← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

အခန်း (၆၉) သာမန်ကာလျှံကာ နည်းနည်း ဝယ်လာတာပါ

ချန်မေ့လီမှာ လုံးလုံးလျားလျား အရှက်ရသွားခဲ့လေ၏။ ဒီတစ်ခါတော့ စုမိသားစုကို နှိမ့်ချနိုင်ပြီဟု သူမ ထင်မှတ်ထားခဲ့သော်လည်း စုယွမ် ဆိုသည့် အဲဒီကောင်လေးက ရုတ်တရက်ကြီး ချမ်းသာလာလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ချေ။

"ငါတို့ ဘယ်လိုကားမျိုးကို မောင်းလဲဆိုတာက တကယ်တော့ အရေးမကြီးပါဘူး... ငါတို့ရဲ့ စိတ်ဓာတ်တွေ ပြည့်ဝနေသရွေ့ အဲဒါက လုံလောက်နေပါပြီ..." ချန်မေ့လီက အတင်းအကျပ် အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်သည်။

ဤစကားကို ကြားလိုက်ရချိန်၌ ချန်ချွေ့ဖန်က မရယ်ဘဲ မနေနိုင်ခဲ့ချေ။ သူမသည် ချန်မေ့လီကို ကြည့်ရင်း သူမ၏ အားကျမနာလိုမှုများကို မဖုံးကွယ်နိုင်ခဲ့ပေ။

"နင်က နင့်မိသားစု ဘယ်လောက်ချမ်းသာလဲဆိုတာကို ကြွားနေတာ မဟုတ်ဘူးလား... ဘယ်လိုကားကို မောင်းမောင်း အရေးမကြီးဘူးလို့ ဘာလို့ ပြောနေရတာလဲ..."

ချန်မေ့လီမှာ စကားပြောဆိုနေရင်းပင် ထိုနေရာ၌ ဆက်လက်နေထိုင်ရန် အရှက်ရလွန်းသဖြင့် ဟန်သယ်ကို ဆွဲကာ မာဂိုတန် ကားဆီသို့ ဦးတည်သွားတော့၏။

"ဟိုမှာကြည့်... နောက်ထပ်ကားတစ်စီး လာနေပြီ..." အဘိုးကြီးတစ်ယောက်က အော်ဟစ်လိုက်သည်။

"ဟုတ်တယ်... တကယ်ကြီး လာနေတာပဲ... အနက်ရောင်ကြီးနဲ့..."

"ဒီကားက ပိုတောင် ကြည့်ကောင်းသေးတယ်... ဒါက ဘယ်လိုကားမျိုးလဲ..." သက်ကြီးရွယ်အို တစ်စုက မေးခွန်းများဖြင့် ပြည့်နှက်နေကြလေ၏။

"ဒါက မာစီဒီးဘင့်ဇ် g-wagon လေ... အဆင့်မြင့် မော်ဒယ်ပေါ့... ဒီကားက ယွမ်နှစ်သန်းကျော်၊ သုံးသန်းနီးပါးလောက် တန်တယ်..." မန်နေဂျာလီက ပြုံးလျက် ပြောဆိုလိုက်သည်။

"ဝိုး... ယွမ် သုံးသန်းကျော်တန်တဲ့ ကားကြီး... ငါတို့ဆီမှာ ယွမ်တစ်သန်းတန် ကားတစ်စီး ရောက်လာရုံပဲ ရှိသေးတယ်... အခု နောက်ထပ် ယွမ် သုံးသန်းနီးပါးတန်တဲ့ ကားတစ်စီး ထပ်ရောက်လာပြန်ပြီ..."

"ငါတို့မြို့လေးမှာ ဘယ်အချိန်ကများ လူချမ်းသာတွေ အဲဒီလောက် ပေါသွားတာလဲ..."

