အခန်း (၁၆၅)
Vol. 17 Ch. 165
နေဝင်ရီတရောအချိန်တွင် လိန်ရှင်းနန်သည် ကောကန်းတို့အဖွဲ့နှင့်အတူ ညကင်းလှည့်တပ်ဖွဲ့ဌာနဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူမ အခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် ကုတင်ပေါ်တွင် အလောင်းတစ်ကောင်လို ပက်လက်လှန်ကာ တုတ်တုတ်မျှမလှုပ်ဘဲ အိပ်ပျော်နေသည့် လီနန်ခယ့်ကို တွေ့လိုက်ရ၏။
"ရှင်ဘာဖြစ်လို့ ကျွန်မကုတင်ပေါ်လာအိပ်နေရတာလဲ။"
လိန်ရှင်းနန်က ပါးလေးများနီရဲသွားကာ စိတ်ဆိုးနေဟန်လေသံဖြင့် လှမ်းအော်ပြောလိုက်သည်။
အမျိုးသားထံမှ မည်သည့်စကားသံမှ ထွက်ပေါ်မလာခဲ့ချေ။
လိန်ရှင်းနန် မျက်မှောင်ကြုတ်လိုက်မိပြီး အနားသို့လျှောက်သွားကာ သူ့ပုခုံးကိုပုတ်နှိုးလိုက်သည်။
"နေများမကောင်းလို့လား"
သို့သော် မထင်မှတ်စွာပင် ထိုသို့ ပုခုံးတစ်ချက်ပုတ်လိုက်ရုံဖြင့် အမျိုးသားက ခုတင်ပေါ်မှ ဇွန်ဘီတစ်ကောင်လို့ အတောင့်လိုက်ထထိုင်လာကာ ကျယ်လောင်စွာအော်ဟစ်တော့လေသည်။
"အား အား နာလိုက်တာဗျာ၊ ကျွန်တော့်ကိုအခုမထိပါနဲ့ဦး ဆေးလူးထားတာမလို့"
"ဘာဖြစ်တာလဲ။"
လိန်ရှင်းနန် ကြောင်တောင်တောင်ဖြစ်သွားရသည်။
ထို့နောက် စိတ်မြန်လက်မြန်ဖြင့် ထိုသူ၏အင်္ကျီကော်လာကို ဆွဲဟကြည့်လိုက်ရာ ပခုံးအနောက်ဘက်တွင် ညိုမည်းစွဲနေသည့် ဒဏ်ရာကြီးကို အကွက်လိုက်တွေ့လိုက်ရသဖြင့် လိန်ရှင်းနန်၏ မျက်နှာအမူအရာက ချက်ချင်း တည်တင်းအေးစက်သွားလေတော့၏။
"ဒါဘာဖြစ်တာလဲ။ ရှင့်ကို ဘယ်သူရိုက်လိုက်တာလဲ။"
"အာ... ဟိုဟာ..."
လီနန်ခယ့် ဘာပြောရမှန်းမသိသဖြင့် အကြောင်းပြချက်တစ်ခု အတင်းအကျပ်ရှာဖွေလိုက်ရသည်။
"ကျွန်တော် ခုတလော ဓားသိုင်းတွေဘာတွေလေ့ကျင့်နေတာ သိတယ်မလား။ ဒါကြောင့် ဒီနေ့ ယုန်မလေးမုန့်နဲ့ လက်ရည်ယှဥ်လေ့ကျင့်ကြတာ။ အရှောင်တစ်ချက်နောက်ကျသွားလို့ပါ"
"ယုန်မလေးမုန့်နဲ့လား"
ထိုစကားဆုံးသောအခါ လိန်ရှင်းနန်မျက်နှာမှာ ဒေါသဖြင့် ချက်ချင်းပြာနှမ်းကာ ထိုမိန်းကလေးကို ချက်ချင်းသွားမေးဖို့ ထရပ်လိုက်တော့သည်။
အဲ့မိန်းကလေး စိတ်ပိုင်းဆိုင်ရာမူမမှန်ဖြစ်နေတာလား။
ဒီတိုင်း လေ့ကျင့်ရုံသက်သက်ပဲကို ဘာလို့အရှိန်မထိန်းဘဲ ဒီလောက်ထိပြင်းပြင်းထန်ထန် တိုက်ခိုက်ရတာလဲ။
"နေပါဦး"
လီနန်ခယ့် အမျိုးသမီး၏လက်ကို ပျာတီးပျာယာဖမ်းဆွဲလိုက်ပြီး ခါးသီးသောအပြုံးဖြင့်ဆို၏။
"ဟုတ်ပြီ၊ ကျွန်တော်လိမ်မိပါတယ်။ ဒီနေ့အမှုတစ်ခုဖြေရှင်းနေတုန်းက သူ့ခန္ဓာကိုယ်ကို ကျွန်တော် မတော်တဆထိမိသွားတာ၊ အဲ့နေရာက ရင်ဘတ်နားလေးဖြစ်နေတော့လေ သူစိတ်ဆိုးသွားတာလည်း မလွန်ပါဘူး"
လိန်ရှင်းနန်မှာ ထိုစကားအဆုံးတွင် ထူးဆန်းသောအမူအရာဖြင့် သူ့ကို စိုက်ကြည့်လာသည်။
အစောကမြင်ခဲ့ရသော ယုန်မလေးမုန့်၏မျက်လုံးများကား ရှိုက်ကြီးတငင်ငိုကြွေးထားဟန် နီရဲနေခဲ့သည်မှ မထူးဆန်းတော့ချေ။ ဒီလူ့ကြောင့် ငိုထားရသည်ကိုး။
ထိုသို့ အထိကိုင်ခံလိုက်ရသည်သာဆိုလျှင် မိန်းကလေး စိတ်ဆိုးသွားတာလည်း နားလည်ပေးနိုင်စရာပါပင်။
တကယ်တော့ ပြန်တုံ့ပြန်လိုက်သည့်ရိုက်ချက်ကလည်း နည်းနည်းတော့လွန်သည်သာ။
သို့သော် သူမနေရာမှ ဝင်တွေးကြည့်ပြန်ရင်လည်း လိန်ရှင်းနန်သာ အခြားယောက်ျားတစ်ယောက်ဆီက ထိုသို့ထိကိုင်ခံလိုက်ရလျှင် မတော်တဆပဲဆိုဆို ထိုသူကို ဒုက္ခိတဖြစ်သွားအောင်တော့ လုပ်ပစ်လိုက်မိမှာပင်။
သို့သော် ထိကိုင်သောသူက လီနန်ခယ့်ဖြစ်နေလျှင်တော့....
စိတ်မဆိုးမိလောက်ဘူးလားလို့လေ။
"တကယ်ပဲ မတော်တဆဖြစ်သွားတာလား၊ တမင်သက်သက်လား"
လိန်ရှင်းနန်က မျက်နှာနီနီဖြင့်သာ သူ့ကို အသေးစိတ်မေးလာသည်။
သူ့ကိုထိန်းကိုင်ပေးထားသော လက်ကတော့ လွှတ်မသွားပါချေ။
လီနန်ခယ့် ရယ်လိုက်မိသည်။
"ကျွန်တော့်ကိုတကယ်ပဲ အဲ့လိုလူမျိုးလို့ထင်နေတာလား"
အရင်က အတူအိပ်စက်ခဲ့ဖူးသည့်အချိန်များကို ပြန်လှန်တွေးကြည့်လျှင်တော့ ထိုအမျိုးသားသည် လူကွယ်ရာ နှစ်ယောက်တည်းရှိချိန်ကပင် သူမကို မရိုးမသားထိကိုင်ဖူးခြင်းမရှိလေရာ လူကြီးလူကောင်းတစ်ယောက်ဖြစ်ကြောင်း သူမအသိပင်။ ယုန်မလေးမုန့်ကိုလည်း တမင်သက်သက်အနိုင်ကျင့်ခြင်းတော့ မဟုတ်တန်ရာ။
ထိုသို့တွေးမိပြီး လိန်ရှင်းနန်လည်း ယုန်မလေးမုန့်ကို တကူးတကရှာမေးမနေတော့ဟုသာ တွေးလိုက်သည်။
"အခုက ဘာအမှုစုံစမ်းနေတာလဲ"
လိန်ရှင်းနန်က နားမလည်စွာမေးသည်။
လီနန်ခယ့်က အမျိုးသမီး၏လက်နုနုလေးကိုဆုပ်ကိုင်ပြီး အားတင်းထရပ်လိုက်ကာ ပြောပြလာသည်။
"မိစ္ဆာကောင်မုန့်ချင်အမှုပဲပေါ့။ ဒါပေမဲ့ အဲ့ဒီမိစ္ဆာအကြောင်းသဲလွန်စကို ကျန်းမင်ဆီကနေရနိုင်လိမ့်မယ်လို့ ကျွန်တော်အမြဲခံစားနေရတာ"
"ကျန်းမင်ဆီကလား"
လိန်ရှင်းနန်၏မျက်လုံးလှလှလေးများ လင်းလက်သွားသည်။
ထိုအမျိုးသား၏ လုပ်ရည်ကိုင်ရည်ကို သူမသိသည်။ သူတို့သာ မိစ္ဆာကိုခြေရာခံဖို့ ကျန်းမင်ကိုအသုံးပြုနိုင်မည်ဆိုလျှင် နေရာတိုင်းကို မျက်စိစုံမှိတ်ရှာရင်းမှ အချိန်မကုန်အောင် လျှော့ချနိုင်မည်ပင်။
လီနန်ခယ့်က ယွမ်ဝမ်ချန်နှင့်သူ ပြောခဲ့သောစကားများကို ပြန်ပြောပြလာသည်။
အချိန်ရပ်တန့်သွားစဥ်တုန်းက မြင်ခဲ့သည့်မြင်ကွင်းအကြောင်းကိုတော့ သူထည့်မပြောခဲ့လိုက်။
"ဒါဆို ကျွန်မတို့အရင်ကသံသယဝင်ခဲ့ဖူးတဲ့အတိုင်းပဲ မဟုတ်လား၊ ကျန်းမင်က မုန့်ချင်ကို တမင်လွှတ်ပေးခဲ့တာ။ ဒီလိုနဲ့ နောက်ဆက်တွဲဒုက္ခတွေ ဆက်ဖြစ်လာတော့တာပဲ"
လိန်ရှင်းနန်က ဒေါသထွက်နေဟန်ရှိ၏။
ထိုအချိန်မှာမှ ထိုယောက်ျား သူမလက်ကို တစ်ချိန်လုံးကိုင်ကာ အသားယူနေခဲ့ကြောင်း သတိထားမိလိုက်၏။
လိန်ရှင်းနန် သူမလက်ကို ပြန်ဆွဲယူချင်ပါသော်ငြား မလှုပ်မယှက်သာဆက်နေကာ ကိုင်ခွင့်ပြုထားမိလိုက်သည်။ နှင်းဆီနီရောင်သမ်းသော မျက်နှာလှလှလေးမှာ ရှက်သွေးကြောင့် ပိုလို့နီမြန်းကာ နှလုံးသားကလည်း မြန်ဆန်စွာခုန်ပေါက်လို့လာ၏။
ယနေ့နံနက်ပိုင်းကမှ သူနှင့် အကွာအဝေးတစ်ခုခြားကာ ဆက်ဆံနေထိုင်မည်ဟု ဆုံးဖြတ်ထားခဲ့သော သူမ၏ စိတ်ဆုံးဖြတ်ချက်များမှာ ယခုအခါတွင်မူ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့ရချေပြီ။
"သက်သေမရှိဘဲနဲ့တော့ အလျင်စလို ကောက်ချက်ချလို့ မရသေးဘူး။"
လီနန်ခယ့်က ဆိုသည်။
"အနည်းဆုံးတော့ အခုအချိန်မှာ ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို အစဥ်လိုက် ရှင်းရှင်းလင်းလင်း သိထားလိုက်ရတာပေါ့"
"ကျန်းမင်နဲ့မုန့်ချင်တို့က ငယ်စဉ်ကတည်းက နှုတ်ကတိနဲ့ စေ့စပ်ကြောင်းလမ်းမှုတစ်ခု ရှိခဲ့ဖူးပေမဲ့ ကျန်းမင်က သူ့ကို အစ်ကိုကြီးတစ်ယောက်လိုပဲမြင်ခဲ့တာ။ စေ့စပ်ကြောင်းလမ်းမှု ပျက်ပြယ်သွားပြီးတဲ့နောက် ကျန်းမင်က အပြစ်မကင်းစိတ်နဲ့ အဆက်အသွယ်တွေကိုသုံးပြီး မုန့်ချင်ကို ဒေသခံရာအိမ်မှူးအဖြစ် နေရာရအောင် ကူညီပံ့ပိုးပေးခဲ့တယ်တဲ့"
"ဒါပေမဲ့ အဲ့ဒီမုန့်ချင်က ရာထူးကို သုံးပြီး မိုးနီတွေ မှောင်ခိုရောင်းချခဲ့ရုံတင်မကဘဲ ကျန်းမင်ကိုလည်း အမြဲတမ်း နှောင့်ယှက်နေခဲ့တာ။ နောက်ဆုံး မိုးနီရောင်းတဲ့ကိစ္စ ပေါက်ကြားသွားခဲ့ပြီး ယွမ်ဝမ်ချန်က သူ့ကို တာဝန်ယူဖမ်းဆီးခဲ့တယ်။"
"ဖမ်းဆီးထားပြီးတဲ့အချိန်မှာတောင် ကျန်းမင်က အတိတ်ကသံယောဇဉ်ကိုငဲ့ညှာပြီး ယွမ်ဝမ်ချန်ကို မုန့်ချင်ရဲ့အသက်ကိုချမ်းသာပေးဖို့ စည်းရုံးခဲ့ဖူးပေမဲ့ ယွမ်ဝမ်ချန်က ငြင်းပယ်ခဲ့လိုက်တယ်"
"တကယ်တော့ ဒီနေရာမှာ သံသယဖြစ်စရာ ဟာကွက်လေးတွေရှိနေသေးတယ်"
လိန်ရှင်းနန် စိတ်ကိုငြိမ်အောင်ထားပြီး မေးလိုက်သည်။
"ဘာသံသယဖြစ်စရာလဲ။"
လီနန်ခယ့်က ဆိုသည်။
"ယွမ်ဝမ်ချန်က ကျန်းမင်ကို တကယ်ကြီးသဘောကျနေတာ။ ဒါကြောင့် အတိတ်ကဆက်ဆံရေးရှိဖူးတဲ့ မုန့်ချင်လိုလူမျိုးကို အသေအလဲမုန်းတီးမှာပဲ"
"အခု မုန့်ချင်အဖမ်းခံရပြီဆိုတော့ ယွမ်ဝမ်ချန်က သူ့ကို လွယ်လွယ်နဲ့လွှတ်ပေးမှာမဟုတ်တာ သေချာတယ်။"
"ရှေ့နောက်တွက်ဆကြည့်ရင် ဒီလိုအခြေအနေမျိုးမှာ သူက မုန့်ချင်ကိုစောင့်ကြည့်ဖို့ မယုံရတဲ့ ကျန်းမင်ကို တစ်ယောက်တည်းထားခဲ့ဖို့က လုံးဝမဖြစ်နိုင်ဘူး၊ အထူးသဖြင့် ကျန်းမင်က မုန့်ချင်ရဲ့အသက်ကိုချမ်းသာပေးဖို့ အရင်ကတောင်းဆိုထားခဲ့ဖူးတာကို သိသိကြီးနဲ့ပေါ့။"
"ဒါပေမဲ့ ထူးဆန်းတာက ယွမ်ဝမ်ချန်လိုလူပါးက အဲ့နှစ်ယောက်ကို စိတ်ချလက်ချလွှတ်ထားပေးခဲ့လိုက်တယ်"
"ပိုပြီးထူးဆန်းတာက မုန့်ချင်ထွက်ပြေးသွားပြီးတဲ့နောက်မှာ သူက ချက်ချင်းဆိုသလို ဘယ်နေရာကမှန်းမသိ ထွက်ပေါ်လာခဲ့ပြီး အမြန်နောက်ကလိုက်ခဲ့တာပဲ"
"အချိန်ကိုက်သွားတယ် ဆိုဦးတော့ အရမ်းကြီးကိုက်လွန်းနေတာ မဟုတ်ဘူးလား"
ထိုစကားကို ကြားသောအခါ လိန်ရှင်းနန် နားလည်သွားခဲ့သည်။
"ရှင်ဆိုလိုတာက ယွမ်ဝမ်ချန်က ကျန်းမင်ကိုတစ်ယောက်တည်းစောင့်ကြည့်ထားခိုင်းပြီး သူမုန့်ချင်ကို လွှတ်ပေးမယ့်အချိန်ကို တမင်သက်သက် စောင့်ဆိုင်းနေခဲ့တာပေါ့။ အဲဒီနောက်မှ တရားခံထွက်ပြေးတဲ့အခွင့်အရေးကို အသုံးချပြီး မုန့်ချင်ကို အသေသတ်ဖို့ကြံခဲ့တာပေါ့ ဟုတ်လား။"
"အတိအကျပဲ။"
လီနန်ခယ့် အတည်ပြုလိုက်၏။
လိန်ရှင်းနန် မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါပေမဲ့ ပြဿနာက မုန့်ချင်က မိုးနီတွေကို အများကြီးရောင်းချထားခဲ့တာလေ။ သူသာ တိမ်တိုက်မြို့တော်ကိုရောက်သွားခဲ့ရင်လည်း သေဒဏ်အပေးခံရမှာ သေချာနေတာပဲဥစ္စာ၊ ယွမ်ဝမ်ချန်က ဘာလို့ အပိုသက်သက် အချိန်ကုန်အားကုန်ခံနေရမှာလဲ"
လီနန်ခယ့်က လျှို့ဝှက်ဆန်းကြယ်စွာပြုံးသည်။
"ဒါကြောင့်မလို့ပဲ ယွမ်ဝမ်ချန် အလောတကြီးသတ်ပစ်ချင်နေရလောက်အောင် မုန့်ချင်လက်ထဲမှာ ဘာအရေးကြီးအချက်အလက်များရှိနေခဲ့လဲ ကျွန်တော်သိချင်တာ"
"သူတို့သုံးဦးရဲ့ ဆက်ဆံရေးကို ခွဲခြမ်းစိတ်ဖြာကြည့်ရရင် ကျန်းမင်ကိုယ်တိုင်ကလည်း မုန့်ချင် မိုးနီရောင်းနေတာကို သိထားခဲ့ဖူးပြီး အတိတ်ကသံယောဇဉ်ကြောင့် နောက်ကွယ်ကနေ ကူညီဖုံးကွယ်ပေးထားခဲ့တယ်လို့ သံသယဝင်စရာရှိတယ်"
"ခင်ဗျားပဲ စဉ်းစားကြည့်လေ၊ တကယ်လို့ မုန့်ချင်သာ တိမ်တိုက်မြို့တော်ကိုရောက်သွားပြီး စစ်ဆေးမေးမြန်းခြင်းခံရမယ်ဆိုရင် သူ့ကို အစစအရာရာကူညီပေးခဲ့တဲ့ ကျန်းမင်ရော ဆွဲထည့်ခံရနိုင်ချေရှိတယ် မဟုတ်လား"
"တကယ်လို့ ကျန်းမင်သာ ရာဇဝတ်ကောင်ကို ကူညီဖုံးကွယ်ပေးထားမှုနဲ့ စွဲချက်တင်ခံရရင် ပြစ်ဒဏ်ကနေ ဘယ်လိုမှပြေးလွတ်တော့မှာမဟုတ်ဘူး"
"ဒါကြောင့် ယွမ်ဝမ်ချန်က ချုံခိုစောင့်နေတဲ့အန္တရာယ်ကို အပြတ်ရှင်းပစ်ဖို့လိုတယ်၊ အဲ့လိုရှင်းပစ်ဖို့ရာလည်း တရားဝင်ဖြစ်တဲ့ အကြောင်းပြချက်တစ်ခု လိုအပ်နေသေးတယ်"
"တကယ်လို့ သံသယရှိသူက အစောင့်အကြပ်ကို တိုက်ခိုက်ထွက်ပြေးလို့ နောက်ကနေ လိုက်လံဖမ်းဆီးရင်း လက်လွန်ပြီးသတ်မိသွားခဲ့တယ်ဆိုရင် အထက်လူကြီးတွေက သူ့ကို အပြစ်တင်ကြပါ့မလား။ လုံးဝအပြစ်တင်မှာ မဟုတ်ဘူး။"
လိန်ရှင်းနန် တစ်ကိုယ်လုံး ရေခဲခန်းထဲရောက်နေသည့်အလား အေးစက်သွားရသည်။
သူမသည် မူလက ဤအမှုတွင် မိစ္ဆာကောင်ကိုလိုက်လံဖမ်းဆီးရာတွင် ကူညီပေးနေရုံဖြင့် လုံလောက်ပြီဟု ထင်မှတ်ထားခဲ့သော်လည်း အတွင်းဘက်၌ ဤမျှအခြေအနေအထိ ရှုပ်ထွေးပွေလီသော လျှို့ဝှက်ချက်များရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
လူ့နှလုံးသားဆိုသည်မှာ တကယ်ကို ခန့်မှန်းရခက်ခဲလွန်းလှပေသည်။
"စိတ်ပျက်မသွားပါနဲ့၊ ကျွန်တော်ကတော့ ယွမ်ဝမ်ချန်ကို တော်တော်လေးသဘောကျပါတယ်"
လီနန်ခယ့် ပြုံးလိုက်သည်။
"ကိုယ်ချစ်ရတဲ့အမျိုးသမီးအတွက် ဒီလို အဆုံးထိမိုက်မဲရူးသွပ်ပေးနိုင်တဲ့ လူမျိုးကို ကျွန်တော်တော့ နားလည်ပေးလို့ရတယ်၊ ပြီးတော့ မုန့်ချင်ကလည်း တကယ်ကို သေသင့်တဲ့လူပဲဥစ္စာ။ ကျန်းမင်ကိုတော့ လူကောင်းတစ်ယောက်လို့ အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်။ သူက စိတ်ထားနူးညံ့လွန်းပြီး ပြတ်သားမှုမရှိရုံတင်ပါ။"
"တစ်ခုရှိတာကတော့ ဒီမိစ္ဆာကောင်ပေါ်လာတဲ့အမှုကြောင့် အထက်လူကြီးတွေက ဒီအမှုကို သေချာစုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် သူတို့နှစ်ယောက်တော့ ညကင်းလှည့်တပ်ဖွဲ့ဝင်တွေအနေနဲ့ ဆက်ရှိနိုင်မှာမဟုတ်တော့ဘူး"
လိန်ရှင်းနန်က ထိုစကားကိုကြားတော့ အသံလွင်လွင်ဖြင့် ရယ်မောလေသည်။
"လူကြီးမင်းက တပ်ဖွဲ့ခေါင်းဆောင်ကိုတောင် အလုပ်လုပ်ပုံတွေပြန်သင်ပေးနေပါရောလား"
ထိုအမျိုးသမီး စိတ်လိုက်လက်ရပြုံးလိုက်ချိန်တွင် မူလက အနုစိတ်လှပသောမျက်နှာလေးမှာ ဆွဲဆောင်မှုတစ်မျိုးဖြင့် ဝင်းပလို့သွားသည်မှာ နွေဦးရာသီတွင် ရောင်စုံပန်းမန်များ ပွင့်ဖူးဝေစည်လာသည့်အလား အမြင်ဖြင့်ပင် စိတ်လက်ပေါ့ပါးကာ ကြည်နူးဖွယ်ကောင်းလှသည်။
လီနန်ခယ့်သည် မျက်စိရှေ့မှမြင်ကွင်းကြောင့် ခေတ္တမျှ ငေးမောမိသွားပြီး စိတ်ရင်းဖြင့်ချီးကျူးမိသည်။
"အစ်မလိန်က တကယ်လှတာပဲ"
အမျိုးသား၏ ဆိုင်းမဆင့်ဗုံမဆင့် ချီးကျူးစကားကိုကြားသော် လိန်ရှင်းနန်၏ ဖိနှိပ်ထားရသောရှက်သွေးများမှာ တစ်ဖန်ရုန်းကြွကာ ပါးလေးနှစ်ဖက် ပူပြင်းတောက်လောက်လာရ၏။ သူမသည် အောက်နှုတ်ခမ်းလေးကိုအသာကိုက်ကာ မျက်လွှာပင့်လျက် ခပ်နောက်နောက်ကြည့်ပြီး ဆူပူသံဖြင့်ဆို၏။
