အခန်း ၆၇
Vol. 7 Ch. 67
အခန်း (၆၇) စုဖူချန်ရဲ့ အိမ်က ဘယ်မှာလဲ
"သား... ဒါက ဘယ်လိုကားအမျိုးအစားလဲ"
ချန်မေ့လီက နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။
"ဒါကLexus LX700 Lingjie Edition လေ... ဒါက ယွမ်သန်းချီတန်တဲ့ ဇိမ်ခံကားကြီး... ကားလမ်းပေါ်ရောက်တဲ့ ဈေးကတင် ယွမ်တစ်သန်းကျော်တယ်"
ဟန်သယ်၏ မျက်လုံးများထဲတွင် အားကျမှုများ ပြည့်နှက်နေပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်ပေသည်။
"ဘာ... ယွမ်တစ်သန်းကျော်တန်တဲ့ ကား"
"ဒီကားကညငါတို့မြို့လေးထဲမှာ ဘာလာလုပ်တာလဲ"
ချန်မေ့လီက မျက်လုံးများပြူးကျယ်သွားပြီးLexus ကားကို သေချာစွာ အကဲခတ်ကြည့်ရှုလိုက်လေ၏။
ပတ်ဝန်းကျင်ရှိ သက်ကြီးရွယ်အိုများသည်လည်း ၎င်းတို့၏ မျက်လုံးများထဲတွင် အံ့ဩမှင်တက်မှုများ ပြည့်နှက်သွားပြီး အလျင်အမြန် လှမ်းကြည့်လိုက်ကြချေသည်။
"ဝိုး... ဒီကားက ယွမ်တစ်သန်းတောင် တန်တယ်ပေါ့"
"ကျွတ် ကျွတ် ကျွတ်... လူချမ်းသာတွေမှပဲ ဒီလို ဇိမ်ခံကားမျိုးကို ဝယ်နိုင်ပြီး မောင်းနိုင်တာ"
"ရိုးရိုးသားသား ပြောရရင် တစ်ယောက်ယောက်ကများ နှစ်သစ်ကူးအတွက် အိမ်ပြန်တဲ့အခါ ဒီလိုကားမျိုးကို မောင်းလာရင် တကယ်ကို ဂုဏ်ယူစရာပဲ... တကယ်လို့ ငါ့မြေးသာ ဒီလိုကားမျိုး မောင်းပြီး အိမ်ပြန်လာရင် ငါ ဝမ်းသာလွန်းလို့ သေတောင်သေသွားနိုင်တယ်"
အဘိုးကြီးတစ်ဦးက အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်ပေ၏။
"ဒါပေမဲ့ ဒီလိုကားမျိုးက ဒီမှာ ဘာလာလုပ်တာလဲ... ဒီနားတစ်ဝိုက်မှာ ဒီကားကို ဝယ်နိုင်တဲ့သူများ ရှိလို့လား"
အဘွားကြီးတစ်ဦးက နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
"ဒီနားတစ်ဝိုက်မှာ အချမ်းသာဆုံး မိသားစုက ဟန်မိသားစုပဲ... သူက ရှောင်ယွမ်ရဲ့ အဒေါ် မိသားစုလေ... ဒီကားက သူ့ဆီလာတာ ဖြစ်ရမယ် မဟုတ်လား"
တစ်စုံတစ်ယောက်က ပြောဆိုလိုက်၏။
ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်မေ့လီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ အကြောင်းမှာ ထိုကားသည် ကုန်စုံဆိုင်ငယ်လေးဆီသို့ ဖြည်းညင်းစွာ မောင်းနှင်လာနေသောကြောင့်ပင်။
ထိုသူသည် သူမတို့ဆီသို့ လာရောက်ရှာဖွေနေခြင်းဖြစ်ကြောင်း ရှင်းလင်းနေပေ၏။ ယွမ်သန်းချီတန်သော ဇိမ်ခံကားတစ်စီး မောင်းနှင်လာသူတစ်ဦး လာရောက်လည်ပတ်ခြင်းကို ခံယူရန် သူမသာလျှင် အရည်အချင်း ပြည့်မီပေသည်။
