← Chapters

အခန်း (၁၆၁+၁၆၂)

Vol. 17 Ch. 161+162

အခန်း (၁၆၁+၁၆၂)

Vol. 17 Ch. 161+162

အပိုင်း ၁၆၁ + ၁၆၂

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဆိုလွန် ရှေ့သို့ တစ်လှမ်းတိုးသွားပြီး ကွေ့ချင်းရှောင်းကို စိုက်ကြည့်လိုက်၏။

“အစ်မ ချင်းရှောင်း... ကျွန်တော် ထင်တာ မမှားဘူးဆိုရင် အစ်မက ကျွန်တော်တို့ စေ့စပ်ထားတာကို ဖျက်ချင်နေတာ မဟုတ်လား။”

ကွေ့ချင်းရှောင်းက ဆူပုတ်နေသည့် မျက်နှာဖြင့် အေးစက်စွာ ပြန်ပြောသည်။ “အင်း... ဟုတ်တယ်။”

ဆိုလွန်က တည်ငြိမ်စွာ မေးလိုက်၏။ “ဘာလို့လဲ။ အရင်တုန်းက မိန်းမကိစ္စတွေ ရှုပ်ခဲ့လို့လား။ ကျွန်တော် အကျင့်ဟောင်းတွေကို လုံးဝ ပြင်လိုက်ပါပြီ။ အခုကစပြီး အစ်မ တစ်ယောက်တည်းကိုပဲ အာရုံစိုက်တော့မှာပါ။”

ကွေ့ချင်းရှောင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ “ဟက်... မိန်းမကိစ္စတွေကြောင့် မဟုတ်ဘူး။ နင့် အသုံးမကျလို့ပဲ။”

အသုံးမကျမှုဆိုသည့် စကားလုံးက ပြင်းထန်လှ၏။ ကွေ့ချင်းရှောင်း၏ လေယူလေသိမ်းမှာ ပို၍ အေးစက်လာပြီး သူမ၏ စကားလုံးများက ဆိုလွန်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။

ကွေ့ချင်းရှောင်းက အေးစက်စွာ ဆက်ပြော၏။ “ငါက ကိုယ့်လက်တွဲဖော်ကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိတဲ့ လွတ်လပ်တဲ့ အိမ်ထောင်ရေးမျိုးကိုပဲ လိုချင်တာ။ လူကြီးတွေ စီစဉ်ပေးတဲ့ ဒီအိမ်ထောင်ရေးကို အရမ်းမုန်းတယ်။ ဒါပေမဲ့ နင့်ကို လက်မထပ်နိုင်တဲ့ အဓိက အကြောင်းအရင်းကတော့ နင့်ရဲ့ အသုံးမကျမှုကြောင့်ပဲ။”

အနီးရှိ ဆိုနင်ပင်းမှာ ဒေါသကြောင့် တုန်ယင်သွားရ၏။

သူမက ဒေါသတကြီး ပြောလိုက်သည်။ “ကွေ့ချင်းရှောင်း... ငါ့မောင် ဆိုလွန်က အရမ်း တော်တယ်။ နင် ပေါက်ကရတွေ လာမပြောနဲ့။”

ကွေ့ချင်းရှောင်းမူ ဆိုနင်ပင်းကို လျစ်လျူရှုလိုက်ပြီး ဆိုလွန်ကိုသာ ဆက်ကြည့်နေလိုက်၏။

ကွေ့ချင်းရှောင်းက အေးစက်စွာ ဆက်ပြောသည်။ “အရည်အချင်းရှိတဲ့ ယောက်ျားတစ်ယောက် မိန်းမရှုပ်တယ်ဆိုရင်တောင် လက်ခံပေးလို့ ရသေးတယ်။ ဒါပေမဲ့ ငါ အမုန်းဆုံးကတော့ အသုံးမကျတဲ့ ယောက်ျားတစ်ယောက်က အဲ့ဒီလို လုပ်နေတာကိုပဲ။ ဆိုလွန်... ငါ နင့်ကို မေးမယ်။”

