အခန်း (၁၆၂)
Vol. 17 Ch. 162
ပတ်ဝန်းကျင်တစ်ခုလုံးသည် မလှုပ်မယှက်ငြိမ်သက်ကာ သစ်ပင်များက အသက်မဲ့လျက်၊ လေစီးကြောင်းသည် ခဲသက်သွားသည့်အလား ဘာကိုမှခံစားလို့မရဖြစ်နေခဲ့၏။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လုံးဝ ခြောက်သွေ့အသက်မဲ့ကာ အသံတစ်သံမှမကြားရ။
ကမ္ဘာကြီးသည် စီဒီခွေမှ ရပ်ပါဟူသောခလုတ်ကို နှိပ်လိုက်သည့်အလား ရပ်တန့်နေခဲ့၏။
လီနန်ခယ့်မှာ ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာကြည့်နေမိသည်။
သူသည် ဤကဲ့သို့သော အံ့ဖွယ်မြင်ကွင်းမျိုးကို ရုပ်ရှင်များနှင့် ရုပ်သံဇာတ်လမ်းတွဲများထဲတွင်သာ မြင်တွေ့ဖူးခဲ့ခြင်းဖြစ်ပြီး အများအားဖြင့် အချိန်ရပ်တန့်ခြင်းဆိုင်ရာ ဇာတ်လမ်းများတွင်သာ ဖြစ်၏။
လူအများကဲ့သို့ပင် သူလည်း ထိုသို့သောစွမ်းအင်မျိုးကို စိတ်ကူးယဥ်ခဲ့ဖူး၏။
သို့သော် ဤသို့ အစစ်အမှန်ဖြစ်လာလိမ့်မည်ဟုတော့ လုံးဝမျှော်လင့်မထားခဲ့ပါပေ။
သူ့ရှေ့ရှိ ယုန်မလေးမုန့်မှာ သွန်းလောင်းထုလုပ်ပြီးခါစ ကြွေရုပ်လေးတစ်ရုပ်အလား အကြောင်သားရပ်နေခဲ့သည်။
သူမ၏ လှလည်းလှသလို ချစ်စရာလည်းကောင်းလှသည့် မျက်နှာဝိုင်းဝိုင်းလေးမှာ ကျန်းမာသန်စွမ်းသောလက္ခဏာဖြစ်သည့် နီမြန်းမြန်းသွေးရောင်သမ်းကာ တောက်ပနေခဲ့ပြီး ထိလိုက်ရုံဖြင့် ကွဲအက်သွားတော့မည့်အလား နုနယ်လှသည်။ သူမ၏ ဖြူဝင်းချောမွေ့သော လည်တံလေးမှာလည်း ဂျယ်လီခဲလေးတစ်လုံးအလား ချောမွေ့ကာ အသေးစိတ်အရေးအကြောင်းလေးများပင် ကြည်လင်စွာ မြင်တွေ့နိုင်သဖြင့် လှပချောမွေ့သောအသားအရည်ကို ပို၍ပင် ထင်းလင်းနေစေတော့၏။
အထူးသဖြင့် မိန်းကလေး၏ နှုတ်ခမ်းလှလှလေးများမှာ အခွံချွတ်ထားသော ကနစိုသီးလေးအလား အလွန်နူးညံ့အိစိုနေမည့်ပုံပေါ်သည်။
နမ်းစုပ်အရသာခံဖို့ ငံ့လင့်စောင့်ကြိုနေသည့်အလား။
လီနန်ခယ့် မသိလိုက်စွာပင် မိန်းကလေး၏အနားသို့ကပ်သွားခဲ့မိပြီး မျက်နှာအိအိလေးကို လက်လှမ်းထိတွေ့ကြည့်မိသော် အမြင်တွင် လွန်စွာနူးညံ့မည့်ပုံပေါ်သည့် အသားအရည်လေးမှာ အထိအတွေ့တွင် ရေခဲခန်းထဲ ထည့်အခဲခံထားရသော အသားတစ်တုံးအလား မာကျောအေးစက်လျက်ရှိသည်ကို တွေ့လိုက်ရ၏။
အခြားနေရာများကို လိုက်လံထိကိုင်ကြည့်သော် သူတို့အားလုံးလည်း အလားတူပင် အေးစက်မာကျောလျက်သား။
ယခုတော့ စိတ်ကူးယဥ်အတွေးလေးများ ဖျက်ဆီးခံလိုက်ရခဲ့လေပြီ။
လီနန်ခယ့် စိတ်ပျက်လက်ပျက် သက်ပြင်းချကာ မြေပြင်ထက်မှ ကျောက်စရစ်ခဲလေးတစ်လုံးကိုသာ ကြိတ်မနိုင်ခဲမရ ကန်ကျောက်လိုက်မိသည်။
သို့သော် ထိုကျောက်စရစ်ခဲသည်ပင် သူကန်သည့်အတိုင်းမသွားဘဲ မြေပြင်ပေါ်တွင် မတုန်မလှုပ်တည်ရှိမြဲ။
"ချီးပဲ၊ ဘယ်လိုသောက်သုံးမကျတဲ့ စွမ်းအားကြီးလဲ"
လီနန်ခယ့်၏ လှုပ်ရှားသက်ဝင်နေသောနှလုံးသားမှာ အေးစက်နာကျင်သွားရပြီး မနေနိုင်စွာ အော်ဆဲမိသည်။
"စိတ်ကူးယဥ်ဇာတ်လမ်းတွေထဲအတိုင်း ကူးချထားပြီးတော့မှ အတင်းတွေ သိပ္ပံနည်းကျဆန်ချင်နေသေးတယ်။ ဘယ်လိုအရူးကောင်ကဖန်တီးလိုက်တဲ့ လှည့်ကွက်လဲ"
သူ စိတ်ပျက်လက်ပျက်ဖြင့် အိမ်ခြံဝင်းထဲပြန်ဝင်လာခဲ့သည်။
တံခါးကိုပင် ဆွဲဖွင့်လို့မရပေ။ ကြွေကျနေသော သစ်ရွက်ခြောက်တစ်ရွက်သည်ပင် ရေခဲကဲ့သို့ ဖဲ့မရအောင်မာကျောကာ လေထဲ တန်းလန်းကြီးတည်ရှိနေသည်။ မြေပြင်ပေါ်မှ မြက်ပင်များသည်ပင် သူနင်းလိုက်လို့ လဲကျမသွားကြ။
ရေအိုးထဲမှရေများပင် ခပ်သောက်လို့မရ ဖြစ်နေခဲ့သည်။
တိုတိုဆိုရလျှင် လီနန်ခယ့်နှင့် သူ့ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများ လက်နက်ပစ္စည်းများမှလွဲ၍ ဤလောကကြီးတစ်ခုလုံး နေရာတကျ ခဲသက်နေကြခြင်းသာဖြစ်၏။
"ဒီတော့ အခွင့်အရေးကောင်းကြီးရပြီး လျှောက်ကြည့်လျှောက်ရှာတာကလွဲလို့ ဘာမှလုပ်မရဘူးပေါ့လေ ဟုတ်စ"
လီနန်ခယ့် သူ့ကိုယ်သူ ပြန်လှောင်ပြောင်နေမိသည်။
ထိုစဥ် တစ်ဝက်တပျက်ပွင့်ဟနေသောတံခါးတွင် ကျန်းမင်ကို သူမြင်လိုက်ရသည်။ ယွမ်ဝမ်ချန်က တံခါးကိုဆွဲဖွင့်ထားလျက်သား အနေအထားဖြင့် အပြင်ထွက်လာဖို့ပြင်နေချိန်ဖြစ်သည်။ မျက်နှာအမူအရာအရ အနည်းငယ် စိတ်လှုပ်ရှားနေသလို။ ဘာတွေဖြစ်ပျက်ခဲ့မှန်းတော့ သူလည်းမသိချေ။
ဂျူနီယာညီမလေးနဲ့များ ရန်ထပ်ဖြစ်ခဲ့ပြန်တာလား။
လီနန်ခယ့် ထိုအတွဲကို အာရုံထပ်မစိုက်တော့ဘဲ တခြားနေရာတွေကိုဆက်ကြည့်ဖို့သာ ပြင်ဆင်လိုက်သည်။
သို့သော် မျက်စိလွှဲကာနီး မျက်လုံးထောင့်မှ ဖျတ်ခနဲမြင်လိုက်ရသောအရာတစ်ခုကြောင့် လီနန်ခယ့်၏မျက်ဆံများ ရုတ်ချည်းကျုံ့ဝင်သွားခဲ့ရသည်။
ယွမ်ဝမ်ချန်နောက်တွင်ကပ်ရပ်နေသော ကျန်းမင်သည် ဓားမြှောင်တစ်ချောင်းကိုကိုက်ထားကာ ယွမ်ဝမ်ချန်၏ကုပ်ပိုးသို့ ချိန်ရွယ်၍ ထိုးစိုက်ချရန်အသင့်အနေအထားဖြစ်ကြောင်း တွေ့လိုက်ရခြင်းပင်။
အမျိုးသမီး၏မျက်လုံးများထဲ ကြမ်းတမ်းရက်စက်မှုနှင့်အတူ စိတ်ပိုင်းဖြတ်ထားသော ပြတ်သားမှုကိုပါ မြင်နိုင်၏။
အချိန်စီးကြောင်း ရပ်တန့်နေသည့်အချိန်တွင်ပင် ထိုဓားဦးချွန်ကိုကြည့်ရင်း သူ ကြက်သီးဖြန်းဖြန်းထကာ လွှမ်းမိုးနေသော သတ်ဖြတ်ချင်စိတ်ကို ခံစားမိရ၏။
ဘာတွေဖြစ်နေတာလဲ။
ဒီအမျိုးသမီးကဘာလို့ သူ့ စီနီယာအစ်ကိုကြီးကို သတ်ချင်ရတာလဲ။
"တစ် တောက် တစ် တောက်"
ရုတ်တရတ် နာရီလက်တံလှည့်သံကဲ့သို့ ဖျော့တော့သောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
အသံမှာ အလွန်တိုးညင်းလှပါသော်လည်း တစပြင်အလားတိတ်ဆိတ်နေသော ဤကမ္ဘာကြီးအလည်တွင် တစ်ခုတည်းသောအသံအဖြစ် အလွန်ထင်ရှားပီသနေခဲ့သည်။
လီနန်ခယ့်မှာ အလန့်တကြားဖြစ်သွားရပြီး အသံလာရာသို့ကြည့်မိသော် ထိုနာရီလက်တံလှည့်သံသည် သူ့လက်ကောက်ဝတ်ဆီမှလာခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။
အတိအကျဆိုရလျှင် နျဲ့ယင်း သူ့ကိုလက်ဆောင်ပေးခဲ့သော ထိုလက်နက်ပုန်းဆီမှ ထွက်လာသောအသံဖြစ်၏။
သို့သော် ထိုလက်နက်ပုန်းသည် ဘယ်အချိန်ကမှန်းမသိ အသွင်အပြင်လုံးဝပြောင်းလဲသွားကာ နာရီတစ်လုံးအဖြစ် သူ့လက်ကောက်ဝတ်ကို တင်းကျပ်စွာပတ်စည်းထားလျက် ရှိလေသည်။
ထိုနာရီမှဖြာထွက်နေသည့် မွေးကင်းစကလေးချက်ကြိုးကဲ့သို့ နီရဲလှသော သွေးကြောမြောင်းများက သူ၏ အသားအရေထဲသို့ ထိုးဖောက်ဝင်ရောက်နေခဲ့ပြီး သွေးများကို စုပ်ယူနေသည့်အလား တသိမ့်သိမ့်စီးဆင်းလှုပ်ရှားနေသည်ကို အထင်အသား မြင်တွေ့နိုင်ပေသည်။ ထိုနာရီမျက်နှာပြင်ထဲတွင် ကြီးမားသော မျက်လုံးအိမ်ကြီးတစ်ခုလည်း ရှိနေခဲ့သည်။
ထိုမျက်လုံးအိမ် ပတ်ပတ်လည်တွင် သေးငယ်သော လက်တံလေး၁၂ချောင်း ပြန့်ကားထွက်နေခဲ့သည်။
သွေးကဲ့သို့ စူးရှနီရဲလှသော မျက်စိသူငယ်အိမ်ကြီးတစ်ခုက ထိုမျက်လုံးအိမ်ထဲတွင် နာရီလက်တံပြောင်းပြန်အတိုင်း ဖြည်းညှင်းစွာလည်ပတ်နေခဲ့ပြီး နာရီလက်တံရွေ့လျားသံကို ထုတ်လွှတ်နေခဲ့ခြင်း ဖြစ်သည်။
"ဒါက ဘာကြီးလဲ"
လီနန်ခယ့် ထိုအရာကို သေသေချာချာစစ်ဆေးမည်အပြုတွင် အဆက်မပြတ်လည်ပတ်နေသော မျက်စိသူငယ်အိမ်ကြီးက နာရီအပေါ်တည့်တည့်သို့ ညွှန်ပြလိုက်တော့၏။
တင်
စူးရှလှသော အချက်ပေးသံ ထွက်ပေါ်လာသည်နှင့် ထိုမျက်လုံးအိမ်ကြီးက ရုတ်တရက် ကျယ်ပြန့်သွားခဲ့ပြီး သွေးများပေကျံစွန်းထင်းနေသော ပါးစပ်ကြီးတစ်ခုအဖြစ်ပြောင်းလဲကာ ပြဲဟလာခဲ့သည်။ ပတ်ပတ်လည်တွင်တပ်ဆင်ထားသော နာရီလက်တံ၁၂ခုမှာလည်း မည်သည့် ကြိုတင်သတိပေးခြင်းမှမရှိဘဲ ရုတ်တရက် မျက်နှာပြင်ကိုဖောက်ကာ ထိုးထွက်လာခဲ့ပြီး လီနန်ခယ့်၏ဦးခေါင်းကို သွားသေးသေးစိပ်စိပ်လေးများ ပြည့်နှက်နေသော ပါးစပ်ကြီးထဲသို့ ဆွဲသွင်းလာခဲ့တော့၏။
ဂျွတ်
လည်ပင်းကျိုးသွားခဲ့ရာမှ ပြင်းထန်လှသောနာကျင်မှုကြောင့် လီနန်ခယ့်၏အသိစိတ်များ ချက်ချင်း တိမ်မြုပ်သေဆုံးသွားရပြီး အရာအားလုံးက ပိန်းပိတ်မှောင်မိုက်သွားခဲ့ရတော့၏။
…
လီနန်ခယ့် သတိပြန်လည်လာချိန်တွင် သူသည် ခြံဝင်းအပြင်ဘက်က မူလနေရာသို့ ပြန်လည်ရောက်ရှိနေသည်အား တွေ့လိုက်ရသည်။
ဘေးပတ်ပတ်လည်ရှိအရာအားလုံးမှာ ပုံမှန်အတိုင်း ဟန်မူမပျက် သွားလာလှုပ်ရှားလျက်။
လေတိုက်သံခပ်သဲ့သဲ့၊ ငှက်ကလေးများ၏ တေးသီကြူးသံများနှင့် လမ်းကြားလမ်းမတလျှောက်မှ လူသံသူသံများက သူ့နားထဲသို့ တန်းစီတိုးဝင်လာကြသည်။
ထိုအခိုက်တွင် လီနန်ခယ့်မှာ သူ့ခေါင်းကိုဖြုတ်ကာ ကြိတ်စက်ထဲထည့်ကြိတ်လိုက်သလိုခံစားရပြီး အလွန်အမင်း ပျို့တက်လာကာ အစားအသောက်များက လည်ချောင်းဝဆီသို့ ဆန်တက်တိုးဝှေ့လာကြပြီး နားကလည်း မခံမရပ်နိုင်အောင်အူသည်။ တစ်ကိုယ်လုံး သက်တောင့်သက်သာမရှိစွာ ဗြောင်းဆန်ကုန်ကြသည်ပင်။
ထို့နောက် မထိန်းနိုင်ဘဲ ပျို့အန်လိုက်မိရာ မနက်ခင်းကစားခဲ့သော ဆန်ပြုတ်အားလုံး ပြန်အန်ထွက်ကုန်ကြလေတော့၏။
"ဟေ့ ကိုဉာဏ်ကြီးရှင် အဆင်ပြေရဲ့လား"
ဤသည်ကိုမြင်သော် ယုန်မလေးမုန့်က သူ့အနားလာပြီး ဖေးမပေးဖို့ကြိုးစားသည်။
လီနန်ခယ့်က နံရံတွင်လက်ထောက်လျက် ဆက်တိုက်ပျို့အန်နေခဲ့ပြီး အစာအိမ်တစ်ခုလုံး လည်ချောင်းဝသို့ကန်တက်ကာ တစ်ဆို့နေသည့်အလား ခံစားနေရသည်။ မိန်းကလေး၏ စိုးရိမ်ပူပန်နေသော မေးမြန်းသံမှာလည်း အူထွက်နေသောနားထဲသို့ အကုန်အစင်တိုးမဝင်နိုင်ခဲ့လေရာ အစစ်အမှန်မရှိသောတစ်နေရာရာမှ ထွက်ပေါ်လာသည့်အလား ပဲ့တင်ကာဝေဝါးလျက်ရှိလေသည်။
ကျယ်လောင်လှသော နားအူသံက နားထဲ ပျားအုပ်ကြီးတစ်အုပ် ဝင်ရောက်ပျံသန်းနေသည့်အလားပင်။
"ကိုဉာဏ်ကြီးရှင်"
နောက်ဆုံးတော့ မိန်းကလေး၏အသံက သူ့နားထဲ ပီသကြည်လင်စွာ ဝင်ရောက်လာနိုင်ခဲ့သည်။
လီနန်ခယ့် ရုတ်တရတ်ခါးမတ်လိုက်ကာ မောဟိုက်ပင်ပန်းစွာဖြင့် ဘေးပတ်ပတ်လည်သို့ ဗလာသက်သက်မျက်ဝန်းများဖြင့် မော့ကြည့်မိသည်။ ရေနစ်ရာမှ ကမ်းပေါ်သို့ ပြန်လည်ပစ်တင်ခံလိုက်ရခါစအချိန်လို သူ့အတွေးများက စီစီရီရီမရှိနိုင်သေး။
"ကိုဉာဏ်ကြီးရှင် ဘာဖြစ်လို့လဲ"
ယုန်မလေးမုန့်က အမျိုးသား၏ ဖြူဖပ်နေသောမျက်နှာကို စိုးရိမ်တကြီးကြည့်သည်။
ယွမ်ဝမ်ချန်
အစောကမြင်ခဲ့ရသော လူသတ်ခါနီးမြင်ကွင်းက လီနန်ခယ့်စိတ်ထဲ ဝင်းခနဲပေါ်ထွက်လာကာ သူအကြီးအကျယ် မျက်နှာပျက်သွားရသည်။ အရှေ့မှကွယ်ရပ်နေသော ယုန်မလေးမုန့်ကို ဘေးသို့တွန်းထုတ်ကာ ခြံဝင်းအတွင်းသို့ အယိုင်ယိုင်အထိုးထိုး ပြေးဝင်လာခဲ့မိ၏။
အနောက်မှအော်ကျန်ခဲ့သော မိန်းကလေး၏အသံကိုပင် သူမကြားနိုင်တော့။
လျှောက်လမ်းစင်္ကြံအကွေ့ဆီ သူပြေးဝင်လိုက်ချိန်တွင် ထွက်လာသောယွမ်ဝမ်ချန်နှင့် ခေါင်းချင်းဝင်တိုက်မိလိုက်၏။
"ညီအကိုလီ"
ဟောဟဲလိုက်နေသောအသက်ရှူသံဖြင့် အလန့်တကြားပြေးဝင်လာသော လီနန်ခယ့်ကိုမြင်တော့ ယွမ်ဝမ်ချန် နဝေတိမ်တောင်ဖြစ်သွားသည်။
"ဘာများဖြစ်လို့လဲ"
လီနန်ခယ့်လည်း ပါးစပ်အဟောင်းသားဖြစ်သွားရ၏။
တစ်ဖက်လူသည် အထိအခိုက်တစ်စက်ကလေးတောင်မရှိဘဲ သူ့ရှေ့တွင် အကောင်းအတိုင်းရပ်နေသည်မဟုတ်ပါလော။
အချိန်ရပ်တန့်သွားစဥ်ကတော့ ကျန်းမင်တစ်ယောက် သူ့ကိုသတ်ခါနီးဆဲဆဲအခြေအနေအား သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။ ယခုတော့ အရှင်လတ်လတ်ကြီး ရှိနေဆဲပါကော။
လီနန်ခယ့် ကျန်းမင်အခန်းဆီသို့ ဖျတ်ခနဲကြည့်လိုက်မိသည်။
တစ်ဝက်တပျက်ပွင့်ဟနေသော တံခါးချပ်နောက်တွင် ကျော့ရှင်းစွာရပ်ကာ တံခါးကိုမှီနွဲ့ထားသော အမျိုသမီးတစ်ဦးအား သူမြင်လိုက်ရ၏။ အမူအရာမှာ ပုံမှန်အတိုင်း အေးအေးဆေးဆေးသာပင်။
လီနန်ခယ့်ကိုလှမ်းမြင်တော့ အမျိုးသမီးက ခေါင်းညိတ်ပြကာ ပြုံးပြလာ၏။