"ဟားဟား... ဒီကားက ငါတို့ရဲ့ ဟန်သယ်ဆီ လာတာ... ရှောင်သယ်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ် ၆၀၀ ကျော် ရခဲ့တာဆိုတော့ ဒါက ကျောင်းကလာပေးတဲ့ ဆု ဖြစ်ရမယ်"
ချန်မေ့လီက ပြုံးလိုက်ပြီး လူတိုင်းအား ပြောဆိုလိုက်၏။
"ဘုရားရေ... ငါ သူတို့ကို ဆုမလိုချင်ဘူးလို့ ပြောထားခဲ့တာကို... အဲဒါတောင် သူတို့က ယွမ်သန်းချီတန်တဲ့ ဇိမ်ခံကားကြီးနဲ့ ဒီအထိ လာပေးကြသေးတယ်"
"ဒါက လူတွေကို ငါ မောက်မာတယ်လို့ ပြောစရာ အကြောင်းဖန်ပေးသလို ဖြစ်မနေဘူးလား"
"အစ်မကြီး... အဲဒီတုန်းက စုယွမ်မှာ ဒီလို ခြွေရံသင်းပင်းတွေ မရှိခဲ့ဘူး မဟုတ်လား... ဆုလာပေးဖို့အတွက် ယွမ်သန်းချီတန်တဲ့ ဇိမ်ခံကားနဲ့ ဘယ်သူမှ ရောက်မလာခဲ့ဘူးလေ ဟုတ်တယ်မလား"
ချန်မေ့လီသည် ချန်ချွေ့ဖန်အား ကြည့်လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် ဖုံးကွယ်၍မရသော မောက်မာဝင့်ကြွားမှုများ တောက်ပနေလေ၏။
ချန်ချွေ့ဖန်သည်Lexus ကားကို ကြည့်လိုက်ပြီး အိမ်ရှိ စုတ်ချာနေသော မီနီဗင် ကားလေးနှင့် နှိုင်းယှဉ်ကြည့်လိုက်ရာ ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားလွန်းလှပေသည်။
အားကျမနာလို မဖြစ်ဘဲနေရန်မှာ လုံးလုံးလျားလျား မဖြစ်နိုင်ချေ။ သူမ၏ မိသားစုသာ ထိုသို့သောကားမျိုး မောင်းနှင်နိုင်ပါက မည်မျှ ကောင်းမွန်မည်နည်းဟုလည်း သူမ တွေးတောမိလေ၏။
သို့သော် ဤယွမ်သန်းချီတန်သော ဇိမ်ခံကားကြီးကို ဝယ်ယူနိုင်ရန်မှာ ပြားစေ့မကျန် နှစ်ဆယ်တိတိ စုဆောင်းမှသာ တတ်နိုင်မည် ဖြစ်ပေသည်
ထိုသို့သော အတွေးမျိုး မတွေးခြင်းက အကောင်းဆုံးပင် ဖြစ်ချေ၏။
"ယာဉ်မောင်း... ရပ်လိုက်စမ်း"
ချန်မေ့လီက ကားထဲရှိ လူများကို လက်ဝှေ့ယမ်းပြကာ အော်ဟစ်လိုက်သည်။
မကြာမီမှာပင် စောင့်ကြည့်နေသူများ၏ ဝန်းရံမှုအောက်တွင်Lexus ကားသည် ကုန်စုံဆိုင်ငယ်လေးရှေ့၌ ရပ်တန့်သွားခဲ့လေ၏။
ခမ်းနားထည်ဝါသော ကားကိုယ်ထည်၊ အနက်ရောင် တောက်ပမှုနှင့် SUV ကားတစ်စီး၏ ကျယ်ဝန်းသော အတွင်းခန်းတို့က ကြည့်ရှုနေသူအားလုံးကို အံ့ဩမှင်တက်သွားစေခဲ့ပေသည်။
"ဝိုး... ဒီကားက တကယ်ကို မိုက်တာပဲ"
"ဟုတ်တယ်... မဟုတ်ရင် သူ့ကားက ယွမ်တစ်သန်း တန်ပါ့မလား... ငါတို့မိသားစု မောင်းနေတဲ့ ယွမ် ငါးသောင်း ခြောက်သောင်းတန် ကားလေးနဲ့ လုံးဝကို ကွာခြားတယ်"
"ငါသာ ခဏလောက် ဝင်ထိုင်ကြည့်ခွင့်ရရင် သိပ်ကောင်းမှာပဲ"
"ကျွတ် ကျွတ် ကျွတ်... ဒီကလေးကို ကြည့်ပါဦး..."