“ရုပ်ချောတာ ၊ ပန်းချီဆွဲတာ ၊ တူရိယာ တီးခတ်တာကလွဲပြီး နင်မှာ အခြားဘာရှိသေးလဲ။ နင့် အရည်အချင်းတွေ အကုန်လုံးက မိန်းမတွေကို မြှူဆွယ်ဖို့ သက်သက်ပဲ မဟုတ်လား။”

သူမ၏ ကြမ်းတမ်းလှသည့် စကားလုံးများမှာ ဆိုလွန်၏ မျက်နှာကို နောက်ထပ် ရက်ရက်စက်စက် ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။

ကွေ့ချင်းရှောင်းက အေးစက်စွာ မေးခွန်းထုတ်သည်။ “နင်သာ အသုံးမကျတဲ့သူ မဟုတ်ရင် ထျန်းရွှေမြို့ရဲ့ မြင့်မြတ်တဲ့ အရှင်သခင်တွေက ပုန်ကန်ရဲပါ့မလား။ နင့်ရဲ့ ထျန်းရွှေမြို့ကရော ရန်သူ့လက်ထဲသို့ ကျရောက်သွားပါ့မလား။”

ဖြောင်းးး ဖြောင်းးး ဖြောင်းးး...။

သူမ၏ မေးခွန်းများက ဆိုလွန်၏ ဂုဏ်သိက္ခာကို ဆက်တိုက် ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။

ကွေ့ချင်းရှောင်းက နောက်ဆုံးအနေဖြင့် ဆက်မေးလိုက်၏။ “နင်သာ အသုံးမကျတဲ့သူ မဟုတ်ရင် ဒီနေ့ ဘာလို့ လမ်းဘေးခွေးတစ်ကောင်လို ငါတို့ မိသားစုဆီ ထွက်ပြေးလာရတာလဲ။”

သူမ၏ နောက်ဆုံး စကားလုံးများက ဆိုလွန်၏ ကျန်ရှိနေသေးသည့် ဂုဏ်သိက္ခာ အနည်းငယ်ကိုပါ အကုန်အစင် ဖြိုခွဲလိုက်လေပြီ။

ဤကဲ့သို့ အရှက်ခွဲသည့် စော်ကားမှုများ ရှိသော်လည်း ဆိုလွန်၏ မျက်နှာအမူအရာကမူ အနည်းငယ်မှပင် ပြောင်းလဲသွားခြင်း မရှိဘဲ တည်ငြိမ်နေဆဲပင်။ သို့သော် လူအုပ်ကြီးတို့ကမူ အလွန်ပင် စိတ်လှုပ်ရှားသွားကြရ၏။

စောင့်ကြည့်နေကြသည့် အမျိုးသားများမှာ ဆိုလွန် အဆဲခံရသည်ကို တွေ့ရသောကြောင့် တိတ်တဆိတ် ကျေနပ်နေကြသည်။ အခြားတစ်ဖက်၌ အထက်တန်းလွှာ အမျိုးသမီးများကမူ ဆိုလွန့်အတွက် သနားလွန်းသဖြင့် ငိုပင် ငိုချင်လာကြ၏။

ဆိုလွန်က မျက်နှာသေဖြင့် ထပ်မေးလိုက်သည်။ “ကွေ့ချင်းရှောင်း... အစ်မ စေ့စပ်ထားတာကို တကယ်ကြီး ဖျက်ချင်တာ သေချာလား။”

ကွေ့ချင်းရှောင်းက ခေါင်းညိတ်လိုက်သည်။ “အေး... ငါ ဖျက်ကို ဖျက်ရမယ်။”

