အချိန်လှည့်ကွက်
Vol. 17 Ch. 161
"တခြားလူတစ်ယောက် ဟုတ်လား"
ထိုစကားကြောင့် လီနန်ခယ့် မျက်မှောင်ကြုတ်သွားခဲ့ရသည်။
အရိပ်စောင့်တပ်ဖွဲ့ထက်ပင် ပိုမိုလျှို့ဝှက်ဆန်းကြယ်သော အခြား ဧကရာဇ်ပိုင် အဖွဲ့အစည်းတစ်ခုများထပ်ရှိနေသေးတာလား။
"ဒါ့အပြင် မင်းသမီးရှန်းယွမ်ရဲ့ရုပ်အလောင်း ပျောက်ဆုံးသွားတုန်းက မင်းသမီးကြီးကိုယ်တိုင်ရှိနေခဲ့တာမလို့ ကျွန်မတစ်ယောက်တည်း တာဝန်ယူရမဲ့ကိစ္စမဟုတ်တော့ဘူး။ နောက်လူရှာဖို့ကိစ္စကတော့ သူတို့အလုပ်ပဲ။"
နျဲ့ယင်း၏ နှုတ်ခမ်းအစုံက အနည်းငယ်ကွေးညွတ်သွားခဲ့သည်။
"ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက်ကူညီပေးခဲ့တာအတွက် သိပ်ကျေးဇူးတင်ပါတယ်။ နောက်ပိုင်း ရှင်အကူအညီလိုတာရှိရင် ကျွန်မကိုသာလာရှာလိုက်ပါ။ တုန့်ဝမ်ခွင်းမရှိတော့တာကြောင့် ကျွန်မလည်း နောက်ပိုင်းရာထူးတက်ဖို့ ပိုလွယ်ကူလိမ့်မယ်ထင်တယ်"
"တကယ်လို့ တစ်နေ့နေ့မှာ ရှင်မြို့တော်ကိုရောက်ဖြစ်ခဲ့ရင် ကျွန်မပိုပြီး အနီးကပ်ကူညီပေးနိုင်လိမ့်မယ်။ ဒါပေမဲ့ အနာဂတ်ကိစ္စတွေကိုတော့ အနာဂတ်ကျမှပဲ အေးဆေးပြောကြတာပေါ့။"
"ဒါဆိုရင် တပ်မှူးနျဲ့ရဲ့ ရာထူးတိုးမြင့်မှုအတွက် ကြိုတင်ပြီ ဂုဏ်ပြုပါတယ်ခင်ဗျာ။"
လီနန်ခယ့် လက်နှစ်ဖက်ကိုယှက်လျက် အပြုံးဖြင့်ဆိုလိုက်သည်။
မူလက ထိုအမျိုးသမီးကို အကျိုးအမြတ်အတွက် အသုံးချပြီးလျှင် စွန့်ပစ်သွားမည့်လူစားမျိုးဟု ထင်မှတ်ထားခဲ့သော်လည်း သူမက အတော်လေးသစ္စာရှိသည်ကို သိလိုက်ရသည်ပင်။
ဤသို့ဖြင့် နောက်ပိုင်းအားကိုးရမည့် ကျောထောက်နောက်ခံတစ်ယောက်တော့ အသင့်ရှိလာခဲ့ပြီဖြစ်သည်။
ဒီတစ်ခေါက်ကူညီမှုကတော့ အတော်လေးတန်ဖိုးရှိလှသည်ပင်။
"ဒါက ရှင့်အတွက် လက်ဆောင်အသေးစားလေးပါ။"
နျဲ့ယင်းက ရုတ်တရက် အရာဝတ္ထုတစ်ခုကို လှမ်းပစ်ပေးလိုက်သည်။
လီနန်ခယ့် အလျင်အမြန် ဖမ်းယူလိုက်၏။
သေသေချာချာ ကြည့်လိုက်သောအခါ ထိုအရာမှာ လက်ကောက်ဝတ်တွင် ရစ်ပတ်ဝတ်ဆင်နိုင်သော သားရေဖြင့်ပြုလုပ်ထားသည့် အနုစိတ်ကျလှသော လက်နက်ပုန်းတစ်ခုဖြစ်ပြီး နွားအမွေးကဲ့သို့ သေးငယ်လှသော ငွေအပ်ငယလေးများ အမြောက်အမြားပါဝင်ကာ အဆုံးသတ်တွင် သတ္တုကွင်းတစ်ခုပါရှိသည်။
ထိုကွင်းကို တစ်ချက်ဆွဲလိုက်ရုံဖြင့် ငွေအပ်တစ်သုတ် ပစ်လွှတ်နိုင်မည့်ပုံပင်။
"ရှင့်ရဲ့ ဓားသိုင်းက အဆင့်တက်လာတယ်ဆိုပေမဲ့ မဆိုးလှရုံပြရှိသေးတယ်။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ လက်နက်တွေပိုဆောင်ထားတာ မမှားပါဘူး"
နျဲ့ယင်းက တည်ငြိမ်စွာဆိုသည်။
"အဲ့ဒါက ကျွန်မ အမှုတစ်ခုကိုစုံစမ်းတုန်းက မတော်တဆရခဲ့တဲ့ လက်နက်ပုန်းတစ်ခုပဲ။ အရင်ကတော့ ကျွန်မ မကြာမကြာဝတ်လေ့ရှိတယ်။ သရဲတောင်ကုန်းကနေ သွန်းလုပ်ခဲ့တဲ့ သဘာဝလွန်လက်နက်တစ်ခုလို့ ပြောကြပေမဲ့ အချိန်ကြာသွားလို့လားမသိ၊ စိတ်ဝိညာဉ်စွမ်းအားတွေ ဆုံးရှုံးသွားခဲ့ပြီ။"
"အခုတော့ သာမန်လက်နက်ပုန်းတစ်ခုအဖြစ်ပဲ ကျန်ခဲ့ပေမဲ့ ရှင့်ထက် ဓားသိုင်းပိုကျွမ်းကျင်တဲ့ရန်သူနဲ့တွေ့ရင် ဒါကိုသုံးပြီး ထွက်ပြေးလို့ရနိုင်ပါသေးတယ်"
ဒါက ဒဏ္ဍာရီလာ မုန်တိုင်းအပ် များလား။
လီနန်ခယ့် တွေးတောရင်း ထိုလက်နက်ပုန်းကို လက်ကောက်ဝတ်တွင် ဝတ်ဆင်လိုက်သည်။ သူ လက်ကို အကြိမ်အနည်းငယ် လှုပ်ရှားကြည့်လိုက်ရာ လေးလံခြင်း မသက်မသာဖြစ်ခြင်း တစ်စုံတစ်ရာမရှိသည်ကို အံ့သြဖွယ်တွေ့လိုက်ရ၏။
လက်နက်ပစ်လွှတ်ရတာလည်း အလွန်လွယ်ကူပေသည်။
"ကျေးဇူးတင်ပါတယ် တပ်မှူးနျဲ့။"
လီနန်ခယ့် ပြုံးလိုက်မိသည်။ မည်သို့ပင် သာမန်လက်နက်ဆိုစေ မိမိအသက်ကိုကာကွယ်ထုပ်ပိုးပေးမည့် အရာတစ်ခုခုရှိထားခြင်းကား လွန်သည်ဟူ၍မရှိ။
"ကောင်းပါပြီ၊ ဒါဆိုရင် ကျွန်မသွားတော့မယ်။"
နျဲ့ယင်း နောက်သို့လှည့်ကာ ထွက်ခွာသွားခဲ့သည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူမ ရုတ်တရက်ရပ်တန့်သွားခဲ့ပြီး လီနန်ခယ့်ထံသို့ ပြန်လည် လျှောက်လှမ်းလာကာ သွယ်လျသော လက်ညှိုးလေးဖြင့် သူ၏ရင်ဘတ်ကိုထောက်လျက် ဆိုလာခဲ့၏။
"လီနန်ခယ့်၊ ရှင်ရဲ့ အကြီးမားဆုံးပြဿနာက ဘာလဲဆိုတာ ရှင်သိလား။"
အမျိုးသားက ဇဝေဇဝါရုပ်ဖြင့် သူမကို အူကြောင်ကြောင်ပြန်ငေးနေခဲ့သည်။
နျဲ့ယင်းက လေးနက်စွာပြောလာသည်။
"ရှင်က လူမှုဆက်ဆံရေးမှာ တော်တော်လေးတတ်သိနားလည်ပေမဲ့ အမှုတွေကို စုံစမ်းစစ်ဆေးတဲ့အခါကျရင်တော့ ရှင့်စိတ်ထဲမှာ ပြင်းထန်တဲ့ခံစားချက်တစ်ခု အလိုအလျောက်ရှိနေသလိုမျိုး အလွန်အကျွံ စိတ်ဝင်စားသွားတာမျိုး၊ စိတ်လှုပ်ရှားသွားတာမျိုး ဖြစ်သွားတတ်တယ်"
"ဒီအမှုမှာ ကျွန်မရှင့်ကို လာမရှာခဲ့ရင်တောင် ရှင်ကတော့ တစ်နေရာရာကနေ ဒီအမှုကို ဆက်ပြီးပါဝင်စုံစမ်းနေဦးမှာပဲလို့ ကျွန်မထင်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မရှင့်ကို တစ်ခုသတိပေးချင်တာက ရှင်ဘာတွေကိုဘယ်လောက်စိတ်ဝင်စားနေနေ ကျွန်မအတွက် အကူအညီရနေသရွေ့ ဂရုမစိုက်ခဲ့ဘူး၊ ရှင့်ရဲ့ အထက်လူကြီး လိန်ရှင်းနန်လည်း ဂရုစိုက်နေမှာမဟုတ်ဘူး၊။ ဒါပေမဲ့ တခြားအထက်အရာရှိတွေကတော့ ငယ်သားတစ်ယောက်က သူတို့ကိုနေရာလုချင်သလို လုပ်ပိုင်ခွင့်လုချင်သလို လုပ်လာရင် အလွန်သတိထားဆက်ဆံတတ်ကြတယ်။"
"နောက်ပိုင်း အမှုလိုက်ရတဲ့အခါ အနားမှာ ရှင့်အကြောင်းမသိတဲ့ အထက်အရာရှိတွေရှိနေရင် ရှင့်အနေနဲ့ ရာထူးတာဝန်နဲ့ပက်သက်တဲ့အခန်းကဏ္ဍကိုပဲ ကျေပွန်အောင်လုပ်ဖို့ ကျွန်မသတိပေးချင်တယ်။ ဟုတ်ပြီလား"
နျဲ့ယင်း၏ စကားများက နားဝင်မချိုလှသော်လည်း စိတ်ရင်းစေတနာဖြင့် သတိပေးနေခြင်းဖြစ်ကြောင်း လီနန်ခယ့် ခံစားမိပေသည်။
တုန်းချီခရိုင်က ခရိုင်အသေးစားလေးတစ်ခုမျှသာ ဖြစ်၏။
တကယ်လို့ သူသာ ပိုမိုကြီးမားသော တိုက်ပွဲစင်မြင့်ထက်သို့ တက်လှမ်းမည်ဆိုပါက စည်းမျဥ်းစည်းကမ်းများနှင့် လူမှုရေး ထုံးတမ်းစဉ်လာများကို ပိုမိုနားလည်ထားရန် လိုအပ်ပေလိမ့်မည်။
"ကျွန်တော် နားလည်ပါပြီ။"
လီနန်ခယ့် ခေါင်းညိတ်နာခံလိုက်၏။
နျဲ့ယင်း၏ နှုတ်ခမ်းနီနီလေးများက အနည်းငယ်တင်းစေ့သွားခဲ့ပြီး စကားဆက်လာခဲ့သည်။
"ပြီးတော့ ကိုယ်ဝင်မပါသင့်တဲ့နေရာဆိုရင် ငြင်းပယ်တတ်ဖို့လည်း သင်ယူထားဦး။ ရှင့်ရဲ့ ပါးနပ်စွမ်းရည်တွေနဲ့ဆိုရင် နောက်ပိုင်း အမြင်ရှိတဲ့လူတွေက ရှင့်ကို အကူအညီပေးဖို့ မက်လုံးပေးဆွဲဆောင်လာတတ်ကြလိမ့်မယ်။ တစ်ခုသိထားရမှာက ဝင်ပါတဲ့နေရာများလာလေလေ အောက်ဘက်က ရှင့်ကိုဆွဲချမဲ့ရွှံ့ညွန်က ပိုပြီးနက်ရှိုင်းလာလေလေပဲ"
"တချို့အမှုတွေကို ရှင်ဘယ်လောက်ပဲစိတ်ဝင်စားနေပါစေ စိတ်ထဲထင့်ရင် သွားမပတ်သက်မိစေနဲ့၊ စပ်စုလိုစိတ်ရဲ့ နောက်ကွယ်မှာ ဘယ်လိုထောင်ချောက်တွေစောင့်ကြိုနေမလဲဆိုတာ ရှင်ဘယ်တော့မှသိနိုင်မှာ မဟုတ်လို့ပဲ၊ နားလည်လား။"
"အွန်းပါ"
မိမိရှေ့တွင် အမြဲတမ်း အေးစက်တင်းမာသော အရှိန်အဝါကို ထုတ်လွှတ်နေတတ်သော ထိုအမျိုးသမီးကိုကြည့်ရင်း လီနန်ခယ့်၏နှလုံးသားထဲတွင် ဆန်းကြယ်သောနွေးထွေးမှုတစ်ခု လှိုက်ခနဲ စီးဆင်းသွားခဲ့ရသည်။
ယခုအချိန်တွင်တော့ နျဲ့ယင်းသည် မျိုးဆက်သစ်လူငယ်တစ်ဦးကို လမ်းညွှန်ပြသပေးနေသော လက်ဦးဆရာကောင်းတစ်ပါးနှင့် တူလှပေသည်။
လေသံကတင်းမာပြီး စကားလုံးများကပြတ်သားသော်လည်း နှလုံးသားကတော့ အေးစက်မနေခဲ့ပါချေ။
"ရှင့်ရဲ့ အထက်လူကြီး လိန်ရှင်းနန်ကတော့..."
နျဲ့ယင်း၏ အမူအရာတွင် စိတ်ရှုပ်ထွေးမှုအချို့ ပေါ်လာခဲ့သည်။
"သူ့မိဘနှစ်ပါးလုံး မိုးနီနဲ့ပက်သက်တဲ့ဖြစ်ရပ်တွေနဲ့ သေဆုံးသွားခဲ့ကြတာ၊ ဒါကြောင့် သူက မိုးနီကိုအလွန်နာကျည်းမုန်းတီးတဲ့ထဲပါတယ်။ ရှင်နောက်ပိုင်း သတိကြီးကြီးထားရမယ်"
"မိန်းကလေးက လွှတ်ခေါင်းမာပြီး ပုံသေကားကျတွေးတတ်တဲ့ လူစားမျိုးတော့ မဟုတ်ပါဘူး။ လူ့အသက်ကယ်တင်ဖို့နဲ့ ပတ်သက်နေသရွေ့ တချို့ကိစ္စလေးတွေ ချွင်းချက်ထားပြီး မသိချင်ယောင်ဆောင်ပေးတာမျိုးလေး ရှိတတ်တယ်"
"နောက်ပြီး ရှင် သူ့အစ်ကိုကြီးနဲ့ ပေါင်းလို့ရရင်ပေါင်းကြည့်ထား"
"သူကရှင့်ကို ဘာလုပ်သင့်မလုပ်သင့် လမ်းပြပေးနိုင်မဲ့ အတွေ့အကြုံရှိ ဆရာသမားကောင်းတစ်ဦးပဲ။ ကံကောင်းလို့ ရှင့်ကိုသဘောကျသွားရင် သူ့ညီမနဲ့တောင် ကိုယ်တိုင်လက်ထပ်ပေးနေဦးမယ်"
"အဟွတ် အဟွတ်..."
လီနန်ခယ့် အသည်းအသန် ချောင်းဆိုးလိုက်မိပြီးနောက် အလေးအနက်ပြောလိုက်သည်။
"ကျွန်တော်က ကိုယ့်အထက်လူကြီးအပေါ်ကို အဲ့ဒီလိုအတွေးမျိုး တွေးတတ်တဲ့လူစား မဟုတ်ပါဘူး။"
"ရှင်ပြောတာကို ရှင်ကိုယ်တိုင်ကော ယုံရဲ့လား။"
နျဲ့ယင်းက နှုတ်ခမ်းလေးကို ဟန်ပါပါမဲ့လိုက်ပြီး ဆက်ပြောမနေတော့ဘဲ ချာခနဲသာလှည့်ထွက်သွားတော့၏။
တစ်ချိုးတည်းထွက်ခွာသွားသော ထိုအမျိုးသမီးကိုကြည့်ရင်း လီနန်ခယ့် တိုးတိုးလေးရေရွတ်လိုက်မိသည်။
"ကျွန်တော်က မဟုတ်တဲ့အတွေးမရှိပေမဲ့ အထက်လူကြီးကတော့ ကျွန်တော့်အပေါ် ဘာအတွေးတွေရှိနေမလဲ မသိနိုင်ပါဘူး။ ရုပ်ချောရတာ တကယ်ပဲဒုက္ခများလွန်းတယ်။ လူပျိုကြီးဘဝက အသက်သာဆုံးပဲ"
ထို့နောက် လိန်ရှင်းနန်တို့အဖွဲ့နောက် အမီလိုက်ရန် တောအုပ်ဆီသို့ ထွက်ခွာခါနီးတွင် ယုန်မလေးမုန့်၏ သုတ်တီးသုတ်ပျာအသံက အနောက်မှထွက်ပေါ်လာခဲ့သည်။
"ကိုဉာဏ်ကြီးရှင်၊ ကျွန်မလည်းလိုက်မလို့ စောင့်ပါဦး"
"အိပ်ရာထဲမှာ ဆက်ပြီး အပျင်းမထူတော့ဘူးလား။"
လီနန်ခယ့်က ရယ်မောစနောက်လိုက်သည်။
သူသည် အသံလာရာဘက်သို့လှည့်ကာ သူမကို ဆက်လက်စနောက်ရန် ပြင်လိုက်စဥ်မှာပင် ခန္ဓာကိုယ်က ရုတ်တရက်ယိမ်းထိုးသွားခဲ့ရသည်။ ထို ကျက်သရေတုံးလှသော လွန်စွာရင်းနှီးနေသည့် မူးဝေမှုကြီးက ထပ်မံရောက်ရှိလာခဲ့ပြန်ပြီ ဖြစ်၏။
"နောက်မိစ္ဆာတစ်ကောင်များ ထပ်လာပြီး တိုက်ခိုက်ဦးမလို့လား"
လီနန်ခယ့် အလျင်အမြန်ပင် နံရံဆီသို့ မှီချလိုက်ရပြီး လက်သီးကိုတင်းနေအောင်ဆုပ်လျက် ခေါင်းကိုအတင်းဖိထားကာ ကြည်လင်အောင်ကြိုးစားလိုက်သည်။
သူ၏ အမြင်အာရုံတွင် ပုံရိပ်များက အပွားလိုက်ထပ်ကာ စဉ်ဆက်မပြတ် လှုပ်ခတ်နေခဲ့၏။
သွေးပင်လယ်ကဲ့သို့ နီရဲသောကန့်လန့်ကာကြီးက စာရွက်ပေါ် မင်အိုးမှောက်ကျသည့်အလား ဖြည်းညှင်းစွာ ပြန့်နှံ့လာခဲ့ပြီး ပတ်ဝန်းကျင်ကို ဝေဝါးစွာ ဖုံးအုပ်သွားခဲ့သည်။
သူ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ပျာယာခတ်နေစဥ်မှာပင် ထိုမူးဝေမှုကြီးက ရုတ်တရတ်ပျောက်ကွယ်ကာ ချက်ချင်းကြည်လင်သွားခဲ့သည်။
ပုံရိပ်အထပ်ထပ်နှင့် နီရဲကျယ်ပြန့်သော မိုးနီကမ္ဘာကြီးမှာ တစ်ခဏအတွင်းမှာပင် ပုံမှန်ကမ္ဘာအဖြစ်သို့ ပြန်လည်ကူးပြောင်းသွားခဲ့၏။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အလွန်အမင်းတိတ်ဆိတ်သွားခဲ့ပြီး ထိုတိတ်ဆိတ်မှုက သူတစ်ဦးတည်းကို တစ်ကမ္ဘာလုံးက စွန့်ပစ်လိုက်သည့်အလား ထင်ယောင်ထင်မှားခံစားချက်ကိုပင် ဖြစ်ပေါ်လာစေသည်။
ဟင်
ဒါပဲလား၊ ပြီးသွားပြီလား။
လီနန်ခယ့် သက်ပြင်းတစ်ချက်ချလိုက်ပြီး ယုန်မလေးမုန့်ဘက်သို့လှည့်ကာ ဆိုလိုက်သည်။
"သွားကြစို့ ယုန်ပျင်းမလေး။ အစ်မလိန်တို့တွေ မိစ္ဆာကောင်ကိုများ ခြေရာခံလို့ရကြပြီလားမသိဘူး"
သို့သော် ခေတ္တမျှစောင့်ဆိုင်းပြီးသည်အထိ နောက်မှ ဘာတုံ့ပြန်သံကိုမှ မကြားရချေ၊
လီနန်ခယ့် နားမလည်နိုင်စွာ ပြန်မေးလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ။ ဒီအထိရောက်မှ မလိုက်ချင်တော့ပြန်ဘူးလား။ မလိုက်ချင်လည်း အခန်းထဲပြန်အိပ်နေလိုက်တော့လေ"
ထိုမိန်းကလေးထံမှ တုံ့ပြန်မှုတစ်စုံတစ်ရာ ရှိမလာဆဲပင်။
သူမသည် တံခါးဝတွင် မလှုပ်မယှက်ရှိနေပြီး ခြေထောက်တစ်ဖက်ကိုမြှောက်လျက် အပြင်ဘက်သို့ လှမ်းထွက်တော့မည့် အမူအရာဖြင့်သာ ကျောက်ရုပ်အလား ငြိမ်သက်နေခဲ့၏။
ဟင်
လီနန်ခယ့် နောက်ဆုံးတွင် တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်း သတိပြုမိသွားခဲ့ရတော့၏။
သူသည် ယုန်မလေးမုန့်ထံသို့ အလျင်အမြန် လျှောက်လှမ်းသွားခဲ့ပြီး သူမ၏မျက်နှာရှေ့တွင် လက်ကို လှုပ်ခါပြလိုက်သည်။
"မင်းဘာဖြစ်တာလဲ။ ဆွံ့အသွားတာလား"
ဘာစကားသံမှ ထွက်မလာဆဲပင်။
သူမ၏ ချယ်ရီသီးကဲ့သို့ နှုတ်ခမ်းလေးမှာ အနည်းငယ်ပွင့်ဟနေခဲ့ပြီး စကားပြောတော့မည့် အမူအရာအတိုင်း ပုံသေတည်ရှိနေခဲ့သည်။
ဘုရားဘုရား။
မဟုတ်မှ အချိန်တွေ ရပ်တန့်သွားခဲ့တာများလား။