အခန်း ၆၅
Vol. 7 Ch. 65
အခန်း (၆၅) အတော်ဆုံး ဟန်သယ်ထံမှ သင်ယူခြင်း
ထိုအရာအားလုံးကို ဝယ်ယူပြီးနောက် စုယွမ်က လုံလောက်ပြီဟု ခံစားလိုက်ရသဖြင့် အိမ်သို့ မပြန်မီ စူပါမားကတ်သို့ သွားကာ သရေစာ အများအပြားကို ဝယ်ယူလိုက်၏။
…
ထိုညတွင် ဟိုတယ်ခန်းအတွင်း လှဲလျောင်းနေသော ဟန်သယ်သည် ဖုန်းတစ်ခေါ် ခေါ်ဆိုလိုက်ပေသည်။
"အမေ… သား အမေ့ကို ပြောစရာတစ်ခုရှိတယ်…" တစ်နေ့လုံး လည်ပတ်ကစားနေခဲ့သော ဟန်သယ်သည် နောက်ဆုံးတွင် စုယွမ်နှင့် တွေ့ဆုံခဲ့ရသည့် အကြောင်းကို ပြောပြရန် အဆင်သင့် ဖြစ်နေချေပြီ။
"ဘာဖြစ်လို့လဲ… ငါ့သားလေးရဲ့…" ဟန်သယ်၏ မိခင်ဖြစ်သူ ချန်မေ့လီက မေးမြန်းလိုက်၏။
"သား ဒီကျန်းချန်မှာ စုယွမ်နဲ့ ဆုံခဲ့တယ်သိလား" ဟန်သယ်က ပြောလိုက်သည်။
"အို… ဘယ်လိုနေလဲ… သူ မင်းကားကို မြင်သွားလား… ဟားဟားဟား သူတော့ တအား မနာလိုဖြစ်နေတော့မှာပဲ…"
"ဒါ့အပြင် မင်းရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ရမှတ်တွေကိုလည်း သူ သိလောက်တယ် မဟုတ်လား…"
"မင်းရမှတ်က သူ့ထက်တောင် ပိုများသေးတယ်လေ… ဒီကောင်လေး ငါတို့ရှေ့မှာ ဘယ်လိုများ ဆက်ပြီး မောက်မာရဲဦးမလဲ ကြည့်ကြသေးတာပေါ့…"
"လူတိုင်းက စုယွမ်ကို မင်းထက် ပိုတော်တယ်လို့ ပြောနေကြတာ မဟုတ်ဘူးလား… အခုတော့ သူက မင်းနဲ့ ဘာတစ်ခုမှ ယှဉ်လို့မရတော့ဘူးလေ…" ချန်မေ့လီက ကျေနပ်ဂုဏ်ယူစွာဖြင့် ပြောဆိုလိုက်လေသည်။
"ဒါပေါ့…"
"သား အမေ့ကို ပြောစရာတစ်ခု ရှိသေးတယ်… ဒီနေ့ စုယွမ်နဲ့ တွေ့တဲ့အချိန် သူ ဘယ်လိုကားမျိုး မောင်းလာလဲဆိုတာ အမေ ခန့်မှန်းကြည့်ပါဦး…" ဟန်သယ်က ပြောလိုက်၏။
"ဟင်… စုယွမ်က ကားဝယ်နိုင်လို့လား… သူ့အဖေက ပျက်လုနီးပါးဖြစ်နေတဲ့ အိုနာဂျီ ဗင်ကားအစုတ်ကြီးကို မောင်းနေပြီး အသစ်တောင် မလဲရက်ဘူးလေ… သူက အခုမှ ဘွဲ့ရခါစ တစ်လကို ယွမ်ငါးထောင်လောက်ပဲ ရတဲ့ကောင်ကို… ဘယ်လိုလုပ် ကားဝယ်နိုင်မှာလဲ…" ချန်မေ့လီက နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်ပေသည်။
"ဟားဟားဟား သေချာတာပေါ့… သူ့မိသားစု တစ်ခုလုံးက မွဲတေနေတဲ့ သူတောင်းစားတွေပဲ… ဘယ်လိုလုပ် ကားဝယ်နိုင်မှာလဲ…"
"ဒါပေမဲ့ စုယွမ်က အရမ်း အကြွားသန်တာလေ… သူက သူ့ပုံစံကို အရမ်းဂရုစိုက်ပြီး ဒီလောကမှာ သူတစ်ယောက်တည်း တက္ကသိုလ်ကျောင်းသားလို့ ထင်နေတာ… ဒါကြောင့် သားရှေ့မှာ ကြွားချင်လို့ ဇိမ်ခံကားတစ်စီး သွားငှားလာတယ်လေ…"