ဆိုလွန်က သတိပေးလိုက်၏။ “ကျွန်တော်တို့ရဲ့ စေ့စပ်ထားမှုက ဘုရင့်နိုင်ငံရဲ့ ဥပဒေအရ ကာကွယ်ပေးထားတဲ့ တရားဝင် စာချုပ်တစ်ခုဆိုတာ အစ်မ သိသင့်တယ်။ အဲ့ဒါကို ဖျက်ရင် ဘာတွေဖြစ်လာမလဲဆိုတဲ့ အကျိုးဆက်ကို အစ်မ သိရဲ့လား။ ပြီးတော့ ကျွန်တော်သာ သဘောမတူရင် အစ်မ ဒီအိမ်ထောင်ရေးကို ဖျက်ဆီးလို့မရဘူး ဆိုတာကိုလည်း သိမှာပါ။ ကျွန်တော် ဒီကိစ္စကို တော်ဝင်မြို့တော်ထိ သွားပြီး အစ်မကို တရားစွဲမယ်။”

ထိုစကားကို ကြားသည့်အခါ ကွေ့ချင်းရှောင်းမှာ မယုံကြည်နိုင်စွာဖြင့် ဆိုလွန်ကို စိုက်ကြည့်လာ၏။ ဤလူက မည်သို့လုပ် ဤမျှ မျက်နှာပြောင်တိုက်နိုင်ရသည်နည်း။

သူသည် လူအားလုံး၏ ရှေ့၌ အရှက်ခွဲခံလိုက်ရသော်လည်း စေ့စပ်ထားမှုကို အတင်းအဓမ္မ ဖက်တွယ်ထားဆဲပင်။

ကွေ့ချင်းရှောင်းက မယုံနိုင်ဟန်ဖြင့် မေးသည်။ “ဆိုလွန်... နင် တကယ်ရော ယောက်ျား ဟုတ်ရဲ့လား။ ခုလေးတင် နင့်ကို လူပုံလယ်မှာ အရှက်ခွဲလိုက်တာတောင် နင်က ငါ့ကို ဖက်တွယ်ချင်နေတုန်းပဲလား။ နင့်မှာ ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ နည်းနည်းလေးတောင် မရှိတော့ဘူးလား။”

ဆိုလွန်၏ ခန့်ညားလှသည့် မျက်နှာထက်၌ အပြုံးတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် ရယ်မောလျက် ပြောလိုက်သည်။ “ဟားဟား... ကျွန်တော်က အစ်မကို သဘောကျလို့ကို လက်ထပ်ဖို့ ဆုံးဖြတ်ထားတာလေ။”

ကွေ့ချင်းရှောင်း ဒေါသတကြီးဖြင့် အံကြိတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။

“ဆိုလွန်... ငါ နင့်ကို တည့်တိုးပဲ ပြောလိုက်မယ်။ ငါ့နှလုံးသားက တခြားတစ်ယောက်ပိုင် ဖြစ်နေပြီ။”

သူမ၏ စကားလုံးများကြောင့် လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ အမျိုးသမီးများက ဆိုလွန်ကို ပို၍ပင် သနားသလို ကြည့်နေကြပြီး အမျိုးသားများ၏ မျက်လုံးများထဲ၌လည်း စာနာမှုများ ပြည့်နှက်သွား၏။

ကွေ့ချင်းရှောင်းက ဆက်ပြောသည်။ “ငါ သဘောကျတဲ့သူကို နင်လည်း မြင်ဖူးပါတယ်။ သူက လင်းအောင်း ဆိုတဲ့ အရပ်သား တစ်ယောက်ပဲ။ သူက နင့်လို အထက်တန်းလွှာ မိသားစုက မဆင်းသက်လာပေမဲ့ နင့်ထက် အဆတစ်ရာလောက် ပိုပြီး ထူးချွန်တယ်။”

“သူ့ရဲ့ သိုင်းပညာက နင့်ထက် အဆတစ်ထောင် ပိုကောင်းပြီး သူ့ရဲ့ စစ်ရေးပါရမီက အဆတစ်သောင်း ပိုမြင့်တယ်။ ငါ့နှလုံးသားထဲမှာ လူတစ်ယောက် ရှိနေပြီးသားမို့လို့ ငါ့ကို လာမတွယ်ကပ်နေနဲ့တော့။ အဲ့ဒါက ငါ့ကို ပိုပြီး စိတ်ပျက်ရွံရှာဖို့ပဲ ကောင်းစေလိမ့်မယ်။”

