← Chapters

မိစ္ဆာကလဲ့စား

Vol. 17 Ch. 170

မိစ္ဆာကလဲ့စား

Vol. 17 Ch. 170

မိုးနီရည်များလည်ချောင်းထဲသို့ စီးဆင်းသွားပြီးနောက် ဝမ်းဗိုက်ထဲသို့ အေးမြသောရေစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲဝင်ရောက်သွားခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် လီနန်ခယ့်သည် သူ၏ဝမ်းဗိုက်ထဲတွင် အလျှံတငြီးငြီး ပြင်းထန်လှသော မီးတောက်တစ်ခု ရူးသွပ်စွာ လောင်မြိုက်နေသကဲ့သို့ ခံစားလိုက်ရပြီး အတွင်းကလီစာများ၊ သွေးကြောများ၊ အရိုးများ၊ အသားစများနှင့် ဆဲလ်တစ်ခုချင်းစီကိုပါ ပြင်းထန်စွာ လောင်ကျွမ်းပူပြင်းစေလေတော့၏။

ရင်းနှီးနေသော မြင်ကွင်းနှစ်ထပ်များက သူ့အမြင်အာရုံတွင် ထင်ဟပ်လာသည်။

မူးမိုက်နေဆဲအချိန်တွင်ပင် သူ့မျက်လုံးအိမ်ထဲ သေးငယ်သောအမျှင်အကြောလေးများ တွားသွားဝင်ရောက်လာသည်အား ခံစားလိုက်ရ၏။

မျက်စိသူငယ်အိမ်များ ချက်ချင်းဆိုသလို အနီရောင်ပြောင်းကုန်သည်။

မျက်လုံးနှစ်လုံးမှာလည်း အသက်ကိုပြင်းစွာရှူရှိုက်နေသကဲ့သို့ ဖောင်းလိုက်ကျုံ့လိုက်ဖြစ်နေကာ အချိန်မရွေးပေါက်ကွဲထွက်တော့မလိုခံစားချက်အား ပေးစွမ်းနေ၏။

ထိုအချိန်တွင် လီနန်ခယ့် သူ၏အမြင်အာရုံများ အံ့ဖွယ်လင်းလက်ကြည်စင်လာသည်ကို ခံစားမိလိုက်၏။ သူ၏ ချက်အောက်ဆီးခုံနေရာတွင် ထူးခြားဆန်းပြားသောစွမ်းအင်လှိုင်းတစ်ခု ရစ်ခွေခိုအောင်းလာသည်ကို ခံစားလိုက်ရပြီး ထိုစွမ်းအင်အား ခန္ဓာကိုယ်၏မည်သည့်နေရာကိုမဆို ထိုးသွင်းနေရာချကာ အသုံးပြုနိုင်ပုံပင်။

သူ့ညီငယ်လေးဆီသို့ ယောက်ျားအားဆေးအဖြစ် ထိုးသွင်းအသုံးပြုလျှင်တောင် ရနိုင်မည်ဖြစ်သည်။

သို့သော် လီနန်ခယ့်၏အာရုံခံစားမှုအရ သူ့ခန္ဓာကိုယ်တွင် ပြောင်းလဲမှုပြုလုပ်နိုင်သောနေရာ သုံးခုရှိနေသည်။

မျက်လုံးတွင် X-rayကဲ့သို့ အရာအားလုံးကိုဖောက်ထွင်းမြင်နိုင်မည့် အမြင်အာရုံ။

လက်ကောက်ဝတ်ရှိ ထိုမြားလက်နက်ပုန်းမှသည် အချိန်ရပ်တန့်ခြင်းနာရီတစ်လက်အဖြစ်။

လက်မောင်းရှိ မိစ္ဆာတက်တူးကိုလည်း စွမ်းအားဖြည့်သွင်းနိုင်မည်။

X-ray အမြင်အာရုံကိုတော့ လီနန်ခယ့် အခုအချိန်မလိုအပ်သေး။ ဤယောက်ျားမဟုတ် မိန်းမမဟုတ်ကို ဖောက်ထွင်းမြင်ရလို့ရော ဘာအကျိုးရှိမည်နည်း။ ငါတို့ရဲ့ ချစ်စရာယုန်မလေးဆိုလည်း ဟုတ်သေး။

