မယ်” ချင်ယွမ်ဖုန်းက အနည်းငယ် ဝေခွဲမရဖြစ်လျက် မေးလိုက်သည်။
ယန်ရု ခေတ္တမျှ စဉ်းစားမိသော်လည်း မည်သည့်စကားမျှ မဆိုနိုင်တော့ဘဲ “ငါ ဘာမှဂရုမစိုက်ဘူး၊ နင်နဲ့အတူပဲ သွားချင်တာ၊ သေရမယ်ဆိုရင်တောင် ငါ လိုက်မှာပဲ”
ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက်ကို ဖွဖွချလိုက်မိသည်။ သူသည် ယန်ရု၏ တောင်းဆိုမှုကို ငြင်းပယ်ရန် မစွမ်းသာပေ။
“ကောင်းပါပြီ... မင်းကို ငါ ခေါ်သွားပါ့မယ်၊ ဒါပေမဲ့ ငါ့စကားကို နားထောင်ရမယ်၊ မင်းကို ငါ ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာခဲ့မယ်” ချင်ယွမ်ဖုန်းက ဆိုလိုက်၏။
ယန်ရုသည် ခေါင်းညိတ်ပြလျက် ချိုသာစွာ ပြုံးလိုက်ချေသည်။
ချင်ယွမ်ဖုန်းသည် မကြာမီ ထွက်ခွာသွားတော့မည်ကို ယန်ရုပင် လှမ်း၍ ခံစားသိရှိနေပေသည်၊ ထို့ကြောင့်လည်း သူသည် မိမိ၏ အစွမ်းအစများကို တိုးတက်စေရန် အလွန်အမင်း စိတ်အားထက်သန်နေခြင်း ဖြစ်တန်ရာ၏။
သူ့၏ ရန်သူသည် အလွန်အမင်း အစွမ်းထက်လှပေလိမ့်မည်၊ ထို့ပြင် သူ ဆောင်ရွက်ရမည့် ကိစ္စရပ်များလည်း အများအပြား ရှိနေပေလိမ့်မည်။
" ငါက သူ့ကို မကူညီနိုင်ဘူး၊ ဒါကြောင့် နင် ဒီမှာရှိနေသရွေ့ ငါ နင့်အနားမှာပဲ နေပါရစေ။"
အန္တရာယ်ကြီးမားလှသည်ဆိုစေဦးတော့။
ယန်ရုသည် စိတ်ထဲ၌ ပြတ်သားစွာ တွေးတောနေမိသည်။
၎င်းတို့နှစ်ဦးသည် ဖူးပင်းကျွန်းပေါ်တွင် အချိန်အတော်ကြာ လှည့်လည်ကြည့်ရှုခဲ့ကြပြီး နှစ်ဦးသားစလုံး အလွန် ပျော်ရွှင်ခဲ့ကြပေသည်။ ချင်ယွမ်ဖုန်းသည် ကုန်သည်ကြီးများအသင်းထံမှ ဆေးလုံးဖော်စပ်ရန်အတွက် ဆေးဖော်စပ်ရာတွင် အသုံးပြုသည့် ဆေးပင်ပစ္စည်း အများအပြားကိုလည်း ဝယ်ယူခဲ့သေးသည်။
ယီဟုန်ကွမ်းအား စီဒန်ဟွာနှင့် အခြားသူများထံ သတင်းစကား ပါးခိုင်းပြီးနောက် ချင်ယွမ်ဖုန်းသည် ယန်ရုကို ခေါ်ဆောင်ကာ ဖူးပင်းကျွန်းမှ ထွက်ခွာခဲ့ကြတော့သည်။
ဤခရီးစဉ်သည် လဝက်မျှ အချိန်ယူရမည်ဖြစ်ရာ ချင်ယွမ်ဖုန်းအနေဖြင့် အချိန်ဆွဲမနေလိုတော့ချေ။
ယန်ရုသည် ချင်ယွမ်ဖုန်းကို တင်းကျပ်စွာ ဖက်တွဲထားပေသည်။
ချင်ယွမ်ဖုန်းက သူမအား ပွေ့ဖက်၍ ပျံသန်းကတည်းက သူမသည် ဤကဲ့သို့ ကောင်းကင်ယံ၌ ပျံသန်းရသည့် ခံစားချက်ကို အလွန်အမင်း နှစ်သက်သဘောကျနေခဲ့ခြင်း ဖြစ်ချေသည်။
ချင်ယွမ်ဖုန်း၏ ရှေ့မှောက်တွင် ကိုယ်ရံစွမ်းအင် ဒိုင်းကာတစ်ခု ထွက်ပေါ်လာပြီး ယန်ရုအား ပြင်းထန်သော လေပြင်းဒဏ်မှ အကာအကွယ် ပေးထားပေသည်။
