အခန်း ၆၃
Vol. 7 Ch. 63
အခန်း (၆၃) ဆယ့်နှစ်ပုလင်း
လူငယ်လေးမှာ ချက်ချင်းပင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားတော့၏။
'ဒါက သိပ်မဟန်ဘူး...'
'သူက ယွမ် သန်းချီတန်တဲ့ ဒီလက်ဆပ်စ် ကားကို ဝယ်ချင်နေတာလား...'
'ဒါမှမဟုတ် ငါကပဲ ကတ်ကို အရင်ဖြတ်လိုက်ရမလား...'
'အဲဒါက ဖြစ်နိုင်လို့လား...'
လူငယ်လေးက စုယွမ်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ချိန်၌ သံသယလှိုင်းလုံးတစ်ခုက လွှမ်းမိုးသွားလေသည်။
'သူက အသက် နှစ်ဆယ်ကျော်လေးပဲ ရှိသေးတာ... ဘယ်လိုလုပ် ဒီလောက် ပိုက်ဆံအများကြီး ရှိနေနိုင်မှာလဲ...'
'သူက တစ်လကို အများဆုံး ရှာနိုင်မှ ယွမ် ငါးထောင် ဒါမှမဟုတ် ခြောက်ထောင်ပဲ ရမှာလေ... လစာ တစ်သောင်း ဒါမှမဟုတ် နှစ်သောင်းနဲ့ဆိုရင်တောင် ဒီကားကို မဝယ်နိုင်ဘူး... အဲဒါကို သူက ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ...'
"မန်နေဂျာလီ... သူ့ကို ဂရုမစိုက်ပါနဲ့... သူက နောက်နေတာပါ... သူက တကယ်ဝယ်ဖို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူး..."
လူငယ်လေးက မန်နေဂျာလီအား အလျင်အမြန် ပြောဆိုလိုက်၏။
"ဟင်... ဘာကို ဆိုလိုတာလဲ..."
မန်နေဂျာလီက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး သူပြောနေသည့် စကားများကို နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
'တစ်ယောက်ယောက်က ကားဝယ်တာက မင်းနဲ့ ဘာဆိုင်လို့လဲ...'
"ကတ်ကိုသာ ဖြတ်လိုက်ပါ..."
စုယွမ်က ဆက်လက်ပြောဆိုလိုက်၏။
"ဟုတ်ကဲ့ပါ လူကြီးမင်း... အခုပဲ ကတ်ဖြတ်ပေးပါ့မယ်..."
မန်နေဂျာလီသည် အလျင်အမြန်ပင် POS စက်ကို ယူဆောင်လာခဲ့ပြီး တီ ဟူသော အသံနှင့်အတူ ကတ်ပွတ်ခြင်း အောင်မြင်သွားလေသည်။
"သခင်လေးစု... ငွေချေတာ အောင်မြင်သွားပါပြီ..."
မန်နေဂျာလီက ပြုံးလျက် ဘဏ်ကတ်ကို စုယွမ်ထံသို့ ရိုသေစွာ ပြန်ပေးလိုက်၏။
"ကျွန်တော့်မှာ တောင်းဆိုစရာ အသေးအဖွဲလေး တစ်ခုရှိတယ်..."
"မနက်ဖြန်ကျရင် ဒီကားကို လိပ်စာတစ်ခုဆီ မောင်းပို့ပေးဖို့ လူတစ်ယောက်လောက် စီစဉ်ပေးနိုင်မလား..."
စုယွမ်က ပြောဆိုလိုက်သည်။
"ပြဿနာမရှိပါဘူး... ကျွန်တော် မနက်ဖြန် အားနေတာဆိုတော့ ကျွန်တော်ပဲ ကားကို လာပို့ပေးပါ့မယ်... အဲဒါ အဆင်ပြေမလား ခင်ဗျ..."
မန်နေဂျာလီသည် ဤသည်မှာ ဤချမ်းသာသော အမျိုးသားနှင့် ရင်းနှီးကျွမ်းဝင်ရန် အခွင့်ကောင်းတစ်ခုဖြစ်ကြောင်း သိရှိထားသဖြင့် သူ၏ ဝန်ဆောင်မှုများကို အလျင်အမြန် ကမ်းလှမ်းလိုက်လေ၏။
"သေချာတာပေါ့..."