ထိုသည်ကို ကြားလိုက်ရသည့်အခါ ကွေ့ရှင်းဖူ ဆက်၍ သည်းမခံနိုင်တော့ချေ။ သူ၏ မျက်လုံးများမှာ သွေးကဲ့သို့ နီရဲသွားကာ နေရာ၌ပင် သတိလစ်မေ့မြောသွားတော့သည်။

ယခုအချိန်၌ ဆိုလွန်နှင့် ကွေ့ချင်းရှောင်း နှစ်ယောက်တည်းသာ မျက်နှာချင်းဆိုင် ကျန်ရစ်၏။

အမှန်တကယ်၌မူ ကွေ့ရှင်းဖူ ဆိုသည့် လူအိုကြီးက အလွန်ပင် ဉာဏ်များလှ၏။ ဆိုလွန်မှာ ကောက်ကျစ်သည့် မြေခွေးပေါက်စလေးဖြစ်ကြောင်းနှင့် မျက်နှာသာပေးသည့် နည်းလမ်းများကို အသုံးပြု၍ မရနိုင်ကြောင်းကို သူ သဘောပေါက်သွားသည်။

ထို့အတွက်ကြောင့် နည်းဗျူဟာကို ပြောင်းလဲလိုက်၏။ ဆိုလွန်၏ ဂုဏ်သိက္ခာကို နင်းခြေရန်အတွက် အကြမ်းတမ်းဆုံးနည်းလမ်းများကို အသုံးပြုစေကာ ကွေ့ချင်းရှောင်းကို ရှေ့ထွက်ခိုင်းလိုက်ခြင်းပင်။

ရည်ရွယ်ချက်မှာ ဆိုလွန် ကိုယ်တိုင် စေ့စပ်ထားမှုကို ဖျက်သိမ်းရန် ရန်စဖို့ပင် ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ လှပသည့် မိန်းမပျိုလေးတစ်ယောက်အနေဖြင့် မောက်မာပြီး ဆိုးသွမ်းနေခြင်းကို အတိုင်းအတာတစ်ခုအထိ နားလည်ပေး၍ ရနိုင်သည်။ ထို့အပြင် ကွေ့ရှင်းဖူမှာ သူ၏ သမီးဖြစ်သူ၏ အပြုအမူကြောင့် ဒေါသထွက်လွန်းသဖြင့် သတိလစ်သွားသည့်ပုံ ပေါက်နေသည် မဟုတ်လော။

ဆိုလွန်က ညင်သာစွာ ပြောလိုက်၏။ “လင်မယားအဖြစ် တစ်ညတာ ပေါင်းသင်းရုံနဲ့ ရက်တစ်ရာ ချစ်ခြင်းမေတ္တာတွေ ဖြစ်တည်လာနိုင်တယ်တဲ့။ ကျွန်တော်တို့ လက်ထပ်ပြီးသွားရင် အဲ့ဒီ လင်းအောင်းဆိုတဲ့ လူကို အစ်မ မေ့သွားအောင် ကျွန်တော် သေချာပေါက် လုပ်ပေးနိုင်မယ်လို့ ယုံပါတယ်။”

ကွေ့ချင်းရှောင်းမှာ ဒေါသကြောင့် တုန်ယင်သွားရသည်။ ဆိုလွန်၏ မျက်နှာပြောင်တိုက်နိုင်မှုမှာ အလွန်တရာ ကမ်းကုန်နေ၏။ သူမက သူ့ကို အကုန်အစင် နင်းခြေပစ်သော်လည်း သူကမူ တုန်လှုပ်ခြင်း မရှိနေပေ။

ကွေ့ချင်းရှောင်းက ခက်ထန်စွာ ထပ်ပြောလိုက်သည်။ “အိပ်မက် ဆက်မက်နေလိုက်။ နင့်လို အသုံးမကျတဲ့ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ရမယ်ဆိုရင်တောင် နင့်ခေါင်းပေါ်မှာ ဦးထုပ်စိမ်း ဆောင်းပေးနိုင်အောင် ငါ သေချာပေါက် လုပ်ပြမယ်။”

