လေဆင်နှာမောင်းလို မြန်ဆန်လွန်းတဲ့အချစ်
Vol. 17 Ch. 166
"ဒါဆို ကျန်းမင်က မုန့်ချင်ကို မိုးနီပေးခဲ့တဲ့လူပေါ့။"
"ဒါက ခန့်မှန်းခြေသက်သက်ပါပဲ"
လီနန်ခယ့်က ဆိုသည်။
"ဘာပဲဖြစ်ဖြစ် ကျန်းမင်က ညကင်းလှည့်တပ်ဖွဲ့ဝင်တစ်ယောက်လေ။ မိုးနီသုံးစွဲမှုအန္တရာယ်နဲ့ ကန့်သတ်ချက်ပမာဏကို အသေအချာသိထားတာဆိုတော့ မုန့်ချင်ကို အများကြီးပေးခဲ့ဖို့တော့ မဖြစ်နိုင်ဘူး။"
"ဒါပေမဲ့ ကျွန်တော်နားမလည်တာက ယွမ်ဝမ်ချန်ပြောပြသလိုဆိုရင် တွင်းထဲကျသွားတဲ့မုန့်ချင်ရဲ့အလောင်းကို သူသွားမစစ်ဆေးနိုင်ခဲ့တာက ကျန်ခဲ့တဲ့ကျန်းမင်ရဲ့ ဒဏ်ရာတွေကို စိတ်ပူနေရလို့ဆိုပဲ"
"ဒါဆို ကျန်းမင် အဲဒီတွင်းထဲကိုဝင်သွားခဲ့တုန်းက ယွမ်ဝမ်ချန်ဘယ်ရောက်နေတာလဲ။ ကျန်းမင်ကပဲ သူ့ကို တခြားကိုထွက်သွားအောင် လှည့်ကွက်တစ်ခုခုသုံးလိုက်လို့လား"
"အချုပ်ပြောရရင် ဒါက ကျွန်တော်စဉ်းစားလို့မရသေးတဲ့ တစ်ခုတည်းသောအချက်ပဲ။"
လီနန်ခယ့်၏ စဥ်းစားမရနိုင်သေး ဟူသောစကားတွင် လိန်ရှင်းနန်၏ စိတ်အစဉ်မှာ လှုပ်ခတ်သွားခဲ့ရပြီး မေးမြန်းစစ်ဆေးဖို့အတွက် ကျန်းမင်ကို ချက်ချင်းသွားရောက်ဖမ်းဆီးချင်စိတ်ပင် ပေါက်လာခဲ့ရတော့၏။
ညကင်းလှည့်တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်နေပါလျက်နှင့် တရားမဝင်မှောင်ခိုကုန်သည်တစ်ဦးကို မိုးနီ ပေးအပ်ခဲ့တယ်ဆိုတာက စိတ်ထားကောင်းတာထက်ကို ပိုလွန်နေပြီဖြစ်ပြီး ဒါဟာ တကယ့်ကို ပြင်းထန်လှတဲ့ မိုက်မဲမှု၊ ကြီးလေးတဲ့ တာဝန်ပျက်ကွက်မှုနဲ့ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။
"စိတ်မလောပါနဲ့ဦး။ အခုအချိန်မှာ အားလုံးက ခန့်မှန်းချက်သက်သက်ပဲ ရှိသေးတာ။"
ဤအမျိုးသမီး ဒေါသထွက်သွားမည်ကိုစိုးသဖြင့် လီနန်ခယ့် သူမပုခုံးလေးများကိုအသာဖိကာ ဖြေပြောပေးလိုက်သည်။
သူမ စိတ်ငြိမ်သွားချိန်လောက်မှ လီနန်ခယ့် စကားပြန်စသည်။
"ခင်ဗျားပြောခဲ့ဖူးတဲ့ မိစ္ဆာတစ်ကောင်ဟာ ဒဏ်ရာရပြီးသွားရင် သူတို့ပေါက်ဖွားခဲ့တဲ့မူလနေရာကိုပဲ ပြန်သွားတတ်လေ့ရှိတယ်ဆိုတဲ့ စကားအတိုင်းဆိုရင် မုန့်ချင်ဟာ အဲ့ဒီတွင်းထဲမှာ မိစ္ဆာအဖြစ် ကူးပြောင်းသွားခဲ့တာမဟုတ်ဘူး"