စုယွမ်က ပြုံးလျက် ပြောဆိုလိုက်သည်။
"ကောင်းပြီလေ... ကျွန်တော် ပြန်တော့မယ်... ကျွန်တော်တို့ ဖုန်းနံပါတ်တွေ ဖလှယ်ထားကြတာပေါ့... ကျွန်တော် လိပ်စာ ပို့ပေးလိုက်မယ်..."
ဆက်သွယ်ရန် အချက်အလက်များ ဖလှယ်ပြီးနောက် စုယွမ်သည် ဤနေရာတွင် ဆက်လက်နေထိုင်ရန် မရည်ရွယ်တော့ဘဲ တံခါးဆီသို့ လျှောက်သွားလေ၏။
အမှန်တကယ်ပင် ငွေချေခြင်း အောင်မြင်သွားခဲ့သဖြင့် လူငယ်လေးမှာ တုန်လှုပ်မှုအောက်တွင် ရှိနေဆဲပင်။
'ဒီလူက လျှို့ဝှက်ဘီလီယံနာ တစ်ယောက်လား...'
သူ ပြောခဲ့သည့် စကားများကို ပြန်လည်တွေးမိချိန်၌ အလွန်အမင်း ရှက်ရွံ့မှုများ ခံစားလိုက်ရပေသည်။
'ငါက ချမ်းသာတဲ့သူတစ်ယောက်ကို ချေးငွေယူဖို့ တကယ်ကြီး အကြံပေးခဲ့တာပဲ... ပြီးတော့ သူ့ရှေ့မှာတောင် ငါ့ရဲ့ သာလွန်မှုကို ပြသဖို့ ကြိုးစားခဲ့သေးတယ်...'
"မန်နေဂျာလီ... ဒီလူကြီးမင်းက တကယ်ပဲ ကတ်ဖြတ်တာ အောင်မြင်သွားတာလား..."
လူငယ်လေးက မေးမြန်းလိုက်၏။
"ဟုတ်တယ်လေ လူကြီးမင်း... ဘာလို့ အဲဒီကိစ္စကို စိတ်ပူနေရတာလဲ..."
ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို သတိမထားမိသော မန်နေဂျာလီမှာ သဘာဝကျကျပင် သံသယများဖြင့် ပြည့်နှက်နေခဲ့သည်။
"ဘာ... ဘာမှမဟုတ်ပါဘူး..."
လူငယ်လေးမှာ အရှက်ရသွားပြီး ယွမ် သန်းချီတန်သောLexus အရောင်းပြခန်းကြီးကို အားကျစွာဖြင့် ကြည့်လိုက်လေ၏။
'ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ တခြားလူတွေက ဒီကားကို မောင်းနေကြပေမဲ့ ငါကတော့ ယွမ် သုံးသိန်းတောင် မပြည့်တဲ့ ငါ့ကားလေးကို ကြွားဝါနေတုန်းပဲ...'
'ကွာခြားချက်က တကယ်ကို ကြီးမားလွန်းတယ်...'
"သူ့ကို ကြည့်ပါဦး... ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင် အောင်မြင်နေတာ... g-wagon ကိုလည်း မောင်းသေးတယ်... အခု နောက်ထပ် ယွမ် သန်းချီတန်တဲ့ ဇိမ်ခံကားတစ်စီးကို ထပ်ဝယ်နေပြန်ပြီ..."
မန်နေဂျာလီက အားကျစွာဖြင့် ပြောဆိုလိုက်သည်။
"ဘာ... သူတို့က g-wagon နဲ့ လာတာလား..."
လူငယ်လေးက အပြင်ဘက်သို့ အလျင်အမြန် လှမ်းကြည့်လိုက်ရာ အမှန်တကယ်ပင် ဂျီကလပ်စ် ကားတစ်စီး စက်နှိုးကာ မောင်းထွက်သွားသည်ကို မြင်လိုက်ရ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အံ့အားသင့်မှုမှာ သိသာထင်ရှားနေပေသည်။
မာစီဒီးဘင့်ဇ် g-wagon အပြင် ဒီလက်ဆပ်စ် ကားဆိုရင် ယွမ် လေးသန်းကျော်တောင် ကုန်ကျမှာပဲ။
ထို့နောက် သူဝယ်ယူခဲ့သော ကားလေးကို ကြည့်လိုက်ရာ အခြားသူများ၏ ကားများနှင့် လုံးလုံးလျားလျား ယှဉ်ပြိုင်၍ မရနိုင်ကြောင်း ခံစားလိုက်ရတော့သည်။
...
လက်ဆပ်စ် အရောင်းပြခန်းမှ ထွက်ခွာလာပြီးနောက် စုယွမ်သည် အခြားသော ဈေးဝယ်စင်တာတစ်ခုဆီသို့ မောင်းနှင်သွားခဲ့လေ၏။ လောလောဆယ်တွင် လက်ဆောင်အနည်းငယ်သာ ပြင်ဆင်ထားပြီး လုံလောက်မှု မရှိသေးချေ။
ဤဈေးဝယ်စင်တာသည် ကျန်းချန်မြို့၏ စီးပွားရေးအချက်အချာကျသော နေရာတွင် တည်ရှိသည်။ ၎င်းသည် နာမည်ကြီး အမှတ်တံဆိပ် ထုတ်ကုန်အမျိုးမျိုးနှင့် ပြည့်နှက်နေပေ၏။ အကယ်၍ ဤနေရာတွင် ယွမ် တစ်သောင်းအောက်သာ သုံးစွဲမည်ဆိုပါက ထွက်ခွာသွားရန်ပင် ရှက်ရွံ့နေရလိမ့်မည် ဖြစ်သည်။
စုယွမ်သည် ဆေးရွက်ကြီးနှင့် အရက် အထူးအရောင်းဆိုင်တစ်ခုသို့ အရင်ဆုံး သွားရောက်ခဲ့သည်။ ထိုဆိုင်တွင် အရည်အသွေးမြင့် ဆေးရွက်ကြီးနှင့် အရက်အမျိုးမျိုး အပါအဝင် ပြည့်စုံသော ဆေးရွက်ကြီးနှင့် အရက်ထုတ်ကုန်များ ရှိနေပေ၏။
ကျေးလက်ဒေသများတွင် လူများသည် အခြားသော အဆင့်မြင့် စီးကရက်များနှင့် မရင်းနှီးသော်လည်း ကျုံးဟွာ အမှတ်တံဆိပ်နှင့်မူ တော်တော်လေး ရင်းနှီးကျွမ်းဝင်ကြပေသည်။
ကျေးလက်ဒေသတွင် ကျုံးဟွာ စီးကရက်များသည် အဆင့်မြင့်ခြင်း၏ ပြောစမှတ်တစ်ခုပင် ဖြစ်၏။ အကယ်၍ ကျုံးဟွာ စီးကရက်ဗူး တစ်ဗူးကို ဂရုမစိုက်ဟန်ဖြင့် ထုတ်ပြလိုက်မည်ဆိုပါက မိမိကိုယ်ကို မိတ်ဆက်နေရန်ပင် မလိုအပ်တော့ဘဲ လူအများက မိမိအား အောင်မြင်သော ပုဂ္ဂိုလ်တစ်ဦးဟု ယူဆကြမည် ဖြစ်သည်။
ထို့အပြင် အရက်၏ အရည်အသွေးများလည်း ရှိနေသေးသည်။ မောက်ထိုင်၊ ဝူလျန်ယဲ့၊ ကောကျောင်း နှင့် အခြားသော အရက်များအားလုံးမှာ လူသိများသော အရက်အမှတ်တံဆိပ်များဖြစ်ပြီး ၎င်းတို့၏ ဈေးနှုန်းများမှာလည်း အတော်လေး မြင့်မားပေ၏။
တစ်ကြိမ်တွင် အဒေါ်ဖြစ်သူ၏ မိသားစုက မောက်ထိုင် တစ်ပုလင်း သောက်ခဲ့ပြီး နောက်နေ့တွင် အဒေါ်ဖြစ်သူက ကြွားဝါရန်အတွက် မောက်ထိုင် ပုလင်းခွံကို သူ၏အိမ်သို့ တမင်သက်သက် ယူလာကာ မိုးမဆုံး မြေမဆုံး ကြွားလုံးထုတ်ခဲ့သည်ကို စုယွမ် ပြန်လည်အမှတ်ရသွားသည်။
သူမသည် လူများကို အနှောင့်အယှက်ပေးရန် ရောက်လာခြင်းဖြစ်ကြောင်း လူတိုင်း သိရှိသော်လည်း ဖခင်ဖြစ်သူ၏ မျက်လုံးများထဲတွင် အားကျမှု အရိပ်အယောင်တစ်ခုကို မြင်တွေ့နိုင်ဆဲပင် ဖြစ်၏။
သာမန်လူများအတွက် မောက်ထိုင် အရက်ဆိုသည်မှာ သူတို့ မဝယ်နိုင်၍မဟုတ်ဘဲ ငွေကို နှမြောသောကြောင့်သာ ဖြစ်ပေသည်။
"လူကြီးမင်း... ဘာများ မှာယူချင်ပါသလဲရှင့်..."
အရောင်းစာရေးမလေး တစ်ဦးက စုယွမ် အရက်များကို ကြည့်ရှုနေသည်ကို မြင်လိုက်ရသဖြင့် လျှောက်လာကာ မေးမြန်းလိုက်သည်။
"အရက် နည်းနည်း ဝယ်မလို့ပါ..."
စုယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပိုင်ကျိုး အရက်အမျိုးမျိုးကို ဆက်လက်ကြည့်ရှုနေခဲ့လေ၏။
"ဟုတ်ကဲ့ပါ လူကြီးမင်း... ဘာတွေ သိချင်ပါသလဲရှင့်... ကျွန်မ ကူညီပေးနိုင်ပါတယ်..."
အရောင်းစာရေးမလေးက ဆက်လက်ပြောဆိုလိုက်သည်။
စုယွမ်က ခေါင်းညိတ်လိုက်၏။ တကယ်တော့ သူသည် မည်သည့် ရှင်းပြချက်ကိုမျှ မလိုအပ်ချေ။ ဤပစ္စည်းများ၏ ဈေးနှုန်းကို သူ ဂရုမစိုက်သလို ၎င်းတို့၏ အရသာကိုလည်း သိရှိရန် မလိုအပ်ပေ။
"ရှောင်လီ... အစ်ကိုဝမ် ရောက်နေတာကို နင် မမြင်ဘူးလား... ဘာလို့ သူ့ကို သွားမရှင်းပြတာလဲ... ဒီမှာ ဘာလုပ်နေတာလဲ..."
မိတ်ကပ်ထူထူ လိမ်းထားသော အမျိုးသမီးတစ်ဦးက လျှောက်လာရင်း ပြောဆိုလိုက်သည်။
"ဒါပေမဲ့ ဒီလူကြီးမင်းကို ဈေးဝယ်ဖို့ ကူညီပေးမယ်လို့ ကျွန်မ ကတိပေးထားပြီးပြီလေ... အဲဒါကြောင့်..."
ရှောင်လီက တုံ့ဆိုင်းစွာ ပြောဆိုလိုက်၏။
"ကျေးဇူးကန်းတဲ့ ကောင်မလေး... နင့်ကို အရောင်းအဝယ် တချို့ ရစေချင်လို့ လုပ်ပေးတာကို နင်က..."
"ဒီမှာ ရှင်းပြနေရုံနဲ့များ အရောင်းအဝယ် ဖြစ်သွားနိုင်လို့လား... ကျွတ်... နင်က တကယ်ကို တုံးတာပဲ..."
မိတ်ကပ်ထူထူ လိမ်းထားသော အမျိုးသမီးက တီးတိုးရေရွတ်လိုက်ပြီးနောက် ယခုလေးတင် ဝင်လာသော လူငယ်စုံတွဲတစ်တွဲဆီသို့ လျှောက်သွားလိုက်လေသည်။
"အစ်ကိုဝမ်... အရက်လာဝယ်ပြန်ပြီလား... ဒီတစ်ခေါက်ရော မောက်ထိုင်ပဲလား ဒါမှမဟုတ် တခြားဟာ ဝယ်မလို့လား..."