ဆိုလွန်က ပြုံးလိုက်၏။ “စိတ်အေးအေးထားပါ။ အစ်မ ကျွန်တော့်ကို လက်ထပ်ပြီးသွားရင် တစ်နေ့ကို ရှစ်ကြိမ်လောက် အစ်မနဲ့ အိပ်ရာဝင်မှာမလို့ ဖောက်ပြန်ဖို့ ခွန်အားတောင် ရှိမှာမဟုတ်ပါဘူး။ အစ်မရဲ့ ခြေထောက်တွေ အရမ်းပျော့ခွေနေလို့ အိမ်ထဲကနေတောင် ထွက်နိုင်မှာ မဟုတ်ပါဘူး။”

ချက်ချင်းပင် လူအုပ်ကြီးက ဆူညံသွားတော့၏။

ကွေ့ချင်းရှောင်း၏ ခန္ဓာကိုယ်မှာလည်း ပြင်းထန်စွာ တုန်ယင်သွားရ၏သည်။ သူမ ဤခွေးသူခိုးလေးကို နေရာ၌ပင် ရိုက်သတ်ပစ်ချင်စိတ်မှလွဲ၍ အခြား ဘာမှမရှိတော့ချေ။

ကွေ့ချင်းရှောင်းက စိတ်ကို တည်ငြိမ်အောင်ထားကာ အလေးအနက် ပြောလိုက်သည်။ “ဆိုလွန်... အပြီးတိုင် လက်လျှော့လိုက်တော့။ နင့်ကို လက်ထပ်ရမယ့်အစား ဝက် ဒါမှမဟုတ် ခွေးတစ်ကောင်ကိုပဲ လက်ထပ်လိုက်မယ်။ ဒီအိမ်ထောင်ရေးကို ဖျက်သိမ်းဖို့ ငါ ဆုံးဖြတ်ပြီးသွားပြီ။”

ဆိုလွန်က ခေါင်းရမ်းလိုက်၏။ “မဟုတ်ဘူး။ ကျွန်တော် ဒီအမှုကိစ္စကို တော်ဝင်မြို့တော်ထိ ယူသွားမယ်ဆိုရင် အစ်မတို့ ကွေ့မိသားစုက အထက်တန်းလွှာ ရာထူးကျသွားမယ့်အပြင် ကျွန်တော့်ကို လျော်ကြေးပေးဖို့ ပိုင်နက်နယ်မြေတွေကိုပါ စွန့်လွှတ်ရလိမ့်မယ်။ အစ်မ ဒီအိမ်ထောင်ရေးကို ဖျက်သိမ်းလို့ ရမှာမဟုတ်ဘူး။”

ကွေ့ချင်းရှောင်းက လှောင်ပြုံး ပြုံးလိုက်သည်။ “တောင်းပန်ပါတယ်... ဒါပေမဲ့ ငါ ဆုံးဖြတ်ပြီးသွားပြီ။ ပြီးတော့ ငါတို့ ကွေ့မိသားစုက ရာထူးလည်း ကျမှာမဟုတ်သလို နင့်ကိုလည်း ဘာနဲ့မှ လျော်ကြေးပေးမှာ မဟုတ်ဘူး။”

ထိုစကားကို ကြားသည့်အခါ ဆိုလွန်၏ မျက်နှာက လုံးဝ ပြောင်းလဲသွားရ၏။ ကွေ့ချင်းရှောင်းက သူ့ကို ဖျက်ဆီးပစ်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် ထိခိုက်နစ်နာခံရန် ဆန္ဒရှိနေသည်လော။

ကွေ့ချင်းရှောင်းက နောက်ဆက်ပြောမည့် စကားလုံးများကို ဖြည်းညင်းစွာ ပီပီသသ ပြောလိုက်၏။