အချိန်ရပ်တန့်ဖို့မှာလည်း မလိုအပ်သေး။

ရပ်တန့်နေသောထိုလူကို ကြည့်ရုံသာကြည့်နိုင်ပြီး ဘာမှလုပ်နိုင်မည်မဟုတ်သလို ထွက်ပြေးလို့လည်း လွတ်မြောက်နိုင်မည်မဟုတ်။

ထို့ကြောင့် သူ၏လက်မောင်းပေါ်မှ မိစ္ဆာချန်ခဲ့သော ထိုတက်တူးသာ ကျန်ရှိတော့သည်။ ပြီးခဲ့သည့်အကြိမ်က ထိုအစွမ်းကို နှစ်ကြိမ်တိုင်တိုင်အသုံးပြုခဲ့ပြီးဖြစ်ရာ ယခုအခါတွင်မူ တက်တူးမှာ အလွန်ပင်မှေးမှိန်နေခဲ့ချေပြီ။

လီနန်ခယ့် ထပ်မံတွန့်ဆုတ်မနေတော့ဘဲ သူ၏အသိအာရုံကိုအသုံးပြုလျက် ရရှိလာသောစွမ်းအင်အားလုံးကို ထိုလက်မောင်းတက်တူးသို့သာ ပို့လွှတ်ထိုးသွင်းလိုက်လေတော့၏။

ပူလောင်စူးရှသော နာကျင်မှုတစ်ခုက တက်တူးဆီမှ လှိုင်းထလာခဲ့သည်။

တစ်စုံတစ်ဦးက ရဲရဲနီမီးကင်ထားသော တံဆိပ်တုံးဖြင့် သူ့လက်မောင်းကို အတင်းဖိကပ်ထားသည့်အလား ခံစားရပြီး အသားလောင်သည့်ညှော်နံ့ကိုပင် ခပ်ဖျော့ဖျော့ရလိုက်မိသည်။

ထို့နောက် သူ့လက်မောင်းဆီမှ ထိုးတက်လာသော အဆုံးမရှိစွမ်းအားလှိုင်းကို ခံစားမိလိုက်တော့၏။

လက်မောင်းကြွက်သားတစ်ခုလုံးသည်လည်း မြန်ဆန်စွာ ကြီးထွားကျယ်ပြန့်လာသည်။

ထိုအခိုက်အတန့်တွင် သူသည်‌ ကောင်းကင်ဘုံကို အုပ်စိုးစံမြန်းရတော့မည့် ဧကရာဇ်တစ်ပါးအလား၊ ကမ္ဘာမြေနှင့် စကြဝဠာကို ချုပ်ကိုင်ဖိနှိပ်တော့မည့် နတ်ဘုရားတစ်ပါးအလား။

လီနန်ခယ့်သည် ခါးတွင်ချိတ်ထားသောဓားရိုးအား တုန်ယင်နေသောလက်ဖြင့် တင်းနေအောင်ဆုပ်လိုက်သည်။ လှိုင်းထနေသော စွမ်းအားများကြောင့် သူ၏နှလုံးခုန်နှုန်းသည်ပင် မြန်ဆန်လာခဲ့ရပြီး လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိသော ခံ့ညားလှသည့် အရှိန်အဝါများမှာ အထွဋ်အထိပ်ဆီသို့ စုစည်းသွားခဲ့ရတော့သည်။

ဓားကိုဆွဲထုတ်လိုက်စမ်း လူငယ်လေးရေ။

"ရွှပ်"

အပြာရောင် ဓားအလင်းတန်းတစ်ခုက ဓားထုတ်သံနှင့်အတူ တဟုန်ထိုး ပေါက်ကွဲထွက်ပေါ်သွားခဲ့ပြီး အတားအဆီးမရှိထိုးတက်ကာ ကောင်းကင်ကိုခွဲထွက်၍ နေမင်းကို ထိုးဖောက်သွားခဲ့တော့သည်။