"မုန့်ချင် ဘယ်နေရာမှာ သန္ဓေကူးပြောင်းခဲ့လဲဆိုတာ ကျန်းမင်ကတော့သိမှာပဲ"
"ကျွန်တော်အကြံပေးချင်တာကတော့ ဒီအကြောင်းကို လျှို့ဝှက်ချက်အနေနဲ့ပဲထားပြီး ကျန်းမင်ကို အနီးကပ်စောင့်ကြည့်ဖို့ပါ။ နောက်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ မိစ္ဆာကောင်ကို ရက်အနည်းငယ်အတွင်းဖမ်းမိတော့မယ်လို့ သတင်းမှားတွေလွှင့်ထားပေး"
"ဒီနည်းနဲ့မှ အလုပ်မဖြစ်ရင်တော့ ကျွန်တော်တို့ ကျန်းမင်ဆီ တည့်တည့်သွားရတော့မှာပဲ"
"ဖမ်းရမှာလား"
"မဟုတ်ဘူး သတ်ပစ်ရမှာ"
လီနန်ခယ့်၏မျက်လုံးများထဲမှ ထူးဆန်းသောအလင်းတစ်ချက် စူးခနဲထွက်လာသည်။
အမျိုးသမီး၏ နားမလည်နိုင်သောအမူအရာကိုမြင်သော် လီနန်ခယ့်လည်း သင့်တော်၏ မသင့်တော်၏ကို ဂရုစိုက်မနေနိုင်တော့ဘဲ သူမနားရွက်နားသို့အသာကပ်ကာ စကားတချို့အား ခပ်တိုးတိုးပြောလိုက်သည်။
ထိုစကားကိုနားထောင်ပြီး လိန်ရှင်းနန်မှာ တအံ့တသြအမူအရာဖြင့် တိတ်ဆိတ်ကျန်ရစ်လေသည်။
လီနန်ခယ့်တစ်ယောက် ညကင်းလှည့်တပ်ဖွဲ့ဌာနမှပြန်လာပြီး အိမ်သို့ဦးတည်လာချိန်တွင် မင်းသမီးကြီး၏ အနီးကပ်ကိုယ်ရံတော်တစ်ယောက်ဆီမှ ကြားဖြတ်တားဆီးခံလိုက်ရ၏။
"ကိုယ်ရေးအရာရှိလီ၊ မင်းသမီးကြီးက ရှင့်ကို တွေ့ချင်နေပါတယ်။"
ထိုအမျိုးသမီးကိုယ်ရံတော်မှာ အလွန်ပင် ယဉ်ကျေးပျူငှာလှသည်။
လီနန်ခယ့် ရင်ခုန်သံတစ်ချက်မြန်သွားရသည်။ မတိုင်မီကမှ စိတ်ကောင်းဝင်နေခဲ့သော ထိုမင်းသမီးကြီး ချက်ချင်းစိတ်ပြောင်းကာ သူ့ကိုလက်စဖျောက်ဖို့များ ဆင့်ခေါ်ခြင်းပေလားဟု။
အကယ်၍ မဖြစ်မနေလိုအပ်လာပါက မယ်မယ်ကြီးကိုထုတ်သုံး၍ ခြိမ်းခြောက်ရန်သာ ရှိတော့သည်။
အမျိုးသမီးအစောင့်အရှောက်၏ နောက်မှ ထပ်ကြပ်မကွာလိုက်ပါရင်း သူသည် စံအိမ်တော်၏ ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်လာခဲ့သည်။
လီနန်ခယ့်သည် ယာယီစာကြည့်ဆောင်လေးတစ်ခုထဲ ဝင်သွားရသည်။ အထဲတွင် မင်းသမီးကြီးသည် စားပွဲတစ်ခုပေါ်သို့ ကိုင်းညွတ်လျက် စုတ်တံကိုကိုင်ကာ တစ်ခုခုကိုရေးဆွဲနေသည်ကို တွေ့လိုက်ရ၏။
နွဲ့ပျောင်းစွာရပ်နေသော ကိုယ်ဟန်အမူအရာ၊ အာရုံစူးစိုက်နေသောဟန်ပန်မှာ စကားလုံးဖြင့်ဖော်ပြလို့မရအောင် ကျက်သရေပြည့်ဝကာ ဆွဲဆောင်မှုအပြည့်ရှိလှ၏။
