← Chapters

သုံးပွင့်ဆိုင်

Vol. 17 Ch. 163

သုံးပွင့်ဆိုင်

Vol. 17 Ch. 163

"ညီအစ်ကိုလီ"

ယွမ်ဝမ်ချန်က နောက်တစ်ကြိမ် လှမ်းခေါ်လိုက်ပြန်သည်။

ယွမ်ဝမ်ချန် သူ့နာမည်ကို အကြိမ်ရေအနည်းငယ်ခေါ်ပြီးခါမှ လီနန်ခယ့် သတိဝင်လာခဲ့ပြီး ယွမ်ဝမ်ချန်၏ စိုးရိမ်ပူပန်မှုနှင့် နားမလည်နိုင်မှုတို့ ရောနှောနေသောမျက်နှာကို ရင်ဆိုင်ရင်း အားတင်းပြုံးပြလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ ခုနကကျွန်တော် တစ်ခုခုကျန်ခဲ့တာကိုသတိရသွားလို့ပါ။ စိတ်မရှိပါနဲ့"

"ဪ"

ယွမ်ဝမ်ချန်လည်း အများကြီးတွေးမနေတော့ဘဲ ခါးညွှတ်နှုတ်ဆက်ပြီး သွားလက်စလမ်းဆက်သွားဖို့သာ ပြင်လိုက်သည်။

"ဪ ဒါနဲ့ ညီအစ်ကိုယွမ်၊ ခင်ဗျား အချိန်ခဏလောက်များ ပေးနိုင်မလား။ ကျွန်တော် ခင်ဗျားနဲ့ စကားစမြည်ပြောစရာလေး နည်းနည်းရှိလို့ပါ"

လီနန်ခယ့်က ရုတ်တရက် သူ့ကိုတားဆီးလိုက်၏။

ယွမ်ဝမ်ချန်က အံ့သြသွားဟန်ရှိသော်လည်း ပြုံးလျက်သာဆိုလာသည်။

"ရတာပေါ့"

သူတို့နှစ်ဦး ရုံးတော်ခြံဝင်းလေးထဲကနေ ထွက်ခွာလာခဲ့ကြသည်။

ကျန်းမင်သည် ထိုနှစ်ဦး၏ကျောပြင်များ အမြင်အာရုံထဲကနေ ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေခဲ့ပြီးနောက် တံခါးကို ညင်သာစွာစေ့ပိတ်လိုက်ကာ လက်ထဲက အေးစက်ပြီးတောက်ပနေသော ဓားမြှောင်ကို ပြန်လည်သိမ်းဆည်းလိုက်တော့၏။

...

သူတို့သုံးဦးသည် လမ်းဘေးက လက်ဖက်ရည်ဆိုင်အသေးစားလေးတစ်ခုဆီသွားကာ ထောင့်စွန်းစားပွဲတစ်ခုတွင် ရွေးထိုင်လိုက်ကြသည်။

လက်ဖက်ရည်ဆိုင်ထဲတွင် ဆိုင်ရှင်အမျိုးသမီးတစ်ဦးတည်းသာ ဖောက်သည်များကို ဝန်ဆောင်‌ရောင်းချပေးနေခဲ့သည်။

"ဆိုင်ရှင်မမ၊ လက်ဖက်ရည်ကောင်းကောင်းတစ်အိုး ပေးပါဦး။"

လီနန်ခယ့် လှမ်းအော်လိုက်ပြီးနောက် ဘေးနားကယုန်မလေးမုန့်ကို တစ်ချက်ကြည့်ကာ ဆိုလိုက်သည်။

"ပြီးတော့ မုန့်အချိုလေးတွေ ချပေးပါဦး"

"အခုပဲလာပါပြီရှင်၊ ခဏလောက်စောင့်ဆိုင်းပေးပါဦး ဧည့်သည်တော်တို့။"

လက်ဖက်ရည်ဆိုင်ရှင် အမျိုးသမီးမှာ အထူးတလည်လှပခြင်းမရှိသော်လည်း ခန္ဓာကိုယ်ပြည့်တင်းစိုပြေသည်။ သူမက မှာကြားသည့်အတိုင်း လက်ဖက်ရည်တစ်အိုးနှင့် သပ်ရပ်မွှေးပျံ့သော မုန့်ချိုတစ်ပန်းကန်တစ်ခုကို ယူဆောင်လာပေးခဲ့ရာ ယုန်မလေး၏မျက်ဝန်းများမှာ ချက်ချင်း တောက်ပသွားခဲ့ရတော့၏။

မကြာသေးမီကမှ ပြည့်အင့်နေခဲ့သော သူမ၏ အစာအိမ်လေးမှာ မုန့်နံ့ရသည်နှင့် ထပ်မံဆာလောင်မွတ်သိပ်ကာ အစားအသောက်ကို တောင့်တလာပြန်လေသည်။

လီနန်ခယ့်က မုန့်ပန်းကန်ကို ထိုမိန်းကလေးထံသို့ တွန်းပို့ပေးလိုက်ပြီး ယွမ်ဝမ်ချန်ကိုပြောလိုက်သည်။

"ခင်ဗျားတို့ရဲ့ စီနီယာဂျူနီယာ ဆက်ဆံရေးက အတော်လေးကောင်းမွန်ရင်းနှီးတဲ့ပုံပေါ်တယ်နော်"

"ဒီလိုပါပဲ၊ ကျွန်တော်တို့က အထက်အောက်သင်ကြားလမ်းညွှန်ပေးရတဲ့ စီနီယာဂျူနီယာတွေ ဖြစ်နေကြတာကိုး။"

ယွမ်ဝမ်ချန် ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်မိသည်။

ထို့နောက် ယခင်က လီနန်ခယ့်တစ်ယောက် သူတို့ဘယ်တော့လက်ထပ်ကြမလဲဟု မေးမြန်းခဲ့သည်ကို ရုတ်တရက်သတိရသွားခဲ့သဖြင့် ထပ်လောင်းပြောကြားလိုက်သည်။

"ကျွန်တော်တို့က စီနီယာနဲ့ဂျူနီယာတွေ ဖြစ်ရုံတင်မကဘဲ လုပ်ဖော်ကိုင်ဖက်တွေလည်း ဖြစ်နေကြတာမလို့ တစ်ခါတလေ လူတွေအမြင်မှာ အထင်လွဲချင်စရာကောင်းနေတာမျိုးကတော့ ဖြစ်နေကျပါပဲ"

"ကျွန်တော် နားလည်ပါတယ်။"

လီနန်ခယ့် ပြုံးလိုက်သည်။

တစ်ဖက်လူက သူ့ပုဂ္ဂိုလ်ရေးအတင်းအဖျင်းကို ထပ်မံစပ်စုလာမည်စိုး၍ ယွမ်ဝမ်ချန် ဦးအောင်မေးလိုက်သည်။

"ညီအစ်ကိုလီ၊ ကျွန်တော့်ကို ဘာကိစ္စကြောင့် အပြင်ခေါ်ထုတ်လာတာလဲ။ မိစ္ဆာကောင်အကြောင်းများ မေးမြန်းစရာရှိနေလို့လား"

"ဟုတ်တယ်ဗျာ။"

လီနန်ခယ့်သည် လက်ကောက်ဝတ်ကို အသာဝှက်ကာ နျဲ့ယင်း လက်ဆောင်ပေးသွားသော ငွေအပ်လက်နက်ပုန်းကို အင်္ကျီလက်စဖြင့် သေချာဖုံးကွယ်လိုက်ပြီး တည့်တည့်သာမေးလိုက်၏။

"ခင်ဗျား မတိုင်ခင်ကပြောခဲ့ဖူးတယ်မလား၊ ခင်ဗျားရဲ့ ဂျူနီယာညီမလေးကျန်းမင်နဲ့ မိစ္ဆာကောင်မုန့်ချင်တို့က စေ့စပ်ကြောင်းလမ်းထားပြီးသား ဇနီးမောင်နှံလောင်းတွေဆိုတာ"

"ဒီအကြောင်းကို ညီအစ်ကိုလီ အရင်ကမေးမြန်းထားပြီးသား မဟုတ်ဘူးလား။"

ယွမ်ဝမ်ချန် မျက်မှောင်ကြုတ်သွားခဲ့ရသည်။

လီနန်ခယ့်က တောင်းပန်လိုက်သည်။

"စိတ်မရှိပါနဲ့၊ ကျွန်တော်က အမှုနဲ့ပက်သက်တာမှန်သမျှကို အသေးစိတ်ပိုပြီး နားလည်ချင်ရုံတင်ပါ။ ညီအစ်ကိုယွမ် သူတို့အကြောင်း ဘယ်လောက်အထိသိထားလဲဆိုတာ ကျွန်တော်သိချင်လို့။"

ယွမ်ဝမ်ချန်သည် ခွက်မျက်နှာပြင်တွင် ဝဲလည်လှည့်နေသော လက်ဖက်ခြောက်ရွက်များကို စကားမပြောဘဲ စိုက်ကြည့်နေခဲ့သည်။

လီနန်ခယ့် သူ့ကို စကားပြောရန် အတင်းအကျပ်မတိုက်တွန်းဘဲ ငြိမ်သက်စွာစောင့်ဆိုင်းနေခဲ့ကာ မုန့်ချိုတစ်ခုကို အမှတ်မထင်ကောက်ယူ၍ ပါးစပ်ထဲပစ်ထည့်လိုက်၏။

လက်မြန်ခြေမြန်ဖြင့် စားသောက်ပြီးနောက်တွင်မှ ဘေးတွင်ထိုင်နေသော ယုန်မလေးမုန့်က မျက်နှာတစ်ခုလုံးနီမြန်းလျက် ဒေါသတကြီးဖြင့် သူ့ကိုစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် အဓိပ္ပာယ်ဖော်မရအောင် ဖြစ်သွားခဲ့ရသည်။

ပန်းကန်ထဲမှာ အများကြီးကျန်သေးတာ မဟုတ်ဘူးလား။

ထိုစဥ် ယုန်မလေးမုန့်သည် မုန့်တစ်ခုကိုကောက်ယူကာ တစ်ကိုက်ကိုက်လိုက်ပြီးနောက် ဘေးသို့ ချထားလိုက်၏။

ထိုအချိန်ကျမှပဲ လီနန်ခယ့်သည် သူခုနက ကောက်ယူစားလိုက်သော မုန့်မှာ သူမ တစ်ကိုက်ကိုက်ပြီး ဘေးခဏချထားသောမုန့်ဖြစ်ကြောင်း နားလည်သွားခဲ့ရတော့သည်။ ထို့ကြောင့် မျှတမှုရှိစေရန်အတွက် သူ၏ သောက်လက်စလက်ဖက်ရည်အချို့ကို သူမ၏ ခွက်ထဲသို့ လောင်းထည့်ပေးလိုက်၏။

ယုန်မလေးမုန့်၏ ဝိုင်းစက်လှသော မျက်လုံးရွဲကြီးများက ပိုမို ဝိုင်းစက်သွားခဲ့ရပြီး သေးငယ်လှသော ပန်းရောင်လက်သီးလေးများကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။

သို့သော် သူမရရှိလိုက်သည့်အရာမှာမူ လျစ်လျူရှုမှုသာပင်။

"တကယ်တော့ ဖုံးကွယ်ထားစရာ ဘာမှမရှိပါဘူး။"

ယွမ်ဝမ်ချန်က ပြုံးလျက် ပြောပြလာသည်။

"ညီမလေးကျန်းမင်တို့ မိသားစုနဲ့ မုန့်ချင်တို့မိသားစုက မိတ်ဟောင်းကျွမ်းဟောင်းတွေဖြစ်ကြပြီး သူတို့နှစ်ယောက်လည်း ငယ်စဥ်က အတူကြီးပြင်းလာခဲ့ကြတာမလို့ မိသားစုကြား ကတိပြုထားတဲ့ စေ့စပ်ကြောင်းလမ်းကတိကဝတ်ဟာလည်း အတော်လေးကြာမြင့်ခဲ့ပါပြီ"

"နှစ်ယောက်ကြားခံစားချက်တွေအကြောင်း ပြောရရင်တော့ အတော်လေးအဆင်ပြေခဲ့ကြတယ် ဆိုရမလားပဲ၊ ဒါပေမဲ့ တကယ်တမ်းကျတော့ ညီမလေးက အဲ့လူကို အစ်ကိုကြီးတစ်ယောက်လိုပဲ မြင်ခဲ့တာကြောင့် ခင်ပွန်းလောင်းတစ်ယောက်အနေနဲ့မြင်ဖို့ကျ ခက်ခဲနေခဲ့တာ"

"နောက်တော့ ကျင့်ကြံခြင်းကို မြတ်နိုးတဲ့ညီမလေး ဖုန်းဟွာတောင်ကိုရောက်လာတဲ့နောက် ကျွန်တော်နဲ့ တွေ့ဆုံခဲ့တာပါပဲ။

ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ကျွန်တော် ပညာဆုံးခန်းတိုင်အောင် သင်ပြီးတဲ့နောက်မှာ ညကင်းလှည့်တပ်ဖွဲ့ကို ဝင်ခဲ့တယ်၊ ညီမလေးကလည်း အတူလိုက်ချင်တယ်ဆိုတာနဲ့ ကျွန်တော် အဆက်အသွယ်တွေကိုသုံးပြီး သူ့ကို အဖွဲ့ထဲသွင်းပေးခဲ့တာ။ အဲ့ဒီအချိန်ကျမှပဲ သူနဲ့မုန့်ချင်တို့ကြား စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခဲ့ပြီးပြီဆိုတာ ကျွန်‌တော်သိခဲ့ရတာ"

ယွမ်ဝမ်ချန်၏ ဇာတ်ကြောင်းပြန်မှုကို နားထောင်ရင်း လီနန်ခယ့် မျက်မှောင်ကြုတ်လိုက်မိသည်။

အဖြစ်အပျက်က သူစိတ်ကူးယဉ်ထားခဲ့သည့်ဇာတ်ကြောင်းနှင့် အနည်းငယ်ကွဲပြားနေသလို ခံစားလိုက်ရ၏။

လီနန်ခယ့်က ထပ်မံမေးမြန်းလိုက်သည်။

"မုန့်ချင်က ခင်ဗျားကို နှစ်ကိုယ်ကြားလာရှာဖူးသလား။"

"လာရှာဖူးတယ်။"

ထိုအကြောင်းကိုရောက်တော့ ယွမ်ဝမ်ချန် ခါးသီးစွာ ပြုံးလိုက်မိသည်။

"အဲ့လူက တကယ်ပဲ ညီမလေးကျန်းမင်ကို အလွန်ချစ်မြတ်နိုးရှာတာလေ။ ဒါကြောင့် သူ ညကင်းလှည့်တပ်ဖွဲ့အထိရောက်လာပြီး ပြဿနာရှာခဲ့သေးတယ်၊ ကျွန်တော်က သူတို့ချစ်ခြင်းကို ကြားဝင်ခွဲပစ်ခဲ့တယ်လို့ ထင်နေတာ။ နောက်ပိုင်း ညီမလေးက ကြားထဲကနေ ဖျန်ဖြေပေးခဲ့ပြီးတဲ့နောက်မှာတော့ သူ ပြဿနာလာရှာတာ ရှားသွားခဲ့တယ်။"

"ဒီအတွက်ကြောင့် ညီမလေးက နောက်ပိုင်းမှာလည်း သူ့အပေါ်အပြစ်ပြုထားမိသလို အမြဲ မလုံမလဲဖြစ်ခဲ့ရရှာတာ။ အဲ့လူ ရာအိမ်မှူးဖြစ်လာတာကလည်း ညီမလေးက သူ့လုပ်ပိုင်ခွင့်နဲ့ ကွယ်ရာကနေ တိတ်တဆိတ်ပံ့ပိုးပေးခဲ့လို့ပါပဲ"

"ကျွန်တော် မမျှော်လင့်ထားခဲ့တာက မုန့်ချင်က... ဟူး..."

ယွမ်ဝမ်ချန် သက်ပြင်းအကြီးကြီးချလိုက်မိ၏။

"ကျွန်တော် နားလည်ပါပြီ၊ ကြားရသလောက်တော့ ခင်ဗျားရဲ့ညီမလေးက လူကောင်းတစ်ယောက်ပါပဲ။"

လီနန်ခယ့် စားပွဲကို လက်ထိပ်ဖျားလေးဖြင့် တဒေါက်ဒေါက်ခေါက်ရင်း အတွေးထဲနစ်မြုပ်သွားခဲ့သည်။

"တကယ်တော့..."

ယွမ်ဝမ်ချန် တစ်စုံတစ်ခုကို ပြောချင်ပေသည့် အတွေးများနေရသည့်အလား တုံ့ဆိုင်းနေခဲ့သည်။

သို့သော် လီနန်ခယ့်က သူ့စကားကို ကြိုတင်အဆုံးသတ်ပေးလိုက်သည်။

"တကယ်တော့၊ ခင်ဗျားညီမလေးက မုန့်ချင်အဖမ်းခံရတဲ့အပေါ်မှာ ပိုပြီးတော့တောင် အပြစ်မကင်းသလို ခံစားနေရတယ် မဟုတ်လား။ မုန့်ချင်ဘဝကို သူကပဲဖျက်ဆီးခဲ့သလို ခံစားနေရတုန်းပဲပေါ့"

ယွမ်ဝမ်ချန်သည် သူ့စကားတွင် အကြီးအကျယ် လန့်ဖျန့်သွားခဲ့ပုံရပြီး မျက်စိရှေ့မှာ ရုပ်ရည်ချောချောနှင့် လူပုံလှလှအမျိုးသားကို အံ့အားတသင့် စိုက်ကြည့်နေမိတော့၏။

"ခင်ဗျား ဘယ်လိုလုပ်သိတာလဲ။"

လီနန်ခယ့် ပြုံးလိုက်သည်။

"ခင်ဗျားနဲ့ကျန်းမင်တို့ ရန်ဖြစ်နေကြတယ်လို့ ကျွန်တော်ကြားခဲ့ရတယ်၊ ပြီးတော့ အရင် အမှုစုံစမ်းတုန်းက သိခဲ့ရတဲ့ သံသယဖြစ်ဖွယ်အချက်အချို့နဲ့ ပေါင်းစပ်လိုက်ရင် ခင်ဗျားညီမလေးက မုန့်ချင်ကို တမင်သက်သက်လွှတ်ပေးခဲ့တာလို့ သံသယဝင်စရာရှိနေတယ်။ ခင်ဗျားကလည်း ဒါကိုသံသယဝင်ခဲ့လို့ပဲ သူနဲ့ စကားများရန်ဖြစ်ခဲ့တာမဟုတ်လား။"

ယွမ်ဝမ်ချန်သည် သူပြောသမျှကို ပါးစပ်အဟောင်းသားဖြင့် နားထောင်နေခဲ့ပြီး လှောင်ပြုံးပြုံးလိုက်မိသည်။

"ခင်ဗျားပြောတာ မှန်ပါတယ်၊ ကျွန်တော်လည်း ညီမလေးကိုယ်တိုင် မုန့်ချင်ကိုလွှတ်ပေးခဲ့သလားလို့ သံသယဝင်မိတယ်။"

"ဘာဖြစ်လို့လဲဆိုတော့ မုန့်ချင်ကိုဖမ်းမိကာစကလည်း ညီမလေးက မုန့်ချင်ကိုလွှတ်ပေးလို့ရမလားလို့ ကျွန်တော့်ကိုစည်းရုံးခဲ့ဖူးသေးတယ်။ အဲ့တုန်းကလည်း တစ်ခေါက် ရန်ဖြစ်ခဲ့ရသေးတာပဲ"

"သူ့နှလုံးသားထဲမှာ မုန့်ချင်ကို ချစ်ခင်ရတဲ့အစ်ကိုကြီးတစ်ယောက်အဖြစ် သိမ်းထားမိနေတုန်းပဲ ထင်ပါတယ်"

"အခုတော့ မုန့်ချင်က ပြန်လှည့်လို့မရတဲ့လမ်းကို လျှောက်လှမ်းသွားခဲ့ပြီဖြစ်ပြီး ညီမလေးကတော့ ဒါတွေအားလုံးဟာ သူ့ကြောင့်ဖြစ်ခဲ့ရတာလို့ ထင်တုန်း တာဝန်ယူချင်တုန်းပဲ။ မုန့်ချင်ကို သေတွင်းအထိတော့ တွန်းမပို့ချင်ဘူးလို့ ပြောတယ်လေ"

"ဘာဖြစ်လို့လဲဆိုတော့ မိုးနီကိုသယ်ယူရောင်းချတာက သေဒဏ်ထိုက်တဲ့ပြစ်မှုဖြစ်ပြီး ဘာနဲ့မှပြန်ဆယ်လို့ရတော့မှာ မဟုတ်လို့ပါပဲ"

"ဒါပေမဲ့ လွှတ်ပေးဖို့ကိစ္စကို ကျွန်တော် ဘယ်တုန်းကမှသဘောမတူခဲ့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လည်း မိုးနီရောင်းတဲ့သူတွေဆို အရမ်းမုန်းတယ်။ သူတို့အားလုံးကို သတ်ပစ်ချင်တာကလွဲပြီး တခြားမသိဘူး"

ယွမ်ဝမ်ချန် လက်သီးကို တင်းကျပ်စွာဆုပ်လျက် စားပွဲပေါ်သို့ အားပြင်းပြင်းထုချလိုက်သည်။ သူ၏ ငယ်ရွယ်နုပျိုသောမျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်မှုနှင့် ဒေါသငွေ့များ ထင်ဟပ်လာခဲ့၏။

ဤလူငယ်သည် အတိတ်ကာလတစ်ချိန်တွင် ကျန်ခဲ့ပြီဖြစ်သော မိုးနီကို ဤမျှအထိ မုန်းတီးသွားရအောင် မည်ကဲ့သို့သောအဖြစ်မျိုးကို ကြုံတွေ့ခဲ့ရလေသနည်း။

All Chapters