အခန်း (၁၆၃+၁၆၄)
Vol. 17 Ch. 163+164
အပိုင်း ၁၆၃ + ၁၆၄
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
“အစ်မ ချင်းရှောင်းက အဆင့်မြင့်ဓားကိုင်စစ်သည်ဆိုတော့ နောက်နှစ်အနည်းငယ်အတွင်းမှာ နဂါးစစ်သည်တော် အဆင့်ကို သေချာပေါက် တက်လှမ်းနိုင်တော့ပေါ့။”
ကွေ့ချင်းရှောင်းက မောက်မာသည့် အပြုံးဖြင့် ဖြေသည်။ “ဒါပေါ့။”
“လက်ရှိအချိန်မှာ ကျွန်တော်က တတိယအဆင့် လေးကိုင်စစ်သည်ပဲ ရှိသေးတယ်။ ဓားသိုင်းတွေကိုလည်း လုံးဝ မကျင့်ကြံဖူးဘူး။ ဓားသိုင်းပညာရပ်နဲ့ ပတ်သက်လာရင် ကျွန်တော့်အဆင့်က အစ်မရဲ့ တစ်ထောင်ပုံ တစ်ပုံလောက်ပဲ ရှိမှာပါ။”
ကွေ့ချင်းရှောင်းက လှောင်ပြုံးပြုံးလိုက်၏။ “ဟက်... အဲ့ဒီလောက်တောင် မရှိဘူး။”
ဆိုလွန် တည်ငြိမ်စွာ မေးလိုက်၏။ “မြင့်မြတ်နတ်နဂါးကျောင်းတော်ကို သွားပြီး ပြစ်ဒဏ်ခံယူဖို့ ဘယ်နှရက် လိုသေးလဲ။”
“ဆယ်ရက်။”
ဆိုလွန် ထပ်မေးလိုက်သည်။ “ကျွန်တော် ဒီဆယ်ရက်အတွင်း ကပ်ဘေးကိုးသွယ်ဓားသိုင်းကို လေ့လာမယ်ဆိုရင် ဘယ်အဆင့်လောက်ထိ ရောက်သွားနိုင်မယ် ထင်လဲ။”
ကွေ့ချင်းရှောင်းက အထင်တသေး ပြုံးလိုက်၏။ “ပထမဆုံး ဓားကွက်ရဲ့ ပထမဆုံး လှုပ်ရှားမှုကိုတောင် နင် ပြီးမြောက်အောင် သင်နိုင်မှာ မဟုတ်ဘူး။”
ဆိုလွန်က အလေးအနက် ပြောလိုက်၏။ “ကောင်းပြီလေ။ ဒါဆို ဒီလိုလုပ်မလား။ နောက်ဆယ်ရက်နေရင် ကျွန်တော်တို့ သိုင်းပညာ အကဲစမ်းကြမယ်။ နှစ်ယောက်လုံး ကပ်ဘေးကိုးသွယ်ဓားသိုင်းကိုပဲ သုံးရမယ်။”
“နဂါးစွမ်းအားကို သုံးခွင့်မရှိဘူး။ ဓားသိုင်းပညာ သက်သက်နဲ့ပဲ ယှဉ်ပြိုင်ကြမယ်။ အစ်မနိုင်ရင် စေ့စပ်ထားတာကို ဖျက်ဖို့ ကျွန်တော် သဘောတူတယ်။ ပြီးတော့ အစ်မလည်း မြင့်မြတ်နတ်နဂါးကျောင်းတော်ကို သွားပြီး ပြစ်ဒဏ်ခံယူစရာ မလိုတော့ဘူး။ ကျွန်တော်နိုင်ရင် အစ်မ ကျွန်တော့်ကို လက်ထပ်ရမယ်။ ပြီးတော့ တစ်နေ့ကို ရှစ်ကြိမ် အတူတူ အိပ်ရာဝင်ကြမယ်။ ဘယ်လိုလဲ။”
ကွေ့ချင်းရှောင်းက သူမ၏ နားကိုပင် မယုံနိုင်ဖြစ်သွားကာ ကြောင်အစွာဖြင့် မေးလိုက်မိသည်။ “ဟမ်...။ ဘယ်လို။ ဘယ်လို။ နင် ဘာပြောလိုက်တာလဲ။”
ဆိုလွန်က ရိုးသားသည့် ဟန်ဖြင့် ထပ်ပြော၏။ “တစ်နေ့ကို ရှစ်ကြိမ် ၊ တစ်ခါတလေ ကိုးကြိမ်လောက် လုပ်မယ်လို့ ပြောတာ။ ရာသီဥတုအပေါ်မှာ မူတည်တယ်လေ”
သူက လေးနက်သည့် မျက်နှာအမူအရာဖြင့် ရှင်းပြလိုက်သည်။ “နေသာတဲ့ရက်ဆိုရင် ရှစ်ကြိမ်ပေါ့။ မိုးရွာတဲ့ရက်ဆိုရင် ကိုးကြိမ်။ ရှေးလူကြီးတွေ ပြောစမှတ် ရှိကြတယ်လေ။ မိုးရွာတဲ့နေ့ဆိုရင် ဘာမှလုပ်စရာမရှိတဲ့အတူတူ ဇနီးသည်နဲ့ အိပ်ရာထဲမှာ အတူတူနေတာ အကောင်းဆုံးပဲ... တဲ့...။”
သူ၏ မျက်နှာပြောင်တိုက်မှုကြောင့် ကွေ့ချင်းရှောင်း တစ်ကိုယ်လုံး ဒေါသတကြီး တုန်ယင်သွားရ၏။ သူမ ချက်ချင်းပင် အော်ဟစ်လိုက်သည်။ “ခွေးမသား။ ငါက အရှေ့ပိုင်းက စကားကို မေးနေတာဟဲ့။”
ဆိုလွန်က ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ “ဪ။ ရှေ့ပိုင်းက စကားလား။ အခုကစပြီး ဒီလောကမှာ အခက်ခဲဆုံး ဓားသိုင်းဖြစ်တဲ့ ကပ်ဘေးကိုးသွယ်ဓားသိုင်းကို ကျွန်တော့်ရဲ့ အကန့်အသတ်ကို ကျော်လွန်တဲ့အထိ ကျင့်ကြံမယ်။ ဆယ်ရက်ကြာရင် လူအားလုံးရဲ့ ရှေ့မှာ ကျွန်တော်တို့ ယှဉ်ပြိုင်ကြမယ်။”
“နဂါးစွမ်းအားကို မသုံးဘဲ ဓားသိုင်းပညာ သီးသန့်ပဲ သုံးမယ်။ အစ်မနိုင်ရင် စေ့စပ်ထားတာကို ကျွန်တော် ဖျက်ပေးမယ်။ ပြီးတော့ အစ်မ သီလရှင်ဝတ်စရာ မလိုတော့ဘူး။ ကျွန်တော်နိုင်ရင် အစ်မ ကျွန်တော့်ကို လက်ထပ်ရမယ်။ ပြီးတော့ ကျွန်တော်တို့ တစ်နေ့ကို ရှစ်ကြိမ်လောက် အတူတူ နေကြမယ်။”
တစ်နေ့ကို ရှစ်ကြိမ်ဆိုသည့် စကားကို ထပ်ကြားလိုက်ရသည့်အခါ ကွေ့ချင်းရှောင်း၏ လှပသည့် မျက်နှာလေးမှာ အနည်းငယ် ရှုံ့မဲ့သွားရ၏။
သို့သော်လည်း သူမက အဓိကအချက်များအပေါ်၌သာ အာရုံစိုက်ထားလိုက်သည်။ ဆယ်ရက်နှင့် သိုင်းပညာ အကဲစမ်းခြင်း... သူမ၏ လှပသည့် မျက်လုံးများဖြင့် ဆိုလွန်အား မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိ၏။ ဤလူက အမှန်တကယ်ပင် ထိုသို့သော အလောင်းအစားမျိုးကို ကမ်းလှမ်းရဲသည်လော။
ရူးသွားပြီလား။ သူ၏ ဓားသိုင်းပညာရပ်သည် လုံးဝ သုညဖြစ်ကြောင်း လူတိုင်း သိထားကြ၏။ ဘဝတစ်လျှောက်လုံး၌ ဓားသိုင်းပညာကို တစ်ခါမှ မကျင့်ကြံဖူးခဲ့ချေ။