"ဒါ တကယ်ကို ရယ်ရလွန်းတယ်… အမေ အန်တီ့ကို ဒီအကြောင်းပြောပြပြီး စုယွမ်ကို သင်ခန်းစာပေးခိုင်းရမယ်… ဒီကောင်လေးကို မျက်နှာပန်းလှဖို့ချည်းပဲ အရမ်း အာရုံမစိုက်ပါစေနဲ့… ကားငှားမယ့် ပိုက်ဆံကို စုထားလိုက်တာက ပိုမကောင်းဘူးလား…" ဟန်သယ်က အသံကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"ဟားဟား အမေ ထင်သားပဲ… အငှားကား ဖြစ်နေတာကိုး… ဒီအကြောင်းကို အမေ သေသေချာချာ သတင်းဖြန့်ရမယ်…" ချန်မေ့လီသည် ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည့်အလား အော်ဟစ်လိုက်ပေ၏။
အတိတ်က သူမသည် စုမိသားစုနှင့် ပတ်သက်သမျှ အရာအားလုံးကို လှောင်ပြောင်နိုင်ခဲ့သော်လည်း တက္ကသိုလ်ကျောင်းသားဖြစ်သော စုယွမ်ကိုမူ မလှောင်ပြောင်နိုင်ခဲ့ချေ။
ယခုအခါ ဟန်သယ်၏ စာမေးပွဲရမှတ်များက သူ့ထက် ပိုမိုမြင့်မားနေပြီး စုယွမ်က ကြွားဝါရန်အတွက် ကားငှားရမ်းခဲ့ခြင်းက ချန်မေ့လီအား လှောင်ပြောင်ရန် အကွက်ကောင်းတစ်ခု ရရှိသွားစေခဲ့သည်။ သူမသည် စုမိသားစုအား မည်သို့ ပြဿနာရှာရမည်ကို စတင်၍ အစီအစဉ်ဆွဲနေပြီ ဖြစ်ပေ၏။
"သား… မနက်ဖြန် အိမ်စောစောပြန်လာခဲ့… မင်း အန်တီဆီ အတူတူ သွားလည်ကြတာပေါ့…" ချန်မေ့လီက ပြောလိုက်သည်။
"ဟုတ်ကဲ့… သားမှာ အခု ကားရှိနေပြီဆိုတော့ ဘယ်သွားသွား မြန်တယ်လေ… မနက်ဖြန် မနက်စောစော သား ပြန်လာခဲ့မယ်…" ဟန်သယ်က ပြောဆိုလိုက်၏။
သူတို့နှစ်ဦးသည် စကားအနည်းငယ် ထပ်မံပြောဆိုပြီးနောက် ဖုန်းချလိုက်ကြလေသည်။
…
အချိန်များသည် ရှေ့သို့ ပြေးလွှားနေသော မြည်းရိုင်းတစ်ကောင်ပမာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး နောက်တစ်နေ့ နံနက်ခင်းသို့ တိုက်ရိုက် ရောက်ရှိလာခဲ့ပေသည်။ စုယွမ်သည် ယနေ့ အလွန်စောစော ထလာခဲ့ပြီး ယနေ့အတွက် သတင်းအချက်အလက်ကို ပထမဆုံး စစ်ဆေးကြည့်လိုက်သော်လည်း အသုံးဝင်သောအရာ တစ်ခုမျှ ပါမလာခဲ့ချေ။
"ဟယ်လို… မန်နေဂျာလီ… ခဏနေရင် ထွက်လာလို့ရပြီနော်… ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…" စုယွမ်က Lexus ကားအရောင်းပြခန်းမှ မန်နေဂျာလီထံသို့ ဖုန်းခေါ်ဆိုလိုက်၏။
"ပြဿနာမရှိပါဘူး… မစ္စတာစု… ကျွန်တော် ခဏနေရင် ထွက်လာခဲ့ပါ့မယ်…" မန်နေဂျာလီက ပြန်လည်ဖြေကြားလိုက်သည်။
"ကောင်းပြီ… ကျေးဇူးပဲ…" စုယွမ်က ပြောဆိုလိုက်ပြီးနောက် မျက်နှာသစ်ကာ ရိုးရှင်းသော နံနက်စာကို စားသောက်လိုက်ပေ၏။
