အခန်း ၆၈
Vol. 7 Ch. 68
အခန်း (၆၈) ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ နှိုင်းယှဉ်ရတာကို ငါတို့ မကြိုက်ဘူး
မန်နေဂျာလီ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့လေ၏။
ချန်ချွေ့ဖန်သည် ယခုလေးတင် ပြောဆိုသွားသော စကားများကို တွေဝေငေးမောစွာဖြင့် နားထောင်နေခဲ့ချေသည်။
စုဖူချန် ဟူသော နာမည်ကြောင့် သူမ အံ့အားသင့်သွားခဲ့ရပေ၏။
မန်နေဂျာလီကို ကြည့်ရင်း ချန်ချွေ့ဖန်က သတိထားကာ မေးမြန်းလိုက်လေသည်။
"ဆရာ... တစ်ယောက်ယောက်များ မှားနေတာလား..."
"ဆရာရှာနေတာ စုဖူချန်ကို ပြောတာလား..."
ဤစကားကို ကြားလိုက်ရချိန်တွင် မန်နေဂျာလီက ခေါင်းညိတ်လိုက်ပြီးနောက် ပြောဆိုလိုက်ပေ၏။
"ဟုတ်ပါတယ်... ကျွန်တော်က လူကြီးမင်း စုဖူချန်ကို ရှာနေတာပါ..."
"လူကြီးမင်း စုယွမ်က ယွမ် ၁.၄ သန်း တန်ကြေးရှိတဲ့ ဒီLexus LX700 Lingjie Edition ကို ကျွန်တော့်ဆီကနေ လက်ဆောင်အဖြစ် ဝယ်သွားတာပါ..."
"အဲဒါကြောင့်မို့လို့ ကျွန်တော်က ခင်ဗျားတို့ကို မေးရတာပါ..." မန်နေဂျာလီက ပြုံးလျက် ဆက်လက်ပြောဆိုလိုက်သည်။
"ဘာ... ရှောင်ယွမ်ရဲ့အမေ... ဖူချန်က ရှောင်ယွမ်ရဲ့အဖေ မဟုတ်ဘူးလား..."
"ဝိုး... ဒီကားက ရှောင်ယွမ်က သူ့အဖေအတွက် ဝယ်ပေးခဲ့တာပဲ... ဒီကလေးက တကယ်ကို အလားအလာရှိတာပဲ..."
"ရှောင်ယွမ်က တက္ကသိုလ်ကနေ အခုမှ ဘွဲ့ရခါစလို့ နင်ပြောခဲ့တယ် မဟုတ်လား... အခုတော့ သူက ယွမ်သန်းချီတန်တဲ့ ကားတစ်စီးကိုတောင် ဝယ်နိုင်နေပြီပဲ..."
"အဲ့ဒါကြောင့် ရှောင်ယွမ်က အရည်အချင်းရှိတယ်လို့ ငါ ပြောနေတာပေါ့..."
"အခုတောင် ယွမ်သန်းချီတန်တဲ့ ကားကို ဝယ်နိုင်နေပြီဆိုတော့ အနာဂတ်မှာ ယွမ်သန်းဆယ်ချီတန်တဲ့ ကားကို ဝယ်နိုင်မှာ သေချာတာပဲ..."
သက်ကြီးရွယ်အိုတစ်စုသည် အံ့ဩမှင်တက်စွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။သူတို့၏ မျက်လုံးများအတွင်းတွင် တုန်လှုပ်မှုများ ပြည့်နှက်နေပြီး စကားလုံးတိုင်းမှာလည်း ဆူမိသားစုအပေါ် အားကျမှုနှင့် ချီးကျူးမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
"အဲဒါ မဖြစ်နိုင်ပါဘူး ဆရာ... ခင်ဗျား မှားနေတာ ဖြစ်ရမယ်... စုယွမ်က ဘယ်လိုလုပ်ပြီး ဒီလို ဇိမ်ခံကားမျိုးကို ဝယ်နိုင်မှာလဲ..."
"သူက မျက်နှာပန်းလှအောင်လို့ ဒီကားကို ငှားလာတာ ဖြစ်ရမယ် မဟုတ်လား..."