လီနန်ခယ့်အနားသို့ ကပ်နိုင်နေပြီဖြစ်သော မိန်းမလျာမိစ္ဆာမှာ တစ်ဖက်လူ ဓားသွားကိုဆွဲထုတ်လိုက်သည်နှင့် သူ့အပေါ်ပိကျလာသော ဖိအားနှင့်ခြိမ်းခြောက်မှုအား နက်ရှိုင်းစွာခံစားလိုက်ရကာ တစ်ကိုယ်လုံးရှိ ကြက်သီးမွေးညင်းများ တဖြန်းဖြန်းထောင်ထလာကြတော့သည်။

"ဘာတွေဖြစ်ကုန်တာလဲ"

မိစ္ဆာ၏မျက်လုံးများမှာ ကြေးခေါင်းလောင်းကြီးများအလား ပြူးကျယ်သွားခဲ့ပြီး မျက်နှာတစ်ခုလုံး မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ယခုမှတော့ ရှောင်တိမ်းဖို့က နောက်ကောက်ကျသွားခဲ့လေပြီ။ အသက်ဘေးကိုကာကွယ်ရမည့် အခြေအနေတွင် သူ၏ စစ်မှန်သောကာကွယ်ရေးချီကို လျှင်မြန်စွာ အသက်သွင်းလိုက်ရတော့၏။

သို့သော် ထိုဓားထုတ်လွှဲလိုက်သည့် ခုတ်ချက်တစ်ခု၏အင်အားမှာ သာမန်မဟုတ်ခဲ့ပေ။

မိစ္ဆာကောင်၏ ထိတ်လန့်ကြောက်ရွံ့ခြင်းများကိန်းအောင်းနေသော မျက်လုံးနှစ်လုံးထက်တွင် ပိုးဖဲကြိုးကြီးတစ်ခုလို ထူထဲစွာလွင့်ပျံလာသည့် ဓားအလင်းတန်းကြီးက အနှေးပြကွက်တစ်ခုလို တိုးကပ်လာခဲ့သည်။ သူထုတ်ထားသော ကာကွယ်ရေးချီကို တို့ဖူးတုံးအား ဓားထက်ထက်ဖြင့်လှီးဖြတ်သည့်အလား တိခနဲခုတ်ဖြတ်လိုက်တော့၏။

"ကယ်ကြ—"

မိစ္ဆာ၏ အားကိုးရာမဲ့ အသည်းအသန်အော်ဟစ်လိုက်သော အော်သံစူးစူးအလယ်တွင် သူ့ခန္ဓာကိုယ်မှာ တည့်တည့်ကြီး နှစ်ခြမ်းခွဲခံလိုက်ရလေသည်။

နောက်ဆုံးသောအော်သံကိုပင် ဆုံးအောင်မပြုလိုက်နိုင်ခဲ့။

သူ့အနောက်မှ သစ်ပင်အချို့လည်း သူနှင့်အတူ ကျိုးပဲ့လဲကျကုန်ကြပြီး မြင်ကွင်းတစ်ခုလုံးမှာ ပျက်စီးယိုယွင်းမှုများသာ။

အရာအားလုံး တိတ်ကျသွားခဲ့သည်။

ဘုန်း

လီနန်ခယ့် အသက်ကိုပြင်းစွာရှူသွင်းရင်း မြေပြင်ပေါ် လဲကျသွားခဲ့ရသည်။

ခါးအောက်ပိုင်းတွင် ဝဲလည်လှည့်နေသော မိုးနီစွမ်းအင်မှာ ပျောက်ကွယ်သွားပြီဖြစ်သလို လက်မောင်းထက်မှ မိစ္ဆာတက်တူးလည်း အရိပ်အယောင်ပင်မကျန်အောင် ပျောက်ကွယ်သွားခဲ့လေပြီ။ ထိုအချိန်တွင် တစ်ကိုယ်လုံး အားအင်ပြတ်လပ်ကုန်ခမ်းကာ လက်ချောင်းလေးတစ်ချောင်းပင် မမနိုင်တော့လောက်အောင် ဖြစ်နေရသည်။

ချီလင်လက်မောင်းသိုင်းကို တစ်ညတည်းနှင့် ရှစ်ဆယ့်ရှစ်ကြိမ် လေ့ကျင့်အားထုတ်လိုက်ရသည့်အလား။

