ချစ်ကြည့်ကြမလား
Vol. 17 Ch. 167
"ဒီနေ့ပဲဟုတ်လား။ မင်းပြောချင်တာက ငါမင်းသမီးက မင်းကို ဒီနေ့တင်ပဲ ချစ်မိသွားနိုင်တယ်ပေါ့လေ"
ပိုင်ရူယွဲ့သည် သူမ၏ အရည်လဲ့နေသော ဗာဒံစေ့ကဲ့သို့မျက်ဝန်းကြီးများကို ကျယ်ကျယ်ဖွင့်လျက် အနည်းငယ် အံ့အားသင့်နေသောလေသံဖြင့် မေးလာလေသည်။
သူမကတော့ အနည်းဆုံး ဆယ်ရက်မှ လဝက်ခန့်ထိကြာမြင့်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်ပင်။
လီနန်ခယ့်၏ နှုတ်ခမ်းများ သဘောတကျတွန့်ကွေးသွားခဲ့ရပြီး ထပ်ပြီးစနောက်မနေတော့ဘဲ အလေးအနက်တိုက်တွန်းလိုက်သည်။
"မင်းသမီးကြီး၊ လူတစ်ယောက်ကို ချစ်မိသွားတယ်ဆိုတာက ပါးစပ်ကပြောရုံနဲ့တင် လုပ်လို့ရတဲ့အရာမျိုး မဟုတ်ဘူးဗျ။ ဒီအချစ်ဆိုတာက အပြောမှာတော့ လွယ်သလိုလိုနဲ့ လက်တွေ့မှာ အရှုပ်ထွေးဆုံးအရာပဲ။ လုပ်ယူလို့ တွန်းအားပေးလို့ရတဲ့အရာမဟုတ်ဘူး။ လူတစ်ယောက်ကိုချစ်တယ်ဆိုတာ အလိုအလျောက်ဖြစ်လာတဲ့ ခံစားချက်မျိုး"
"ငါမင်းသမီးက တွန်းအားပေးဖို့ ခိုင်းစေလာမယ်ဆိုရင်ရော"
တစ်ပါးသူထံမှ အထင်သေးခံရခြင်းကို အင်မတန်မုန်းတီးတတ်သော ပိုင်ရူယွဲ့သည် လီနန်ခယ့်သင်ကြားပို့ချလာသော စကားများကို ကြားသောအခါ မခံမရပ်နိုင်စွာဖြင့် အာဏာစက်ပါပါဖြင့် လှမ်းပြောလိုက်သည်။
လီနန်ခယ့်ကရယ်သည်။
"ကောင်းပြီလေ၊ ဒါဆိုလည်း ကျွန်တော်ခွဲခြမ်းစိတ်ဖြာပြတာကို တစ်ချက်နားထောင်ပေး။ မင်းသမီးကြီးက ကျွန်တော့်ကိုမုန်းတယ်လည်းဆိုသေးတယ်၊ ကျွန်တော့်ကို ချစ်ဖို့ကြိုးစားမယ်လည်းဆိုသေးတယ်၊ အချစ်နဲ့အမုန်းဆိုတာ လုံးဝကိုမှ ဆန့်ကျင်ဘက်ကြီးမဟုတ်လား။ မင်းသမီးကြီးက ကျွန်တော့်ကိုအဲ့လောက်မုန်းနေမှတော့ ဘယ်လိုချစ်လို့ရမှာလဲ မဟုတ်ဘူးလား"
"အဲ့နှစ်ခုက ဆက်စပ်မှုမရှိဘူးလေ"
ပိုင်ရူယွဲ့က လက်ကိုဝှေ့ယမ်းကာ အဆိုကိုပယ်ချသည်။ သူမစိတ်ထဲ ကိုယ့်အကြံနှင့်ကိုယ် ရှိထားပြီးသားပင်။
သူမအမြင်တွင်တော့ တစ်ဖက်လူကိုမုန်းတီးနေခြင်းသည် ရင်ထဲမှလာသော အမုန်းစစ်ဖြစ်ကာ ချစ်ကျွမ်းဝင်ခြင်းသည် ရောဂါတစ်ခုကိုကုသဖို့ လိုအပ်သည့်အတွက် လုပ်ယူရခြင်းဖြစ်သည်။ လွန်စွာကွာခြားကာ အဆက်အစပ်မရှိသော ခံစားချက်နှစ်ခုပါပေ။