ပင်လယ်ပြင်ကြီးကား ကျယ်ပြောလှပြီး အဆုံးအစမဲ့လှပေရာ လှမ်းမြင်ရသမျှ ရေပြင်ကျယ်ကြီးမှတစ်ပါး အခြားမရှိချေ၊ ထို့ပြင် မည်သည့် မှတ်တိုင် အမှတ်အသားမျှလည်း မရှိသဖြင့် ထိုမြေပုံသည် ကိုးကားရန်အတွက်သာ အသုံးဝင်ပေသည်။
ကံကောင်းထောက်မစွာဖြင့် ချင်ယွုန်းဖုန်းသည် လမ်းကြောင်းရှာဖွေရာ၌ ကျွမ်းကျင်သူဖြစ်သဖြင့် အနည်းငယ် လမ်းလွဲမှု ရှိခဲ့သော်လည်း ယေဘုယျအားဖြင့်မူ ရည်မှန်းချက် ပန်းတိုင်ဆီသို့ ဦးတည်သွားနေခဲ့ပေသည်။
ဆယ်ရက်တာ ကုန်လွန်ပြီးနောက် ချင်ယွမ်ဖုန်းသည် ကီလိုမီတာ သိန်းချီ၍ ပျံသန်းခဲ့ပြီး ဖြစ်ပေသည်။ လမ်းခရီးတစ်လျှောက်တွင် ကျွန်းတစ်ကျွန်းကို တွေ့ရှိတိုင်း ခေတ္တရပ်နား၍ အနားယူကြပြီး ကျန်ရှိသော အချိန်များတွင် ခရီးကိုသာ ဆက်လက်နှင်ကြပေသည်။
ခရီးစဉ်သည် အနည်းငယ် ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသော်လည်း ယန်ရုမှာမူ ပျော်ရွှင်နေဆဲပင် ဖြစ်သည်။ ဤဆယ်ရက်တာ အချိန်အတောအတွင်းသည် သူမနှင့် ချင်ယွမ်ဖုန်းတို့ နှစ်ဦးတည်းအတွက်သာ ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်မျှ နှောင့်ယှက်ခြင်း မရှိခဲ့ချေ။
၎င်းတို့ ရှေ့သို့ ဆက်လက်ချီတက်နေစဉ် ချင်ယွမ်ဖုန်းသည် ရုတ်တရက် ရပ်တန့်လိုက်ချေသည်။
ပျံသန်းနေစဉ် အတောအတွင်း၌ပင် ချင်ယွမ်ဖုန်းသည် အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်သဖြင့် မိမိ၏ ဝိညာဉ်စွမ်းအားကို အမြဲမပြတ် နိုးကြားစေထားပေသည်။
ယခုအခါ သူ၏ ဝိညာဉ်စွမ်းအားသည် မလှမ်းမကမ်း အရပ်၌ ရှည်လျားသော ပုံရိပ်အချို့ကို ဖမ်းယူရရှိထားချေပြီ။
မလှမ်းမကမ်းရှိ ကောင်းကင်ယံထက်တွင် မည်းမှောင်နေသော မိုးတိမ်များ ဖုံးလွှမ်းနေပြီး ပြင်းထန်သော မိုးကြိုးလျှပ်စီးများ လျှပ်ကူးနေသည်ကို ယန်ရုပင် လှမ်း၍ မြင်တွေ့နိုင်ပေသည်၊ ယင်းက မိုးကြိုး လျှပ်စီးများ ပြည့်နှက်နေသည့် ရေကန်ကြီးတစ်ခုကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။
“အာဟိုင်... အရှေ့မှာ ဘာတွေဖြစ်နေတာလဲ” ယန်ရုက စုစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ ဤမျှ ဝေးကွာသော အကွာအဝေးမှပင် ယန်ရုသည် ဖိအားတစ်ခုကို ခံစားနေရပေသည်။
ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်လျက် “အရှေ့မှာ နဂါးအချို့ ရှိနေပုံရတယ်၊ ငါလည်း ဒီလို သတ္တဝါမျိုးကို မြင်ဖူးတာ ဒါပထမဆုံးပဲ” ဟု ဆို၏။
“နဂါး ဟုတ်လား” ယန်ရုက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