"ငါတို့တောင် ဒီကားကို မဝယ်နိုင်တာ... လောင်စုရဲ့ မိသားစုက ဘယ်လိုလုပ် ဝယ်နိုင်မှာလဲ..." ဟန်သယ်က အလျင်အမြန် ရှေ့သို့တိုးလာကာ မေးမြန်းလိုက်ပြီး သူ၏ လေသံမှာ သံသယများဖြင့် ပြည့်နှက်နေလေသည်။
"ဟင်..." မန်နေဂျာလီက ပြုံးလိုက်ပြီးနောက် သူ၏ အိတ်ကပ်ထဲမှ ကတ်ပြားတစ်ခုကို ထုတ်ယူကာ ဟန်သယ်၏ လက်ထဲသို့ အတင်းအကျပ် ထည့်ပေးလိုက်ရင်း ပြောဆိုလိုက်ပေ၏။
"ငါကLexus အရောင်းပြခန်းရဲ့ မန်နေဂျာပါ... တကယ်လို့ မင်း ကားလိုချင်ရင် ဝယ်ဖို့အတွက် ငါ့ဆီ လာခဲ့လို့ရပါတယ်..."
"မနေ့က လူကြီးမင်း စုယွမ်က ယွမ် ၁.၄ သန်းကို တစ်ပြိုင်နက်တည်း ပေးချေသွားတာပါ..."
ဟန်သယ်နှင့် ချန်မေ့လီတို့သည် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ၎င်းတို့၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ ရှင်းလင်းစွာ ပေါ်လွင်နေချေသည်။
တစ်ချိန်တည်းမှာပင် ၎င်းတို့၏ ရင်ထဲ၌ မုန်တိုင်းတစ်ခု တိုက်ခတ်နေသကဲ့သို့ ခံစားနေရလေ၏။
စုယွမ်သည် ယွမ်တစ်သန်းကျော် တန်ကြေးရှိသော ဇိမ်ခံကားတစ်စီးကို ဝယ်ယူနိုင်စွမ်း ရှိနေပြီဖြစ်ရာ ၎င်းမှာ သူ၏ထံတွင် စုဆောင်းငွေ ယွမ်သန်းဆယ်ဂဏန်းနီးပါးခန့် ရှိနေကြောင်းကို ဆိုလိုနေပေသည်။
"ဘုရားရေ... ဒီကောင်လေးက ဘာတွေလုပ်ခဲ့လို့လဲ... သူက ဒီလောက်တောင် ချမ်းသာနေတာပဲ..." ဟု သူတို့ တိတ်တဆိတ် တွေးလိုက်မိကြ၏။
မန်နေဂျာလီ၏ အဖြေကို ကြားလိုက်ရချိန်၌ ချန်ချွေ့ဖန်မှာ အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားခဲ့လေသည်။ လူတိုင်း၏ အားကျနေသော အကြည့်များကို မြင်လိုက်ရသဖြင့် သူမသည် မယုံနိုင်လောက်အောင် ဂုဏ်ယူဝင့်ကြွားသွားပြီး အောင်ပွဲခံလိုက်သကဲ့သို့ ခံစားလိုက်ရချေ၏။
"ကျွန်မက စုဖူချန်ရဲ့ မိန်းမ ပြီးတော့ စုယွမ်ရဲ့ အမေပါ... စုဖူချန်က အခု လောလောဆယ် အိမ်မှာ မရှိဘူး..." ချန်ချွေ့ဖန်က ပြောဆိုလိုက်သည်။
"အို... ကျွန်တော် ကားကို အရင် ရပ်ထားလိုက်ပါမယ်... လူကြီးမင်းစု ပြန်ရောက်လာတဲ့အခါကျမှ ကျွန်တော် ပြန်သွားလို့ရပါတယ်..." မန်နေဂျာလီက ပြောဆိုလိုက်ပေ၏။
"အို... ရှောင်ယွမ်ကရော ဒီနေ့ ပြန်လာမှာလား..." ချန်ချွေ့ဖန်က အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။
