သင်းကွပ်ခံ ဟေးဝူချန်
Vol. 17 Ch. 168
"မင်းသမီးကြီး"
အမျိုးသားက ရုတ်တရတ် စကားထပြောလာသည်။
ပိုင်ရူယွဲ့က စိတ်ဆိုးမာန်ဆိုးဆို၏။
"လက်ကိုင်ချင်ရင်လည်း မြန်မြန်လုပ်စမ်းပါ။ ယောက်ျားကြီးတန်မဲ့ မိန်းမတစ်ယောက်ထက်တောင် ပိုပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေရလား။"
"ဒါဆိုလည်း လက်ကိုအရင်လျှော့ပေးပါဦးခင်ဗျာ၊ လက်သီးကြီးကို ဒီလောက်တင်းကျပ်နေအောင်ဆုပ်ထားတာ။ ကျွန်တော်က ဘယ်လိုကိုင်လို့ရတော့မှာလဲ"
လီနန်ခယ့်က ကူကယ်ရာမဲ့ ညည်းညူလေသည်။
အယ်
ပိုင်ရူယွဲ့ တောင့်တင်းသွားပြီး ပြန်လှည့်ကြည့်လိုက်တော့ ထုတ်ပေးထားသောလက်ကို မသိလိုက်စွာ လက်သီးအဖြစ် တင်းနေအောင်ဆုပ်မိထားသည်အား သိလိုက်ရ၏။ လက်သည်းချွန်ထက်ထက်လေးများပင် လက်ဖဝါးပြင်ထက်စိုက်ဝင်နေခဲ့သည်ကို သူမသတိမမူမိလိုက်။
အမျိုးသမီးမှာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့ရပြီး မျက်နှာလေးနီမြန်းလျက် လက်ကို လျှော့ပေးလိုက်သည်။
သူမ ထပ်မတုံ့ပြန်နိုင်လိုက်မီ ကြီးမားနွေးထွေးသော လက်တစ်ဖက်က သူမ၏လက်ကလေးထက် အုပ်မိုးဆုပ်ကိုင်လာခဲ့၏။
ထိုအချိန်တွင် ပိုင်ရူယွဲ့၏စိတ်အစဥ်မှာ ဗလာဖြစ်သွားရသည်။
တစ်ဖက်လူသည် လက်ကိုမဟုတ်ဘဲ သူမ၏နှလုံးသားထိ လက်လှမ်းဆုပ်ကိုင်ထားသည့်အလား။
ငြင်းဆန်မှု၊ ဒေါသ၊ ရှက်သွေးဖြန်းမှု၊ ဇဝေဇဝါဖြစ်မှု၊ ကြောက်ရွံ့မှု၊ ရွံရှာမှု၊ ထိတ်လန့်မှု...
တစ်ခုပြီးတစ်ခုသော ခံစားချက်များမှာ သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသို့ အားနှင့်မာန်နှင့် စီးဆင်းသွားခဲ့ပြီး တစ်ကိုယ်လုံးတွင် ကြက်သီးမွေးညင်းများ တဖြန်းဖြန်းထလာလေတော့သည်။
ထိုအမျိုးသမီး၏ လက်ကလေးမှာ အလွန်ပင်နူးညံ့ပြီး အေးမြချောမွေ့လှပေသည်။
ကမ္ဘာပေါ်တွင် အကောင်းဆုံးသော သိုးဆီကျောက်စိမ်းဖြူကို ထုဆစ်ထားပြီး ၎င်းအပေါ်တွင် မှုန့်ညက်သော မွှေးနံ့သာအေးအေးလေး ဖြူးပက်ထားသည့်အလား။ သူမ၏ လက်ချောင်းလေးများမှာ သွယ်လျနေပြီး လက်ထိပ်လေးများမှာ ကျောက်စိမ်းကဲ့သို့ ကြည်လင်သန့်စင်လွန်း၍ ဖောက်ထွင်းမြင်ရတော့မယောင် ထင်ရ၏။
လီနန်ခယ့်တစ်ယောက် မိန်းမောသွားခဲ့ရမိတော့သည်။
သူမြင်ဖူးသမျှထဲတွင် အလှပဆုံးသော လက်တစ်စုံဖြစ်မည်မှာ သေချာလှပေသည်။
ဇနီးဖြစ်သူလော့ချန်ချိုးနှင့် လိန်ရှင်းနန်တို့၏ လက်များမှာလည်း မိန်းမသားဆန်ဆန် သွယ်လျလှပကြသည်ဆိုသော်လည်း ဤလက်တစ်စုံနှင့်ယှဉ်လိုက်ပါက အနည်းငယ် နိမ့်ပါးသွားခဲ့ရသည်။