"မင်းသမီးကြီးရှင်၊ ကိုယ်ရေးအရာရှိလီကို ခေါ်ဆောင်လာခဲ့ပါပြီ"
"အင်း"
ပိုင်ရူယွဲ့က နှာသံလေးဖြင့် ခပ်ပေါ့ပေါ့သာတုံ့ပြန်လိုက်ပြီး မျက်လုံးကတော့ စားပွဲပေါ်တင်ရှိသော ရွှမ်စက္ကူဆီမှမခွာ၊ သူ့ကိုလည်း တစ်ချက်ပင်မော့ကြည့်မလာ။
အမျိုးသမီးကိုယ်ရံတော်က အလိုက်သိစွာပင် အနောက်သို့ဆုတ်ခွာကာ တံခါးအား စေ့ပိတ်ပေးထားခဲ့သည်။
လီနန်ခယ့် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိ၏။
သူတို့နှစ်ဦးတည်းသာဆိုလျှင် မည်သည့်အန္တရာယ်မှရှိလာမည့်မဟုတ်ဟု အဓိပ္ပာယ်ဖွင့်နိုင်သည်။ သို့ပေမဲ့ သူ့ကို ဒီတစ်ခေါက်ဆင့်ခေါ်ရခြင်း အကြောင်းရင်းကိုတော့ အခုထိ မသိရသေးချေ။
အချိန်များက တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားခဲ့သည်။
တစ်ယောက်မှစကားမစကြသဖြင့် အခန်းလေးမှာ မပြောင်းမလဲ တိတ်ဆိတ်လျက်သာ။
အချိန်မည်မျှကြာညောင်းသွားခဲ့သည်မသိ၊ ပိုင်ရူယွဲ့က စုတ်တံလေးကိုအသာချကာ အနည်းငယ်နာကျင်ကိုက်ခဲနေသောလက်ကောက်ဝတ်လေးကို ညင်သာစွာပွတ်သပ်လျက် အေးစက်စက်အသံဖြင့် စကားစလာ၏။
"ငါမင်းကိုဘာကြောင့် ဒီလာခိုင်းခဲ့သလဲသိလား"
စားကောင်းသောက်ကောင်းလေးတွေ ထပ်ကျွေးဖို့လား။
လီနန်ခယ့်က စိတ်ထဲမှ မကျေမချမ်း အထွန့်တက်လိုက်သော်လည်း လက်တွေ့တွင်တော့ ရိုးသားစွာ ခေါင်းသာခါပြလိုက်သည်။
ပိုင်ရူယွဲ့က မျက်လွှာကိုပင့်ကာ ဆွဲဆောင်မှုရှိသောမျက်နှာထက် ခပ်ထေ့ထေ့အပြုံးကိုဆင်သည်။
"လီနန်ခယ့် ငါမင်းကို အရမ်းမုန်းတာသိလား"
မုန်းတာထက်ပိုတာပေါ့။ မင်းသမီးကြီးက ကျွန်တော့်ကို အမြဲသတ်ချင်နေတာပဲကို။
သို့သော် အမှန်တော့ စကားတစ်လုံးမှပြန်မပြောဖြစ်၊ ဆိတ်ဆိတ်နေမြဲသာ။
ပိုင်ရူယွဲ့ကပြောသည်။
"ငါ့ကိစ္စလေးတစ်ခုမှာ မင်းအကူအညီလိုနေတယ်၊ ဒီအတွက် အပြည့်အဝပူးပေါင်းပါဝင်ပေးဖို့ မျှော်လင့်ပါတယ်"
"မိန့်ကြားတော်မူပါ မင်းသမီးကြီး"
လီနန်ခယ့်စိတ်ထဲကတွေးလိုက်သည်။ ထပ်ပြီးခိုင်းစရာတွေ ပေါ်လာပြန်ပြီပေါ့။
ပိုင်ရူယွဲ့က ခပ်တည်တည်ဖြင့်ဆိုသည်။
"ငါမင်းနဲ့ချစ်ကြည့်ဖို့စီစဥ်ထားတယ်၊ ဒီအတွက် စိတ်ပိုင်းဆိုင်ရာပြင်ဆင်စရာရှိရင် ပြင်ဆင်ထားလိုက်ပါ"
"???"