"ဟုတ်ပါတယ်... လူကြီးမင်းစု လည်း ဒီနေ့ ပြန်လာမှာပါ... သူ မကြာခင် ရောက်လာတော့မှာပါ..." မန်နေဂျာလီက ရိုသေစွာဖြင့် ပြောဆိုလိုက်ပြီးနောက် လမ်းသွားလမ်းလာများကို အနှောင့်အယှက် မဖြစ်စေရန်အတွက် ကားကို သင့်လျော်သော နေရာတစ်ခုတွင် ရပ်တန့်ထားလိုက်လေ၏။
ချန်မေ့လီနှင့် ဟန်သယ်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ ကားကို အမှန်တကယ်ပင် စုယွမ်က ဝယ်ယူခဲ့ခြင်း ဖြစ်ပေ၏။
ခဏတာမျှ မနာလိုဝန်တိုမှုများ ပေါ်ပေါက်လာခဲ့ပြီး အထူးသဖြင့် မိမိကိုယ်ကို စုယွမ်ထက် ပိုတော်သည်ဟု မှတ်ယူထားသော ဟန်သယ်အတွက်မူ ဤသတင်းကို ကြားပြီးနောက် အလွန်အမင်း နာကြည်းခံပြင်းသွားရလေသည်။
"အဲဒီ မာဂိုတန် ကားကို ကြည့်စမ်း... စုယွမ်ရဲ့Lexus ကို လုံးဝ ယှဉ်လို့မရဘူး..." ဟန်သယ်က တွေးလိုက်မိ၏။
နှစ်ဖက်ကြား ကွာဟချက်မှာ တစ်ဖက်က ကောင်းကင်ဘုံထိ မြင့်မားနေပြီး အခြားတစ်ဖက်ကတော့ မြေကြီးထဲသို့ နစ်မြုပ်နေသကဲ့သို့ပင်။
"ညီမလေး... နင် ဘယ်လိုထင်လဲ... ငါ့ရဲ့ စုယွမ်က လောင်စုအတွက် ဝယ်ပေးခဲ့တဲ့ ကားက သိပ်မဈေးကြီးပါဘူး... ယွမ် တစ်သန်းကျော်လေးပါပဲ..." ချန်ချွေ့ဖန်က ချန်မေ့လီအား တောက်ပသော အပြုံးဖြင့် မေးမြန်းလိုက်လေသည်။
လူတိုင်း၏ အကြည့်များအောက်တွင် အနေရခက်သွားသဖြင့် ချန်မေ့လီက ပြောဆိုလိုက်၏။ "အို... တကယ်တော့ ဒါက သိပ်ပြီး အသုံးမဝင်ပါဘူး..."
"ပိုက်ဆံကို ဘာလုပ်ရမှန်း မသိတိုင်း ဒီလောက် ဈေးကြီးတဲ့ကားကို ဘာလို့ ဝယ်ရတာလဲ... အဲဒါက ပိုက်ဆံကို ဖြုန်းတီးတာပဲ ပြီးတော့ သိပ်ပြီး လက်တွေ့မကျဘူးလေ... ကားကို ထိန်းသိမ်းဖို့နဲ့ တခြားကိစ္စတွေအတွက်လည်း ပိုက်ဆံအများကြီး ထပ်ကုန်ရဦးမှာ..."
"ဈေးကြီးတဲ့ ကားတွေတိုင်း သက်တောင့်သက်သာ ရှိတယ်ဆိုတာ အမြဲတမ်း မှန်နေတာမှ မဟုတ်တာ..." ချန်မေ့လီက ခေါင်းမာစွာဖြင့် အခိုင်အမာ ပြောဆိုလိုက်ပေသည်။ တကယ်တော့ သူမသည် အချိန်ကြာမြင့်စွာကတည်းက အားကျမနာလို ဖြစ်နေခဲ့သော်လည်း သူမ၏ အစ်မဖြစ်သူ၏ သားက ဤမျှလောက် ချမ်းသာနေသည်ကိုမူ သူမ လက်မခံနိုင်ခဲ့ချေ။
"ဟုတ်တယ်... ဒါကြောင့်မို့လို့Lexus က သာမန်ပါပဲ... ငါ့ရဲ့ မာဂိုတန် လောက် လက်တွေ့မကျဘူး..." ဟန်သယ်က မျက်နှာပျက်ပျက်ဖြင့် ပြောဆိုလိုက်၏။
"ဟားဟား... အန်တီ... အခု လူကြီးမင်းစု ဝယ်ထားတဲ့ကားကို အန်တီ ကိုယ်တိုင် စမ်းသပ်ကြည့်လို့ ရပါပြီ..."
"ဒီ ယွမ်တစ်သန်းကျော် သုံးရတာ တကယ်တန်တယ်လို့ အန်တီ ခံစားရစေရမယ်လို့ ကျွန်တော် အာမခံပါတယ်..." မန်နေဂျာလီက ချန်မေ့လီနှင့် အခြားအမျိုးသမီးကို တစ်ချက် ကြည့်ရင်း ပြောဆိုလိုက်လေသည်။
"ကောင်းပြီ... ငါ အရင်စမ်းကြည့်လိုက်မယ်..." ချန်ချွေ့ဖန်မှာ အလွန် ဝမ်းသာနေခဲ့ပြီး မန်နေဂျာလီ၏ လမ်းညွှန်မှုဖြင့်Lexus ကားထဲသို့ ဝင်ရောက်သွားခဲ့ပေ၏။
ကျယ်ဝန်းသော အတွင်းခန်းနှင့် သက်တောင့်သက်သာရှိသော ထိုင်ခုံများသည် သူမတို့ မိသားစု၏ စုတ်ချာနေသော ကားလေးနှင့် ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားလှပေသည်။
ထိုင်ခုံပေါ်တွင် မှီချလိုက်ရင်း ချန်ချွေ့ဖန်သည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်၏။ သက်တောင့်သက်သာ ရှိမှုမှာ ပြိုင်ဘက်ကင်းလှချေသည်။
ချန်ချွေ့ဖန်ကို ကြည့်ရင်း ချန်မေ့လီနှင့် ဟန်သယ်တို့သည် တံတွေးများကို ခက်ခက်ခဲခဲ မြိုချလိုက်ကြပြီး ၎င်းတို့၏ မျက်နှာများမှာ မှောင်မည်းနေကာ ကားထဲသို့ ဝင်ရောက်သွားလုနီးပါး ဖြစ်နေကြလေသည်။
"ဒုတိယဦးလေး... တတိယအန်တီ... ဒီကားကို စမ်းစီးကြည့်ကြပါလား... အရမ်း သက်တောင့်သက်သာ ရှိတာပဲ..." ချန်ချွေ့ဖန်က ကားပေါ်မှ ဆင်းလာရင်း သက်ကြီးရွယ်အို နှစ်ဦးအား ပြောဆိုလိုက်ပေ၏။
ဤသက်ကြီးရွယ်အို နှစ်ဦးသည် ယခုလေးတင်က လူအုပ်ကြီးနှင့် ရောယောင်မပါခဲ့ကြသလို ၎င်းတို့၏ မိသားစုအပေါ် အမြဲတမ်း ကောင်းမွန်စွာ ဆက်ဆံလေ့ရှိကြပေသည်။
"မစီးတော့ပါဘူး... မစီးတော့ပါဘူး... ဒီကားက အသစ်စက်စက်ကြီးလေ... ငါတို့ အဘိုးကြီးတွေက ညစ်ပတ်နေတာ... တကယ်လို့ ကားကို ညစ်ပတ်သွားအောင် လုပ်မိရင် မကောင်းပါဘူး..." ဒုတိယဦးလေးက ပြောဆိုလိုက်၏။
"ဟုတ်တယ် ဟုတ်တယ်... ရှောင်ယွမ်ရဲ့အမေ... ရှောင်ယွမ် အဆင်ပြေနေသရွေ့ ငါတို့က ဝမ်းသာပါတယ်... ငါတို့ သွားမထိုင်တော့ပါဘူး..." တတိယအန်တီက ပြောဆိုလိုက်လေသည်။
သက်ကြီးရွယ်အို နှစ်ဦးက ထိုသို့ ပြောဆိုခဲ့သော်လည်း ၎င်းတို့၏ မျက်လုံးများထဲတွင်မူ ကြီးမားသော မျှော်လင့်တောင့်တမှုများ ပေါ်လွင်နေဆဲပင် ဖြစ်၏။