သူမ၏ ဂရုတစိုက် ပြုမူနေပုံများကို ကြည့်ရင်း ရှောင်လီသည် သက်ပြင်းချလိုက်ပြီး အရောင်းအဝယ် ဖြစ်နိုင်သည့် အခွင့်အရေးများကို သူမ အမြဲတမ်း လက်လွတ်ခံနေရကြောင်း သဘောပေါက်သွားခဲ့၏။
သူမသည် စုယွမ်၏ နောက်မှ လိုက်သွားသော်လည်း သူ၏ထံမှ မည်သည့်မေးခွန်းမျှ မရရှိခဲ့ဘဲ အရောင်းအဝယ်ဖြစ်ရန် မျှော်လင့်ချက်မှာလည်း တဖြည်းဖြည်း လျော့နည်းလာခဲ့ပေသည်။
"ခင်ဗျားတို့ဆီမှာ ဖေးထျန်း တွေတောင် ရှိတာပဲ..."
သေသပ်စွာ စီစဉ်ထားသော ဖေးထျန်းမောက်ထိုင် အရက်များကို ကြည့်ရင်း စုယွမ်က အံ့အားသင့်စွာ ပြောဆိုလိုက်သည်။
ပုံမှန် မောက်ထိုင် များနှင့် နှိုင်းယှဉ်ပါက ဤအရာမှာ ပို၍ လူကြိုက်များပြီး ဈေးကွက်တင်ထားခြင်း ဖြစ်ပေ၏။
"ဟုတ်ပါတယ် လူကြီးမင်း... ကျွန်တော်တို့ဆီမှာ အရည်အသွေးမြင့် အရက်နဲ့ စီးကရက် အမျိုးမျိုး ရှိပါတယ်... ဒီ ဖေးထျန်းမောက်ထိုင် က အရေအတွက် အကန့်အသတ်နဲ့ပဲ ထုတ်တာဆိုတော့ ဈေးနှုန်းက နည်းနည်း ပိုများနိုင်ပါတယ်... တစ်ပုလင်းကို ယွမ် ၂၉၉၉ ပါရှင့်... တကယ်လို့ လူကြီးမင်း..."
ရှောင်လီဟု အမည်ရသော အရောင်းစာရေးမလေး စကားမဆုံးမီမှာပင် စုယွမ်က သူမကို စကားဖြတ်ရန် လက်ဝှေ့ယမ်းပြလိုက်လေသည်။
ရှောင်လီက နားမလည်နိုင်အောင် ဖြစ်သွားသော်လည်း စုယွမ်က ဘဏ်ကတ်တစ်ခုကို ထုတ်ယူကာ တိုးညင်းစွာ ပြောဆိုလိုက်သည်ကို မြင်တွေ့လိုက်ရ၏။
"ကျွန်တော့်ကို အရင်ဆုံး နှစ်ဖာ ပေးပါ..."
"အို... လူကြီးမင်းက နှစ်ပုလင်း လိုချင်တာလားရှင့်... နှစ်ပုလင်းအတွက် ဈေးနှုန်းကတော့..."
စုယွမ်က ဝယ်ယူလိုကြောင်း ကြားလိုက်ရသဖြင့် ရှောင်လီမှာ နောက်ဆုံးတွင် သက်သာရာရသွားခဲ့ပေသည်။
"မဟုတ်ဘူး... ကျွန်တော် နှစ်ပုလင်း လိုချင်တာ မဟုတ်ဘူး... နှစ်ဖာ လိုချင်တာ... ဘာဖြစ်လို့လဲ... ပြဿနာ တစ်ခုခု ရှိလို့လား..."
စုယွမ် စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ရှောင်လီ၏ မျက်လုံးများထဲတွင် ခံစားချက် လှိုင်းတံပိုးများ ထွက်ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရလေ၏။
ဖေးထျန်းမောက်ထိုင် အရက် နှစ်ဖာအပြည့်တဲ့လား။
ဤအချိန်မှာ ဖေးထျန်းမောက်ထိုင် အရက်သည် သမိုင်းတစ်လျှောက် အမြင့်ဆုံး ဈေးနှုန်းဖြင့် ရောင်းချနေရချိန်ဖြစ်ကြောင်း သိထားသင့်ပေ၏။
တစ်ပုလင်းလျှင် ယွမ် ၂၉၉၉ ကုန်ကျလေသည်။
ဒီလူကြီးမင်းက တကယ်ပဲ နှစ်ဖာတောင် မှာယူခဲ့တာလား။
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ..."
ရှောင်လီသည် အံ့အားသင့်မှုမှ ပြန်လည်သက်သာလာခဲ့၏။ ဤကဲ့သို့သော ဖောက်သည်ကြီးမျိုးနှင့် ဆုံတွေ့ရခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်ပေသည်။
ထို့နောက် ရှောင်လီသည် စုယွမ် ကမ်းပေးသော ဘဏ်ကတ်ကို အလျင်အမြန် ယူဆောင်ကာ ကောင်တာဆီသို့ လျှောက်သွားလိုက်သည်။
ထိုအချိန်၌ မိတ်ကပ်ထူထူ လိမ်းထားသော အမျိုးသမီးသည်လည်း အစ်ကိုဝမ် အမည်ရသော ဖောက်သည်ကို ကောင်တာသို့ ခေါ်ဆောင်လာခဲ့လေ၏။
"အစ်ကိုဝမ်... ကြည့်ပါဦး... အစ်ကိုက မောက်ထိုင် သုံးပုလင်းကို တစ်ပြိုင်နက်တည်း ဝယ်တာပဲ... အဲဒါတွေကို လက်ဆောင်ပေးမလို့လား..."
မိတ်ကပ်ထူထူ လိမ်းထားသော အရောင်းစာရေးမလေးက ရယ်မောလျက် ပြောဆိုလိုက်သည်။
"ငါ့အတွက်ပဲ သိမ်းထားမလို့ပါ... သုံးပုလင်းတည်းဆိုတော့ သိပ်မကုန်ပါဘူး..."
အစ်ကိုဝမ်က ပြုံးလျက် ပြောဆိုလိုက်၏။ ဤလုပ်ရပ်က သူ့ ချစ်သူရှေ့တွင် မျက်နှာပန်းလှစေခဲ့ပေသည်။
"တွေ့လား ရှောင်လီ... နင် အနာဂတ်ကျရင် အစ်ကိုဝမ် လို လူမျိုးတွေကို ပိုပြီး ဝန်ဆောင်မှု ပေးသင့်တယ်... သူက မောက်ထိုင် သုံးပုလင်းကို တစ်ပြိုင်နက်တည်း ဝယ်တာနော်..."
ရှောင်လီ လျှောက်လာသည်ကို မြင်လိုက်ရသဖြင့် မိတ်ကပ်ထူထူ လိမ်းထားသော အမျိုးသမီးက မောက်မာစွာ ပြောဆိုလိုက်လေသည်။
ဤစကားကို ကြားချိန်၌ အစ်ကိုဝမ်မှာ ပို၍ပင် မောက်မာသွားပြီး သူ၏ အတ္တများမှာ ကြီးမားစွာ ကျေနပ်သွားတော့၏။
မောက်ထိုင် သုံးပုလင်းကို တစ်ပြိုင်နက်တည်း ဝယ်ယူခြင်းမှာ သာမန်လူတစ်ယောက် လုပ်ဆောင်နိုင်သော အရာမျိုး မဟုတ်ချေ။
"ဘာမှ မဟုတ်ပါဘူးကွာ... ဝိုင် သုံးပုလင်းတည်းပါ... ကုန်သွားရင် ထပ်ဝယ်ကြတာပေါ့..."
"ဒါပေမဲ့ မင်းတို့ အရောင်းစာရေးမလေးတွေကို သတိပေးရဦးမယ်... မင်းတို့ ပိုပြီး အကဲခတ်တတ်ဖို့ လိုတယ်... ဘယ်သူမဆို လာတိုင်း သွားပြီး မျက်နှာချိုသွေးမနေနဲ့..."
ထိုသို့ပြောဆိုပြီးနောက် အစ်ကိုဝမ်သည် လျှောက်လာသော စုယွမ်ကို တစ်ချက် ကြည့်လိုက်၏။
"ရှောင်လီ... ကြားတယ်မလား..." အစ်မရှာက ဝင်ရောက်ပြောဆိုလိုက်သည်။
ဤစကားကို ကြားလိုက်ရချိန်၌ ရှောင်လီ၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားပြီး ပြောဆိုလိုက်ပေ၏။
"ဒါပေမဲ့ ဒီလူကြီးမင်းက အခုလေးတင် ဖေးထျန်းမောက်ထိုင် အရက် နှစ်ဖာကို တစ်ပြိုင်နက်တည်း ဝယ်သွားတာလေ..."
"စုစုပေါင်း ဆယ့်နှစ်ပုလင်း... တစ်ပုလင်းကို ယွမ် ၂၉၉၉ နဲ့လေ..."