လီနန်ခယ့်မှာ အကြီးအကျယ် အံ့သြထိတ်လန့်စွာဖြင့် နားကြားမှားလေသလားဟုအတည်ပြုရန် တစ်ဖက်အမျိုးသမီးအား ပြူးပြူးကြီးစိုက်ကြည့်နေမိသည်။
ဘာတွေဖြစ်နေတာလဲ။
သူမနေနိုင်စွာ ထုတ်မေးလိုက်မိသည်။
"မင်းသမီးကြီး ဘာတွေပြောနေတာလဲခင်ဗျာ၊ ဒီငယ်သား သိပ်နားမလည်သလိုပါပဲ"
ပိုင်ရူယွဲ့၏အမူအရာကား ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်မြဲသာရှိပြီး သူမ၏ မျက်ဝန်းများကလည်း ထိုအမျိုးသားအပေါ် ထားရှိသည့် မုန်းတီးမှုနှင့် ရွံရှာမှုများကို ဖုံးကွယ်ရန်မကြိုးစားခဲ့ပေ။ သို့ပေမဲ့ တကယ်တမ်း နှုတ်မှထွက်လာသည့် စကားများကမူ နားထောင်သူအတွက် လုံးဝအဓိပ္ပာယ်မရှိသည့်စကားများသာ ဖြစ်နေလေသည်။
"ငါမင်းနဲ့ သမီးရည်းစားလုပ်ကြည့်ဖို့ စီစဥ်ထားတယ်၊ ပြဿနာတစ်ခုခုရှိလို့လား"
"..."
လီနန်ခယ့်မှာ ခေါင်းစခြေဆုံး အေးစက်ထုံထိုင်းသွားသလိုခံစားရသည်။
သူ့မှာ အမှန်တကယ်မရှိသော အတုအယောင် စိတ်ကူးယဥ်ကမ္ဘာတစ်ခုထဲ ကျရောက်သွားသလိုဖြစ်နေပြီး သူ့အရှေ့ကလူမှာလည်း လုံးဝစိတ်လွတ်ရူးသွပ်နေသလို ခံစားရလေသည်။
ထို တော်ဝင်မိသားစုဝင်များ နည်းနည်းဖြစ်ဖြစ်တော့ လွတ်နေကြသည်မှာ အသေအချာပင်။
"ဒီငယ်သား အတင့်ရဲပြီးမေးလိုပါတယ်။ ဘာကြောင့်များပါလဲ"
လီနန်ခယ့် သူ့ဉာဏ်ရည်နှင့်ပင် ဘယ်လိုစဥ်းစားစဥ်းစား အမျိုးသမီး၏အတွေးစဥ်ကို လိုက်မမီနိုင်တော့။
မဟုတ်မှ တစ်ယောက်ယောက်နဲ့ဂိမ်းကစားပြီး ရှုံးလို့ ခိုင်းတာလုပ်ရတဲ့သဘောလား။
ပိုင်ရူယွဲ့က အလွန်သဘာဝကျကျပင် အေးအေးဆေးဆေးဖြေလေသည်။
"ပထမတစ်ချက် ငါမင်းကို အရမ်းမုန်းတယ်"
"ဒုတိယအချက် မင်းကအိမ်ထောင်ရှိပြီးသား။ ဒါကြောင့် ငါတို့ကြား ဘာမရိုးမသားကိစ္စမှ ဖြစ်လာစရာအကြောင်းမရှိတော့ဘူး"
"နောက်ပြီး ဒီအနီးအနားမှာ မင်းကလွဲလို့ တခြားသင့်တော်သူ ရှာမတွေ့သေးလို့"
ဘယ်လိုထူးဆန်းတဲ့ အကြောင်းပြချက်ကြီးလဲ။
ထိုရှင်းပြချက်ကိုကြားပြီး လီနန်ခယ့်မှာ ပိုလို့ပင်ရှုပ်ထွေးသွားရသည်။ သူ့ဦးနှောက်ထဲတွင် ပေါက်ပေါက်များ အဆက်မပြတ် ပေါက်ကွဲပြန့်ကျဲနေသလိုမျိုး ခံစားနေရ၏။
စိတ်မမှန်နေတာပဲ။
လုံးဝကို စိတ်မမှန်နေတာ။