"အို... အဲဒီကိစ္စတွေကို ဘာလို့ စိတ်ပူနေရတာလဲ... ဒီကားက စီးဖို့အတွက်ပဲ မဟုတ်ဘူးလား... ဒုတိယဦးလေး... မြန်မြန် တက်ခဲ့ပါ..." ချန်ချွေ့ဖန်က ဒုတိယဦးလေးကို ကားထဲသို့ ဆွဲသွင်းလိုက်ပြီး ဒုတိယဦးလေးမှာ ငြင်းဆန်၍မရနိုင်သည်ကို မြင်လိုက်ရသဖြင့် ကားထဲသို့ ဝင်ထိုင်လိုက်ကာ တတိယအန်တီကလည်း သူ၏နောက်မှ လိုက်ပါဝင်ရောက်သွားခဲ့ပေသည်။
အခြားသော သက်ကြီးရွယ်အိုများသည် ထိုနှစ်ဦး ကားထဲသို့ ဝင်ရောက်သွားသည်ကို ကြည့်ရင်း အားကျမှုများဖြင့် ပြည့်နှက်နေကြလေ၏။
"ဒုတိယအစ်ကို... ဘယ်လိုနေလဲ..." အဘိုးကြီးတစ်ယောက်က သူ၏ ဒုတိယဦးလေးကို မေးမြန်းလိုက်သည်။
"ရှယ်ပဲ... ငါ ပြောပြမယ်... တကယ်လို့ ငါ့မှာသာ ယွမ်တစ်သန်း ရှိရင် ငါလည်း ဒီကားကို ဝယ်မှာပဲ... ငါ့သားရဲ့ BMW တောင် ဒီကားလောက် သက်တောင့်သက်သာ မရှိဘူး... ယွမ်တစ်သန်းကျော် ပေးရတာ မထူးဆန်းပါဘူးကွာ..." ဒုတိယဦးလေးက အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်ပေ၏။
" ရှောင်ယွမ်က တကယ်ကို မိဘကျေးဇူး သိတတ်တာပဲ... အိမ်အတွက် ဒီလိုကားမျိုးကို ဝယ်ပေးတာ..."
"ဟုတ်တယ်... ယွမ်တစ်သန်းကျော်တောင်နော်... အဲဒါက အချိန်တိုအတွင်းမှာ အလွယ်တကူ ရှာနိုင်တဲ့ အရာမျိုးမှ မဟုတ်တာ..."
"လူငယ်တချို့က နှစ်အနည်းငယ်အတွင်းမှာ ယွမ်တစ်သန်းလောက် ရလာရင်တောင် မိသားစုအတွက် ပိုက်ဆံတစ်ပြားမှ မသုံးရက်ကြဘူး... မိဘကျေးဇူး သိတတ်တဲ့ စုယွမ်နဲ့ မတူဘူးလေ... သူက ဒီမှာ အတော်ဆုံးပဲ..."
"နေပါဦး... ရှောင်ယွမ်ရဲ့ အဒေါ်က ရှောင်ယွမ်က ကြွားဝါတတ်တယ် ပြီးတော့ ရှောင်ယွမ်က မျက်နှာပန်းလှအောင် ကားငှားလာတယ်လို့ ပြောခဲ့တာကို ငါ ရုတ်တရက် သတိရသွားပြီ.."
"ဒါက ဘာတွေ ဖြစ်နေတာလဲ..." အဘွားကြီးတစ်ယောက်က ဤအချက်ကို ရုတ်တရက် သတိရသွားပြီး ချန်မေ့လီအား လှမ်းကြည့်လိုက်လေသည်။
"ဟုတ်တယ်... တကယ်လို့ ရှောင်ယွမ်က ယွမ်တစ်သန်းတန် ကားတစ်စီးကို ဝယ်နိုင်နေပြီဆိုရင် မျက်နှာပန်းလှအောင် ဘာလို့ ကားငှားဖို့ လိုတော့မှာလဲ..."
"ရှောင်ယွမ်ရဲ့ အဒေါ်... နင်က ဘာကိုဆိုလိုတာလဲ... နင်က ရှောင်ယွမ်ကို နှိမ့်ချဖို့နဲ့ အသရေဖျက်ဖို့ ဒီကို လာခဲ့တာတော့ မဟုတ်ဘူးမလား..." အဘိုးကြီးတစ်ယောက်က မျက်လုံးကို မှေးကာ မေးမြန်းလိုက်၏။
ချန်မေ့လီမှာ အနည်းငယ် ထိတ်လန့်သွားခဲ့ပေသည်။ စုယွမ်သည် ဟန်ရေးပြရန်သာ ကောင်းသော အသုံးမကျသည့် ကောင်လေးတစ်ယောက်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း ဤကောင်လေးက အမှန်တကယ် ပိုက်ဆံရှာနိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
"ပြီးတော့ ဒီအဘိုးကြီးတွေက ငါ့ရဲ့ ရည်ရွယ်ချက်တွေကို တကယ်ကြီး မြင်သာသွားကြတာပဲ..." သူမ တွေးလိုက်မိ၏။
"မဖြစ်နိုင်ပါဘူး... ငါက ရှောင်ယွမ်ရဲ့ ဒုတိယအဒေါ်လေ... ရှောင်ယွမ်အကြောင်း မကောင်းတာတွေကို ငါက ဘယ်လိုလုပ် ပြောရက်မှာလဲ..."
"ငါ နားမှားကြားခဲ့တာ ဖြစ်မယ်... ငါက လောလောနဲ့ သေချာမမေးဘဲ ဒီကို လာခဲ့မိလို့ပါ..." ချန်မေ့လီက မျက်နှာပျက်ပျက်ဖြင့် ရှင်းပြလိုက်သော်လည်း သူမ၏ မျက်လုံးများကLexus ကားဆီမှ မခွာခဲ့ချေ။
"အဲဒီလိုပဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်... ငါ့ရဲ့ စုယွမ်က စဉ်းစားဆင်ခြင်ဉာဏ်ရှိတဲ့သူပါ... ပိုက်ဆံရလာတဲ့အခါ မိသားစုအတွက် ကားတစ်စီး ဝယ်ပေးရမယ်ဆိုတာ သူသိတယ်လေ... ဟန်သယ်... အနာဂတ်ကျရင် မင်းက မိသားစုအတွက် ဘယ်လိုကားမျိုး ဝယ်ပေးဖို့ စဉ်းစားထားလဲ..." ချန်ချွေ့ဖန်သည် ယခုအခါတွင် ယုံကြည်မှု အပြည့်ရှိနေပြီဖြစ်ရာ သူမသည် ဆက်လက်၍ ဟန်ဆောင်မနေချင်တော့သလို ချုပ်တည်းမထားချင်တော့ချေ။
"နင်က နင့်သားကိုပဲ အမွှန်းတင်ပြီး ငါ့သားကို နှိမ့်ချနေခဲ့တာ မဟုတ်လား... ကောင်းပြီလေ... အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပြီ..." ချန်ချွေ့ဖန်က တွေးလိုက်ပေသည်။
"အို... တကယ်တော့ ဘာမှမဟုတ်ပါဘူး... ကားဝယ်သည်ဖြစ်စေ မဝယ်သည်ဖြစ်စေ အရေးမကြီးပါဘူး... ငါတို့မိသားစုက တခြားသူတွေနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ နှိုင်းယှဉ်တတ်တဲ့ လူစားမျိုးတွေမှ မဟုတ်တာ..."
"ငါ့သား ဟန်သယ်က ကျောင်းသားကောင်း တစ်ယောက်ပါ... သူက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ် ၆၀၀ ကျော် ရခဲ့တာဆိုတော့ အဲဒါက လုံလောက်နေပါပြီ..." ချန်မေ့လီက အနေရခက်သော အပြုံးဖြင့် ပြောဆိုလိုက်လေသည်။