အခန်း ၆၂
Vol. 7 Ch. 62
အခန်း (၆၂)Lexus
သူ၏ ညီမဖြစ်သူအတွက် လက်ဆောင်ဝယ်ယူပြီးနောက် သူ၏ မိဘများ၏ လက်ကိုင်ဖုန်းများမှာလည်း ကောင်းကောင်း အလုပ်မလုပ်နိုင်တော့လောက်ကြောင်း စုယွမ် သတိရသွားလေ၏။
သူတို့ အသက်အရွယ်ရှိ လူများသည် လက်ကိုင်ဖုန်းများကို ကောင်းစွာ အသုံးမပြုတတ်ကြချေ။ iphone ဖုန်းများဆိုလျှင် ဝေလာဝေးပင်။ ထို့ကြောင့် စုယွမ်သည် ဟွာပိုင် မိုဘိုင်းဖုန်းဆိုင်သို့ မောင်းနှင်သွားကာ ဖုန်းနှစ်လုံး ထပ်မံဝယ်ယူခဲ့သည်။ ဒါလေးတွေ ဝယ်သွားရုံနဲ့တော့ သေချာပေါက် လုံလောက်ဦးမည် မဟုတ်ချေ။ သို့သော် တိတိကျကျ ဘာဝယ်သွားရမည် ဆိုသည်ကတော့ စဉ်းစားရခက်နေဆဲပင်။
သူ၏ ကိုယ်ပိုင် g-wagon ကားကို ကြည့်ရင်း စုယွမ်သည် ဖခင်ဖြစ်သူ၏ အိုဟောင်းပြီး စုတ်ချာနေသော မီနီဗင် ကားလေးကို ရုတ်တရက် သတိရသွားခဲ့လေသည်။ ရိုးရိုးသားသား ပြောရလျှင် ထိုကားမှာ အတော်လေး ဟောင်းနွမ်းနေချေပြီ။
ဆောင်းရာသီတွင် အေးခဲနေပြီး နွေရာသီတွင် ပူအိုက်နေကာ ညီညာသော လမ်းမပေါ်တွင် မောင်းနှင်လျှင်ပင် တစ်စက္ကန့်လျှင် သုံးခါခန့် တုန်ခါနေတတ်ပေ၏။
"အဖေ့အတွက် ကားသစ်တစ်စီး ဝယ်ပေးဖို့ အချိန်တန်ပြီပဲ..."
စုယွမ်က သက်ပြင်းချလိုက်ပြီးနောက် အနီးနားရှိ 4S ကားအရောင်းပြခန်းသို့ တိုက်ရိုက် မောင်းနှင်သွားတော့သည်။
အနီးအနားတွင် 4S ကားအရောင်းပြခန်း နှစ်ခုသာ ရှိပြီး တစ်ခုမှာ ဘီအမ်ဒဗလျူ အရောင်းပြခန်းဖြစ်ကာ နောက်တစ်ခုမှာLexus အရောင်းကိုယ်စားလှယ်ပြခန်း ဖြစ်ပေသည်။ စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက် စုယွမ်သည်Lexus အရောင်းပြခန်းဆီသို့သာ ဦးတည်သွားခဲ့လေ၏။
BMW က မကောင်း၍တော့ မဟုတ်ချေ။ သို့သော် BMW အမှတ်တံဆိပ်မှာ လူသိများလွန်းလှပေသည်။ အကယ်၍ ရွာတစ်ရွာတွင် BMW သို့မဟုတ် မာစီဒီးဘင့်ဇ် ကားတစ်စီးသာ ရှိနေပါက ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အကောင်းဆုံး ကားများအဖြစ် သတ်မှတ်ခံရနိုင်ပြီး လမ်ဘော်ဂီနီများနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။ အကယ်၍ သူသာ ဖခင်ဖြစ်သူအတွက် BMW တစ်စီးကို တကယ် ဝယ်ပေးလိုက်မည်ဆိုပါက နေ့စဉ်နှင့်အမျှ လာရောက်စောင့်ကြည့်နေမည့် သူများ ရှိနေလိမ့်မည် ဖြစ်သည်။
၎င်းက အထင်ကြီးစရာ ကောင်းသော်လည်း ကြီးမားသော အနှောင့်အယှက် တစ်ခုလည်း ဖြစ်လာနိုင်ပေ၏။ ထို့ကြောင့် စုယွမ်သည်Lexus အရောင်းပြခန်းသို့သာ သွားရောက်ခဲ့ခြင်း ဖြစ်လေသည်။
အခိုက်အတန့် ကြာပြီးနောက် စုယွမ်၏ကားသည် အရောင်းပြခန်းရှေ့တွင် ရပ်တန့်သွားခဲ့သည်။ g-wagon ကားတစ်စီး ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် နက်တိုင်နှင့် ဝတ်စုံပြည့် ဝတ်ဆင်ထားသော အရောင်းကိုယ်စားလှယ် တစ်ဦးက ချက်ချင်း ပြေးထွက်လာခဲ့တော့၏။
"မင်္ဂလာပါ လူကြီးမင်း... ကားလာကြည့်တာလား ခင်ဗျ..."