"ရှင်တော်တော်နှာဘူးကျတဲ့လူ"
"အမှန်တရားကိုပြောနေတာပဲ၊ ဘာများမှားလို့လဲ"
ထိုသူက မတရားခံလိုက်ရဟန်ဖြင့် ခပ်ပိုပိုဆိုလာသည်။
သို့သော် အမျိုးသမီး၏ ခပ်နောက်နောက်စကားတွင် လီနန်ခယ့် သူ့ကိုယ်သူပြန်သတိပြုမိသွားရသည်။ သူ ဒီရက်ပိုင်းတွေထဲ တကယ်ပဲ ကလူမြူဆွယ်တတ်လာခဲ့တာလား။
လူကြောင်းလူကောင်းမျက်နှာဖုံးရဲ့ နောက်ကွယ်က အကျင့်စရိုက်မှန်တွေ ပေါ်ထွက်စပြုလာပြီလား။
မဟုတ်တာ၊ အဲ့ဒါ ဟိုသောက်မိုးနီရဲ့ လွှမ်းမိုးမှုတွေကြောင့် အမှောင်ဖုံးနေတာ။
ငါက ဖြောင့်မတ်တည်ကြည်တဲ့ လူကြီးလူကောင်းတစ်ယောက်ပဲလေ။
လီနန်ခယ့် သူ၏အီစီကလီအပြုအမူများအတွက် အကြောင်းပြချက်တစ်ခုကို ထပ်မံရှာဖွေလိုက်သည်။
လေထုမှာ အနည်းငယ်နေရခက်လာသည်ကို ခံစားမိသဖြင့် လိန်ရှင်းနန် ခပ်မြန်မြန်ပင် စကားလွှဲလိုက်သည်။
"ဒါနဲ့ ခုနကပြောတဲ့ ကျန်းမင်ဆီကနေ မိစ္ဆာကောင်ကိုခြေရာခံလို့ရနိုင်လိမ့်မယ်ဆိုတာလေ၊ ရှင်ဘာကြောင့် အဲ့လိုထင်ရသလဲ"
လီနန်ခယ့်က နားကပ်အပဲ့လေးကိုထုတ်ပြလိုက်သည်။
"အဲ့ဒီကျင်းနက်ကြီးထဲမှာ ကျွန်တော်ဒါလေးတွေ့ခဲ့သေးတယ်။ ကျန်းမင်နားမှာ တစ်ဖက်တည်းကျန်တဲ့နားကပ်နဲ့ တစ်ပုံစံတည်းပဲ"
"အဲ့နေ့က သေချာပေါက် ကျန်းမင်ကျင်းထဲဆင်းခဲ့သေးတယ်"
"သူကျင်းထဲကိုရောက်တော့ မုန့်ချင်တစ်ယောက် ဒဏ်ရာတွေဖုံးနေပေမဲ့ အသက်တော့မသေသေးတာကို သိခဲ့ရမှာပဲ"
"ဒီတော့ သူဘာဆက်လုပ်လို့ရမလဲ"
လိန်ရှင်းနန်၏မျက်လုံးများ ပြူးကျယ်သွားသည်။
"မိုးနီကိုသုံးပြီး ကယ်လိုက်တာလား"
သူမ အခုတော့ အစအဆုံးနားလည်သွားခဲ့ပြီဖြစ်သည်။
မုန့်ချင်တစ်ယောက် ဖမ်းဆီးခံထားရသည့် အချိန်အတွင်းမှာပင် မိုးနီရေသန့်များကို မည်သို့မည်ပုံ သိုဝှက်သိမ်းဆည်းနိုင်မည်နည်းဟု သူမ တွေးမရဖြစ်နေခဲ့သည်ပင်။
အကျဥ်းသားကို အကျဥ်းထောင်ထဲမထည့်ခင် တစ်ကိုယ်လုံး နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးရှာဖွေလေ့ရှိကြသည်မဟုတ်လော။
ယခုတော့ ထိုပဟေဠိမှာ အဖြေမှန်ထွက်လာခဲ့လေပြီ။