သက်ကြီးရွယ်အို တစ်စုက ကားကို ဝိုင်းအုံကြည့်ရှုနေကြပြီး ၎င်းတို့၏ စကားလုံးများထဲတွင် ဟန်သယ်အား ချီးကျူးစကားများ ပါဝင်နေချေ၏။
သို့သော် ထိုလူများထဲမှ တစ်ဦးတစ်ယောက်မျှ ကားကို ထိတွေ့ရန် မရဲဝံ့ကြချေ။ ကားကို ပျက်စီးစေပြီး လျော်ကြေးပေးရမည်ကို ကြောက်ရွံ့နေကြသောကြောင့်ပင်။
"ဟားဟားဟား... ဘုရားရေ..."
ချန်မေ့လီက မောက်မာစွာဖြင့် ရယ်မောလိုက်ပြီးနောက် ကားတံခါး ပွင့်လာကာ နက်တိုင်နှင့် ဝတ်စုံပြည့် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဆင်းလာသည်ကို မြင်တွေ့လိုက်ရလေ၏။
ဤသည်ကို မြင်လိုက်ရချိန်တွင် ချန်မေ့လီသည် ဟန်သယ်အား အလျင်အမြန် ဆွဲခေါ်သွားတော့သည်။
"ဟားဟား... ဆရာ... ဆုကို ကျွန်မတို့ဆီ ပေးလိုက်ပါတော့လား..."
"ဘုရားရေ... ဆုလာပေးဖို့ မလိုပါဘူးလို့ ရှင့်ကို အစောကြီးကတည်းက ပြောထားသားပဲ... အဲဒါကို ကျောင်းက ဒီလောက်ကောင်းတဲ့ကားနဲ့ လာပေးခိုင်းရသေးတယ်"
ချန်မေ့လီသည် ကားထဲသို့ အဆက်မပြတ် ငေးကြည့်နေပြီး သူမ မည်သို့သော ဆုမျိုး ရရှိထားသည်ကို ကြည့်ရှုရန် ကြိုးစားနေခဲ့ပေ၏။
"ဆရာ... ဒီကားကို နှစ်ရက်လောက် ငှားလို့ရမလား... စိတ်မပူပါနဲ့ နှစ်ရက်တည်းပါ... အဲဒီကျရင် ဆရာ့ဆီကို အချိန်မီ ပြန်လာပေးပါ့မယ်"
ဟန်သယ်က ယာဉ်မောင်းထိုင်ခုံသို့ ဝင်ထိုင်ရင်း ပြောဆိုလိုက်သည်။
ယခုလေးတင် ကားပေါ်မှ ဆင်းလာသော မန်နေဂျာလီမှာ ဤအဖြစ်အပျက်များအားလုံးကြောင့် လုံးလုံးလျားလျား တွေဝေငေးမောသွားခဲ့လေ၏။ ဟန်သယ် ကားထဲသို့ ဝင်ထိုင်ရန် ပြင်နေသည်ကို မြင်လိုက်ရသဖြင့် သူသည် ဟန်သယ်၏ အင်္ကျီကော်လာကို အလျင်အမြန် ဆွဲကိုင်ကာ အောက်သို့ ဆွဲချလိုက်တော့သည်။
"ခင်ဗျား ဘာလုပ်တာလဲ"
ဟန်သယ်က အော်ဟစ်လိုက်ပြီး မကျေမနပ်ဖြစ်နေကြောင်း ရှင်းလင်းနေကာ သူ၏ မျက်လုံးများက မန်နေဂျာလီအား ခြိမ်းခြောက်သည့် အကြည့်ဖြင့် စိုက်ကြည့်နေပေ၏။
"ခဏလောက် မောင်းကြည့်ရုံလေးကို ဘာလို့ ရိုက်ရတာလဲ... ခင်ဗျားက တကယ့်ကို သဘောထားသေးသိမ်တဲ့ ယာဉ်မောင်းပဲ"
ဟန်သယ်က အော်ဟစ်လိုက်သည်။
ချန်မေ့လီသည်လည်း ဤမြင်ကွင်းကြောင့် မကျေမနပ် ဖြစ်သွားခဲ့လေ၏။ သူမက မန်နေဂျာလီ၏ နှာခေါင်းကို လက်ညှိုးထိုးကာ ပြောဆိုလိုက်ပေသည်။
"နံစော်နေတဲ့ ယာဉ်မောင်း... ငါ့သားကို လက်ပါရလောက်အောင် နင့်မှာ ဘာအခွင့်အရေး ရှိလို့လဲ"
"ငါ ပြောလိုက်မယ်... ဒီမှာ လာပြီး မောက်မောက်မာမာ မလုပ်နဲ့... ဒီကားက နင့်ကားလို့ တကယ် ထင်နေတာလား"
"ကျောင်းက ငါ့သား ဟန်သယ်အတွက် ဆုလာပေးဖို့ နင့်ကို ဒီကား မောင်းခိုင်းလိုက်တာလေ"
"ငါ့ရဲ့ ဟန်သယ်က ကျောင်းမှာ အတော်ဆုံး ကျောင်းသားဆိုတာ နင် သိရောသိရဲ့လား"
"နင်က ကျောင်းရဲ့ အတော်ဆုံး ကျောင်းသားတွေထဲက တစ်ယောက်ကို လက်ပါခဲ့တယ်... တကယ်လို့ ငါသာ သက်ဆိုင်ရာကို တိုင်လိုက်ရင် နင် ဒုက္ခကြီးကြီး တွေ့သွားမယ်"
"နင် အခုချက်ချင်း ငါ့ရဲ့ ဟန်သယ်ကို တောင်းပန်တာ ပိုကောင်းမယ်... တောင်းပန်တဲ့အနေနဲ့ ကားသော့ကိုလည်း ငါတို့ကို ပေးခဲ့... တစ်ပတ်လောက် မောင်းခွင့်ပြုလိုက်... မဟုတ်ရင် နင် ပြဿနာအကြီးကြီး တက်လိမ့်မယ်"
ချန်မေ့လီသည် စကားပြောဆိုနေရင်း မန်နေဂျာလီ၏ လက်ထဲမှ ကားသော့ကို လုယူရန် လက်လှမ်းလိုက်လေ၏။
မန်နေဂျာလီက မျက်မှောင်ကြုတ်လိုက်သည်။ ဘာတွေဖြစ်ပျက်နေမှန်း မသိရှိပုံရကာ လှမ်းလာသော ချန်မေ့လီ၏ လက်ကို ခပ်ပြင်းပြင်း ရိုက်ချလိုက်တော့၏။
ဖြန်း
ချန်မေ့လီသည် သူမ၏ လက်ထဲမှ စုရှသော နာကျင်မှုကို ခံစားလိုက်ရပြီး မယုံကြည်နိုင်သော မျက်လုံးများဖြင့် မန်နေဂျာလီအား စိုက်ကြည့်လိုက်လေသည်။
"ဒီစုတ်ချာတဲ့ ယာဉ်မောင်းက ငါ့ကိုတောင် ရိုက်ရဲတယ်ပေါ့လေ..."
"သူ အလုပ်ပြုတ်ချင်နေတာလား..."
"လူဒီလောက်များတဲ့ ရှေ့မှာ အရမ်းကို အရှက်ရစရာကောင်းတာပဲ..."
"လူလေး... မင်း အဲဒီလို လုပ်လို့မရဘူးလေ... ကျောင်းက ဟန်သယ်ကို ဆုလာပေးဖို့ မင်းကို စေလွှတ်လိုက်တာ မဟုတ်ဘူးလား... ဒီကိစ္စကို မန်နေဂျာလီကို ဘယ်လို ရှင်းပြမလဲ..."
အဘိုးကြီးတစ်ဦးက အလျင်အမြန် သတိပေးလိုက်ပေ၏။
ချန်မေ့လီနှင့် ဟန်သယ်တို့၏ မျက်နှာများပေါ်ရှိ မောက်မာသော အမူအရာများကို မြင်လိုက်ရချိန်တွင် မန်နေဂျာလီမှာ ပို၍ပင် တွေဝေသွားခဲ့လေသည်။
"နေပါဦး... ကျွန်တော့်ကို ကျောင်းကနေ ဆုလာပေးဖို့ စေလွှတ်လိုက်တာလို့ ဘယ်သူပြောလဲ... ကျွန်တော်က ဆုလာပေးတာပါလို့ ဘယ်အချိန်က ပြောဖူးလို့လဲ..."
"အဘိုး... ကျွန်တော်က ရိုင်းရိုင်းစိုင်းစိုင်း ပြောချင်တာ မဟုတ်ပါဘူး... ဒါပေမဲ့ ဒီလိုလူမျိုးဆီကနေ အမှန်တရားကို ဘယ်အချိန်ကများ ကြားဖူးလို့လဲ... ဘာလို့ သူ့ကို ယုံနေရတာလဲ..."
"ကျွန်တော် စကားတစ်ခွန်းမှ မပြောရသေးခင် သူက ရောက်လာပြီး ကျွန်တော့်ကားထဲကို ဝင်ဖို့ ကြိုးစားတယ်... ပြီးတော့ ကားသော့ကိုတောင် လုဖို့ လုပ်သေးတယ်... ဒါက ဘယ်လို အပြုအမူမျိုးလဲ..."