စုယွမ်သည် ယမန်နေ့က သူဝယ်ယူခဲ့သော လက်ဆောင်များ အားလုံးကို ကားထဲသို့ ထည့်သွင်းထားပြီးဖြစ်ရာ ကားနောက်ခန်း၏ တစ်ဝက်ကျော်ခန့်အထိ ပြည့်နှက်နေလေသည်။
လမ်းညွှန်စနစ်ကို ဖွင့်ထားလျက် စုယွမ်သည် သူ၏ G-Wagon ကားကို မောင်းနှင်ကာ အိမ်သို့ ပြန်လာခဲ့တော့သည်။
…
တယွီရှူးမြို့။
စုယွမ်၏ အိမ်သည် ဤနေရာတွင် တည်ရှိပေသည်။ မိသားစုက ကုန်စုံဆိုင်ငယ်လေး တစ်ဆိုင်ကို ဖွင့်လှစ်ထားပြီး လုံးလုံးလျားလျား ချမ်းသာကြွယ်ဝခြင်း မရှိသော်လည်း အဆင်ပြေနေဆဲ ဖြစ်၏။
သို့ရာတွင် ယခုအခါ၌ ကုန်စုံဆိုင်ငယ်လေး ဖွင့်လှစ်ခြင်းက ယခင်ကကဲ့သို့ ဝင်ငွေ မကောင်းတော့ချေ။ ပိုမိုကြီးမားသော စူပါမားကတ်များသည် ပရိုမိုးရှင်း အစီအစဉ်များ မကြာခဏ ပြုလုပ်လေ့ရှိပြီး ကုန်ပစ္စည်း အမျိုးအစားစုံလင်စွာ ရောင်းချသောကြောင့် ဖောက်သည်များအားလုံး ထိုနေရာသို့သာ သွားရောက်ကြလေသည်။ ထိုကုန်စုံဆိုင်လေးသို့ ပုံမှန်ဖောက်သည်များသာ လာရောက်လေ့ရှိသောကြောင့် ငွေအများအပြား မရှာဖွေနိုင်ချေ။
နံနက် ကိုးနာရီခန့် ချိန်တွင် မာဂိုတန် ကားတစ်စီးသည် စုယွမ်၏ အိမ်ရှေ့တွင် ရပ်တန့်သွားပေ၏။
စုယွမ်၏ အိမ်ရှေ့တွင် လူအများစုဝေးလေ့ရှိသော ရွာသတင်းအချက်အလက်စင်တာ ဟုခေါ်သည့် နေရာလွတ်ငယ်တစ်ခု ရှိပေသည်။ ဤနေရာသည် ရွာ၏ သတင်းအချက်အလက် ဖြန့်ဝေရာ ဗဟိုချက်မဖြစ်ပြီး သေးငယ်သော သတင်းအချက်အလက်လေး တစ်ခုကပင် အလွန်အမင်း ကြီးမားသွားအောင် ချဲ့ကားပြောဆိုခံရနိုင်ချေသည်။
ဤချိန်တွင် သက်ကြီးရွယ်အို အချို့သည် ဤနေရာ၌ စုဝေးနေကြပြီး ကားအသစ်တစ်စီး ရပ်တန့်သွားသည်ကို မြင်လိုက်ရချိန်၌ စတင်၍ ဆွေးနွေးပြောဆိုလိုက်ကြ၏။
"ဒါက ဘယ်သူ့ကားလဲ… အရင်က တစ်ခါမှ မမြင်ဖူးပါဘူး…"
"ဒီကားက မိုက်တာပဲ… အရမ်း ခန့်ညားတဲ့ ပုံစံမျိုးပဲ… အမည်းရောင်ကြီးဆိုတော့ တီဗီထဲက ကျားသစ်နက်ကြီးနဲ့တောင် တူနေသေးတယ်…" အဘိုးအိုတစ်ဦးက ပြောဆိုလိုက်သည်။
"ဟုတ်တယ်… ဒီလို ကားအသစ်တစ်စီးဆိုတော့ ပိုက်ဆံ အများကြီး ပေးရမှာပဲ မဟုတ်လား…" အဘွားအိုတစ်ဦးက ဘေးနားတွင် ရပ်နေသော ဗဟုသုတကြွယ်ဝသည့် အဘိုးအိုအား ကြည့်ကာ ပြောလိုက်လေသည်။
"အင်း… ကားသစ်တွေကတော့ ဈေးကြီးလောက်တယ်… ဒါပေမဲ့ တစ်ပတ်ရစ်ကားတွေကတော့ ဈေးပိုသက်သာတယ်လေ… ငါ့မြေးက ဖရဲသီး အွန်လိုင်းဈေးကွက်တစ်ခုကနေ တစ်ပတ်ရစ်ကား တစ်စီးကို ယွမ် ၆၆,၀၀၀ တည်းနဲ့ ဝယ်လိုက်တာ… တကယ်ကို တန်တဲ့ အရောင်းအဝယ်ပဲ…" အဘိုးအိုက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောဆိုလိုက်၏။