"သုံးသန်း... အဲဒီလောက် ပိုက်ဆံတွေသာ စုပုံထားမယ်ဆိုရင် ဘယ်လောက်တောင် များလိုက်မလဲ..." အဘိုးကြီးတစ်စုက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ကြပေ၏။

ချန်မေ့လီနှင့် ဟန်သယ်တို့သည်လည်း g-wagon ကားကို အဝေးမှ မြင်လိုက်ရချိန်၌ စိတ်လှုပ်ရှားသွားကြလေသည်။

ဒီကားက တကယ်ကို မိုက်တာပဲ။

" g-wagon ကားဆိုတော့လည်း အံ့ဩစရာ မရှိပါဘူးလေ... g-wagonနဲ့ ယှဉ်လိုက်ရင် ဒီကားက ဘာမှမဟုတ်တော့ဘူး..." ချန်မေ့လီက g-wagon ကားသည် သူမပိုင်သည့်အလား ချန်ချွေ့ဖန်ကို တစ်ချက် ကြည့်ကာ သရော်လှောင်ပြောင်သော လေသံဖြင့် ပြောဆိုလိုက်၏။

ဟန်သယ်သည် ဖြည်းညင်းစွာ မောင်းနှင်လာသော ကားကို ကြည့်ရင်း ရင်းနှီးကျွမ်းဝင်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ဤကားသည် မနေ့က သူမြင်ခဲ့သော စုယွမ်၏ကားနှင့် တစ်နည်းနည်းဖြင့် ဆင်တူနေပေ၏။

'စုယွမ်များ ပြန်ရောက်လာတာလား...'

ဟန်သယ်က ချန်မေ့လီကို အလျင်အမြန် ဆွဲလိုက်ပြီး သူမကို စကားဆက်မပြောရန် မျက်စိဖြင့် အချက်ပြလိုက်လေသည်။

သို့သော် ချန်မေ့လီက ဟန်သယ်၏ ရည်ရွယ်ချက်ကို လုံးဝ သတိမထားမိခဲ့ချေ။

"ဟမ့်... ငါက အမှန်တရားကိုတောင် ပြောလို့မရဘူးလား... ဒီကားက g-wagon လောက် မကောင်းဘူးဆိုတာ အမှန်ပဲလေ... ဘာဖြစ်လဲ... တကယ်လို့ တစ်ယောက်ယောက်က သဘောမတူဘူးဆိုရင် နင့်သားကိုလည်း g-wagon တစ်စီး နှစ်စီးလောက် ဝယ်ခိုင်းလိုက်ပါလား..."

ချန်မေ့လီမှာ အသင့်ပြင်ထားပြီးဖြစ်သည်။ g-wagon ကားရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် သူမသည် ပြေးသွားကာ မျက်နှာချိုသွေးတော့မည် ဖြစ်ပေ၏။

ချန်မေ့လီ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် အနက်ရောင် g-wagon ကားလေး ရောက်ရှိလာခဲ့လေသည်။

ချန်မေ့လီမှာ အလွန်အမင်း ဝမ်းသာသွားခဲ့၏။ ဤသည်မှာ အထက်တန်းလွှာများနှင့် ရင်းနှီးကျွမ်းဝင်ရန် အခွင့်ကောင်းတစ်ခုပင် ဖြစ်သည်။

ထို့ကြောင့် သူမသည် အလျင်အမြန်ပင် လျှောက်သွားလိုက်တော့၏။

ဤသည်ကို မြင်လိုက်ရသဖြင့် မန်နေဂျာလီသည်လည်း g-wagonကားဆီသို့ လျှောက်သွားလိုက်သည်။

စက္ကန့်အနည်းငယ်အကြာတွင် လူတိုင်း၏ အကြည့်များမှာ ရပ်တန့်သွားသော g-wagon ကားဆီသို့ ရောက်ရှိသွားပြီး ဘယ်သူ့ကား ဖြစ်မည်ကို သိရှိနိုင်ရန် စုစိုက်ကြည့်ရှုနေကြလေ၏။

"အို... သူဌေး... ဟားဟားဟား... ကျွန်မက တယ်ယန် စက်ရုံက ချန်မေ့လီ ပါရှင့်... သူဌေးက..." ကားတံခါး ပွင့်လာချိန်တွင် ချန်မေ့လီက ခါးညွှတ်ကာ မိမိကိုယ်ကို မိတ်ဆက်လိုက်သည်။

"ဒုတိယအဒေါ်... ဘာတွေလုပ်နေတာလဲ... ကျွန်တော့်ဖိနပ်တွေကို တိုက်ပေးမလို့လား..." စုယွမ်က ကားပေါ်မှ ဆင်းလာရင်း ခေါင်းငုံ့ထားသော ချန်မေ့လီကို ကြည့်ကာ မေးမြန်းလိုက်၏။

ချန်မေ့လီက မော့ကြည့်လိုက်ရာ သူမ အမြင်ချင်ဆုံး မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရလေသည်။

"စု... စုယွမ်... ဒီကားက နင့်ကားလား..." ချန်မေ့လီက ထိတ်လန့်နေသော မျက်နှာထားဖြင့် မေးမြန်းလိုက်ပေ၏။

"ဟုတ်တယ်... ကျွန်တော့်ကားပါ..." စုယွမ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သက်ကြီးရွယ်အို အများအပြား ရှိနေသည်ကို မြင်တွေ့လိုက်ရသဖြင့် နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဘုရားရေ... ဒီကားက ရှောင်ယွမ်ရဲ့ ကားတဲ့..." စုယွမ်၏ စကားကို ကြားလိုက်ရချိန်၌ လူတိုင်း၏ မျက်နှာပေါ်ရှိ အမူအရာများမှာ ပို၍ပင် အံ့အားသင့်သွားကြတော့၏။

"ငါ ထင်သားပဲ... ဒီနားတစ်ဝိုက်မှာ ဘယ်သူကများ ဒီလောက် ဈေးကြီးတဲ့ ကားကို ဝယ်နိုင်မှာလဲလို့..."

"ရှောင်ယွမ်က တကယ်ကို အောင်မြင်နေပြီပဲ... ရှောင်ယွမ်က တကယ်ကို အောင်မြင်နေပြီ..."

"ဒီကားနှစ်စီးတည်းကတင် ယွမ် လေးသန်းနီးပါးလောက် တန်နေပြီ... ရှောင်ယွမ်က အခု သူဌေးကြီး ဖြစ်နေပြီပဲ..."

သက်ကြီးရွယ်အို တစ်စုက စိတ်လှုပ်ရှားစွာဖြင့် ဆူညံစွာ ပြောဆိုနေကြပြီး ချန်ချွေ့ဖန်နှင့် သူမ၏ ခင်ပွန်းတို့မှာ မည်မျှ ကံကောင်းကြောင်း ပြောဆိုနေကြကာ ၎င်းတို့၏ မျက်လုံးများမှာ ချန်ချွေ့ဖန်ကို ကြည့်ရင်း အားကျမှုများဖြင့် ပြည့်နှက်နေကြလေ၏။

ချန်ချွေ့ဖန်က ဤအကြည့်များကို သတိပြုမိလိုက်ပြီး သူမ၏ ရင်ထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်သွားခဲ့ပေသည်။ ဆယ်စုနှစ်ချီ၍ ဖြတ်သန်းလာခဲ့ရသော သူမ၏ ဘဝတစ်လျှောက်လုံးတွင် ဤမျှလောက် ဂုဏ်ယူဝင့်ကြွားရခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်လေ၏။

ဤလူများ၏ မျက်လုံးများထဲရှိ အားကျမှုများကို မြင်တွေ့ရချိန်၌ ချန်ချွေ့ဖန်သည် ယနေ့သည် သူမ ဖြတ်သန်းခဲ့ရသော ဆယ်စုနှစ်များအတွင်း အကောင်းမွန်ဆုံးသော နေ့တစ်နေ့ဖြစ်ကြောင်း ခံစားလိုက်ရပေသည်။

ချန်မေ့လီသည် စုယွမ်ကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေပြီး မူးဝေနောက်ကျိကာ တွေဝေသွားခဲ့လေ၏။

သူမ၏ တူဖြစ်သူ အောင်မြင်မှုရရှိခြင်းက သူမကို အလွန်အမင်း စိုးရိမ်ပူပန်စေခဲ့သည်။

ပတ်ဝန်းကျင်ရှိ လူတိုင်းက စုယွမ်ကို ချီးကျူးနေကြသည်ကို ကြားလိုက်ရခြင်းက သူမကို အလွန်အမင်း နာကြည်းခံပြင်းသွားစေခဲ့၏။

စုယွမ်၏ မိသားစုသည် သူမ၏ မိသားစုထက် များစွာ နိမ့်ကျခဲ့သော်လည်း ယခုအခါ စုယွမ်၏ မိသားစုက သူမ၏ မိသားစုကို အဝေးကြီးမှာ ချန်ထားရစ်ခဲ့လေပြီ။

ဆိုလိုသည်မှာ သူမသည် စုမိသားစုကို ဆက်လက်၍ နှိမ့်ချနိုင်တော့မည် မဟုတ်ချေ။ ယခုအခါ စုမိသားစု၏ အဆင့်အတန်းမှာ သူမ၏ အဆင့်အတန်းထက် ပိုမိုမြင့်မားနေပြီ ဖြစ်သည်။

လွှမ်းမိုးနေသော စိတ်ပျက်မှုများက ချန်မေ့လီအား အံကို ကြိတ်ထားစေခဲ့လေ၏။

"ဟင်.. နင်တို့ ဘာသိလို့လဲ... ဘဝရဲ့ အခြေအနေတွေက စိတ်ပိုင်းဆိုင်ရာ ပြည့်ဝမှုအပေါ်မှာ မူတည်တာ... ဒီ ရုပ်ဝတ္ထုပစ္စည်းတွေက မရှိမဖြစ် လိုအပ်တာမှ မဟုတ်တာ..." ချန်မေ့လီက ဘေးမှနေ၍ ချေပလိုက်သည်။

သူမ၏ စကားများကို ကြားလိုက်ရချိန်၌ လူတိုင်းက သူမကို အထင်သေးစွာဖြင့် ကြည့်လိုက်ကြ၏။ သူမက စုယွမ်ကို မနာလိုဖြစ်နေကြောင်း ရှင်းလင်းနေသော်လည်း ဤမျှ မြင့်မြတ်သန့်စင်သော လေသံဖြင့် ပြောဆိုနေသေးသည် မဟုတ်ပါလော။

သူတို့ ဆူမိသားစုကို နှိမ့်ချခဲ့စဉ်တုန်းကတော့ အဲဒီလို မပြောခဲ့ကြပါဘူး။

"ဟုတ်တယ်... ဒုတိယအဒေါ် ပြောတာ မှန်ပယတယ်..." စုယွမ်က ချန်မေ့လီကို လျစ်လျူရှုထားလိုက်ပြီး မန်နေဂျာလီအား ပြောဆိုလိုက်၏။

"မန်နေဂျာလီ... ခင်ဗျား ဒီမနက် ပင်ပန်းသွားပြီ... ဒီမှာ စီးကရက် နှစ်ဘူးနဲ့ အရက် တစ်ပုလင်း ယူသွားလိုက်..."

စုယွမ်က စကားပြောဆိုရင်း ကားနောက်ဖုံးကို ဖွင့်ကာ ကျုံးဟွာ စီးကရက် နှစ်ဘူးနှင့် ဖေးထျန်းမောက်ထိုင် အရက် တစ်ပုလင်းကို ထုတ်ယူပြီး မန်နေဂျာလီအား ပေးအပ်လိုက်လေသည်။

ဤလက်ဆောင်များကို မြင်လိုက်ရချိန်၌ မန်နေဂျာလီမှာ အံ့အားသင့်သွားပြီး လက်ကို အဆက်မပြတ် ဝှေ့ယမ်းပြလိုက်၏။

"မဟုတ်ပါဘူး... မဟုတ်ပါဘူး..."

"ဒါက ကျွန်တော့်ရဲ့ တာဝန်ပါ မာစ္စတာစု... ခင်ဗျားက အရမ်း သဘောကောင်းလွန်းပါတယ်... ဒီလက်ဆောင်တွေက အရမ်း တန်ဖိုးကြီးလွန်းတော့ ကျွန်တော် လက်မခံရဲပါဘူး..."