"နှစ်အနည်းငယ်ကြာမှ တစ်ခါ လာပေးတဲ့ ဆုအတွက်ဆိုရင်တောင် ဒီလိုမျိုး မဖြစ်သင့်ဘူး မဟုတ်လား..."
"သူတို့က လုံးဝကို ယဉ်ကျေးမှု မရှိတာပဲ..."
မန်နေဂျာလီက ချန်မေ့လီနှင့် ဟန်သယ်အား စုရဲစွာ စိုက်ကြည့်ရင်း ပြောဆိုလိုက်သည်။
"ဟင်... မင်းက ဆုလာပေးတာ မဟုတ်ဘူးလား..."
သက်ကြီးရွယ်အို တစ်စုသည် ဆုလာပေးခြင်းဖြစ်မည်ဟု ထင်မှတ်ထားခဲ့ကြသဖြင့် အံ့အားသင့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြလေ၏။
"နင်က ဆုလာပေးတာ မဟုတ်ရင် ဘာလာလုပ်တာလဲ... နင့်ကိုယ်နင်လည်း ပြန်ကြည့်ဦး... နင်က အောက်ခြေလူတန်းစားပဲ..."
ချန်မေ့လီသည်လည်း တုန်လှုပ်သွားခဲ့သည်။ "နင်က ဆုလာပေးတာ မဟုတ်ဘူးပေါ့လေ..."
"သူက ဒီလောက်ကောင်းတဲ့ ကားကို မောင်းပြီး ဒီမှာ ဘာလာလုပ်တာလဲ..."
"ကျွန်တော် ဘာကိစ္စနဲ့ လာတာလဲဆိုတာ ခင်ဗျားတို့နဲ့ မဆိုင်ပါဘူး..."
"အမှန်တိုင်း ပြောရရင် ဒီကားကို ဒီက လူကြီးမင်းတစ်ယောက်က ဝယ်ထားတာမို့လို့ ကျွန်တော် လာပို့ပေးတာ..."
မန်နေဂျာလီက တိုက်ရိုက် ပြောဆိုလိုက်ပေ၏။
"ဘာ... ဒီကားကို ဒီက လူတစ်ယောက်က ဝယ်ထားတာလား..."
"ဒါက ယွမ်သန်းချီတန်တဲ့ ကားတစ်စီး မဟုတ်ဘူးလား... ဘယ်သူကများ ဒီကားကို ဝယ်ရဲလောက်အောင် သတ္တိရှိနေတာလဲ..."
"ဘုရားရေ... ဟန်သယ်ရဲ့ မိသားစုတောင် ဒီကားကို မတတ်နိုင်တာ... ဒီနားတစ်ဝိုက်မှာ အဲဒီလောက် ပိုက်ဆံရှိတဲ့သူ ဘယ်သူရှိလို့လဲ..."
ဤစကားကို ကြားလိုက်ရချိန်တွင် လူတိုင်း အံ့ဩမှင်တက်သွားကြလေ၏။ ယွမ်သန်းချီတန်သော ဇိမ်ခံကားကို မည်သူမဆို ဝယ်နိုင်မည်လား။
"ဒီလူက နေရာမှားပြီး လာပို့တာများ ဖြစ်နေမလား..."
ချန်မေ့လီနှင့် သူမ၏သား ဟန်သယ်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ၎င်းတို့၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်နေချေသည်။
ဤကားသည် ၎င်းတို့၏ ဘဝတစ်သက်တာလုံးတွင် တစ်ကြိမ်တစ်ခါမျှပင် စိတ်ကူးယဉ်၍မရနိုင်သော အရာတစ်ခု ဖြစ်ပေ၏။
မန်နေဂျာလီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် သဘောကောင်းပုံရသော ချန်ချွေ့ဖန်ထံသို့ သူ၏အကြည့်ကို ရပ်တန့်လိုက်ကာ သူမထံသို့ အလျင်အမြန် လျှောက်သွားရင်း ပြောဆိုလိုက်သည်။
"မင်္ဂလာပါ အန်တီ... ကျွန်တော် တစ်ခုလောက် မေးချင်လို့ပါ..."
"စုဖူချန် က ဘယ်မှာနေတာလဲဗျ... သူက လူကြီးမင်း စုယွမ်ရဲ့ အဖေလေ... သူ့ရဲ့ အိမ်လိပ်စာကို ပြောပြပေးနိုင်မလား..."