"ဘာ… ဖရဲသီးတွေကို ကားနဲ့ လဲလို့ရတယ် ဟုတ်လား… အံ့သြစရာကြီးပဲ… မနက်ဖြန်ကျရင် ငါ့မြေးကို ဖရဲသီးတွေ ခူးခိုင်းပြီး ကားနဲ့ သွားလဲခိုင်းရမယ်…" အဘွားအိုက ထိတ်လန့်တကြား အော်ဟစ်လိုက်ပေသည်။
"မင်းက ဘာသိလို့လဲ… ဖရဲသီးကို ကားနဲ့ သွားလဲတာ မဟုတ်ဘူး… ဖရဲသီးပေါ်ကနေ ဝယ်တာကို ပြောတာ… ဒါတွေက အဆင့်မြင့် နည်းပညာတွေလေ… မင်းလို အဘွားကြီးက ဘာနားလည်မှာလဲ…" အဘိုးအိုက အဘွားအိုအား အထင်သေးစွာဖြင့် ကြည့်လိုက်လေသည်။
ထိုစဉ် မာဂိုတန် ကားတံခါး ပွင့်လာပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဆင်းလာကြသည်။ အဘိုးအိုတစ်ဦးက သေချာစွာ ကြည့်ရှုလိုက်ပြီး ရောက်လာသူကို မှတ်မိသွားပေ၏။
"ဒါက ရှောင်ယွမ်ရဲ့ အန်တီပဲ… ဒါဆို ဒီကားက သူ့မိသားစုပိုင်တာပေါ့… ဘယ်သူကများ ကားသစ်ကြီး ဝယ်နိုင်လောက်အောင် ချမ်းသာနေတာလဲလို့ တွေးနေတာ…" အဘိုးအိုက ပြောလိုက်သည်။
"ဟုတ်တယ်… ရှောင်ယွမ်ရဲ့ အန်တီပဲ… ဒီလိုအချိန်ကြီး သူက ဒီမှာ ဘာလာလုပ်တာလဲ…" အဘွားအိုတစ်ဦးက နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်ပြီးနောက် ကုန်စုံဆိုင်အတွင်းသို့ လှမ်းအော်လိုက်လေ၏။
"ရှောင်ယွမ်ရဲ့ အမေ… ဧည့်သည်တွေ ရောက်နေတယ်… မြန်မြန် ထွက်ခဲ့ဦး…" အဘွားအိုက အသံကုန်ဟစ်၍ အော်ခေါ်လိုက်ပေသည်။
"လာပြီ…"
စကားပြောဆိုပြီး စက္ကန့်အနည်းငယ်အကြာတွင် လူလတ်ပိုင်း အမျိုးသမီးတစ်ဦးသည် ကုန်စုံဆိုင်အတွင်းမှ ထွက်လာခဲ့သည်။ သူမသည် အလွန် ကြည့်ကောင်းသော မျက်နှာသွင်ပြင် ရှိပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် လူကောင်းတစ်ယောက်မှန်း သိနိုင်သော လူမျိုး ဖြစ်ပေ၏။ ဤသူကား စုယွမ်၏ မိခင်ဖြစ်သူ ချန်ချွေ့ဖန် ပင်တည်း။
"အန်တီ… ဘယ်သူ ရောက်နေတာလဲ…" ချန်ချွေ့ဖန်က အဘွားအို ညွှန်ပြရာဘက်သို့ ကြည့်လိုက်ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကိုသာ မြင်တွေ့လိုက်ရသည်။
တစ်ဦးမှာ သူမ၏ အစ်မဖြစ်သူ ချန်မေ့လီ ဖြစ်ပြီး အခြားတစ်ဦးမှာ သူမ၏ တူဖြစ်သူ ဟန်သယ် ဖြစ်လေ၏။ ချက်ချင်းပင် ချန်ချွေ့ဖန်၏ မျက်နှာအမူအရာသည် အနည်းငယ် ကြည့်ရဆိုးသွားတော့သည်။ ထိုနှစ်ဦး သူမတို့အိမ်သို့ လာရောက်ချိန်တိုင်း ကောင်းသောအရာ တစ်ခုမျှ ဖြစ်ပေါ်လာလေ့ မရှိချေ။
ချန်မေ့လီသည် ယခင်က သူမထံသို့ အကြိမ်များစွာ ဖုန်းခေါ်ဆိုခဲ့ဖူးပြီး ခေါ်ဆိုတိုင်းတွင် သူမ၏သား ဟန်သယ်သည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ မည်မျှကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ကြောင်း ကြွားဝါကာ စုယွမ်အား သွယ်ဝိုက်သောနည်းဖြင့် နှိမ့်ချပြောဆိုလေ့ရှိပေသည်။
ဤသည်က ချန်ချွေ့ဖန်အား အလွန်အမင်း မပျော်မရွှင် ဖြစ်စေခဲ့သည်။
"အို… ညီမလေး… ဟားဟားဟား… ငါ မင်းဆီ မလာဖြစ်တာ တော်တော်ကြာပြီဆိုတော့ ဒီနေ့ မင်းဆီ လာလည်တာလေ…" ချန်မေ့လီသည် ရတနာရှစ်ပါး ဆန်ပြုတ်ဘူး တစ်ဘူးကို ကိုင်ဆောင်ထားသော်လည်း ဟန်သယ်မှာမူ လက်ဗလာဖြင့် ဖြစ်နေ၏။
"အို…"
လူတိုင်း၏ ရှေ့မှောက်တွင် ချန်ချွေ့ဖန်အနေဖြင့် ဘာမျှ မပြောဆိုနိုင်ခဲ့ချေ။ သူမသည် ဧည့်သည်ကို နှင်ထုတ်၍ မရနိုင်သကဲ့သို့ အကယ်၍ သတင်းစကား ပျံ့နှံ့သွားပါကလည်း ကောင်းမည် မဟုတ်ပေ။
အသက်အရွယ်ကြီးရင့်သော အမျိုးသား၊ အမျိုးသမီးများနှင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရချိန်တွင် ချန်မေ့လီသည် မရယ်မောဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။ သူမသည် ဤလူများကို သိရှိထားသည်။ သတင်းဖြန့်ဝေရာတွင် ၎င်းတို့၏ မြန်ဆန်မှုက လုံးလုံးလျားလျား ယုံကြည်နိုင်စရာပင် မရှိချေ။
"တကယ်တော့ ဘာမှထူးထူးခြားခြား မရှိပါဘူး… ငါ့သား ဟန်သယ်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေပြီးသွားပြီလေ… မင်းက သူ့ရဲ့ အန်တီဆိုတော့ မင်းဆီ လာလည်ကြတာပါ…"
"ပြီးတော့ ဟန်သယ်ရဲ့ အလွန်ကောင်းမွန်တဲ့ စာမေးပွဲရမှတ်တွေကိုလည်း အတူတူ အောင်ပွဲခံရအောင်လို့လေ…"
ချန်မေ့လီသည် အနီးသို့ လျှောက်သွားကာ ရွာသတင်းအချက်အလက်စင်တာ ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပေ၏။
"ကျွန်မ အားလုံးကို ပြောပြစရာ သတင်းကောင်းတစ်ခု ရှိတယ်…"
"ကျွန်မသား ဟန်သယ်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ် ၆၀၀ တောင် ရခဲ့တယ်လေ… အားလုံးက စုယွမ်ကို ကျောင်းသားကောင်းတစ်ယောက်လို့ ပြောနေကြတာ မဟုတ်ဘူးလား… ဒီတစ်ကြိမ်မှာတော့ ဟန်သယ်က သူ့ထက် အမှတ် ၂၀ တောင် ပိုများသွားပြီ…"
"အခုတော့ ငါတို့ရဲ့ စုယွမ်က အတော်ဆုံး စာဂျပိုး မဟုတ်တော့ဘူး… အခုဆို ဟန်သယ်က အတော်ဆုံး စာဂျပိုး ဖြစ်သွားပြီ… ဟားဟားဟား…"