သူမသာ လူကိုကြိုမုန်းမထားလျှင် တွယ်နှောင်လာသော ချစ်သံယောဇဥ်ကြိုးများကို မည်သို့ဖြတ်တောက်ရမည်နည်း။
ငါမင်းသမီးက ဒီလောက်တန်ဖိုးကြီးလှတဲ့ ဒီရွှေကိုယ်တော်နဲ့ နှလုံးသားကို ပေါ့ပေါ့တန်တန် ပစ်ချပေးမယ်များထင်နေလား။
လီနန်ခယ့်လည်း မတတ်သာစွာ သူမကို စိတ်ရှည်လက်ရှည် ထပ်မံစည်းရုံးဖို့ပြင်ရသည်။
"ကောင်းပြီလေ၊ မင်းသမီးကြီးက ကျွန်တော့်ကို တကယ်ချစ်နိုင်သွားပြီဆိုပါစို့၊ အဲ့ဒီအချိန်မှာ ဒီအမုန်းက ဆက်ပြီးတာရှည်ခံဦးမယ်ထင်လား။ အချစ်နဲ့အမုန်းဆိုတာ လုံးဝကိုဆန့်ကျင်ဘက်တွေနော်။ တကယ်တမ်း ခွဲခွာရမယ့်အချိန်ရောက်ရင် မင်းသမီးကြီး နောက်ပြန်လှည့်မကြည့်ဘဲထွက်သွားနိုင်တာ သေချာရဲ့လား"
အရှေ့ပိုင်းစကားများကို ပိုင်ရူယွဲ့ စူးစူးစိုက်စိုက် နားထောင်စဥ်းစားမိပါသော်လည်း နောက်ဆုံးစကားကိုရောက်တော့ မာန်မာနတို့ပြည့်နေသော လှောင်ရယ်သံအား ထုတ်ဖော်လာလေသည်။
"လီနန်ခယ့် မင်းကိုယ်မင်း အဲ့လောက်ဆွဲဆောင်မှုရှိလိမ့်မယ်လို့ တကယ်ကြီးထင်နေတာလားနော်"
ပိုင်ရူယွဲ့က မေးဖျားလေးကို အနည်းငယ်ပင့်မော့လိုက်ပြီး ပြစ်မျိုးမှဲ့မထင်မျက်နှာလေးထက် ယုံကြည်မှုနှင့် မာန်မာနတို့ကို အပြည့်တင်ကာ ခပ်လှောင်လှောင်ဆိုလေသည်။
"စိတ်ချလက်ချသာနေစမ်းပါ။ ငါက သစ်ရွက်လှုပ်တိုင်းရင်ခုန်တတ်တဲ့ ၁၆နှစ်သမီးလေးမှမဟုတ်တာပဲ။ မင်းလိုလူမျိုးက ဒီမင်းသမီးကို တစ်ဘဝလုံး အရူးအမူးချစ်သွားစေဖို့ မလုံလောက်သေးဘူး"
အမျိုးသမီး၏ မာနထောင်လွှားနေသောစကားများမှ ကောက်ချက်တစ်ခုချရသော် ဤတော်ဝင်မင်းသမီးကြီးသည် ခံစားချက်များ သေဆုံးကင်းမဲ့နေသည့် အာဏာရှင်တစ်ဦးသာပင်။
လီနန်ခယ့်လည်း သူမခေါင်းထဲကအတွေးစဥ်ကို သူလိုက်မမီတော့ကြောင်း နားလည်သွားရပြီး ကူကယ်ရာမဲ့စွာဆိုမိ၏။
"မင်းသမီးကြီးခင်ဗျာ၊ ကျွန်တော်မျိုးကလည်း ကိုယ့်ကိုယ်ကိုယ် ဆွဲဆောင်မှုရှိတယ်လို့ မပြောရပါဘူး။ ဒါပေမဲ့ အချစ်ဆိုတာ ဘယ်လောက်တောင်ကြောက်ဖို့ကောင်း..."
"ရပါပြီ ငါ့ကိုအဲ့လောက်ခြောက်မနေပါနဲ့တော့"
ပိုင်ရူယွဲ့က စိတ်မရှည်စွာ လက်ကိုဝှေ့ယမ်းတားဆီးလိုက်သည်။
"မင်းကို အချိန်တိုတိုအတွင်း ချစ်သွားနိုင်မယ့်နည်းလမ်းမျိုးကိုပဲ ပြောပြပေး"
ဤမင်းသမီးကြီးတော့ သူမကျင်လည်သည့် ချောက်ကမ်းပါးအစွန်းထက် မမြင်မစမ်းတိုးကပ်မိနေပြီဖြစ်ကြောင်း လီနန်ခယ့်သိလိုက်ရသည်။
မည်သူတားဆီးပိတ်ပင်ပါစေ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
သူကိုယ်တိုင်လည်း သူမ ဘာတွေးနေမှန်း နားမလည်နိုင်။
ထိုထူးဆန်းသော ရောဂါဆိုးမှာ သေလုမြောပါးခံစားရသည့် ညှဉ်းပန်းနှိပ်စက်မှုမျိုး မဟုတ်သော်လည်း မွေးရာပါ မာန်မာနကြီးလှသော မဟာကျန်းမင်းဆက်အမွေခံ တော်ဝင်မင်းသမီးကြီးအတွက်မူ တဏှာရမ္မက်ပင်လယ်ထဲသို့ အထိန်းအကွပ်မဲ့ ကျဆင်းနေရခြင်းမှာ အသတ်ခံရခြင်းထက်ပင် မခံမရပ်နိုင် ဖြစ်ရပေလိမ့်မည်။
အမှန်တော့ မိမိကိုယ်ကိုသတ်သေဖို့အထိ အကြိမ်ပေါင်းမနည်း တွေးတောကြံစည်ခဲ့ဖူးပြီးဖြစ်၏။
သို့သော် ယခုတော့ အနှီရောဂါကို ကုသပျောက်ကင်းစေနိုင်မည့် နည်းလမ်းတစ်ခု ရှာတွေ့လေပြီဖြစ်ရာ သူမတွန့်ဆုတ်နေတော့မည်မဟုတ်။
တစ်ယောက်ယောက်ကို ချစ်ပစ်လိုက်ပြီး အသုံးမလိုတော့ရင် ပြန်ပစ်ချလိုက်ရုံပဲမဟုတ်လား။
ဒီလောက်ရိုးရှင်းတဲ့ကိစ္စ။
လီနန်ခယ့်ကဆိုသည်။
"တောင်းပန်ပါတယ် မင်းသမီးကြီး၊ ကျွန်တော်လည်း ဒီအချင်းအရာကို လုံးစေ့ပတ်စေ့နားမလည်တဲ့အတွက် နည်းပေးလမ်းပြမလုပ်နိုင်ကြောင်းပါ"
ပိုင်ရူယွဲ့က မျက်လုံးများကိုမှေးကျဥ်းလိုက်ရာ မျက်တောင်ဖျားကြားမှ ကဲ့ရဲ့ရှုံ့ချလိုသော အရိပ်အယောင်အချို့ ဖြာထွက်လာခဲ့သည်။
"ငါ့ရှေ့မှာလာပြီး လူကောင်းယောင်ဆောင်မနေစမ်းပါနဲ့၊ မင်းရဲ့အထက်အရာရှိ လိန်ရှင်းနန်တောင် မင်းအပေါ်ခံစားချက်တွေရှိနေတာပဲမဟုတ်လား။ မင်းမှာ လှည့်ကွက်တွေပေါမှာပါ"
တဆိတ်လောက်၊ ဘယ်ကနေဘယ်လို ဒီလောက်ထက်မြက်ပါးနပ်သွားရပြန်တာလဲ။
လီနန်ခယ့် လက်များကိုဖြန့်ပြလိုက်သည်။
"အစ်မလိန် ကျွန်တော့်အပေါ်ခံစားချက်ရှိမရှိတော့ ကျွန်တော်မသိပေမဲ့ ဘာလှည့်ကွက်မှမသုံးခဲ့ဖူးတာတော့ သေချာပါတယ်။ ဒါပေမဲ့ မင်းသမီးကြီးက ဒီလောက်ထိတောင်းဆိုနေမှတော့လည်း ကျွန်တော်သိသလောက်နည်းလေးတွေပြောပြပါမယ်။ ရိုးရှင်းပါတယ်၊ နမ်းပြီး အိပ်ရာခန်းဝင်လိုက်ရုံ"
"ဘာ"
ပိုင်ရူယွဲ့ တောင့်ခနဲဖြစ်သွားသည်။
ချက်ချင်းဆိုသလိုပင် သူမ၏ လှပသောမျက်နှာထက်တွင် အေးစက်စက်အငွေ့အသက်များ ဖုံးလွှမ်းသွားခဲ့ရပြီး စားပွဲကို ပြင်းစွာရိုက်ချလိုက်တော့သည်။
"အရိုအသေတန်လှချည်လား"
လီနန်ခယ့်ကရယ်သည်။
"ပုံမှန်ချစ်သူစုံတွဲတွေကြားမှာ ဒီလိုဆက်ဆံရေးမျိုးက ရှိနေကျပဲခင်ဗျ၊ မင်းသမီးကြီးက ချစ်ကျွမ်းဝင်ချင်တယ်ပြောပြီး အထိအတွေ့လေးတောင်မလုပ်နိုင်ဘူးဆိုရင်တော့ တခြားတစ်ယောက်သာရှာလိုက်ပါခင်ဗျာ။ ကျွန်တော်မျိုးက ဒီတာဝန်အတွက် မသင့်တော်ပုံပါပဲ"
"မင်းကငါ့ကို ငတုံးငအထင်နေလား"
ပိုင်ရူယွဲ့က ရုတ်တရတ် စားပွဲအောက်မှ စာအုပ်တစ်ထပ်လိုက်ကိုဆွဲထုတ်လာပြီး လီနန်ခယ့်ရှေ့ပစ်ပေးလာသည်။
အမျိုးသားမှာ တစ်ချက်ကြည့်လိုက်ပြီး ကြက်သေသေသွားရတော့၏။
ထိုစာအုပ်များမှာ စာအုပ်ဈေးကွက်တွင် ရောင်းအားကောင်းလှသော အချစ်ဝတ္ထုများဖြစ်ပြီး ရောင်းချခွင့်တားမြစ်ပိတ်ပင်ခံထားရသည့် အချို့သောစာအုပ်များပင် ပါနေသေးသည်။
မင်းသမီးကြီးဘက်ကတော့ အိမ်စာကို အကျေအညက်လုပ်ပြီးထားလေပြီ။
ပိုင်ရူယွဲ့၏ အမျိုးသား၏ ပါးစပ်အဟောင်းသားအသွင်ကို အလွန်ကျေနပ်အားရနေပုံရပြီး မဲ့ကာရွဲ့ကာဆို၏။
"ယောက်ျားမိန်းမကြားက အချစ်ကို ငါကိုယ်တွေ့မကြုံဖူးသေးပေမဲ့ စာတွေ့တော့ကြုံပြီးပြီလေ။ ဒီစာအုပ်တွေထဲမှာ ချစ်သူစုံတွဲတွေဟာ လက်ထပ်ထိမ်းမြားခြင်းမပြုရသေးခင်ထိ မင်းပြောတဲ့ နမ်းတာတွေ အိပ်ရာခန်းဝင်တာတွေ မပြုကြပါဘူး"
လီနန်ခယ့်သည် "ငွေဖလားဂန္ဓမာ" ဟု ခေါ်သော စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်ပြီး မေးမြန်းလိုက်သည်။
"ဒီစာအုပ်ထဲမှာကော အဲဒီလိုမျိုး မပါဘူးလား။"
ပိုင်ရူယွဲ့၏ မျက်နှာလှလှလေး ရှက်သွေးဖြန်းကာ နီရဲသွားပြီး ခပ်မာမာအသံဖြင့်တုံ့ပြန်လေသည်။
"အဲ့တစ်အုပ်ကချွင်းချက်"
လီနန်ခယ့်ကရယ်သည်။
"မင်းသမီးကြီးရယ်၊ ဝတ္ထုတွေဆိုတာ စိတ်ကူးယဥ်ဇာတ်လမ်းတွေလေ။ စိတ်ကူးယဥ်ဇာတ်လမ်းဆိုမှတော့ ဇာတ်ကြောင်းကလည်း သူတို့စိတ်ကူးသတ်မှတ်ထားတဲ့အတိုင်းသွားတာပဲ။ လက်တွေ့မှာက အဲ့လိုတပြေးညီသတ်မှတ်လို့မရဘူးခင်ဗျ"
"ဒါလောက်တော့ ငါမသိဘူးများထင်နေလား။ ဒါကြောင့်ပဲငါမင်းကိုခေါ်ပြီး နည်းလမ်းစဥ်းစားခိုင်းနေတာလေ"
ပိုင်ရူယွဲ့က ခပ်တည်တည်ငြင်းဆိုပေသည့် မလုံမလဲလေသံလေးက ပါဝင်နေသေး၏။
လီနန်ခယ့်လည်း စိတ်ရှုပ်လာကာ ပေါ့ပေါ့ပါးပါးဆိုလိုက်သည်။
"ကောင်းပြီ၊ ဒါဆို နမ်းတာနဲ့ အိပ်ရာခန်းကို ဖယ်ထုတ်လိုက်ကြတာပေါ့။ ဒါပေမဲ့ လက်ကိုက်တာနဲ့ ပွေ့ဖက်တာလောက်ကတော့ လက်ခံသင့်တယ်ထင်ပါတယ်။ ဒီစာအုပ်တွေထဲမှာ လက်ကိုင်တဲ့အခန်းမပါတာတော့ မဖြစ်နိုင်ဘူးမဟုတ်လား"
လက်ကိုင်တာနဲ့ ဖက်ပွေ့တာလား။
မင်းသမီးကြီး၏ မင်ဖြင့်ဆွဲထားသကဲ့သို့ နက်စွေးထူထဲသော မျက်ခုံးတန်းများ တင်းကျပ်စွာကျုံ့ဝင်သွားသည်။
လီနန်ခယ့်ဘက်က စကတည်းက လက်ကိုက်ပြီးဖက်ဖို့ပြောလာလျှင် သူမချက်ချင်းလက်ခံမိမည်မထင်။
သို့သော် တစ်ဖက်လူက နမ်းခြင်းနှင့် အိပ်ရာခန်းဝင်ခြင်း ဟူသော ထိပ်ခေါင်မှစတင်တောင်းဆိုလာသောကြောင့် ဤသို့ တစ်ထစ်လျှော့ထားဟန်တူသော လက်ကိုင်ပွေ့ဖက်ခြင်းမှာ လက်ခံရမခက်ခဲလှတော့ပေ။ တော်သေးသည်ဟု ဆိုနိုင်လောက်ရုံ။
ဤသို့ဖြင့် သူမကာရံထားသော တံတိုင်းကြီး သိသိသာသာနိမ့်ပါးသွားရသည်ကို သတိမမူမိလိုက်။
စိတ်ထဲ အတော်ကြာကြာ ရှုပ်ထွေးငြင်းခုံနေပြီးမှ ပိုင်ရူယွဲ့ နှုတ်ခမ်းလေးကိုကိုက်ကာ တိုးညင်းစွာဆိုလိုက်သည်။
"လက်ကိုင်တာထိတော့ရတယ်၊ ဖက်ဖို့ထိက မလိုသေးဘူးထင်တာပဲလေ။ အဲ့တစ်ခုတော့မေ့လိုက်"
"ကောင်းပြီလေ"
လီနန်ခယ့် ဘာတစ်ခွန်းမှထပ်ပြောမနေဘဲ ရှေ့တိုးကာ လက်နုနုလေးတစ်ဖက်ကို ဖမ်းဆွဲလိုက်သည်။
"မင်းဘာလုပ်တာလဲ"
ပိုင်ရူယွဲ့ အထိတ်တလန့်ဖြစ်ကာ သစ်သားစားပွဲဆီသို့ ကျောကပ်သွားသည်အထိ နောက်ဆုတ်မိသွားသည်။
"လီနန်ခယ့် မင်းအရိုအသေတန်လှချည်လား"
အမျိုးသားက မျက်နှာသေဖြင့်ဆိုသည်။
"ခုနပဲ မင်းသမီးကြီး လက်ကိုင်ခွင့်ပေးလိုက်တယ်မဟုတ်လား"
"ဒါ...ဒါပေမဲ့"
ပိုင်ရူယွဲ့ ပြန်ပြောစရာစကားရှာမတွေ့ကာ ကျောက်စိမ်းသားလို ချောမွတ်သောမျက်နှာလေးမှာ မက်မွန်ပန်းခင်းအလား ရဲသွေးထလျက်ရှိတော့၏။ လက်သေးသေးနုနုလေးနှစ်ဖက်ကိုလည်း နောက်ကျောဆီသို့ ပို့ဝှက်ထားကာ မျက်နှာထားမှာ အလွန်တရာအခက်တွေ့နေဟန်ရှိပြီး တသမတ်တည်း တည်ငြိမ်အေးဆေးနေတတ်သော အမူအရာသည်ပင် ပျောက်ချင်းမလှပျောက်ဆုံးနေခဲ့သည်။
ထိုအခါမှ ယောက်ျားတစ်ယောက်နှင့် လက်ချင်းမထိခဲ့ဖူးမှန်း သူမဘာသာ သတိရမိသည်။
သူမ အခိုက်အတန့်မျှတော့ အခက်တွေ့နေရ၏။
လီနန်ခယ့်က ပခုံးတွန့်လျက် ပြုံးလိုက်သည်။
"ဒါကြောင့်မလို့ ကျွန်တော်ပြောတာ၊ မင်းသမီးကြီး အချစ်ဆိုတာက ဖန်တီးယူလို့ရတာမဟုတ်ဘူးဗျ၊ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီးတွန်းအားမပေးပါနဲ့"
ထိုသို့ပြောပြီး အမျိုးသားက တံခါးဆီသို့လှည့်ကာ ထွက်သွားရန်ပြင်လိုက်သည်။
"ရပ်စမ်း"
သူ တံခါးဖွင့်ကိုလက်လှမ်းလိုက်ချိန်တွင် စူးရှသောအမိန့်သံတစ်ခု ပေါ်ထွက်လာသည်။
ပိုင်ရူယွဲ့တွင် ရှက်ရွံ့တွန့်ဆုတ်ဟန်အမူရာ တစ်စက်မှမရှိတော့ပဲ အံသွားကိုတင်းတင်းကြိတ်ကာ လက်ဖြူဖြူနုနုလေးတစ်ဖက်ကို အလွန်တရာပင်ပန်းကြီးစွာ ရှေ့ထုတ်ပေးလာ၏။
"ကိုင်စမ်း"
အမျိုးသမီးက ထိုသို့ဆိုပြီး တစ်ဖက်သို့ခေါင်းလှည့်သွားသည်။ အရှေ့မှမြင်ကွင်းကိုမကြည့်ရဲသလို၊ သူမအဖြစ်မှာ ကြိုးစင်ပေါ်တင်ခံလိုက်ရသည့် အပြစ်သားတစ်ယောက်လို။
လီနန်ခယ့်လည်း တအံ့တသြဖြစ်သွားရသည်။
သို့သော် ထိုအပြုအမူကိုကြည့်ပြီး သူ့စိတ်ထဲအူမြူးလာကာ ဟန်ဆောင်ပန်ဆောင်လုပ်မနေတော့ဘဲ ပြုံးပြုံးလေးဖြင့် အနားသို့လျှောက်သွားလိုက်သည်။
အနားသို့ ဖြည်းဖြည်းချင်းနီးကပ်လာသော ခြေသံဖွဖွကိုနားထောင်ရင်း ပိုင်ရူယွဲ့မှာ တစ်ရစ်ပြီးတစ်ရစ် တင်းကျပ်လာသောနှလုံးသားကို ခံစားမိနေလေသည်။ သူမလက်ကို နောက်သို့ပြန်ရုပ်ဖို့ ဖိအားများစွာထိုးတက်လာပါသော်လည်း ထိုဖိအားများကို မခံချင်စိတ်ဖြင့် ပြန်တွန်းချလိုက်သည်။