"ဟုတ်ပြီ ငါလည်း ပြောဖို့လိုအပ်တာ အကုန်ပြောပြီးပြီထင်တာပဲ။ အတိုချုပ်ရရင် မင်းစိတ်ကိုကြိုတင်ပြင်ဆင်ထား၊ နောက်ပြီး ငါမင်းကိုတကယ်ချစ်ကျွမ်းဝင်သွားလိမ့်မယ်လို့မထင်နဲ့။ နောက်ပြီး ဒီဆက်ဆံရေးက ယာယီအတွက်ပဲ"
ပိုင်ရူယွဲ့က အခိုက်အတန့်မျှတွန့်ဆုတ်သွားပြီး သတိပေးလိုက်သည်။
"မင်းလည်း ငါ့ကိုချစ်ကျွမ်းဝင်သွားလို့မရဘူး။ ငါတို့နှစ်ယောက်ကြားမှာ ဘာအနာဂတ်မှရှိလာမှာမဟုတ်ဘူး။ ငါမင်းကိုမုန်းတယ်ဆိုပေမဲ့ မင်းအိမ်ထောင်ရေးကိုတော့ မဖျက်ဆီးချင်ဘူး နားလည်လား"
လီနန်ခယ့်မှာ ဘာပြန်ပြောရမှန်းပင်မသိတော့။
ဖြစ်နိုင်လျှင်တော့ အုတ်ခဲကိုသာဆွဲထုတ်ကာ အမျိုးသမီး၏ခေါင်းကို နာနာလေးထုပစ်ချင်တော့သည်။
နေစမ်းပါဦး။
ငါအဲ့နေ့က သူ့ခေါင်းကို အုတ်ခဲနဲ့ထုခဲ့လိုက်လို့ ဦးနှောက်မှာ တစ်ခုခုချောင်သွားတာမဟုတ်ဘူးလား။
"ကောင်းပြီ မင်းအခုသွားလို့ရပြီ"
ပိုင်ရူယွဲ့က သူ့ကို တစ်ချက်ပင်စောင်းငဲ့မကြည့်ဘဲ အေးစက်စက်နှင်သည်။
အနည်းငယ်မူးဝေထွေပြားနေသော လီနန်ခယ့်က ခေါင်းညိတ်ပြလိုက်သည်။ တံခါးဆီသို့အထွက်လမ်းတွင်မှာ သူတစ်ခုခုကို သတိရလိုက်၏။
"မင်းသမီးကြီး ကျွန်တော့်ကို ဘယ်နေ့လောက်စချစ်မှာလဲဗျ"
"ဟမ်"
ထိုမေးခွန်းကြောင့် ပိုင်ရူယွဲ့မှာ အငိုက်မိကာ ဆတ်ခနဲဖြစ်သွားရသည်။
မျက်နှာက ရှားရှားပါးပါး ရဲတက်သွားသည်။
အချိန်အတော်ကြာစဥ်းစားပြီး အဖြေရှာမတွေ့သည့်အဆုံး သူမစိတ်ရှုပ်ရှုပ်ဖြင့်ပင် ပြန်ပြောလိုက်သည်။
"မင်းပြောလေ၊ ငါဘယ်အချိန်လောက် မင်းကိုချစ်သွားနိုင်မလဲ"
"အယ်"
လီနန်ခယ့်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရတော့သည်။
ဒီအမျိုးသမီးက ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လှတယ် ပါးနပ်အကွက်စေ့လှတယ်ဆိုပြီး နာမည်ကြီးတဲ့မင်းသမီးကြီးမဟုတ်လား။ ဘာကြောင့်အခုကျ အရူးအနှမ်းစကားတွေ ထပြောနေရတာလဲ။ ကိုယ်ကျင့်စရိုက်အသစ်ပြောင်းလဲသွားတဲ့ ရောဂါလက္ခဏာမျိုးလား။
"မင်းပြောကြည့်လေ"
ပိုင်ရူယွဲ့က ထိုအမျိုးသား၏ အူကြောင်ကြောင်ရုပ်ကိုကြည့်ရင်း ပိုလို့မုန်းတီးလာကာ အတင်းဖိမေးလိုက်သည်။
လီနန်ခယ့်လည်း လက်မြှောက်အရှုံးပေးကာ စိတ်ပျက်လက်ပျက်အော်ဟစ်လိုက်တော့၏။
"ဒီနေ့ပဲ မင်းသမီးကြီးရေ ဒီနေ့တင်ပဲ"