ဤသတ္တဝါနှင့် ပတ်သက်၍ မှတ်တမ်းမှတ်ရာ အနည်းငယ်သာ ရှိသော်လည်း အဆိပ်နဂါးကို စစ်မှန်သော နဂါးကြီး၏ တိုက်ရိုက် သွေးနှောအဖြစ် သတ်မှတ်ကြပေသည်။
အဆိပ်နဂါးဟူသည် ကာမရာဂ ကြီးမားလှသော စစ်မှန်သော နဂါးကြီးက လူသားအသွင် ဖန်ဆင်း၍ လူသား အမျိုးသားတစ်ဦးနှင့် အတူနေထိုင်ရာမှ မွေးဖွားလာသော ရင်သွေးဖြစ်ပေသည်၊ ၎င်းသည် စစ်မှန်သော နဂါးသွေး တစ်ဝက်နှင့် လူသားတို့၏ ပါရမီ တစ်ဝက်ကို မွေးရာပါ ပိုင်ဆိုင်ထားပေသည်။
ထို့ကြောင့် အဆိပ်နဂါး တစ်ကောင်ချင်းစီသည် အလွန်တရာ အစွမ်းထက်လှပြီး လူသားများကဲ့သို့ စကားပြောဆိုနိုင်ကာ အသိဉာဏ်ပညာကို ပိုင်ဆိုင်ထားကြပေသည်။
သို့ရာတွင် အဆိပ်နဂါးသည် အလွန် အထီးကျန်လှပေသည်၊ အကြောင်းမူကား ၎င်းသည် လူသားလည်းမဟုတ်၊ စစ်မှန်သော နဂါးလည်း မဟုတ်သဖြင့် နှစ်ဖက်စလုံး၏ ပယ်ကြဉ်ခြင်းကို ခံရကာ မိစ္ဆာသားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေရရှာပေသည်။
ထို့ကြောင့် အဆိပ်နဂါးများသည် လူသားများနှင့် စစ်မှန်သော နဂါးများနှင့် ဝေးကွာလှသော ပင်လယ်ရေနက်ပိုင်း အရပ်ဒေသများသို့ သွားရောက်ကာ မျိုးပွားကြပြီး ယခု ငါတို့ သိရှိထားကြသော အဆိပ်နဂါးများ ဖြစ်လာခဲ့ကြခြင်း ဖြစ်ချေသည်။
စစ်မှန်သော နဂါးကြီးများသည် မျိုးသုဉ်းလုနီးပါး ဖြစ်နေပြီး တွေ့ရခဲလှသဖြင့် ယခုခေတ်ရှိ အဆိပ်နဂါးများသည် အဆိပ်နဂါးအချင်းချင်းမှ ဆင်းသက်လာသော မျိုးဆက်များသာ ဖြစ်ကြပြီး ပထမမျိုးဆက် အဆိပ်နဂါးများကဲ့သို့ အစွမ်းထက်ခြင်း သို့မဟုတ် ပါရမီ ထူးချွန်ခြင်းမျိုး မရှိကြတော့ချေ။
ဤအချိန်တွင် ချင်ယွမ်ဖုန်း၏ စိတ်ဝိညာဉ်စွမ်းအား အာရုံခံနိုင်စွမ်း အတွင်း၌ ရှိနေသော အဆိပ်နဂါး အချို့သည် တတိယ သို့မဟုတ် စတုတ္ထအဆင့် နတ်သားရဲ အဆင့်တွင်သာ ရှိကြပေသည်။
အဆိပ်နဂါး ငါးကောင် သို့မဟုတ် ခြောက်ကောင်ခန့်သည် နဂါးအသွင်သို့ ပြောင်းလဲကာ နဂါးငယ်လေးတစ်ကောင်ကို ဝိုင်းရံထားကြပေသည်။
ကောင်းကင်ယံမှ မိုးကြိုးအလင်းတန်းများသည် မိုးရွာသကဲ့သို့ ကျရောက်လာပြီး နဂါးငယ်လေးအား ထိမှန်နေပေသည်။ ပြင်းထန်သော နာကျင်မှု ရှိနေသော်လည်း ထိုနဂါးငယ်သည် တစ်စုံတစ်ခုသော အခမ်းအနားကို ဆောင်ရွက်နေသကဲ့သို့ အံကြိတ်ခံယူနေရှာပေသည်။
“ဟုတ်တယ်... ဒါ သူတို့ရဲ့ မိုးကြိုးကန် သန့်စင်ခြင်း အခမ်းအနား ဖြစ်ရမယ်၊ အဆိပ်နဂါးတစ်ကောင် မွေးဖွားလာတိုင်း အဆိပ်နဂါးတွေက သူ့အပေါ်မှာ မိုးကြိုးကန် သန့်စင်ခြင်းကို ဆောင်ရွက်ပေးလေ့ရှိတယ်၊ မိုးကြိုးကန် သန့်စင်ခြင်း ပြီးမြောက်မှသာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်နဂါးဟာ စစ်မှန်တဲ့ နဂါးသွေးကို နိုးထစေနိုင်မှာဖြစ်တယ်” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာဖြင့် ဆိုလေသည်။
ဤအရာများသည် မှတ်တမ်းတင်ထားခြင်း ဖြစ်သဖြင့် ချင်ယွမ်ဖုန်းအနေဖြင့် အနည်းငယ် စဉ်းစားရုံမျှဖြင့် သိရှိနိုင်ခြင်း ဖြစ်ပေသည်။
“ကြည့်ရတာ နည်းနည်းတော့ သနားစရာကောင်းသားပဲ” ယန်ရုက ညင်သာစွာ ဆိုသည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်၏။
သူ၏ ဝိညာဉ်စွမ်းအား အာရုံခံမှုအရ ထိုနဂါးငယ်သည် မိုးကြိုးထိမှန်မှုကြောင့် အရေပြားများ စုတ်ပြဲနေသော်လည်း ၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သော နဂါးသွေးကို နိုးထစေရန်အတွက် အသည်းအသန် အံကြိတ်ခံယူနေသည်ကို သိရှိနေပေသည်။
“ဟုတ်တယ်... ဒါပေမဲ့ ဒါက မျိုးစိတ်တစ်ခုချင်းစီရဲ့ မတူညီတဲ့ ရှင်သန်မှု စွမ်းရည်တွေပဲ၊ ငါတို့ လူသားတွေလည်း ခြွင်းချက်မရှိပါဘူး၊ ရှင်သန်နိုင်ဖို့အတွက် ရုန်းကန်နေရတဲ့ သာမန်လူတွေ အများကြီး ရှိပါသေးတယ်” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်၏။
ယန်ရုသည် နားလည်သကဲ့သို့ ခေါင်းညိတ်ပြရှာသည်။ သူမသည် အသက်လဆယ့်ရှစ်ဆယ့်ကိုးနှစ် အရွယ်မျှသာ ရှိသေးပြီး ငယ်စဉ်ကတည်းက စီဒန်ဟွာ၏ အကာအကွယ်အောက်တွင် ကြီးပြင်းလာခဲ့ရသူ ဖြစ်ပေသည်။
သူမ၏ မိခင် ကွယ်လွန်သွားခဲ့သည်ဆိုစေဦးတော့ မည်သည့် ဆင်းရဲဒုက္ခမျိုးကိုမျှ မကြုံတွေ့ခဲ့ဖူးချေ။
အတန်ကြာလျှင် ချင်ယွမ်ဖုန်းသည် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ချေသည်။
“အာဟိုင်... ဘာဖြစ်လို့လဲ” ယန်ရုက စိုးရိမ်တကြီး မေးမြန်းလိုက်၏။
ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းလျက် “ဘာမှမဟုတ်ပါဘူး၊ အဆိပ်နဂါး နှစ်ကောင် ငါတို့ဆီ ပျံသန်းလာနေတယ်၊ သူတို့ ကြည့်ရတာ စေတနာကောင်းနဲ့ လာတာတော့ မဟုတ်ပုံရဘူး” ဟု ဆိုသည်။
“အာ... ဘယ်လိုဖြစ်လို့လဲ၊ ငါတို့က သွားပြီးတော့လည်း မနှောင့်ယှက်ပါဘူး” ယန်ရုက ဝေခွဲမရစွာဖြင့် မေးရှာသည်။
“ငါလည်း မသိဘူး၊ သတိထားရုံပေ့ါ၊ လိုအပ်ရင် ငါတို့ လမ်းလွှဲသွားကြမယ်” ချင်ယွမ်ဖုန်းက သာမန်ကာလျှံကာပင် ဆိုလိုက်၏။
အဆိပ်နဂါး နှစ်ကောင်သည် ချင်ယွမ်ဖုန်းတို့ ရှိရာသို့ လျင်မြန်စွာ ရောက်ရှိလာကြပေသည်။
၎င်းတို့သည် မွေးရာပါ ထူးခြားသော အားသာချက်ကို ပိုင်ဆိုင်ထားကြပြီး မိုးကြိုးကန်၏ စုပ်ယူမှုကို ခံယူကာ စစ်မှန်သော နဂါးသွေးကို နိုးထစေနိုင်သရွေ့ ပျံသန်းနိုင်စွမ်း ရှိကြပေသည်။