အရောင်းကိုယ်စားလှယ်က ပြုံးလျက် ပြောဆိုလိုက်သည်။ g-wagon ကားကို ဝယ်ယူနိုင်စွမ်းရှိသူများသည်Lexus ၏ ပစ်မှတ်ထားရာ ဖောက်သည်များထဲတွင်လည်း ပါဝင်နေပေ၏။ ဤကားနှစ်မျိုးစလုံးသည် ဆီစားကြူးသော ကားများအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားလှသည်။
"ဟုတ်တယ်... မိသားစုအတွက် SUV ကားတစ်စီး ဝယ်ဖို့ စဉ်းစားထားလို့..."
စုယွမ်က ညင်သာစွာ ပြန်ဖြေလိုက်လေသည်။
ဤစကားကို ကြားလိုက်ရချိန်၌ ဤအရောင်းအဝယ်သည် အောင်မြင်ရန် အခွင့်အလမ်းများကြောင်း အရောင်းကိုယ်စားလှယ်က သိလိုက်ပေ၏။ ဤကဲ့သို့သော လူမျိုးက မိသားစုအတွက် ဝယ်ယူမည်ဟု ပြောဆိုပါက ၎င်းတို့ သေချာပေါက် ဝယ်ယူမည်သာ ဖြစ်သည်။
"ဟုတ်ကဲ့ပါ လူကြီးမင်း... ကျွန်တော်တို့ရဲ့ နားနေခန်းမှာ လက်ဖက်ရည် တစ်ခွက်လောက် အရင်သောက်မလား ခင်ဗျ... ကျွန်တော်က တစ်စီးလောက် အရင်အကြံပေးမယ်... ပြီးတော့မှ လူကြီးမင်းက တစ်စီးကို ရွေးချယ်လို့ရပါတယ်... အဲဒါ အဆင်ပြေမလား ခင်ဗျ..."
အရောင်းကိုယ်စားလှယ်က မေးမြန်းလိုက်၏။
"ကောင်းပြီလေ... ခင်ဗျားပဲ ကျွန်တော့်ကို အကြံပေးလိုက်ပါ..."
စုယွမ်က ခေါင်းညိတ်လိုက်ပြီးနောက် အရောင်းကိုယ်စားလှယ်၏ လမ်းညွှန်မှုနောက်သို့ လိုက်ကာ နားနေခန်းသို့ သွားရောက်ခဲ့လေသည်။
အခြား အရောင်းဝန်ထမ်းများက စုယွမ်ကို မကြာခဏ ခိုးကြည့်နေကြလေသည်။
မန်နေဂျာ၏ နားနေခန်းထဲသို့ ဖိတ်ခေါ်ခံရသူတွေက အများအားဖြင့် ဒီနေ့မှာပဲ အော်ဒါတင်သွားကြတာ ဖြစ်၏။
ဒါပေမဲ့...
မန်နေဂျာက ဘယ်လိုလုပ် ဒီလူတွေ ဝယ်ယူမယ်ဆိုတာကို အမြဲ တိတိကျကျ ခန့်မှန်းနိုင်နေလဲဆိုတာကိုတော့ သူတို့ လုံးဝ နားမလည်နိုင်ကြချေ။
နားနေခန်းသို့ ရောက်ရှိသွားချိန်တွင် အရောင်းမန်နေဂျာသည် စုယွမ်အတွက် လက်ဖက်ရည် တစ်ခွက်ကို အရင်ဆုံး ငှဲ့ပေးလိုက်လေသည်။ ၎င်းမှာ ဈေးကြီးသော လက်ဖက်ရည် မဟုတ်သော်လည်း တော်တော်လေး ကောင်းမွန်နေသေး၏။
'ဒီမနက်က သောက်ခဲ့ရတဲ့ ကော်ဖီထက်တောင် အရသာပိုကောင်းနေသေးတယ်... '
စုယွမ်က တွေးတောလိုက်ပေသည်။
မန်နေဂျာသည် စုယွမ်အား ရှင်းပြရန် ပြင်လိုက်ချိန်မှာပင် ဖုန်းဝင်လာခဲ့ပေသည်။ သူ ဖုန်းချရန် ပြင်လိုက်သော်လည်း ဖုန်းခေါ်ဆိုသူကို မြင်လိုက်ရချိန်၌ အနည်းငယ် တုံ့ဆိုင်းသွားခဲ့၏။
"ခင်ဗျား ဖုန်းကို အရင်ဖြေလိုက်ပါ... ကျွန်တော် ခဏလောက် လိုက်ကြည့်နေလိုက်မယ်... အော်ဒါတင်ချင်တဲ့အခါကျရင် ခင်ဗျားကို ဆက်သွယ်လိုက်ပါ့မယ်..."
သူ၏ တုံ့ဆိုင်းနေမှုကို စုယွမ် သတိပြုမိသွားခဲ့လေသည်။
"ဟုတ်ကဲ့ပါ... နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်း..."
အရောင်းမန်နေဂျာသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး ခေါင်းညိတ်ကာ ဖုန်းဖြေဆိုရန် အပြင်သို့ အလျင်အမြန် ထွက်သွားတော့၏။
စုယွမ်သည် လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး ထိုနေရာတွင် အချိန်ကြာမြင့်စွာ မနေတော့ဘဲ ကားများကို ကြည့်ရှုရန် အပြင်သို့ ထွက်လာခဲ့လေသည်။ စုယွမ်သည် ဆီဒင် ကားများကို ထည့်သွင်းစဉ်းစားနေခြင်း မဟုတ်ချေ။ SUV ကားတစ်စီး ဝယ်ယူခြင်းက သူ၏ အစီအစဉ်ထဲတွင် ပါဝင်နေပေ၏။ နေရာအကျယ်အဝန်း ကြီးမားသဖြင့် မိသားစုဝင်များ ထိုင်ရန် ပို၍ သက်တောင့်သက်သာ ရှိစေမည် ဖြစ်သည်။
ကားအနည်းငယ်ကို လိုက်လံကြည့်ရှုပြီးနောက် စုယွမ်သည် Lexus LX700 Lingjie Edition ကားတစ်စီးဆီသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။ အနက်ရောင်ဖြစ်ပြီး အပြင်ပန်း အသွင်အပြင်တစ်ခုတည်းကပင် တော်တော်လေး ကြည့်ကောင်းကာ သိုသိုသိပ်သိပ် ရှိလှပေ၏။
"ဒီကားကို လာကြည့်တာလားဗျ..."
လူငယ်တစ်ယောက်က ပြုံးလျက် လျှောက်လာကာ မေးမြန်းလိုက်လေသည်။
"ဟုတ်တယ်... ဒီကားက ဘယ်လိုလဲ..."
ဤသည်ကို မြင်လိုက်ရသဖြင့် စုယွမ်က မေးမြန်းလိုက်၏။
"ဒီကားက ယွမ် သန်းချီတန်တဲ့ ဇိမ်ခံကားတစ်စီးပဲဗျ... အဲဒါက နောက်ဆုံးပေါ် Lexus LX700 Lingjie Edition လေ..."
"အပြင်ပန်း အသွင်အပြင်ဖြစ်ဖြစ် စွမ်းဆောင်ရည်ပဲဖြစ်ဖြစ် သက်တောင့်သက်သာ ရှိမှုပဲဖြစ်ဖြစ် အားလုံးက အကောင်းဆုံးတွေချည်းပဲ..."
"အထူးသဖြင့် ဒီအနက်ရောင်လေးပေါ့... ဒါကို မောင်းသွားရင် တကယ်ကို ကြည့်ကောင်းနေမှာ အသေအချာပဲ..."
"ဒါပေမဲ့ အရမ်းဈေးကြီးလွန်းတယ်..."
လူငယ်သည် ကားကို ရတနာတစ်ခုအလား အားကျစွာဖြင့် ကြည့်နေခဲ့ပေ၏။
"အပြီးအစီး ဈေးနှုန်းက ဘယ်လောက်လောက် ကျမလဲ..."
စုယွမ်က ကားကိုယ်ထည်ကို ပွတ်သပ်ရင်း မေးမြန်းလိုက်သည်။
"အင်း... ယွမ် ၁.၄ သန်း နဲ့ ၁.၅ သန်း ကြားမှာတော့ ရှိလောက်ပါတယ်..."
"ရိုးရိုးသားသား ပြောရရင် ဒီကားက ဒီဈေးနှုန်းနဲ့ တန်ပါတယ်... ဒါပေမဲ့ ကျွန်တော်ကတော့ မတတ်နိုင်ပါဘူး..."
လူငယ်က ကားကိုယ်ထည်ကို ထိတွေ့ရင်း ပြောဆိုလိုက်လေ၏။
"ဟုတ်တယ်... ဈေးနှုန်းက တကယ်တော့ သင့်တင့်ပါတယ်..."
"မင်းလည်း ကားလာဝယ်တာ မဟုတ်လား..."စုယွမ်က ဆက်လက်မေးမြန်းလိုက်သည်။
"ဟားဟား ဟုတ်တယ်..."
"ဒီ ယွမ် သန်းချီတန်တဲ့ ဇိမ်ခံကားကို မတတ်နိုင်ပေမဲ့ ပိုဈေးပေါတဲ့ ကားတစ်စီးကိုတော့ ကျွန်တော် ဝယ်နိုင်ပါတယ်..."
လူငယ်က ဘေးဘက်ရှိ ကားတစ်စီးကို လက်ညှိုးထိုးပြကာ အနည်းငယ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောဆိုလိုက်၏။
"အဲဒါ ကျွန်တော် ဝယ်ထားတဲ့ကားလေ...Lexus NX260 ပေါ့..."
"အပြီးအစီး ဈေးနှုန်းက ယွမ် သုံးသိန်းဝန်းကျင်လောက် ကျတယ်..."
"စွမ်းဆောင်ရည်လည်း ကောင်းသလို အရမ်းလည်း လက်တွေ့ကျတယ်... ကျွန်တော့်အတွက်တော့ တော်တော်လေး ကောင်းပါတယ်..."
လူငယ်က စကားပြောဆိုပြီးနောက် စုယွမ်၏ အဝတ်အစားများကို အထက်အောက် အကဲခတ်ကြည့်ရှုလိုက်ပြီး သူ၏ ပခုံးကို ပုတ်ကာ ဆက်ပြောလိုက်ပေသည်။
"တကယ်တော့ ကျွန်တော်တို့လို အောက်ခြေအလုပ်သမားတွေအနေနဲ့ လက်တွေ့မကျတာတွေ လုပ်ဖို့ ဒါမှမဟုတ် လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ ထားရှိနေဖို့ မလိုအပ်ပါဘူး..."
"ဒီ ယွမ် သန်းချီတန်တဲ့ ဇိမ်ခံကားတွေဆိုတာ ချမ်းသာတဲ့သူတွေအတွက်ပဲလေ... အဲဒါတွေက ကျွန်တော်တို့လို ဝင်ငွေနည်းတဲ့သူတွေ ဝယ်နိုင်တဲ့ အရာမျိုးမှ မဟုတ်တာ..."
"အစ်ကို... တကယ်လို့ အစ်ကိုက ကားဝယ်မယ်ဆိုရင်တော့ ကျွန်တော်က UX ကို အကြံပေးချင်တယ်... အဲဒါက ယွမ် သုံးသိန်းအောက်နဲ့ ရနိုင်တယ်ဆိုတော့ တကယ့်ကို တန်တဲ့ အရောင်းအဝယ်ပဲ... ပြီးတော့ တော်တော်လေးလည်း အကျိုးရှိတယ်..."
"အစ်ကိုရယ်... ကျွန်တော်က တစ်လကို အများကြီး မရှာနိုင်ပေမဲ့ ယွမ် နှစ်သိန်းဝန်းကျင်လောက်တော့ ရပါတယ်... အဲဒါကြောင့် ဒီလိုကားမျိုးကို ဝယ်နိုင်တာပေါ့... ဒါပေမဲ့ ယွမ် သန်းချီတန်တဲ့ ဇိမ်ခံကားကိုတော့ မတတ်နိုင်ပါဘူး..."
"အစ်ကိုက ငယ်ပါသေးတယ်... အခု တစ်လကို ယွမ် ငါးထောင် ဒါမှမဟုတ် ခြောက်ထောင်လောက် ရနေရင် အနာဂတ်မှာ အဲဒါထက် ပိုများလာဦးမှာပဲလေ... ကားတစ်စီး ဝယ်ဖို့ ချေးငွေယူတာက ဆိုးရွားတဲ့ အကြံဉာဏ်တော့ မဟုတ်ပါဘူး..."
လူငယ်က ကြင်နာစွာဖြင့် ပြုံးလိုက်သော်လည်း သူထက် ပို၍ ငယ်ရွယ်သော စုယွမ်အပေါ်တွင် သာလွန်နေသကဲ့သို့ ခံစားနေရဆဲပင်။ စုယွမ်၏ ဝတ်စားဆင်ယင်မှုကို ကြည့်ခြင်းအားဖြင့် သူသည် ကားများကို လာရောက်ကြည့်ရှုရုံသာ ဖြစ်ပြီး ဝယ်ယူရန် ရည်ရွယ်ချက် မရှိကြောင်း ခန့်မှန်းနိုင်ပေ၏။ အဓိက ပြဿနာမှာ သူ၏ထံတွင် ငွေမရှိခြင်းပင် ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ရလျှင်ကော။
သူသည် ယွမ် သုံးသိန်းတန် ကားတစ်စီးကို ဝယ်ယူနိုင်ခဲ့ပြီး သာမန်လူများ၏ ထိပ်ဆုံး ၁၀ ရာခိုင်နှုန်းထဲတွင် ပါဝင်နေချေပြီ။ စီနီယာတစ်ယောက်အနေဖြင့် ဤလူငယ်လေးအား သူ၏ အတွေ့အကြုံများကို ဝေမျှပေးရန် အရည်အချင်း ပြည့်မီနေပေသည်။
"ဟားဟား... တကယ်လို့ ကျွန်တော်သာ ဝယ်ဖြစ်ခဲ့ရင် ဒီကားက အကောင်းဆုံး ဖြစ်မှာပါ..."
စုယွမ်က ပြုံးလိုက်၏။ ဤကားမှာ သူ၏ ဖခင်ဖြစ်သူ မောင်းနှင်ရန် သင့်လျော်ပေလိမ့်မည်။ ဆီစားနှုန်း အနည်းငယ် မြင့်မားမည်ဖြစ်သော်လည်း သူသည် ကားတစ်စီးကို ထိန်းသိမ်းရန် လုံလောက်သော ငွေကြေးရှိကြောင်း ယုံကြည်မှု အပြည့်ရှိနေပေသည်။
"အို... အဲဒီလိုဆိုရင်တော့ အစ်ကို့ကို ကျွန်တော် တစ်ခုခု ပြောရတော့မယ်... ကျွန်တော်တို့ နှစ်ယောက်စလုံးက ငယ်ပါသေးတယ်... ပြီးတော့ လတ်တလော စီးပွားရေးအခြေအနေကလည်း သိပ်မကောင်းဘူးလေ... တကယ်လို့ အစ်ကိုက ကားဝယ်ဖို့ ချေးငွေယူမယ်ဆိုရင် ချေးငွေ ရနိုင်မရနိုင် ဆိုတာကလည်း တခြားကိစ္စတစ်ခုပဲ... အရစ်ကျစနစ်နဲ့ ပေးမယ်ဆိုရင်တောင်မှ တစ်လကို လစာ ယွမ် ငါးထောင် ဒါမှမဟုတ် ခြောက်ထောင်နဲ့ဆို အစ်ကို မတတ်နိုင်လောက်ဘူးနော်..."
"ကျွန်တော် ပြောတာကို နားထောင်ပါ... စိတ်လိုက်မာပါ မလုပ်ပါနဲ့..."
လူငယ်က ကြင်နာစွာဖြင့် သတိပေးလိုက်သော်လည်း သူ၏ မျက်လုံးများထဲတွင် မိမိကိုယ်ပိုင် စွမ်းဆောင်ရည်ကို သေချာစွာ မသိရှိသော စုယွမ်အပေါ် မကျေနပ်မှုအချို့လည်း ပေါ်လွင်နေပေ၏။
သူ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် အရောင်းမန်နေဂျာသည် ပြုံးလျက် လျှောက်လာခဲ့လေသည်။ လူငယ်က အလျင်အမြန် မေးမြန်းလိုက်၏။
"မန်နေဂျာလီ... ဒီကားရဲ့ ဈေးနှုန်းကို ကျွန်တော်တို့ ထပ်ညှိနှိုင်းလို့ ရနိုင်မယ့် နည်းလမ်းများ ရှိသေးလားဗျ..."
မန်နေဂျာလီက သူ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြောဆိုလိုက်ပေသည်။
"လူကြီးမင်း... ကျွန်တော်တို့က အနိမ့်ဆုံး ဈေးနှုန်းကို ပေးထားပြီးပြီလေ..."
"လူကြီးမင်းက သုံးကြိမ်တိုင်တိုင် လာခဲ့ပြီး စေတနာမှန်ကို ပြသခဲ့တယ်... ကျွန်တော်တို့လည်း အဲဒီလိုပဲ ခံစားရပါတယ်... ဒီအရောင်းအဝယ်ကနေ ကျွန်တော်တို့ အများကြီး အမြတ်မရပါဘူး... ဒီဈေးနှုန်းက ကျွန်တော် ပေးနိုင်တဲ့ အနိမ့်ဆုံး ဈေးနှုန်းပါပဲ..."
လူငယ်က သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်၏။ အမှန်တကယ်ပင် ဈေးနှုန်းမှာ တော်တော်လေး ကောင်းမွန်နေပြီး ထပ်မံ၍ လျှော့ချမရနိုင်သည်မှာ နှမြောစရာပင်။
"ဟုတ်ကဲ့ လူကြီးမင်း... ဒီကားကို သဘောကျသွားပြီလား ခင်ဗျ..."
"ဒီကားကို ယွမ် ၁.၄ သန်း သတ်မှတ်ထားပါတယ်..."
မန်နေဂျာက စုယွမ်အား မေးမြန်းလိုက်လေသည်။
"ဟင်... ကျွန်တော် မဟုတ်..."
လူငယ်က ထိုမေးခွန်းမှာ သူ့အား ရည်ရွယ်၍ မေးမြန်းနေခြင်းဖြစ်သည်ဟု ထင်မှတ်ကာ အလျင်အမြန် ရှင်းပြရန် ကြိုးစားလိုက်သော်လည်း သူ လှည့်ကြည့်လိုက်ချိန်၌ စုယွမ်က ဘဏ်ကတ်တစ်ခုကို ထုတ်ယူထားပြီးဖြစ်ကြောင်း မြင်တွေ့လိုက်ရတော့၏။
"ဒီကားဆို ရပါပြီ... ခင်ဗျား အခုပဲ ကတ်ကို ဖြတ်လိုက်လို့ ရပြီ..."