တော်ဝင်သွေးသား ပင်မြင့်စံမင်းသမီးတစ်ပါးပီပီ သူမသည် ငယ်စဉ်ကတည်းက ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို သေသေချာချာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပုံရပြီး တကယ့်ကို ရွှေတစ်သောင်းအဖိုးထိုက်သော တော်ဝင်ခန္ဓာကိုယ်ဆိုသည့် အဓိပ္ပာယ်ကို ဖော်ဆောင်နေခဲ့သည်။
"ပြီး... ပြီးပြီလား။"
ပိုင်ရူယွဲ့၏ လေသံမှာ အနည်းငယ်တုန်ယင်နေခဲ့သည်။ အထူးသဖြင့် ထိုအမျိုးသား၏ လက်ချောင်းများက သူမ၏လက်ဖမိုးကို ပွတ်သပ်နေသည်ဟု ခံစားလိုက်ရသောအခါတွင် ပြင်းထန်သော ငြင်းဆန်မှု၊ ရွံရှာမှုနှင့် ရှက်သွေးဖြန်းမှု ခံစားချက်လှိုင်းတို့မှာ ပိုမို၍ ထင်ရှားရိုက်ခတ်လာလေတော့၏။
အကယ်၍ ရှုံးနိမ့်မှုကို မပြသလိုသော သူမ၏ မာနကြီးလှသည့်ပင်ကိုယ်စရိုက်သာ မရှိခဲ့ပါက လက်ကို ချက်ချင်းပြန်ရုပ်သိမ်းမိလိုက်မည်ပင်။
"အစပဲရှိသေးတာကို၊ ဘာဖြစ်လို့ ဒီလောက်တောင်လောနေရတာလဲ။"
မူလက သူမကို တို့ထိစနောက်ရန်သာရည်ရွယ်ခဲ့သော လီနန်ခယ့်သည် ယခုအခါတွင်မူ ဤလက်ကလေးကိုလွှတ်ပေးရန် နှမြောသလိုလိုဖြစ်လာခဲ့ရသည်။
ယုန်မလေးမုန့်၏ ချိုမြိန်နူးညံ့သော နှုတ်ခမ်းလွှာလေးကို ထိတွေ့မြည်းစမ်းလိုက်ရသည့် အခိုက်အတန့်ကဲ့သို့။
တစ်ခုချင်းစီတွင် သီးခြားဆွဲဆောင်မှုတစ်ခုစီ ရှိကြသည်သာ ဖြစ်၏။
ပိုင်ရူယွဲ့သည့် ဖူးပြည့်စိုစွတ်သော နှုတ်ခမ်းလွှာများကို သူမ၏ ပုလဲရောင်သွားလေးများဖြင့် သွေးထွက်လုမတတ် ကိုက်ခဲထားခဲ့မိပြီး ဆက်လက်၍ အောင့်အည်းသည်းခံနေရန်မှတစ်ပါး အခြားမရှိတော့ချေ။
ထို့နောက် သူမ၏စိတ်ထဲတွင် ထိုညဉ့်ယံအချိန်က အဖြေရှာမရသောအခိုက်အတန့်ကို ပြန်လည်သတိရသွားခဲ့မိသည်။
အိပ်မက်ဆိုးတစ်ခုကဲ့သို့ မခံမရပ်နိုင်ဖြစ်ခဲ့ရသည့် ထိုအမှတ်တရ။
သူမသည် ဤအမျိုးသား၏ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းကို အလွန်အကျွံခံခဲ့ရပြီးဖြစ်ရာ လက်ကိုင်ခံရရုံ လက်ကိုပွတ်သပ်ခံရရုံလောက်တော့ ဘာများ အရေးစိုက်စရာရှိတော့မည်နည်း။
ဤသို့ တွေးတောလိုက်မိသောအခါ ပိုင်ရူယွဲ့သည် ရုတ်တရက် စိတ်သက်သာရာရမှုကို ခံစားလိုက်ရတော့သည်။
သူမ၏ တင်းကျပ်နေသော ခံစားချက်များမှာ ဤအခိုက်အတန့်တွင် သိသိသာသာလျော့ကျသွားခဲ့ရပြီး အကြည့်များကိုလည်း ဇွတ်အတင်းရှောင်လွှဲမနေတော့ဘဲ သူတို့နှစ်ဦး ချိတ်ဆက်ထားသော လက်တစ်စုံဆီသို့သာ စိုက်ကြည့်နေခဲ့လိုက်သည်။
သူ့လက်က... တော်တော်လေး နွေးတာပဲ။
မဆီမဆိုင် အတွေးတစ်ခုက အမျိုးသမီး၏ရင်ထဲသို့ တိုးဝှေ့ဝင်ရောက်လာတော့၏။
...
စံအိမ်တော်ထဲမှ ထွက်လာခဲ့ချိန်တွင် ကောင်းကင်ထက်၌ ကြယ်အချို့သီကုံးနေခဲ့ချေပြီ။
ညဉ့်အမှောင်ထု၏လွှမ်းခြုံမှုမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို မသိမသာဖြင့် အလုံးစုံဖုံးလွှမ်းသွားခဲ့ပြီး အိမ်တိုင်း၏ရှေ့တွင် ချိတ်ဆွဲထားသော မီးအိမ်များကို ပိုမို၍ တောက်ပနေစေခဲ့သည်။
မင်းသမီးကြီး၏လက်ကို ထိတွေ့ဆုပ်ကိုင်ခဲ့ရပြီးဖြစ်သော်လည်း လီနန်ခယ့်မှာ ထိုအချင်းအရာတစ်ခုလုံးကို တော်တော်လေးအဓိပ္ပာယ်မရှိဟု ခံစားနေရဆဲဖြစ်၏။
သို့သော် အဓိပ္ပာယ်မရှိလိုက်တာ ဆိုသောအတွေးထက် ရယ်ချင်ပက်ကျိစိတ်က ပို၍ကြီးစိုးနေခဲ့သည်ပင်။
ရူးတော့ရူးနေပေမယ့် အရူးပါး၊ နောက်ပြီး တော်တော်လေးလည်း စိတ်ဝင်စားဖို့ကောင်းတာပဲ။
ရင်းနှီးပြီးသား လမ်းကြားလေးအတိုင်း ကွေ့ဝင်လိုက်ပြီးနောက် လီနန်ခယ့်သည် တောအုပ်လမ်းထဲသို့ ဝင်ရောက်လာခဲ့သည်။ ဤလမ်းတလျှောက်တွင်တော့ မည်သည့်မီးရောင်မျှ မရှိတော့ချေ။ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ မီးခိုးရောင်သန်းလျက် မှောင်မိုက်နေခဲ့ပြီး လမ်းကလေးပင်လျှင် ပတ်ဝန်းကျင်နှင့် ရောနှောကာ မသဲမကွဲဖြစ်နေခဲ့သည်။
သူသည် ဤအိမ်ပြန်လမ်းအတိုင်း အကြိမ်ပေါင်းများစွာ လျှောက်လှမ်းခဲ့ဖူးသည်။
မျက်စိမှိတ်ထားလျှင်ပင် အိမ်ပြန်လမ်းကို ရှာဖွေနိုင်ပေလိမ့်မည်။
အဝေးတစ်နေရာတွင် ဝေဝေဝါးဝါး ထွက်ပေါ်နေသော တောင်တန်းကြီးများမှာ ဘီလူးကြီးများအလား ထင်မှတ်မှားစရာရှိပြီး ညဉ့်အမှောင်ထုထဲတွင် ကမ္ဘာမြေကို စိုးမိုးဖိနှိပ်လိုသည့်ခံစားချက်အား ပေးစွမ်းနေခဲ့သည်။
လီနန်ခယ့်သည် ဇနီးဖြစ်သူ ယနေ့ညတွင် မည်သည့်ညစာမျိုးကို ပြင်ဆင်ထားပေးမလဲဟု တွေးတောမိနေခဲ့ရင်း မနေ့ညက အိပ်ရာထက် ပွတ်သပ်ပွေ့ဖက်ခဲ့ရသော နွေးထွေးမွှေးပျံ့သည့်အတွေ့အကြုံကို ပြန်လည်သတိရမိကာ ယနေ့ညတွင် နောက်ခြေလှမ်းတစ်ဆင့်တိုးမြှင့်နိုင်ရန် မျှော်လင့်လျက် ခြေလှမ်းသွက်သွက်လှမ်းလိုက်၏။
အေးမြသော လေပြေညင်းတစ်ချက် ဝေ့ယမ်းလာခဲ့ရာ သစ်ရွက်များ တရှဲရှဲမြည်ဟည်းသွားခဲ့ရပြီး သစ်ကိုင်းများမှာ ဖြည်းညှင်းစွာ ယိမ်းထိုးသွားခဲ့ကြသည်။
ပြင်းထန်လှသော အမွှေးနံ့တစ်ခုက သူ့နှာခေါင်းထဲသို့ အကြားအလပ်မရှိ တိုးဝင်လာခဲ့၏။
အမွှေးနံ့သာလား။
လီနန်ခယ့်သည် ခြေလှမ်းများကိုရပ်တန့်လိုက်ပြီး ရှေ့တူရူသို့ မျက်မှောင်ကြုတ်လျက် လှမ်းကြည့်လိုက်သည်။
သစ်ရိပ်များကြားတွင် လူရိပ်တစ်ခုရပ်နေဟန်ရှိပြီး ဇာတ်လမ်းများထဲက သစ်ပင်တွင်ဇောက်ထိုးခြောက်လှန့်ရှိသော အငြှိုးကြီးတစ္တေတစ်ကောင်အလား လေထဲတွင် လွင့်ပျံယိမ်းထိုးနေခဲ့သည်။
"ဘယ်သူလဲ။"
လီနန်ခယ့်သည် နှလုံးသားထဲမှ မတည်မငြိမ်ခံစားချက်ကြောင့် ဓားကိုဆုပ်ကိုင်ကာ သတိတင်းတင်းကပ်ထားလိုက်သည်။
ထိုအချိန်တွင် သူ့နားထဲ ပိုးချည်မျှင်များ အချင်းချင်းပွတ်တိုက်မိသံကို ခပ်တိုးတိုးလေး ကြားလိုက်ရသည်။ သူ့ဘေးဘက် လေးဘက်လေးတန်တွင် လူလေးယောက်က အပ်ချုပ်ခြင်းအမှုကိုပြုနေကြသည့်အလား အသံတိုးတိုးလေးများက အရပ်မျက်နှာစုံမှ ယှက်ဖြာနေခဲ့ကြသည်။ လီနန်ခယ့် ပြန်ဆုတ်ဖို့လမ်းကိုပင် ပိတ်ဆို့ခံလိုက်ရပြီဖြစ်ကြောင်း ခံစားမိလိုက်၏။ ရန်သူမှာ သိုင်းပညာရှင်တစ်ယောက်ပင်။
သူသည် စိတ်ကိုငြိမ်ငြိမ်ထားလျက် ထိုလူရိပ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့သည်။
အနားသို့ ပိုမိုနီးကပ်သွားခဲ့သောအခါ လီနန်ခယ့်သည် လူတစ်ယောက်၏ပုံသဏ္ဌာန်ကို အသေအချာ မြင်တွေ့လိုက်ရသည်။ ခန္ဓာကိုယ်တည်ဆောက်ပုံအရ အကဲဖြတ်ကြည့်ဖို့ကြိုးစားသော်လည်း ယောက်ျားလား၊ မိန်းမလား ခွဲခြားရန် မဖြစ်နိုင်သော ပုံသဏ္ဍာန်ပင်။ ကျယ်ပြန့်သော အင်္ကျီလက်ပွကြီးများမှာ လေထဲတွင် တဖျတ်ဖျတ်လွင့်ပျံနေခဲ့ပြီး အနီးနားရှိ ယိမ်းထိုးနေသောသစ်ကိုင်းများနှင့် တစ်သားတည်း လှုပ်ရှားနေခဲ့ကြသည်။
"မင်းဘယ်သူလဲ။"
လီနန်ခယ့်က လေးနက်သောလေသံဖြင့် ထပ်မံမေးမြန်းလိုက်သည်။
တစ်ဖက်လူကမူ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိချေ။ သို့သော် လီနန်ခယ့်သည် အမှောင်ထုကိုအားပြုကာ ဝှက်ကွယ်ထားသော မျက်ဝန်းတစ်စုံက သူ့ကို စိတ်ဝင်တစားစိုက်ကြည့်နေခဲ့ကြောင်း ခံစားလိုက်ရမိသည်။ သူ အလွန်ပင် စိတ်မသက်မသာဖြစ်သွားရ၏။
တစ်ဖက်လူ၏ အကြည့်များမှာ ရန်လိုသွေးဆာလှဟန်အား အာရုံခံမိသည်။ သူ့မှာ ယဇ်ပလ္လင်ထက် အသတ်ခံရရန် စောင့်ဆိုင်းနေသည့် သိုးသူငယ်တစ်ကောင်အလား ထိုလျှို့ဝှက်ဆန်းပြားသော အရိပ်မည်းကြီး၏ လောဘတကြီး အကဲဖြတ်ခြင်းကို ငြိမ်ခံနေရပြီး စက္ကန့်မရွေး သူ့ကိုခုန်အုပ်ဝါးမျိုလာတော့မည်ဟု ခံစားနေရ၏။
"ငါ လူတစ်ယောက်ကို လာရှာတာ။"
ယောက်ျားတစ်ယောက်ရဲ့ အသံလား။
မဟုတ်ဘူး၊ မိန်းမတစ်ယောက်ရဲ့အသံနဲ့ ပိုတူမနေဘူးလား"
လီနန်ခယ့် အနည်းငယ် ဝေခွဲမရဖြစ်သွားခဲ့ရသည်။ သေသေချာချာ ပြန်လည်စဉ်းစားကြည့်သောအခါ ၎င်းမှာ ယောက်ျားတစ်ယောက်က မိန်းကလေးသံကို အတုယူပြောဆိုရန်အတွက် လည်ချောင်းကို တမင်တကာညှစ်ထားသည့်အသံနှင့် ပိုတူနေခဲ့သော်လည်း ရုပ်မြင်သံကြားအစီအစဥ်များထဲမှ ကြားနေကျမိန်းမလျာသံနှင့်လည်း မတူလှပြန်။
"မေးပါရစေ၊ လူကြီးမင်း ဘယ်သူ့ကိုရှာနေတာလဲ။" လီနန်ခယ့်က မေးလိုက်သည်။
"ငါ့ယောက်ျားကို။"
တစ်ဖက်လူက ထိုထူးဆန်းသော ယောက်ျားမကျ မိန်းမမကျအသံကို သုံးလျက် ပြန်လည်ဖြေကြားလာခဲ့သည်။
ဓားရိုးကိုဆုပ်ကိုင်ထားသော လီနန်ခယ့်၏ လက်ဖဝါးထဲတွင် ချွေးစေးများစိမ့်ထွက်လာခဲ့ရသည်။ သူက အေးစက်စွာ ဆိုလိုက်သည်။
"မင်းယောက်ျားက ဒီနေရာမှာ လမ်းပျောက်သွားလို့လား။"
"သူ့နာမည်က... တုန်းဝမ်ခွင်းတဲ့။"
ဘာ
လီနန်ခယ့်၏ အမူအရာမှာ သိသိသာသာ ပျက်ယွင်းသွားခဲ့ရပြီး လည်ပင်းဆီမှ ကြက်သီးမွေးညင်းများ ထောင်ထလာခဲ့ကာ နှလုံးသားထဲတွင်လည်း တုန်လှုပ်ချောက်ချားမှုများကြောင့် ဗြောင်းဆန်သွားခဲ့ရတော့သည်။
ဒါက တုန်းဝမ်ခွင်းရဲ့ မိန်းမလား။ မဟုတ်သေးဘူး၊ တိတ်တိတ်ပုန်းထားထားတဲ့ အပျော်မယားများလား။ ယောက်ျားမဟုတ် မိန်းမမဟုတ် လူလား။
လီနန်ခယ့်သည် တုန်းဝမ်ခွင်းတွင် ဤကဲ့သို့သော သိုင်းပညာရှင်အဆင့် လျှို့ဝှက်ချစ်သူတစ်ဦး ရှိနေလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ချေ။ သူ၏နှလုံးသားမှာ အတွေးများစွာဖြင့် လေးလံသွားခဲ့ရပြီး ထင်ကြေးတွေကို တစ်ခုပြီးတစ်ခုတွက်ချက်နေရင်း အေးစက်စက်အသံဖြင့် တုံ့ပြန်လိုက်သည်။
"ငါတော့ အဲ့လူကိုမသိဘူး၊ မင်းလူမှားနေပြီထင်တယ်"
"ဟီးဟီးဟီး..."
တစ်ဖက်တွင် ရှိနေသောသူက နားမခံသာအောင်စူးရှပြီး ရွံရှာဖွယ်ကောင်းလှသော ရယ်မောသံကို ထုတ်လွှတ်လေသည်။
ဝှီး
လီနန်ခယ့်သည် မျက်စိရှေ့တွင် အလင်းတစ်ချက်ဖြတ်သန်းသွားသည်ကိုသာ မသဲမကွဲမြင်လိုက်ရပြီး ထိုလူရိပ်မှာ သရဲတစ္ဆေတစ်ကောင်အလား သူနှင့် လေးမီတာမျှသာကွာဝေးသော နေရာတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ကာ ငြိမ်သက်စွာရပ်တန့်နေခဲ့သည်။ အနားနီးလာသည်နှင့် ပျို့အန်ချင်စရာကောင်းလှသော နှုတ်ခမ်းနီနံ့မှာ ပိုပြင်းထန်လာခဲ့၏။
လီနန်ခယ့် ထိုပုံရိပ်ကို စူးစိုက်ကြည့်လိုက်ရာ နောက်ဆုံးတော့ မျက်နှာသွင်ပြင်ကို သေသေချာချာ မြင်တွေ့လိုက်ရသည်။ ထိုမျက်နှာမှာ သေလူတစ်ယောက်ကဲ့သို့ ဖြူဆွတ်နေခဲ့၏။
မျက်နှာချေမှုန့် အများအပြားလိမ်းကျံထားသည်မှာ အလွန်ထင်ရှားသိသာလှပြီး ပိန်လှီခြောက်လမ်းလှသော နှုတ်ခမ်းများမှာမူ လူ့သွေးကို သောက်သုံးထားသည့်အလား တောက်ပပြီး သွေးရောင်လွှမ်းနေခဲ့သည်။
ပုံသဏ္ဌာန်အရ အကဲခတ်ရလျှင်တော့ ယောက်ျားတစ်ယောက်မှန်း သေချာလှသည်။ သို့သော် အပြုအမူနှင့် စရိုက်လက္ခဏာက မိန်းမတစ်ယောက်နှင့် ပို၍တူညီနေခဲ့သည်။ ထိုသူသည်ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး ဆံပင်များမှာ ဖရိုဖရဲလွင့်ပျံနေခဲ့ရာ ငရဲပြည်မှ အလည်အပတ်ရောက်ရှိလာသော သေမင်းတမန်ဟေးဝူချန်အလား ထင်မှတ်မှားစေ၏။
အတိအကျဆိုရလျှင်တော့ သင်းကွပ်ခံထားရသည့် ဟေးဝူချန်အလား။
"မင်းစကားကို ငါကယုံလိမ့်မယ်လို့ ထင်နေတာလား။"
ထိုမိန်းမလျာမိစ္ဆာကောင်က ကြောက်မက်ဖွယ်ကောင်းစွာ ဆိုလိုက်သည်။