သူ့မှာ လုံးလုံးလျားလျား မောပန်းနွမ်းနယ်သွားခဲ့ရသည်။

မြေပြင်ပေါ်တွင် ထိုအတိုင်း အချိန်အတော်ကြာလှဲလျောင်းနေရင်း ပြန်ထဖို့ကို အားစုနေရသည်။

ထို့နောက် အယိုင်ယိုင်အနဲ့နဲ့ မတ်တပ်ထရပ်လိုက်သည်။ အဆစ်လွဲနေသောလက်မောင်းတစ်ဖက် ရှိသေးသော်လည်း မခံမရပ်နိုင်အောင် နာကျင်ခြင်းမရှိ။

သူသည် ဓားကိုကိုင်ဆောင်လျက် မြေပြင်ပေါ်တွင် နှစ်ခြမ်းကွဲနေသောအလောင်းကို ကြည့်ရင်း အနည်းငယ် ရီဝေဝေဖြစ်နေခဲ့သည်။

ဒါကတကယ်ပဲ သူ့လက်ရာအလောင်းလေးပေါ့။

မိန်းမောတွေဝေနေစဉ်မှာပင် ခုနက တစ်ဖက်လူ၏ မာနထောင်လွှားပြီး ယှဥ်ဘက်ပင်မရှိတော့မည့်အလား ဝင့်ကြွားကြွားအမူအရာများကို ပြေးမြင်လိုက်မိသည်။ လီနန်ခယ့်သည် ရုတ်တရက် ခပ်တိုးတိုး ရယ်မောလိုက်မိပြီးနောက် မနေနိုင်စွာ အားရပါးရ ထပ်မံရယ်မောလိုက်ရာ အသက်ရှူကျပ်တော့မတတ်ပင် ဖြစ်သွားရသည်။

"ငါကသာ ပြိုင်ဘက်ကင်းပဲ"

လီနန်ခယ့် အားရပါးရအော်ဟစ်ပြီး ခေါင်းကိုနောက်သို့မော့လှန်ကာ ခံစားချက်များကို ဖွင့်ထုတ်လိုက်သည်။

သူသည် အောင်ပွဲခံသည့်အလား ဓားကို အကြိမ်အနည်းငယ် ဝှေ့ယမ်းလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ပြန်လည်တည်ငြိမ်သွားခဲ့သည်။

ထို့နောက် မြေပြင်တွင်ကပ်နေ‌သောအုတ်ခဲကို ပြန်လည်ကောက်ယူကာ ခဏလောက်စဥ်းစားပြီး သေနတ်ကိုထုတ်၍ လဲကျနေသော နှစ်ခြမ်းကွဲအလောင်းအား အကြိမ်ပေါင်းများစွာပတ်ခတ်လိုက်သည်။ အလောင်းမှာ ရစရာမရှိတော့လောက်အောင် ပျက်စီးကြေမွသွားလေပြီ။

ဤသည်မှာ အစ်မကြီးနျဲ့ယင်းထံမှ သူလေ့လာသင်ယူလာသော နည်းလမ်းတစ်ခုပင်။

ပြိုင်ဘက်က ဘယ်လိုပဲအသက်မရှိတော့ဟန်ပေါ်နေပါစေ စိတ်ချရအောင် တစ်ခေါက်ထပ်မံအတည်ပြုသင့်သည်။

အပြီးသတ်ရှင်းလင်းပြီးနောက် လီနန်ခယ့်သည် သူ့ပစ္စည်းများကို ပြန်လည်သိမ်းဆည်းထုပ်ပိုးရင်း ထိုမိန်းမလျာမိစ္ဆာကောင်ဆီမှလည်း ဘာပစ္စည်းရနိုင်ဦးမည်နည်းဟု ကြည့်ချင်စိတ်ပေါက်လာသည်။

သို့သော် အချိန်အတော်ကြာ မွှေနှောက်ရှာဖွေအပြီး ချက်လက်မှတ်အချို့၊ ဘယ်နေရာတွင် ဘယ်လိုသုံးရမှန်းမသိသော အဆောင်စာရွက်အချို့၊ အပ်နှင့်အပ်ချည်အချို့၊ ထို့နောက် "နေကြာပန်းသိုင်းကျမ်း" ဟုအမည်ရသော ကျင့်ကြံရေးလမ်းညွှန်စာအုပ်တစ်အုပ်မှလွဲ တခြား စိတ်ဝင်စားစရာ မှော်ရတနာလက်နက်မျိုး ရှာမတွေ့ခဲ့ပါချေ။

"သယ်လာတဲ့ပစ္စည်းတွေက ကျင့်စဉ်အဆင့်အတန်းနဲ့ လုံးဝမကိုက်ညီဘူး၊ အမှိုက်သရိုက်တွေချည်းပဲ။ ထွီ"

လီနန်ခယ့် ပယ်ပယ်နယ်နယ် တံတွေးထွေးချလိုက်သည်။

ထွက်ခွာတော့မည့်အချိန်တွင်မှ လီနန်ခယ့်သည် အကောင်းအတိုင်းမကျန်တော့ရှာသော ထိုမိစ္ဆာ၏ ညာဘက်လက်မှ လက်စွပ်တစ်ကွင်းအား သတိပြုမိလိုက်၏။

လက်စွပ်မှာ တစ်ခုလုံးနက်စွေးနေပြီး သာမန်ကာလျှံကာဖြစ်ကာ ထိုအထဲတွင်ပုန်းအောင်းနေသော ပညာရှင်ဆရာကြီး ဘာညာလည်းမရှိ။

လမ်းဘေးဈေးသည်ဆီမှ နှစ်ဒေါ်လာတန်လက်စွပ်အတုနှင့် ဘာမှမခြား။

သို့သော် မည်သည့်အရာကိုမျှမဖြုန်းတီးရ ဟူသော သူ့စည်းမျဥ်းအရ လီနန်ခယ့်သည် ထိုလက်စွပ်အစုတ်ကိုပင် ရင်ဘတ်ထဲသို့ ထိုးထည့်ယူဆောင်လာခဲ့၏။

အလောင်းကိုတော့ ထပ်လှည့်ကြည့်ချင်စိတ်ပင်မရှိတော့။

ထားလိုက်ပါတော့ သူ့ဟာသူ...

လီနန်ခယ့် ထွက်ခွာသွားပြီး မကြာမီပင် ဆံပင်ကျစ်ဆံမြီးနှစ်ဖက်နှင့် တာအိုကျောင်းတော်သား ကလေးငယ်နှစ်ဦးမှာ တောအုပ်ထဲသို့ ဟောဟဲလိုက်လျက် ပြေးဝင်လာခဲ့ကြသည်။

မြေပြင်ပေါ်တွင် နှစ်ခြမ်းကွဲနေသော ရုပ်ပျက်ဆင်းပျက်အလောင်းကို မြင်တွေ့လိုက်ရသောအခါ သူတို့၏မျက်နှာများမှာ ဖြူဖျော့သွားခဲ့ရတော့၏။

သို့သော် ထိုနှစ်ဦးမှာ အလောင်းကို သိပ်အာရုံမစိုက်ဘဲ သူတို့၏လက်ထဲမှ စည်ငယ်လေးများကို လှုပ်ခါလျက် တစ်စုံတစ်ခုကို အသံပြုရှာဖွေနေသည့်အလား ပြုလုပ်နေခဲ့ကြသည်။ မကြာမီပင် ကလေးငယ်တစ်ယောက် မျက်နှာဝင်းပသွားခဲ့ပြီး ကျိုးပဲ့နေသောသစ်ပင်များ ဖုံးလွှမ်းနေသည့် မြေပြင်တစ်နေရာကို ညွှန်ပြကာ သူ့အဖော်ကိုပြောလိုက်သည်။

"ဆရာတူအစ်ကို ဒီမှာပဲ"

ထိုနှစ်ဦးမှာ အလျင်အမြန်ပင် ဂေါ်ပြားအသေးလေးများကိုထုတ်ယူလျက် အတူတကွ တူးဆွလိုက်ကြသည်။

တူးရင်းတူးရင်း ကြီးမားလှသော ပိုးအိမ်ကြီးတစ်ခုကို တူးထုတ်မိသွားခဲ့ကြတော့သည်။

ထိုကလေးငယ်နှစ်ဦးက ပိုးအိမ်ကို ခွာဖွင့်လိုက်ရာ အထဲတွင် အလွန်နူးညံ့ချောမွေ့သော အသားအရေရှိသည့် ဝတ်လစ်စလစ် အမျိုးသားတစ်ဦး ရှိနေခဲ့သည်။ သူ၏မျက်နှာသွင်ပြင်အရ ကြည့်မည်ဆိုပါက သေဆုံးသွားပြီဖြစ်သော မိန်းမလျာမိစ္ဆာကောင်နှင့် အလွန်ဆင်တူလှပေသည်။

သို့သော် ထိုမိစ္ဆာကောင်လို့ ရင့်ထော်နံစော်မနေဘဲ ငယ်ရွယ်နုပျိုနေခဲ့သည်။

ကလေးငယ်တစ်ဦးက ဆေးနီလုံးတစ်လုံးကို ထုတ်ယူလျက် ထိုအမျိုးသား၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

ခဏကြာပြီးနောက် ထိုအမျိုးသား၏ ဦးခေါင်းထက်မှ အဖြူရောင်မီးခိုးငွေ့ပါးလေးများ ထွက်ပေါ်လာခဲ့၏။

ထိုမီးခိုးငွေ့ပါးလေးများမှာ ကောင်းကင်ဆီသို့ လိပ်တက်သွားခဲ့ပြီး ထိုသူ၏ဦးခေါင်းတွင် အမွှေးတိုင်တစ်ခု စိုက်ထားသည့်အလား မျဉ်းဖြောင့်အတိုင်း မြင့်တက်သွားခဲ့သည်။

အဖြူရောင်မီးခိုးငွေ့များ ဖြည်းဖြည်းချင်း လွင့်တက်ပျယ်ပျက်သွားချိန်တွင် ထိုအမျိုးသားသည် သူ၏မျက်လုံးများကို ဖြည်းညင်းစွာဖွင့်ဟလာ၏။ သူ၏မျက်စိသူငယ်အိမ်များထဲ နီမြန်းသော အလင်းတန်းဖျော့ဖျော့ကို မြင်ရနိုင်ပြီး ယင်နှင့်ယန်စွမ်းအင်တို့မှာလည်း ဆန်းပြားစွာ ကူးလူးယှက်ခတ်လျက် ရှိနေကြသည်။

"ဆရာသခင်။"

"ဆရာသခင်။"

ထိုကျောင်းသားကလေးငယ်နှစ်ဦးမှာ ဒူးထောက်လျက် အရိုအသေပြုလိုက်ကြသည်။

မိစ္ဆာကောင်က ထရပ်လိုက်ပြီး ကမ်းလှမ်းလာသောဝတ်ရုံကို ယူလျက် ခြုံလွှမ်းလိုက်ကာ မြေပြင်ပေါ်ရှိ ရုပ်ပျက်ဆင်းပျက်အလောင်းကို စိုက်ကြည့်ရင်း ရက်စက်စွာကြိမ်းဝါးလိုက်သည်။

"ငါသာ ရွှေပိုးကောင်အရေခွံလဲခြင်း လျှို့ဝှက်သိုင်းကွက်ကို အသုံးမပြုခဲ့ရင် ဒီနေ့တင်ပဲ အဲ့ကောင်စုတ်လက်ထဲ အသက်ဆုံးသွားရမှာပဲ"

ထို ပျော့စိပျော့ဖတ်လီနန်ခယ့်တွင် နောက်ဆုံးသောလက်နက်အဖြစ် ထုတ်သုံးဖို့ရန် ဤကဲ့သို့သော လျှို့ဝှက်သိုင်းကွက်မျိုးရှိနေလိမ့်မည်ဟု သူလုံးဝထင်မှတ်မထားခဲ့ချေ။

"ဆရာသခင်၊ ဆရာ့ရဲ့ကျင့်စဉ်တွေ အများကြီးပျက်စီးသွားခဲ့ပါပြီ။ ကျောင်းတော်ကို အရင်ပြန်တာ ပိုမကောင်းဘူးလားခင်ဗျာ။ ဆရာ့ခွန်အားတွေ ပြန်အားပြည့်ကောင်းမွန်လာပြီးမှ ကလဲ့စားချေရင်လည်း မနောက်ကျပါဘူး။"

ကျောင်းသားကလေးတစ်ဦးက တိုးညင်းသော လေသံဖြင့် အကြံပြုလိုက်သည်။

"ပြန်ရမှာလား၊ ငါ့ဖင်ကိုပြန်လိုက်။"

ထိုမိန်းမလျာမိစ္ဆာကောင်က လက်သီးကို တင်းကျပ်စွာဆုပ်လိုက်သည်။

"အဲဒီကောင်စုတ်ကလည်း ငါ့ကိုအနိုင်ယူဖို့ လျှို့ဝှက်သိုင်းကွက်သုံးခဲ့တာပဲ။ သူအခုအချိန်မှာ အားပြတ်နေဦးမှာသေချာတယ်၊ ဒီအချိန်က သူ့ကိုသတ်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ။ ငါကဘာဖြစ်လို့ ဒီအတိုင်း လှည့်ပြန်ရမှာလဲ။"

"နောက်ပြီးအဲ့လူက ငါ့ယင်ယန်လက်စွပ်ကို ယူသွားလိုက်သေးတယ်။ အဲဒီအရာမရှိရင် ငါ့ရဲ့ ခွန်အားတွေကို ဘယ်လိုလုပ်ပြီး ပြန်လည်ဖြည့်တင်းနိုင်မှာလဲ။"

"ယောက်ျားတစ်အုပ်လောက်ရှာပြီး ပြန်ဖြည့်ရုံနဲ့ ပြန်ကောင်းလာမဲ့ဒဏ်ရာမျိုးမဟုတ်နေဘူး"

ဆရာသခင်မှာ ဒေါသထွက်လွန်း၍ ရူးသွပ်နေဟန်ပေါက်သောကြောင့် ကျောင်းသားကလေးငယ်မှာလည်း ဆက်လက်မဖျောင်းဖျရဲတော့ဘဲ ခေါင်းကိုသာငုံ့လျက် တိတ်ဆိတ်သွားခဲ့တော့သည်။

အခြားကျောင်းသားလေးတစ်ဦးကတော့ ခေတ္တမျှတုံ့ဆိုင်းနေခဲ့ပြီးမှ ခပ်တိုးတိုးဆိုလိုက်သည်။

"တပည့်ကြားသိရတာတော့ လီနန်ခယ့်မှာ ဇနီးတစ်ယောက်လည်း ရှိသေးတယ်ခင်ဗျာ။"

"ဇနီးလား။ သူက ဘာလုပ်တာလဲ။"

"သမားတော်တစ်ယောက်ဖြစ်ပုံရပါတယ်။"

"ဟီးဟီးဟီးဟီး..."

မိစ္ဆာကောင်က လှောင်ရယ်သံအား ထုတ်လွှတ်လေသည်။

"ကောင်းတယ်၊ ကောင်းတယ်၊ ဒါဆိုရင်တော့ လင်မယားနှစ်ယောက်လုံးကို အတူတူသတ်ပစ်ရမယ်၊ ဒါမှ ငရဲဆီသွားတဲ့လမ်းပေါ်မှာ တစ်ယောက်တည်းအထီးမကျန်တော့မှာပေါ့။"

"ဆရာသခင်၊ ကျွန်တော်ကတော့ အရင်ဆုံး ခန္ဓာကိုယ်ကို ပြန်လည်ပြုစုပျိုးထောင်တာ ပိုကောင်းမယ်လို့ထင်ဆဲပါပဲ။"

"မင်းက ဘာကိုကြောက်နေတာလဲ။ သူ့ဇနီးက အဲ့ကောင်ထက်ပိုပြီး စွမ်းအားကြီးနေလို့လား"

မိစ္ဆာကောင်၏မျက်နှာမှာ အငြှိုးဖြင့် ရှုံ့မဲ့တွန့်လိမ်သွားခဲ့ပြီး ကြိမ်းဝါးလိုက်သည်။

"ငါကိုယ်တိုင် သူ့ကို အသေသတ်ပစ်မယ်။ အဲဒီ လင်မယားနှစ်ယောက်လုံးကို အားခွင်းရဲ့ သေဖော်သေဖက်အဖြစ် လိုက်ပါသွားစေရမယ်"

...

All Chapters