“ဘာလို့လဲဆိုတော့... နောက်ဆယ်ရက်နေရင် ငါ ဓားကျင့်ကြံသူ တစ်ယောက်ဖြစ်ဖို့ မြင့်မြတ်နတ်နဂါးကျောင်းတော်ကို သွားတော့မှာမို့လို့ပဲ။ ငါ့ဘဝရဲ့ လက်ကျန်အချိန်တွေကို ငါ့ရဲ့ ယုံကြည်မှုအတွက် အလုပ်အကျွေးပြုသွားမယ်။ ဒါကြောင့်မို့ ငါ့ကို လက်ထပ်ချင်ရင်တော့ အိပ်မက် ဆက်မက်နေလိုက်ပါဦး။”

အထက်တန်းလွှာများကြားရှိ စေ့စပ်မှုများမှာ အလွန်အမင်း အလေးအနက်ထားရပြီး ဥပဒေအရ တင်းကြပ်စွာ ကာကွယ်ထားသည်မှာ မှန်ကန်၏။ အကယ်၍ တစ်စုံတစ်ယောက်က စေ့စပ်ထားမှုကို တစ်ဖက်သတ် ဖျက်ချင်ပါက ပေးဆပ်ရမည့် တန်ဖိုးမှာ အလွန်ကြီးမားလှသည်။

ဂုဏ်သိက္ခာ ကျဆင်းရုံသာမက ငွေကြေးနှင့် နယ်မြေပိုင်းဆိုင်ရာ ကြီးမားသော ဆုံးရှုံးမှုများပါ ဖြစ်ပေါ်လာပေလိမ့်မည်။

သို့သော်လည်း ချွင်းချက်တစ်ခုတော့ ရှိနေသည်။ အကယ်၍ မြင့်မြတ်နတ်နဂါးကျောင်းတော်၌ အလုပ်အကျွေးပြုရန် ရွေးချယ်ပြီး ဘယ်သောအခါမှ အိမ်ထောင်မပြုတော့ရန် သစ္စာဆိုပါက တည်ရှိနေသည့် မည်သည့် စေ့စပ်ထားမှုမဆို အလိုအလျောက် ပျက်ပြယ်သွားမည် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ယုံကြည်မှုကို မြင့်မြတ်သောအရာအဖြစ် သတ်မှတ်ထားပြီး လောကီဥပဒေများ၏ အထက်၌ ရှိနေသောကြောင့်ပင်။

သူမ၏ စော်ကားမှုများက ဆိုလွန်ကို စေ့စပ်ထားမှု ဖျက်သိမ်းစေရန် အတင်းအကျပ် မလုပ်နိုင်သည့်အပြင် သူမ၏ မိသားစုကို ကြီးလေးသော ပြစ်ဒဏ်များ ခံစားရစေရန်လည်း အလိုမရှိသောကြောင့် နောက်ဆုံး၌ ကွေ့ချင်းရှောင်းက သူမ၏ အဆုံးစွန် လျှို့ဝှက်ဖဲချပ်ကို ထုတ်သုံးလိုက်ခြင်းပင်။

သေချာပေါက်ပင် သူမအတွက်လည်း ကြီးမားသည့် ပေးဆပ်မှု ဖြစ်လာပေလိမ့်မည်။ အဓိပ္ပာယ်မှာ သူမသည် အနည်းဆုံး နှစ်အနည်းငယ်ကြာသည်အထိ မြင့်မြတ်နတ်နဂါးကျောင်းတော်၌ အထီးကျန်ပြီး ကြမ်းတမ်းလှသော ခြိုးခြံချွေတာသည့် ဘဝဖြင့် နေထိုင်ရမည် ဖြစ်သည်။

သီလရှင်ဝတ်သွားသည်နှင့် မခြားနားပေ။

ဆိုလွန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အခါ ကွေ့ချင်းရှောင်းက အေးစက်စွာ ပြောလိုက်သည်။

