နို့လက်ဖက်ရည်အနမ်း
Vol. 17 Ch. 164
လီနန်ခယ့်က မေးလိုက်သည်။
"ဒါဆို ခင်ဗျားကရော မုန့်ချင်အခုလွတ်သွားတာ ကျန်းမင်လွှတ်ပေးလိုက်တာပဲလို့ ထင်သလား။ ပူဂ္ဂိုလ်ရေးရာ အပြစ်မကင်းတဲ့စိတ်ကြောင့်ပဲ ညကင်းလှည့်တပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ ဥပဒေကို သိသိကြီးချိုးဖောက်ပြီး သူ့ကို ထွက်ပြေးဖို့လမ်းစ ဖန်တီးပေးခဲ့တာပေါ့ ဟုတ်လား"
"ကျွန်တော်... ကျွန်တော် သေချာမသိဘူး။"
ယွမ်ဝမ်ချန် ခေါင်းကို ငုံ့ချလိုက်ပြီး မျက်နှာထက် ခါးသီးမှုနှင့် စိတ်ပျက်မှုများ ပြည့်နှက်လာခဲ့သည်။
လီနန်ခယ့် သူ့ပုခုံးကို ပုတ်ပေးလိုက်သည်။
"တကယ်တော့ အစ်မလိန်ပြောတာ မှန်ပါတယ်၊ အခုအချိန်မှ ဒါတွေကို ပြန်စစ်ဆေးတွေးတောနေလည်း အသုံးမဝင်တော့ပါဘူး။ ဘေးဒုက္ခက ဖြစ်ပြီးသွားခဲ့ပြီမလို့ ကျွန်တော်တို့က ပြန်ဖြေရှင်းနိုင်မယ့်နည်းလမ်းကိုပဲ ရှာဖွေဖို့လိုအပ်တယ်။ မိစ္ဆာကောင်ကိုပဲ အမြန်ဆုံးဖမ်းဆီးလိုက်ကြတာပေါ့"
"အဲ့မိစ္ဆာကို ကျွန်တော့်လက်နဲ့ ကိုယ်တိုင်ဖမ်းပြီး သတ်ပစ်မယ်"
ယွမ်ဝမ်ချန်က သွားကိုတင်းတင်းကြိတ်ကာ ရန်လိုရက်စက်သောအသံဖြင့် ဆိုသည်။
တစ်ဖက်လူ၏ မျက်နှာထက်က မုန်းတီးခါးသီးမှုများကို ကြည့်ရင်း လီနန်ခယ့်က ရုတ်တရက် မေးခွန်းထပ်ထုတ်လိုက်ပြန်သည်။
"ခင်ဗျား မုန့်ချင်ကိုလိုက်ဖမ်းတုန်းက အဲ့ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကိုအသေသတ်ပစ်ဖို့ တွေးခဲ့ဖူးသလား။ ဘာပဲဖြစ်ဖြစ် သူက ကျန်းမင်ကို အမြဲနှောင့်ယှက်နေခဲ့တာဖြစ်လို့ နောက်လည်း နှောင့်ယှက်မှာကိုကြိုတွေးပူပြီး အပြီးရှင်းပစ်ဖို့တွေးခဲ့ဖူးသလား"
ယွမ်ဝမ်ချန် ထပ်မံ၍ ငြိမ်သက်သွားခဲ့ရပြန်သည်။
ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းမည်၏။
"ကောင်းပါပြီ၊ ကျွန်တော် အခြေအနေကို အကြမ်းအားဖြင့်တော့ နားလည်သွားပါပြီ"
လီနန်ခယ့် တစ်ဖက်လူကို အဖြေပေးရန် အတင်းအကျပ်ဖိမေးမနေတော့ဘဲ ပြုံးလျက်ဆိုလိုက်သည်။
"ကျွန်တော်တို့ မိစ္ဆာကောင်ကိုရှင်းလင်းပြီးတဲ့နောက်မှာတော့ ခင်ဗျားတို့ရဲ့ မင်္ဂလာသေရည်ကို တစ်စုတစ်စည်းတည်းသောက်ခွင့်ရဖို့ မျှော်လင့်ပါတယ်။"
"ကျွန်တော်... ကျွန်တော် တကယ်ပဲ အဲ့ဒီလို... အဲ့ဒါက ကျွန်တော်တို့က..."
ထိုဆုတောင်းစကားကိုကြားသောအခါ ယွမ်ဝမ်ချန်၏ ဖြူစင်သောမျက်နှာခန့်ခန့်မှာ ရုတ်ချည်းနီမြန်းသွားခဲ့ရပြီး ရှင်းပြရန်ကြိုးစားရင်း စကားများ ထစ်အကုန်တော့၏။
"ကျွန်တော်က ခင်ဗျားနဲ့ကျန်းမင်ရဲ့လို့ အတိအကျမပြောရသေးပါဘူး၊ ဘာဖြစ်လို့ ဒီလောက်အထိ စိတ်လှုပ်ရှားနေရတာလဲ။ မဟုတ်မှ တစ်သက်လုံးလူပျိုကြီးလုပ်ဖို့ ကြံစည်ထားလို့လား"
လီနန်ခယ့် စနောက်လိုသောအမူအရာဖြင့် ခပ်ပြုံးပြုံးဆိုသည်။
ထိုအချိန်ကျမှပဲ ယွမ်ဝမ်ချန်လည်း လီနန်ခယ့်ဆီက စကားအလိမ္မာဖြင့် လှည့်စားခံလိုက်ရခြင်းကို သတိပြုမိသွားခဲ့ရပြီး ခေါင်းကိုခါယမ်းကာ ခါးသက်သက်ပြုံးလိုက်မိတော့သည်။
"ညီအစ်ကိုလီက တကယ်ကို ဉာဏ်ကောင်းလွန်းပါတယ်၊ ခင်ဗျားနဲ့သာကြာကြာနေရင် စကားတစ်ခွန်းပြောဖို့တောင် အကြာကြီး စိတ်ဖိစီးနေရလိမ့်မယ်"
"ဘာစိတ်ဖိစီးမှုလဲ။ သူသာရှိရင် ဘာမှတွေးစရာမလိုလို့ တစ်နေကုန် ပျင်းပျင်းရိရိအိပ်နေလည်းရတာကို"
ယုန်မလေးမုန့်က ပြန်ခံပက်လာသည်။
ယွမ်ဝမ်ချန် လန့်ဖျပ်သွားခဲ့ရပြီး လီနန်ခယ့်နှင့် အကြည့်ချင်းဖလှယ်လိုက်ကြကာ နှစ်ဦးသား တစ်ပြိုင်နက်တည်း ရယ်မောလိုက်ကြတော့၏။ ထိုအမျိုးသားနှစ်ဦး ဘာတွေကိုရယ်မောနေကြမှန်း နားမလည်နိုင်သော မိန်းကလေး၏ နဝေတိမ်တောင် မျက်နှာလေးက ပိုလို့ပင်ရယ်ဖို့ကောင်းနေသေးတော့သည်။
"မင်းလိုပူပန်မှုကင်းပြီး ဦးနှောက်မသုံးတဲ့လူကတော့ ဘယ်လိုလုပ် စိတ်ဖိစီးမှုခံစားရမှာလဲ"
လီနန်ခယ့် ရယ်မောလိုက်သည်။
"ရှင်ကမှ ဦးနှောက်မရှိတာ"
ယုန်မလေးမုန့်က ဒေါသတကြီးဖြင့် တရှူးရှူးတရှဲရှဲ ရန်ထောင်လာသည်။
တစ်ဖက်မှ ရန်စကားပြန်မလာသောအခါ သူမလည်း ထပ်ဂရုမစိုက်တော့ဘဲ ဒေါသတကြီးဖြင့် အရှေ့မှလက်ဖက်ရည်ခွက်ကို ကောက်ယူကာ တစ်ကျိုက်တည်း သောက်ချလိုက်တော့သည်။
သို့သော် သောက်ပြီးနောက်တွင်မှ ထိုလူက သူ၏ သောက်လက်စရေနွေးကြမ်းများကို သူမခွက်ထဲ လောင်းထည့်ထားခဲ့သေးကြောင်း သတိရသွားသဖြင့် မျက်နှာနုနုလေးမှာ ရှက်သွေးဖြန်းကာ ရုတ်ချည်းနီမြန်းသွားရတော့၏။
ထိုအကြောင်းကို ပိုတွေးလေလေ ပိုပြီး ဒေါသထွက်လေလေ ဖြစ်လာခဲ့ကာ လက်သေးသေးလေးတစ်ဖက်ကို အားပါပါဆန့်ထုတ်လျက် တစ်ဖက်လူ၏ခါးဘေးက အသားနုနုကို အံကြိတ်ကာ လိမ်ဆွဲလိုက်တော့သည်။
"အား"
လီနန်ခယ့်မှာ အလွန်အမင်း နာကျင်ခံစားလိုက်ရသည့်အလား အသံနင့်နင့်ဖြင့်အော်ကာ အသက်ကိုလည်း ပြင်းစွာရှူသွင်းနေရသေး၏။
ယုန်မလေးမုန့်မှာ ထိုအမူအရာကိုမြင်သော် အလွန်ကျေနပ်စွာဖြင့် ဟန်ပါပါပြုံးလိုက်သည်။
ဒါ ငါ့ကိုစော်ကားတဲ့အတွက် ခံစားရတဲ့ နောက်ဆက်တွဲပြစ်ဒဏ်ပဲ။
ခေတ္တကြာပြီးနောက် ယုန်မလေးမုန့်သည် လက်ကလေးကို ထပ်မံဆန့်ထုတ်လိုက်ပြန်ပြီး ခုနက စိတ်လိုက်မာန်ပါ ဆွဲလိမ်ခဲ့မိသော ထိုခါးဘေးနေရာလေးကို ညင်သာစွာ ပွတ်သပ်ပေးနေခဲ့ပြန်၏။
...
သူတို့ လက်ဖက်ရည်ဆိုင်ကနေ ထွက်ခွာလာချိန်တွင်မူ မွန်းတည့်ချိန်နီးပါးရှိနေခဲ့ပြီ ဖြစ်သည်။
လီနန်ခယ့်ထံသို့ အားလုံးရင်ဖွင့်ပြောပြလို့အပြီး ယွမ်ဝမ်ချန်သည် အတော်လေးစိတ်လက်သက်သာပေါ့ပါးသွားဟန်ရှိ၏။
"ညီအစ်ကိုလီ၊ ဒါဆိုလည်း ကျွန်တော် ခင်ဗျားတို့နှစ်ယောက်ကို အနှောင့်အယှက်မပေးတော့ပါဘူး။ မိစ္ဆာကောင်ကိုလည်း မြန်နိုင်သမျှအမြန်ဆုံး ရှာတွေ့ချင်သေးလို့။ တကယ်လို့ တခြာမေးစရာမေးခွန်းတွေ ထပ်ပေါ်လာရင်လည်း ကျွန်တော့်ဆီသာ အချိန်မရွေးလာခဲ့ပါ။ ကျွန်တော်ဘာကိုမှ ဖုံးကွယ်မထားဘဲ အမှန်အတိုင်းပြောပြပါမယ်"
လီနန်ခယ့် ပြုံးကာ နှုတ်ဆက်လိုက်သည်။
"ကောင်းပါပြီ၊ ဂရုစိုက်ပါ။"
"ဟုတ်"
ယွမ်ဝမ်ချန်က သူ့ကိုလက်ယှက်ဦးညွှတ်ကာ လမ်းခွဲထွက်ခွာသွားခဲ့သည်။
ထိုသူ ဝေးဝေးရောက်ခါမှ ယုန်မလေးမုန့်က အနည်းငယ် စိုးရိမ်ပူပန်နေသောအသံလေးဖြင့် တိုးတိုးမေးလာသည်။
"တကယ်ကြီး နာသွားတာလား။"
"ဘာလဲ။"
လီနန်ခယ့် ကြောင်သွားပြီးမှ ပြန်မှတ်မိကာ ခါးကိုဖိကိုင်လျက် မျက်နှာကို ရှုံ့မဲ့ပြလိုက်သည်။
"တော်တော်နာတယ်။ မခံစားနိုင်တော့ဘူး၊ တစ်ယောက်ယောက်က ဉုံဖွလုပ်ပြီးပွတ်ပေးဖို့ အမြန်ဆုံးလိုအပ်နေပြီ"
"သွားစမ်းပါ၊ ရှင်ကျွန်မကို အရူးလို့ထင်နေတာလား။"
ထိုအမျိုးသား၏ မပီပြင်လှသော သရုပ်ဆောင်မှုကိုကြည့်ရင်း ယုန်မလေးမုန့် မျက်စောင်းကိုနာနာထိုးလိုက်သည်။
လီနန်ခယ့် သဘောတကျရယ်မောလိုက်ပြီး သရုပ်ဆောင်နေခြင်းကိုရပ်တန့်ကာ မိန်းကလေး၏ နူးညံ့စိုစွတ်သော နှုတ်ခမ်းဖျားလေးပေါ်က မုန့်အကြေစလေးတစ်ခုကို အမှတ်မထင် သုတ်ဖယ်ပေးလိုက်သည်။
ထိုအမျိုးသား၏ အနည်းငယ် ကြမ်းတမ်းမာကျောသော လက်မတစ်ဖက်က နှုတ်ခမ်းလွှာနုနုလေးကို ညင်သာစွာပွတ်တိုက်မိသွားခဲ့ရာ ယုန်မလေးမုန့်၏ နှလုံးသားထဲတွင် အဓိပ္ပာယ်ဖော်ရခက်သော ခံစားချက်တစ်ခု ဖြတ်သန်းသွားခဲ့ရပြီး ဓာတ်လိုက်သည့်အလား ဆတ်ခနဲတုန်ယင်သွားမိသည်ကို ခံစားလိုက်ရမိသည်။ သူမသည် ပျာယာခတ်လျက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိချိန်တွင် ပါးစပ်ကိုဟကာ ထိုလက်မအား အားကုန်ကိုက်ချလိုက်တော့၏။
"ဟေ့ မင်းကခွေးလား။"
လီနန်ခယ့် အလန့်တကြားဖြင့် ခွေးစိတ်ပေါက်သွားသောမိန်းကလေးကို နားမလည်နိုင်စွာကြည့်မိသည်။
ထိုခွေးမလေး ပြန်လွှတ်ပေးချိန်တွင် သူ့လက်မပေါ်၌ သွားရာနက်နက်က အကွင်းသားတည်ရှိလျက်။
ယုန်မလေးမုန့်လည်း သူ့ကိုယ်သူ ဘာဖြစ်လို့ ရုတ်တရက်ကိုက်ချမိသွားမှန်း မသိပါချေ။ သို့သော် ထိုအမျိုးသား၏ မသက်မသာနှင့် ခံရခက်ခက်အမူအရာကို မြင်တွေ့လိုက်ရချိန်တွင် စိတ်ထဲ ကျေနပ်အားရစွာဖြင့် ရင်ကိုကော့ကာ ဆိုလိုက်သည်။
"ကျွန်မကယုန်လေ၊ ယုန်တွေလည်းကိုက်တတ်တယ်"
"ယုန်တွေလည်း အကြပ်ရိုက်တဲ့အချိန်ကျ ကိုက်တတ်သွားတာပဲလား"
လီနန်ခယ့် မရယ်ဘဲ မနေနိုင်တော့ချေ။
ယုန်မလေးမုန့်သည် ထိုအမျိုးသား၏လက်မပေါ်က သွားရာလေးကို တစ်ချက်ကြည့်လိုက်မိရာ ပါးပြင်လေးများက အနည်းငယ် နွေးထွေးသွားခဲ့ရသည်။ ခေတ္တမျှ ငြိမ်သက်သွားခဲ့ပြီးနောက် သူမ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"မကျေနပ်ရင် ကျွန်မကိုပြန်ကိုက်ချင်ကိုက်"
ထိုမိန်းကလေးသည် သူမ၏ ဖြူဝင်းနုနယ်သော လက်ကလေးတစ်ဖက်ကို မြှောက်လျက် လီနန်ခယ့်၏ပါးစပ်နားသို့ တေ့ပေးလိုက်သည်။
ထို့နောက် သူမသည် မျက်လုံးအစုံကို တင်းနေအောင်မှိတ်ထားပေးခဲ့ပြီး မျက်တောင်ရှည်ကြီးများမှာ စိုးရိမ်ပူပန်စွာဖြင့် ယပ်တောင်အသေးစားလေးများအလား တဖျတ်ဖျတ်တုန်ယင်နေခဲ့ကြသည်။
နွေးထွေးသိမ်မွေ့လှသော နေရောင်ခြည်အောက်တွင် မိန်းကလေး၏ ဝိုင်းစက်ပြည့်ဖြိုးသော မျက်နှာလေးမှာ နူးညံ့စွာလှပနေခဲ့ပြီး ပျားရည်ဖြင့်ပြုလုပ်ထားသော ကြွေရုပ်လေးတစ်ရုပ်ကဲ့သို့ ချစ်စဖွယ်အတိရှိ၏။
ကွေးညွှတ်မည်းနက်သော မျက်တောင်ဖျားလေးများက ကြောက်ကြောက်နှင့်တုန်ယင်နေခဲ့ရာ မိန်းကလေးကို ပို၍ အပြစ်ကင်းစင်နုနယ်ဟန်ပေါက်စေခဲ့သည်။
လီနန်ခယ့်သည် မူလက ထိုလက်ကလေးကို ကိုက်ချင်ယောင်ဆောင်၍သာ စနောက်ရန် ရည်ရွယ်ထားခဲ့သော်လည်း နေရောင်ခြည်အောက်မှ ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူ့နှလုံးသားထဲ စီးဆင်းသွားသောနွေးထွေးမှုတစ်ခုနှင့်အတူ အဓိပ္ပာယ်ဖော်မရနိုင်သော ခံစားချက်တစ်မျိုးက ပြင်းထန်စွာပေါက်ကွဲထွက်လာတော့၏။
သူကိုယ်တိုင်ပင် မသိလိုက်စွာ ခေါင်းကိုငုံ့ကိုင်းကာ မိန်းကလေး၏ နှုတ်ခမ်းလွှာနုနုလေးကို အသာကိုက်လိုက်မိသည်။
ငြိမ်သက်ကြည်လင်သော ရေမျက်နှာပြင်ကို ပုစဉ်းရင်ကွဲလေးတစ်ကောင် ပျံရင်းသန်းရင်း ဖြတ်တိုက်သွားခဲ့သည့်အလား စက္ကန့်ပိုင်းပင်မကြာသော ထိတွေ့မှုတစ်ခုသာ ဖြစ်၏။
သို့သော် ထိုမိန်းကလေး၏ နှုတ်ခမ်းထံမှ သင်းပျံ့နေသော ထူးခြားလှသည့် ချိုမြိန်မှုနှင့် နို့လက်ဖက်ရည်နံ့သင်းသင်းလေးကား သူ့နှလုံးသားထဲ အချိန်တော်တော်ကြာ စွဲထင်ကျန်ရစ်ခဲ့လေသည်။
အချိန်စီးကြောင်းသည် ဤအခိုက်အတန့်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့ကြသည့်အလား။
လီနန်ခယ့်လည်း လုပ်ချင်တာလုပ်မိအပြီး ကြောင်အမ်းသွားခဲ့ရမိသည်။
ယုန်မလေးမုန့်လည်း ကြောင်အမ်းအမ်းနှင့် ကျောက်ရုပ်လိုရပ်နေခဲ့မိ၏။
ဇဝေဇဝါဖြစ်လျက်သားဖြင့် မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကြည့်မိချိန်တွင် လီနန်ခယ့်မှာ ခြေကုန်သုတ်လျက် တချိုးတည်းလှည့်ပြေးသွားခဲ့လေပြီ။
ယုန်မလေးမုန့်သည် နေရာတွင် တုတ်တုတ်မျှမလှုပ်ဘဲ ခေတ္တမျှ မတ်တပ်ရပ်နေခဲ့ပြီးမှ နောက်ဆုံးတော့ အသိစိတ်ပြန်ကပ်ကာ ဘာတွေဖြစ်ပျက်သွားခဲ့သည်ကို သတိပြုမိသွားခဲ့ရတော့သည်။ မျက်နှာလေးမှာ တစ်ခဏအတွင်းမှာပင် ရှက်သွေးဖြန်းကာ နီမြန်းသွားခဲ့ရပြီး ဥက္ကာခဲနှစ်ခွတူကို မဆိုင်းမတွထုတ်ယူလျက် မာန်သွင်းကာ ပြေးသွားသောသူနောက် တရကြမ်းလိုက်လေတော့၏။
"လီနန်ခယ့်၊ ရှင်အခုချက်ချင်းရပ်လိုက်စမ်း"