တကယ်တော့ မန်နေဂျာလီသည် ကျုံးဟွာ စီးကရက်များနှင့် ဖေးထျန်း အရက်ကို မလိုချင်၍ မဟုတ်ချေ။ သူ၏ ကျင့်ဝတ်စောင့်ထိန်းမှုက လက်ခံရန် ခွင့်မပြုသောကြောင့်သာ ဖြစ်ပေသည်။

"ရပါတယ်... ကျွန်တော့် ကားနောက်ဖုံးထဲမှာ ဒါတွေ အများကြီး ရှိသေးတယ်... ခင်ဗျားက ကျွန်တော့်အတွက် ကားမောင်းပေးခဲ့တာကို ကျွန်တော်က ဘာမှ ပြန်မပေးဘူးဆိုရင် သတင်းထွက်သွားတဲ့အခါ လူတွေက ကျွန်တော့်ကို ဘယ်လိုပြောကြမလဲ..." စုယွမ်က ပြောဆိုလိုက်ပြီး စီးကရက် နှစ်ဘူးနှင့် အရက် တစ်ပုလင်းကို မန်နေဂျာလီ၏ လက်ထဲသို့ အတင်းအကျပ် ထည့်ပေးလိုက်လေ၏။

ဤစကားကို ကြားလိုက်ရချိန်၌ မန်နေဂျာလီက ဆက်လက်၍ မငြင်းဆန်တော့ချေ။ အစက ကားလာပို့ပေးရုံသာဟု သူမ ထင်မှတ်ထားခဲ့သော်လည်း ဤဆုလာဘ်ကို ရရှိလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

မာစ္စတာစုက တကယ်ကို ရက်ရောပြီး အမြော်အမြင် ကြီးမားလှတယ်လို့ ပြောရမှာပဲ။

ဤအချိန်၌ ပြုံးနေသော အဘိုးကြီးတစ်ဦးသည် ရုတ်တရက် အပြုံးများ ရပ်တန့်သွားကာ စီးကရက်များနှင့် အရက်ကို ကြည့်ပြီး အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်လေ၏။ "ရှောင်ယွမ်... ဒါတွေက ကျုံးဟွာ စီးကရက်တွေ မဟုတ်လား... ပြီးတော့ ဒီအရက်က မောက်ထိုင် အရက်ပဲ..."

စကားတစ်ခွန်းတည်းဖြင့် စောင့်ကြည့်နေသူများကို ထပ်မံ၍ လုံးလုံးလျားလျား အံ့ဩမှင်တက်သွားစေခဲ့ပြန်သည်။

သူတို့သည် မန်နေဂျာလီ၏ လက်ထဲသို့ အလျင်အမြန် ကြည့်လိုက်ရာ အမှန်တကယ်ပင် ကျုံးဟွာ စီးကရက် နှစ်ဘူးနှင့် မောက်ထိုင် အရက် တစ်ပုလင်း ဖြစ်နေကြောင်း တွေ့လိုက်ရ၏။

"ကြည့်ပါဦး... ဘုရားရေ... ရှောင်ယွမ်... နင် ပစ္စည်းတွေ ဘယ်လောက်တောင် ဝယ်လာတာလဲ... နင့်ရဲ့ ကားနောက်ဖုံး တစ်ခုလုံး ပြည့်နေတာပဲ..." လူအနည်းငယ်က စုယွမ်၏ ကားနောက်ဖုံးထဲရှိ ပစ္စည်းများကို မြင်တွေ့ရပြီးနောက် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ကြပေသည်။

လူအများအပြားက အလျင်အမြန် လှမ်းကြည့်လိုက်ရာ ကျုံးဟွာ စီးကရက် အတောင့် လေးဆယ်နီးပါး၊ မောက်ထိုင် အရက် နှစ်ဖာ၊ ဝူလျန်ယဲ့ အရက် နှစ်ဖာနှင့် ကောကျောင်း ၁၅၇၃ အရက် နှစ်ဖာတို့ကို မြင်တွေ့လိုက်ရလေ၏။

လူတိုင်း အံ့ဩမှင်တက်သွားကြပြီး ၎င်းတို့၏ မျက်နှာများမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

"ဘာမှ မဟုတ်ပါဘူး... ကျွန်တော် အိမ်ပြန်လာတာမို့လို့ သာမန်ကာလျှံကာ နည်းနည်းပါးပါး ဝယ်လာတာပါ... အမေ တစ်ခုခု ပြောမှာဆိုးလို့ အများကြီး မဝယ်ရဲဘူး..." စုယွမ်က အပြုံးလေးဖြင့် ပြောဆိုလိုက်လေသည်။

All Chapters