“ဆိုလွန်... နင့်ကို လက်ထပ်မယ့်အစား မြင့်မြတ်နတ်နဂါးကျောင်းတော်မှာပဲ အထီးကျန်တဲ့ ဘဝနဲ့ နေသွားလိုက်မယ်။ အဲ့ဒီလို ဖြစ်လာတဲ့အချိန်ကျရင် အလယ်ပိုင်းဒေသ တစ်ခုလုံးမှာ နင့်ရဲ့ သိက္ခာက မြောင်းထဲမကျရုံတမယ် ဖြစ်သွားမှာ”

သူမ ပြောသည်မှာ မှန်ကန်လှ၏။ အကယ်၍ အမျိုးသမီးတစ်ယောက်က သူ့ကို လက်ထပ်မည့်အစား သီလရှင်ဝတ်ရန် ရွေးချယ်သွားပါက ဤသည်က ဆိုလွန်၏ ဂုဏ်သိက္ခာကို သေစေလောက်သည့် ထိုးနှက်ချက်တစ်ခု ဖြစ်သွားပေလိမ့်မည်။

ထို့အပြင် ဤဝှက်ဖဲမှာ ဖြေရှင်း၍ မရနိုင်သော ပြဿနာတစ်ခုပင်။ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာအရ ဖြစ်စေ ၊ ဥပဒေပိုင်းဆိုင်ရာ အကျိုးခံစားခွင့်အရ ဖြစ်စေ ကွေ့မိသားစုမှာ ပြီးပြည့်စုံစွာပင် ဘေးကင်းလုံခြုံနေဦးမည်သာ ဖြစ်သည်။

ဆိုလွန်က သူ၏ စိတ်ကို အမြန် ပြန်လည် တည်ငြိမ်အောင် ထားလိုက်၏။ သူ၏ ခန့်ညားလှသည့် မျက်နှာထက်သို့ ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပြန်လည် ရောက်ရှိလာသည်။

“အစ်မ ချင်းရှောင်း... အစ်မရဲ့ စိတ်ဝိညာဉ်ပါရမီက အရမ်းမြင့်မားတာကြောင့် အရှင် ဓားသခင် ပိုင်ရှောင်းက အစ်မကို တပည့်အဖြစ် လက်ခံတယ်လို့ ကျွန်တော် ကြားတယ်။ ပြီးတော့ ဓားသိုင်းပညာရပ်တွေနဲ့ ပတ်သက်လာရင်လည်း လူငယ်မျိုးဆက်တွေထဲမှာ အစ်မက ပြိုင်ဘက်ကင်းတယ်ဆို။”

ကွေ့ချင်းရှောင်းက မောက်မာစွာ ပြောသည်။ “အင်း ဟုတ်တယ်။ ဒါကြောင့်မို့ တူရိယာ တီးခတ်တာနဲ့ ပန်းချီဆွဲတာလောက်ပဲ တတ်တဲ့ နင့်လို ယောက်ျားမျိုးကို ငါ လက်မခံနိုင်တာပေါ့။”

ဆိုလွန်က ခေါင်းညိတ်လိုက်သည်။ “ဒီလောကကြီးမှာ အခက်ဆုံး ၊ အလှဆုံးနဲ့ အစွမ်းထက်ဆုံး ဓားသိုင်းကို ကပ်ဘေးကိုးသွယ်ဓားသိုင်းလို့ ခေါ်တယ်လို့ ကျွန်တော် ကြားဖူးတယ်။ လူအများစုက သူတို့ရဲ့ တစ်သက်တာလုံးမှာတောင် ပထမ ဓားကွက် ငါးကွက်ကို ကျွမ်းကျင်အောင် မလုပ်နိုင်ကြဘူးတဲ့။ ဒါပေမဲ့ အစ်မကတော့ အဲ့ဒါကို ပြီးပြည့်စုံအောင် ကျွမ်းကျင်ထားပြီး ဘယ်သူမှ အစ်မနဲ့ မယှဉ်နိုင်ဘူးလို့လည်း ကြားတယ်။”

ကွေ့ချင်းရှောင်းက မောက်မာစွာ ခေါင်းညိတ်လိုက်သည်။ “အင်း..။ မှန်တယ်။”

အပိုင်း ၁၆၁ + ၁၆၂ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters