← Chapters

အစားထိုးလင်ယောက်ျား

Vol. 17 Ch. 169

အစားထိုးလင်ယောက်ျား

Vol. 17 Ch. 169

တန်ပြန်နည်းလမ်းကို စဉ်းစားနေရင်း လီနန်ခယ့်သတိကြီးစွာ ဆိုလိုက်သည်။

"အခုမှသတိရတယ်၊ မင်းပြောတဲ့အဲ့ဒီတုန်းမျိုးရိုးက တပ်မှူးတုန်းကိုပြောတာလား။ သူက ထျန်ချုံးဂိုဏ်းနဲ့ပူးပေါင်းခဲ့တဲ့အတွက်ကြောင့် မင်းသမီးကြီးက သူ့ကို ကွပ်မျက်မိန့်ပေးခဲ့ပြီးပြီလေ။"

"သခင်လေးရယ်၊ သူသေသွားပြီဆိုတာကို ငါလည်းခန့်မှန်းမိပါတယ်"

ထိုမိစ္ဆာကောင်က ထူးဆန်းစွာ ဆက်လက်ရယ်မောလိုက်သည်။

"ဒါပေမဲ့ သူဘယ်လိုသေလဲ၊ ဘာဖြစ်လို့သေလဲဆိုတာကိုတော့ ငါရှာဖွေစုံစမ်းရမယ်။ သူက ငါ့ရဲ့လင်ယောက်ျား၊ ငါ့ရဲ့အချစ်ဆုံး အားခွင်းလေ။"

"မင်းအဲ့လောက်သိချင်ရင် မင်းသမီးကြီးကိုပဲ သွားမေးသင့်တယ်၊ ငါ့ကိုမမေးနဲ့။"

လီနန်ခယ့်မှာ အနံ့အသက်များကြောင့် ပျို့အန်ချင်စိတ်ပင်ပေါက်လာရသည်။

မိစ္ဆာကောင်က ဆိုသည်။

"မဟုတ်ဘူး၊ အဖြေကမင်းပဲ။ ငါလည်း အစကတော့ အားခွင်းအတွက်ကလဲ့စားချေဖို့ မင်းကိုသတ်ပစ်ဖို့ ရည်ရွယ်ထားတာ။ ဒါပေမဲ့ အခုတော့ ငါစိတ်ပြောင်းသွားပြီ။ မင်းက အားခွင်းရဲ့နေရာမှာ အစားဝင်ပေးရမယ်၊ ဘယ်လိုလဲ။"

လီနန်ခယ့် ဆက်လက်အောင့်အည်းသည်းမခံနိုင်တော့ဘဲ ဆဲရေးတိုင်းထွာလိုက်တော့သည်။

"ဘယ်ကစောက်ရူးနဲ့ လာတွေ့နေမှန်းကိုမသိဘူး"

"ဒါကတော့ မင်းကငါ့အတွက်‌ ဆေးဝါးဖြစ်မဖြစ်ဆိုတဲ့အပေါ် မူတည်ပါတယ်"

ထိုမိစ္ဆာကောင်မှာ ဝှီးခနဲအသံနှင့်အတူ မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့ပြန်သည်။

လီနန်ခယ့် ပုခုံးကို ဖျတ်ခနဲအပုတ်ခံလိုက်ရခြင်းအား ခံစားလိုက်ရ၏။ အနောက်သို့ ချက်ချင်းလှည့်ကြည့်လိုက်သော်လည်း တစ်ဖက်လူမှာ ငါးမီတာခန့်ကွာဝေးသော နေရာသို့ ရောက်ရှိနေခဲ့ပြန်ပြီဖြစ်ပြီး သူ့ကို ရိသဲ့သဲ့အမူအရာဖြင့် ကြည့်နေသည်။

"မင်းခန္ဓာကိုယ်က တကယ်ကိုအံ့သြစရာကောင်းတာပဲ၊ ငါတော့ ပွဲတော်တည်စရာတွေ့ပြီထင်တယ်"

မိစ္ဆာကောင်သည် သူ၏ သွေးရောင်နှုတ်ခမ်းများကို လျှာဖြင့်သိမ်းလျက်လိုက်သည်။

လှုပ်ရှားတာ ဒီလောက်တောင်မြန်ရလား။ လီနန်ခယ့်၏ နှလုံးခုန်သံမှာ စည်တီးနေသည့်အလား ပြင်းထန်မြည်ဟီးလာခဲ့ရပြီး ကျောပြင်မှစိမ့်ထွက်လာသော ချွေးစေးများမှာ အဝတ်အစားများကိုပင် စိုရွှဲစေခဲ့ချေပြီ။

သူမာန်တင်းကာ ဟိန်းဟောက်လိုက်သည်။

"မင်းဘယ်သူပဲဖြစ်ဖြစ် ငါ့ကိုလာမရှုပ်တာ အကောင်းဆုံးပဲ၊ မဟုတ်ရင်တော့—"

"ဘာလဲ ငါ့ကိုဝါးစားပစ်မလို့လား"

ဖတ်

သူ့ပုခုံးမှာ နောက်တစ်ကြိမ်အပုတ်ခံလိုက်ရပြန်၏။

ထိုမိစ္ဆာကောင်က မကောင်းဆိုးဝါးသံဖြင့် ပြောလာသည်။

"အားခွင်းသေသွားပေမဲ့ ငါဝမ်းမနည်းပါဘူး၊ ဒါပေမဲ့ အနည်းဆုံးတော့ သူ့နေရာမှာအစားထိုးမယ့်လူ တစ်ယောက် ရှိရမယ်လေ။ သခင်လေး၊ မင်းလိုအသွေးအမွေး ရုပ်ရည်မျိုးသာဆိုရင် ဘယ်မိန်းမမဆို ရင်ခုန်မိမှာပဲ၊ ငါ့အတွက်တော့ ပြောနေစရာတောင် မလိုတော့ဘူး။ ဒီနေ့ကစပြီး မင်းက ငါ့ယောက်ျားပဲ၊ ငါ မင်းကို ကောင်းကောင်းပြုစုစောင့်ရှောက်ပေးမယ်၊ ဟီးဟီးဟီးဟီး..."

‌ပြောရင်းဆိုရင်းနှင့်ပင် မိစ္ဆာကောင်၏ ဖြူဖျော့သောလက်သည်းကြီးများမှာ လီနန်ခယ့်၏ ပခုံးဆီသို့ ဆန့်တန်းလာခဲ့သည်။

ရွပ်

မှောင်မိုက်သောတောအုပ်ထဲတွင် သုံးပေနီးပါးခန့် ရှည်လျားသော အပြာရောင်ဓားအလင်းတန်းတစ်ခု ချက်ချင်းဖြာထွက်သွားခဲ့သည်။

အချိန်မီ နောက်ဆုတ်သွားနိုင်ခဲ့သော ထိုမိစ္ဆာကောင်က ဟင်ခနဲ အာမေဋိတ်ပြုကာ သူ၏ စုတ်ပြဲသွားသောဝတ်ရုံကို ငုံ့ကြည့်ရင်း မျက်လုံးများက အံ့အားသင့်မှုဖြင့် လင်းလက်တောက်ပလာခဲ့သည်။

"မင်းကြည့်ရတာ ကျင့်ကြံသူနဲ့လည်းမတူပါဘဲ ဒီလောက်တောင် လက်ရာမြောက်တဲ့ ဓားသိုင်းပညာကိုတတ်မြောက်ထားတာလား၊ သခင်လေးကငါ့ကို ဒီလိုအံ့သြစေနိုင်တာပဲ"

လီနန်ခယ့် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။ သူ အချိန်အတော်ကြာအောင် အားဖြည့်ပြင်ဆင်ခဲ့ရသော ဤတိုက်ကွက်မှာ တစ်ဖက်လူ၏ ဝတ်ရုံမျှကိုသာ ဖြတ်တောက်နိုင်ခဲ့လေသည်။ ဒီလူရဲ့ကျင့်စဥ်က ဘယ်လောက်တောင်မြင့်မားနေတာလဲ။

"သခင်လေး၊ မင်းငါ့နောက်ကို လိမ်လိမ်မာမာနဲ့လိုက်ခဲ့တာ အကောင်းဆုံးဖြစ်မှာပဲ။"

ထိုမိစ္ဆာကောင်သည် ယခင်ကထက် နှစ်ဆမျှပိုမြန်သောနှုန်းဖြင့် လီနန်ခယ့်ထံသို့ ထပ်မံ၍ လက်လှမ်းလိုက်ပြန်သည်။

လီနန်ခယ့်သည် ဓားထုတ်သိုင်းကွက်ကို ထပ်မံအသုံးပြုခဲ့သော်လည်း တစ်ဖက်လူက ဓားလမ်းကြောင်းကို ကြိုတင်သိမြင်ထားသကဲ့သို့ လွယ်ကူပေါ့ပါးစွာ ရှောင်တိမ်းသွားခဲ့သည်။ နောက်တစ်စက္ကန့်တွင် လီနန်ခယ့်၏ပခုံးမှာ ထိုသူ၏ ချွန်ထက်သောလက်သည်းကြီးများဖြင့် မြဲမြံစွာ ဖိညှစ်ဆုပ်ကိုင်ခြင်း ခံလိုက်ရတော့၏။

ပြင်းထန်လှသော နာကျင်မှုမှာ ပခုံးမှတစ်ဆင့် စီးဆင်းသွားခဲ့ရပြီး လီနန်ခယ့်မှာ မျက်စိထဲတွင် ကြယ်များလများမြင်မိတော့မတတ်။ ဓားရိုးကို ဆုပ်ကိုင်ထားသောလက်မှာ ပျော့ခွေကျသွားခဲ့ရချေသည်။ ပုခုံးဆစ်ပြုတ်ထွက်သွားခြင်းပင်။

"သခင်လေးက လိမ္မာရမယ်လေ။ လိမ္မာမှပဲ ငါက သကြားလုံးကျွေးမှာ။ မဟုတ်ရင်တော့ အရိုက်ခံရလိမ့်မယ်"

မိစ္ဆာကောင်သည် လီနန်ခယ့်၏ နားရွက်နားသို့တိုးကပ်ကာ အသက်ကိုပြင်းစွာရှူလျက် လောဘဇောတက်နေသောအသံဖြင့် ဆိုသည်။

"ဒီလောက်နူးညံ့ချောမွေ့တဲ့ အသားအရေမျိုးကို ဖျက်ဆီးလိုက်မိရင် ငါ့နှလုံးသားလေး ကြေကွဲနစ်မွန်းရမယ်မဟုတ်လား"

ပြင်းထန်လှသော မျက်နှာချေနှင့် နှုတ်ခမ်းနီနံ့များမှာ စူးရှသောကိုယ်နံ့ဆိုးများနှင့် ရောနှောနေခဲ့သည်။ လီနန်ခယ့်သည် ဦးရေပြားတစ်ခုလုံး ပေါက်ကွဲထွက်တော့မလို ခံစားလိုက်ရသဖြင့် အသံထွက်ဆဲရေးလိုက်တော့သည်။

"မိန်းမလျာအမှိုက်ကောင်။ ငါ့လက်ချက်နဲ့သေရမယ်မှတ်၊ မင်းမိဘတွေတော့ မင်းလိုအမှိုက်ကောင်မျိုးကို မွေးဖွားမိခဲ့တာ ဘဝပေါင်းရှစ်ဘဝစာလောက် ကံဆိုးခဲ့လို့ပဲဖြစ်ရမယ်။ ရွံစရာကောင်းလိုက်တာ။ အောက်တန်းကျတဲ့ကောင်။ အယုတ်တမာကောင်..."

လီနန်ခယ့် ဆက်ပြီးဆဲဆိုနေရင်း စကားလုံးများက ပိုမိုရက်စက်ပြင်းထန်လာသည်။ ဆဲဆိုသံများကိုနားထောင်ရင်း မိစ္ဆာကောင်၏ မျက်နှာထက်မှ ရယ်သွမ်းသွေးမှုများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ရပြီး မလိုမုန်းထားမှုများနှင့် ဒေါသငွေ့များ အစားဝင်လာခဲ့သည်။

ထို့နောက် သူ့ပုခုံးကိုဆုပ်ထားသော လက်ချောင်းငါးချောင်းကို တင်းကျပ်လိုက်ရာ ရှည်လျားသော လက်သည်းငါးခုမှာ အသားထဲသို့ နစ်ဝင်လုမတတ် စူးစိုက်လာခဲ့ပြီး လီနန်ခယ့်မှာ နာကျင်လွန်း၍ အသံထွက်ပင်မအော်နိုင်ခဲ့တော့။

"သခင်လေး၊ ငါမင်းကို မနှစ်သက်တော့ဘူး။"

မိစ္ဆာကောင်၏ အခြားလက်တစ်ဖက်က လီနန်ခယ့်၏လည်ပင်းကို ဖြည်းညှင်းစွာပွတ်သပ်လိုက်ပြီး အေးစက်စက်ရယ်မောလိုက်သည်။

"ဒီလိုလုပ်ရအောင်၊ ငါ မင်းကိုသတ်ပြီး မင်းရဲ့ခန္ဓာကိုယ်ကို ရုပ်သေးရုပ်အဖြစ်ပြောင်းလဲပစ်မယ်။ စိတ်လှုပ်ရှားစရာတော့ နည်းနည်းလျော့သွားလိမ့်မယ်ဆိုပေမဲ့ အနည်းဆုံးတော့ လိမ္မာကျိုးနွံနေမှာပဲလေ"

ထိုမိစ္ဆာကောင်မှာ စကားအရခြိမ်းခြောက်နေခြင်း မဖြစ်နိုင်ပေ။ ထိုစကားထဲမှ ပြင်းထန်လှသော သတ်ဖြတ်နှိပ်စက်လိုစိတ်ကို ခံစားနေရ၏။

သေခြင်းတရား၏ အရိပ်အငွေ့မှာ လီနန်ခယ့်ခန္ဓာကိုယ်တစ်ခုလုံးကို ထူထဲစွာဖုံးအုပ်သွားခဲ့သည်။ လက်သည်းများက လည်ပင်းဆီသို့ ဖြည်းညင်းစွာ စိုက်ဝင်ညှစ်ကိုင်လာလေပြီ။

အသည်းအသန် အခြေအနေထဲတွင် လီနန်ခယ့်သည် သူ၏အုတ်ခဲကို ဆွဲထုတ်လိုက်သည်။ ထို့နောက် တစ်ဖက်လူ၏နဖူးဆီသို့ ချိန်ရွယ်လျက် ထုနှက်ပစ်လိုက်တော့၏။

သို့သော် ဤကဲ့သို့သော အရေးပေါ်လှုပ်ရှားမှုအသေးစားလေးမှာ ထိုမိစ္ဆာကောင်၏မျက်လုံးမှ လွတ်မြောက်နိုင်စွမ်းမရှိခဲ့ပေ။ သူသည် လီနန်ခယ့်၏ လက်ကောက်ဝတ်ကို လွယ်လွယ်လေးဖမ်းဆုပ်လိုက်ပြီး လူကို လှောင်ပြောင်သရော်ဖို့ပြင်နေချိန်မှာပင် မျှော်လင့်မထားစွာ လီနန်ခယ့်က အုတ်ခဲကိုလွှတ်ပေးလိုက်သည်။

ထိုအခိုက်တွင် အုတ်ခဲမှာ အလင်းတန်းတစ်ခုအဖြစ် စူးခနဲပြောင်းလဲသွားခဲ့ပြီး မိစ္ဆာကောင်၏ နဖူးတည့်တည့်ဆီသို့ တိုက်ရိုက်ထိုးနှက်လိုက်လေတော့၏။

"အုန်း"

မိစ္ဆာကောင်သည် ထိုအကွက်ကိုတော့ မျှော်လင့်မထားခဲ့သဖြင့် နဖူးထက်မှ ပြင်းထန်သောနာကျင်မှုနှင့်အတူ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားခဲ့ရသည်။ နဖူးကို လက်ဖြင့်ပြန်စမ်းကြည့်လိုက်တော့ သွေးများ ဖြာထွက်နေခဲ့လေပြီ။

အခွင့်အရေးကိုအသုံးချလျက် လီနန်ခယ့်သည် သူ့လက်ထဲမှရုန်းထွက်လိုက်ပြီး သစ်ပင်ကြီးတစ်ပင်ဆီသို့ အပြေးအလွှားဆုတ်ခွာသွားကာ အသက်ကိုပြင်းစွာရှူသွင်းနေမိသည်။

"ငါ မင်းကို အသေသတ်ပစ်မယ်။"

လက်ချောင်းထိပ်တွင်ပေကျံလာသော သွေးစနီနီများကို မြင်တွေ့လိုက်ရသောအခါ မိစ္ဆာကောင်၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းစွာ ရက်စက်ကြမ်းကြုတ်သွားခဲ့ရတော့သည်။ သူ့ခန္ဓာကိုယ်သည် ဒေါသကြောင့် တုန်ယင်နေခဲ့ရပြီး မျက်လုံးများထဲတွင် ဒေါသမီးများ ဟုန်းဟုန်းတောက်လောင်မြိုက်နေခဲ့သည်။

အရင်နှစ်က တစ္ဆေနတ်ဘုရားလှံသွားရှင်ထံမှ ပညာပေးခံရအပြီး နောက်ပိုင်း မည်သူတစ်ဦးတစ်ယောက်မှာ သူ့ကိုဒဏ်ရာရအောင်မလုပ်နိုင်ခဲ့သေး။ ဒီလူကတော့ သေလမ်းကိုရှာနေလေပြီ။

"သွားသေလိုက်စမ်း။"

လီနန်ခယ့်သည် သူ့လက်ထဲ ပြန်လည်ရောက်ရှိလာသော အုတ်ခဲကို ဖမ်းကိုင်လိုက်ပြီး ထိုမိစ္ဆာကောင်ထံသို့ ထပ်မံပစ်ပေါက်လိုက်ပြန်သည်။

ထိုစဥ် မိစ္ဆာကောင်က ဝတ်ရုံစကိုဝေ့ယမ်းလိုက်ရာ အုတ်ခဲမှာ မြေပြင်ပေါ်သို့ လွင့်စင်ကျသွားခဲ့ရ၏။ ထို့နောက် သူ၏လက်ဖျားထိပ်များမှ ရေတွက်၍မရနိုင်သော ငွေအပ်ချည်မျှင်များ ပျံသန်းထွက်ပေါ်လာခဲ့ပြီး အုတ်ခဲကိုရစ်ပတ်ကာ မြေပြင်ပေါ်တွင် မြဲမြံစွာ ဖိကပ်ထားခဲ့သဖြင့် အုတ်ခဲမှာ သူ့လက်ထဲပြန်ရောက်လာနိုင်စွမ်းမရှိတော့ပေ။

တောက်၊ ဒီကောင်က ဒီလိုမျိုးတောင်လုပ်နိုင်တာလား။

သူ၏ နောက်ဆုံးသောလျှို့ဝှက်လက်နက် ကျရှုံးသွားခဲ့ရခြင်းမှာ လီနန်ခယ့်၏ နှလုံးသားကို အောက်ခြေအထိ ကျဆင်းနစ်မြုပ်သွားစေခဲ့သည်။ နျဲ့ယင်းပေးထားခဲ့သော လျှို့ဝှက်လက်နက်ကို အသုံးပြုချင်ခဲ့သော်လည်း ထိုလက်မှာလည်း အချိုးခံထားရပြီး ပုခုံးအဆစ်ပြုတ်နေပြီဖြစ်ကာ လှုပ်ရှားလို့မရနိုင်‌တော့ပေ။

တစ်ဖက်လူက မိမိထံသို့ ဖြည်းညှင်းစွာ တစ်ဖန်လျှောက်လှမ်းလာသည်ကို ကြည့်ရင်း လီနန်ခယ့်သည် ပထမဆုံးအကြိမ်အဖြစ် သေခြင်းတရားအား ကြောက်ရွံ့သွားမိရသည်။ လက်တစ်ဖက်က အလိုအလျောက်ပင် ရင်ဘတ်အိတ်ထဲကျန်ရှိသော မိုးနီပုလင်းဝက်ကို စမ်းသပ်မိသွားခဲ့သည်။

ကျိုးကြောင်းဆင်ခြင်မှုနှင့် ရူးသွပ်မှုတို့က သူ့ဦးနှောက်ထဲ ပြင်းထန်စွာတိုက်ပွဲဝင်နေခဲ့ကြသည်။

တိုက်ခိုက်ရမယ်။

မိစ္ဆာကောင်၏ မျက်လုံးများထဲမှ သွေးဆာရက်စက်သော အရိပ်အငွေ့ကို ရှင်းလင်းစွာခံစားလိုက်ရချိန်၌ လီနန်ခယ့်သည် အံကိုတင်းတင်းကြိတ်ကာ ပါးစပ်ကိုဟ၍ မိုးနီပုလင်းဝက်အား တစ်ကျိုက်တည်း သောက်သုံးပစ်လိုက်တော့၏။

All Chapters