အခြားတစ်ဖက်၌ ကွေ့ချင်းရှောင်းကမူ အသက် လေးနှစ်အရွယ်ကတည်းက စတင်ကာ ဆယ့်ခြောက်နှစ်တိုင်တိုင် ဓားသိုင်းကို ကျင့်ကြံလာသူ ဖြစ်သည်။ ထို့အပြင် သူမ၏ ဆရာမှာ လောက၌ အကျော်ကြားဆုံးနှင့် အစွမ်းအထက်ဆုံး ဓားပညာရှင်ဖြစ်သည့် ဓားသခင် ပိုင်ရှောင်း ဖြစ်၏။
ပိုင်ရှောင်း၏ အဆိုအရ ကွေ့ချင်းရှောင်း၏ ဓားသိုင်းအပေါ် ပါရမီနှင့် နားလည်နိုင်စွမ်းမှာ လူတစ်သိန်း၌ တစ်ယောက်သာ ရှိတတ်သည့် အရည်အချင်းမျိုး ဖြစ်သည်။
ထိုချီးကျူးမှုကြောင့် ကွေ့ချင်းရှောင်းမှာ ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့၏။ သူမ၏ ဓားသိုင်းပညာရပ်မှာ အမြင့်မားဆုံး အဆင့်တစ်ခုသို့ ရောက်ရှိသွားရုံသာမက သူမ၏ ခန္ဓာကိုယ်သည်လည်း မိစ္ဆာမလေးတစ်ကောင်ကဲ့သို့ ပြီးပြည့်စုံစွာ အချိုးကျလာသည်။
သို့သော်လည်း ဆိုလွန် ပြောလိုက်သည့် ကပ်ဘေးကိုးသွယ်ဓားသိုင်းဆိုသည်မှာ လောက၌ အခက်ခဲဆုံး ဓားသိုင်းအဖြစ် လူသိများလှ၏။ ထိုဓားသိုင်းက သာမန် ခန္ဓာကိုယ် လှုပ်ရှားမှု သဘောတရားများကို လုံးဝ ဆန့်ကျင်နေသည်။
ဓားသိုင်း၏ အခြေခံကို နားလည်သဘောပေါက်ပြီး ဓားကွက်များ ဖော်ဆောင်နိုင်ရန်အတွက် အတွင်းပိုင်း သဘောတရားများကို ခံစားသိရှိနိုင်ရန် အလွန်အမင်း အာရုံစူးစိုက်မှု လိုအပ်ပြီး ခန္ဓာကိုယ်၏ စွမ်းအင်သွေးကြောများကိုလည်း ချိန်ညှိပေးရန် လိုအပ်၏။
တစ်စုံတစ်ယောက်က ထိုသဘောတရားများကို အမှန်တကယ် နားလည်သဘောပေါက်ခြင်း မရှိဘဲ ဓားကွက်များကို အတင်းအဓမ္မ ဖော်ဆောင်ရန် ကြိုးစားပါက သူတို့၏ စွမ်းအင်သွေးကြောများ အပိုင်းပိုင်း ပြတ်တောက်သွားပေလိမ့်မည်။
သာမန်လူတစ်ယောက်အတွက် ဆယ်နှစ်ခန့် ကျင့်ကြံပြီးနောက် ပဉ္စမမြောက် ဓားကွက်ကို ပြီးမြောက်အောင် လုပ်နိုင်ပါက အလွန် ကောင်းမွန်နေပြီဟု ယူဆရသည်။
ထိုသို့ဆိုလျှင် ကွေ့ချင်းရှောင်း မည်သည့်အဆင့်ထိ ရောက်နေပြီနည်း။
ပဉ္စမမြောက် ဓားသိုင်း၏ အဋ္ဌမမြောက် ဓားကွက်ပင်။ မှန်၏။ စုစုပေါင်း ဓားသိုင်း ကိုးသွယ်ရှိသည့်အနက် သူမ ဆယ်နှစ်တိုင်တိုင် ကျင့်ကြံခဲ့သော်လည်း ပဉ္စမမြောက် ဓားသိုင်း၏ အဋ္ဌမမြောက် ဓားကွက်သို့သာ ရောက်ရှိသေးသည်။
ဤဓားသိုင်းပညာရပ်၌ အဆင့်တက်လေလေ ပို၍ ခက်ခဲလာလေလေပင်။ အခက်အခဲမှာ အဆပေါင်းများစွာ တိုးပွားလာ၏။ သူမ၏ ဆရာဖြစ်သူ အဆိုအရ ဆယ်နှစ်အတွင်း အဋ္ဌမမြောက် ဓားကွက်သို့ ကွေ့ချင်းရှောင်း ရောက်ရှိလာခြင်းမှာ အလွန်တရာ ရှားပါးလှသည်။ သူ၏ တပည့်များထဲ၌ သူမက ထိပ်တန်းသုံးဦးစာရင်းတွင် ပါဝင်နေ၏။
ထို့အတွက်ကြောင့် ဤဓားသိုင်းပညာရပ်၏ ပြင်းထန်လှသည့် အခက်အခဲနှင့် ရှုပ်ထွေးမှုတို့က မည်သူ့ကိုမဆို သွေးပျက်သွားစေရန် လုံလောက်နေသည်။
ထို့အပြင် ဤဓားသိုင်းပညာရပ်၌ အဓိက ဝိသေသလက္ခဏာ သုံးရပ် ရှိနေ၏။
ပထမအချက် လောက၌ အလှပဆုံးနှင့် အမြင်အာရုံကို အတုန်လှုပ်စေနိုင်ဆုံး ဓားသိုင်းပညာရပ် ဖြစ်သည်။
ဒုတိယအချက် စွမ်းအင်သွေးကြောများကို လေ့ကျင့်ရန်အတွက် အလွန်ကောင်းမွန်သည့် နည်းလမ်းတစ်ခု ဖြစ်၏။ လောကရှိ ဓားကျင့်ကြံသူတိုင်း သူတို့၏ ခြေလက်အင်္ဂါများ လျင်မြန်ပေါ့ပါးပြီး အစွမ်းထက်နေစေရန် သွေးကြောများကို လေ့ကျင့်ပေးရန် လိုအပ်သည်။
သို့သော် ကပ်ဘေးကိုးသွယ်ဓားသိုင်း၏ လှုပ်ရှားမှုများက အလွန်တရာ ခက်ခဲလွန်းလှသဖြင့် ကျင့်ကြံခြင်းက သွေးကြောများနှင့် ကြွက်သားများအတွက် သက်သက်မဲ့ ညှဉ်းပန်းနှိပ်စက်နေသကဲ့သို့ပင်။
တတိယအချက် ဂုဏ်ယူဝင့်ကြွားရန်အတွက် ပြီးပြည့်စုံသည့် သိုင်းပညာရပ်တစ်ခု ဖြစ်၏။ တစ်စုံတစ်ယောက်က သူတို့၏ ဓားသိုင်းပညာမှာ မြင့်မားလှကြောင်း ကြွားဝါလာပါက သူတို့၏ စစ်မှန်သည့် အဆင့်ကို သက်သေပြရန်အတွက် ကပ်ဘေးကိုးသွယ်ဓားသိုင်းကို ဖော်ဆောင်ပြရန် စိန်ခေါ်ခံရလေ့ရှိသည်။
ထို့အတွက်ကြောင့် ကပ်ဘေးကိုးသွယ်ဓားသိုင်းမှာ ဓားကျင့်ကြံသူများကို ညှဉ်းပန်းနှိပ်စက်ရန်အတွက် အထူးရည်ရွယ်ပြီး ဖန်တီးထားပုံရ၏။ ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်ခန့် ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းနှိပ်စက်ပြီးနောက်၌မှာပင် ကျွမ်းကျင်အောင် မလုပ်နိုင်သေးပါက အလွန်တရာ အရှက်ကွဲစရာပင်။
သို့သော် ဆိုလွန်က ဆယ်ရက်သာ ကျင့်ကြံပြီးနောက် ကွေ့ချင်းရှောင်းကို သိုင်းပညာ အကဲစမ်းမည်ဟု အမှန်တကယ်ပင် ပြောဆိုနေသည်။ ဤသည်က ရူးမိုက်လွန်းနေသည် မဟုတ်ပါလော။ သူငယ်တန်း ကလေးငယ်တစ်ယောက်က ဘတ်စကက်ဘော ကိုင်ကာ မိုက်ကယ်ဂျော်ဒန်အား ပြိုင်ရန် စိန်ခေါ်နေသကဲ့သို့ပင်။
**--**--**--**--**--**--**--**
ကွေ့ချင်းရှောင်းက မယုံကြည်နိုင်သေးသည့်ဟန်ဖြင့် ထပ်မေးလိုက်၏။ “ဆိုလွန်။ နင် ငါ့ကို လှည့်စားနေတာလား။ နင့် ဦးနှောက်များ တစ်ခုခု ချို့ယွင်းသွားတာလား။”
ဆိုလွန်က အလေးအနက် မေးလိုက်သည်။ “အစ်မ လောင်းချင်သလား။ လောင်းမယ်ဆိုရင် လူအားလုံးရဲ့ ရှေ့ ဒီနေရာမှာပဲ စာချုပ်တစ်ခု ရေးကြမယ်။”
ဤနေရာ၌ မင်းသမီး ကျိနင်သာ ရှိနေပါက သေချာပေါက် အော်ဟစ်လိုက်မည် ဖြစ်၏။ “လောင်းကြေးကို လုံးဝ သဘောမတူလိုက်နဲ့။ သူ ငါ့ကို အဲ့ဒီလိုမျိုး လှည့်စားခဲ့တာ။”
ဆိုလွန်က ထပ်ပြောလိုက်သည်။ “အခြေအနေကို သေချာကြည့်ပါ။ ဘယ်လိုပဲ ကြည့်ကြည့် ကျွန်တော်က သေချာပေါက် ရှုံးမှာပဲ။ အစ်မက ဘာကို ကြောက်နေသေးတာလဲ။”
ကွေ့ချင်းရှောင်းက သူမ၏ ဖခင်ဖြစ်သူ ကွေ့ရှင်းဖူကို အလိုအလျောက် လှမ်းကြည့်လိုက်၏။
သတိလစ်ချင်ယောင် ဆောင်နေသည့် ကွေ့ရှင်းဖူမှာလည်း အလွန်တရာ လျင်မြန်စွာ တွေးတောနေသည်။ ဤအလောင်းအစား၌ ဆိုလွန် မည်သည့် ထောင်ချောက်ကို ဝှက်ထားသနည်း ဆိုသည်ကို သူ အသည်းအသန် တွေးတောနေ၏။
ဖြစ်နိုင်ခြေ အားလုံးကို တွေးကြည့်သော်လည်း ထောင်ချောက် တစ်ခုကိုမျှ ရှာမတွေ့ချေ။ ဤသည်မှာ ဆိုလွန်တစ်ယောက် လုံးဝကို သေချာပေါက် ရှုံးနိမ့်မည့် အလောင်းအစားတစ်ခုပင်။
ဓားသိုင်းပညာရပ်၌ ဆိုလွန်က ကွေ့ချင်းရှောင်းကို အနိုင်ယူရန်အတွက် နုကျန်းမြစ်ရေ နောက်ပြန်စီးမှသာ ဖြစ်နိုင်ပေလိမ့်မည်။
ဆိုလွန်၌ ထိုသို့သော စွမ်းရည်မျိုး အမှန်တကယ် ရှိနေပါက သူသည် နဂါးဧကရာဇ် ကိုယ်တိုင် ဖြစ်နေမှသာ ရပေလိမ့်မည်။ ထို့အတွက်ကြောင့် ကွေ့ရှင်းဖူက ဆက်လက်၍ သတိလစ်ချင်ယောင် ဆောင်နေလိုက်ပြီး မည်သည့် တုံ့ပြန်မှုမှ မပေးလိုက်ချေ။
သို့သော်လည်း ကွေ့ချင်းရှောင်းမှာ အလွန်တရာ ဆွဲဆောင်ခံနေရ၏။ သူမသည် ငယ်ရွယ်ပြီး လှပသူလေး ဖြစ်ရာ မြင့်မြတ်နတ်နဂါးကျောင်းတော်သို့ သွား၍ မည်သို့လုပ် ဆင်းရဲဒုက္ခခံရန် ဆန္ဒရှိမည်နည်း။
မြင့်မြတ်နတ်နဂါးကျောင်းတော်သို့ ဝင်ရောက်သွားသည်နှင့် သူမ၏ ဘဝက အလွန်တရာ ခက်ခဲသွားပေလိမ့်မည်။ ထိုပြစ်ဒဏ်မှာ အမှန်တကယ် ညှဉ်းပန်းနှိပ်စက်ခြင်းပင်။ တစ်နေ့ပြီးတစ်နေ့ မှောင်မိုက်နေသည့် အခန်းငယ်လေးထဲ၌ သူမ ပိတ်လှောင်ခံထားရမည် ဖြစ်ကာ ထောင်ထဲရောက်နေသည်နှင့် ခြားနားမှု မရှိပေ။
ကွေ့ချင်းရှောင်း ကဲ့သို့ အမျိုးသမီးငယ်များသည် သက်ဝင်လှုပ်ရှားနေသည့် နေရာများကို သဘောကျ၏။ သူမအား မြတ်နိုးနေကြသည့် မရေမတွက်နိုင်သော အမျိုးသားများ၏ မျက်လုံးများထဲရှိ မျှော်လင့်ချက်မဲ့နေပြီး ယုတ်ညံ့နေသည့် အကြည့်များကို မြင်တွေ့ရသည်ကို သဘောကျသည်။
မြင့်မြတ်နတ်နဂါးကျောင်းတော်၌ သူမအား ဆင်းရဲဒုက္ခခံစေခြင်းက သတ်ပစ်လိုက်သည်ထက်ပင် ပို၍ ဆိုးရွားနေသေး၏။
ကွေ့ချင်းရှောင်းက မယုံဟန်ဖြင့် ထပ်မေးယသည်။ “နင် ခုနက ပြောတဲ့စကားတွေက အတည်လား။ ရှုံးသွားခဲ့ရင် ငါ့ကို နောက်ထပ် ဘယ်တော့မှ လာမပတ်သက်တော့ဘူးပေါ့။”
ဆိုလွန်က သစ္စာဆိုလိုက်၏။ “ကျွန်တော် ရှုံးသွားရင် စေ့စပ်ထားတာကို ကိုယ်တိုင် ဖျက်ပေးပြီး အစ်မကို အပြည့်အဝ လွတ်လပ်ခွင့် ပေးမယ်။ အစ်မကို နောက်တစ်ခါ ထပ်ပြီး အနှောင့်အယှက်ပေးခဲ့မယ်ဆိုရင် ကောင်းကင်ဘုံက ကျွန်တော့်ကို မိုးကြိုးရှစ်ကြိမ် ကိုးကြိမ် ပစ်ချပါစေ။”
ကွေ့ချင်းရှောင်း သူမ၏ လှပသည့် သွားများကို ကြိတ်လိုက်မိသည်။ အလေးအနက် သစ္စာဆိုသည့် အချိန်၌ပင် ဤခွေးသူခိုးလေးက စကားလုံးများဖြင့် သူမအပေါ် အမြတ်ထုတ်ရန် မမေ့လျော့သွားချေ။
သူမက ပြတ်သားစွာ ပြောလိုက်၏။ “ကောင်းပြီ။ ငါ ဒီအလောင်းအစားကို လက်ခံတယ်။ နောက်ဆယ်ရက်နေရင် ငါတို့ ဓားသိုင်း အကဲစမ်းကြမယ်။ နင်နိုင်ရင် ငါ နင့်ကို လက်ထပ်မယ်။ ကတိဖျက်ခဲ့ရင် မိုးကြိုးငါးခါ ပစ်ချပါစေ။”
ဆိုလွန်က အပြုံးဖြင့် ထပ်ပြောသည်။ “နောက်ထပ် စည်းကမ်းချက်တစ်ခု ထပ်ထည့်ရအောင်။ အစ်မ ကတိဖျက်ခဲ့ရင် အစ်မတို့ ကွေ့မိသားစုတစ်ခုလုံး ပျက်စီးသွားပြီး ဘယ်တော့မှ ပြန်လည် မထူမတ်နိုင်ပါစေနဲ့လို့ သစ္စာဆို။”
ထိုစကားများက ကွေ့ရှင်းဖူအား သူ သတိလစ်ချင်ယောင် ဆောင်နေရာမှပင် ထခုန်မိတော့မတတ် ဖြစ်သွားစေ၏။ တကယ့်ကို ရက်စက်ကြမ်းကြုတ်လွန်းသည့် ကောင်စုတ်လေးပင်။
ကွေ့ချင်းရှောင်းမှာလည်း ဒေါသကြောင့် ပေါက်ကွဲထွက်တော့မတတ် ဖြစ်သွားရသည်။ သူမ အံကြိတ်လိုက်၏။ “ကောင်းပြီ။ ငါ ကတိဖျက်ခဲ့ရင် ငါ့ရဲ့ ကွေ့မိသားစု တစ်ခုလုံး အကုန်အစင် ပျက်စီးပါစေ။”
ဆိုလွန် နေရာ၌ပင် စက္ကူနှင့် စုတ်တံကို ထုတ်ယူကာ စာချုပ်ကို ရေးသားလိုက်သည်။ သူ၏ နာမည်ကို လက်မှတ်ရေးထိုးပြီး ထျန်းရွှေ မြို့စားကြီး၏ တံဆိပ်တုံးကြီးကို ရိုက်နှိပ်လိုက်၏။
“လက်မှတ်ထိုးပြီး လက်ဗွေနှိပ်လိုက်။”
ကွေ့ချင်းရှောင်း ရှေ့သို့ လှမ်းလာကာ စာချုပ်ပေါ်၌ သူမ၏ နာမည်ကို သေသပ်စွာ လက်မှတ်ရေးထိုးပြီး လက်ဗွေနှိပ်လိုက်၏။
ထိုသို့ဖြင့် စာချုပ်အသစ်ကို တရားဝင် ချုပ်ဆိုပြီးသွားလေပြီ။
ဆိုလွန်က ကြေညာလိုက်သည်။ “ဒီနေရာမှာ ရှိနေတဲ့ ဧည့်သည်တော်များခင်ဗျာ။ နောက်ဆယ်ရက်နေရင် ယှဉ်ပြိုင်မယ့် ပွဲကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ သက်သေအဖြစ် နေပေးကြပါ။ သေချာတာပေါ့။ ကျွန်တော်သာ နိုင်ခဲ့ရင် ကျွန်တော်တို့ရဲ့ မင်္ဂလာပွဲမှာ အရက်သောက်ဖို့အတွက်ပါ နေခဲ့လို့ ရပါတယ်ဗျာ။”
ကွေ့ချင်းရှောင်းက ဒေါသတကြီး ပြောလိုက်၏။ “အိပ်မက် ဆက်မက်နေလိုက်ဦး။ နောက်ဆယ်ရက်နေရင် နင့်ရဲ့ ခြေထောက်နှစ်ဖက်လုံးကို ငါ ချိုးပစ်မယ်။”
ထို့နောက် သူမ ဆိုလွန်ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။ “အလောင်းအစား လုပ်ပြီးသွားပြီဆိုတော့ နောက်ဆယ်ရက်အတွင်း ငါ နင့်မျက်နှာကို မမြင်ချင်ဘူး။ ငါ့ရှေ့မှာ လာမပေါ်လာနဲ့။”
ဆိုလွန်က ရယ်မောလျက် ပြောလိုက်၏။ “စိတ်အေးအေးထားပါ။ ကျွန်တော့် ဓားသိုင်းပညာကို သွားကျင့်ဖို့ လိုသေးတာကြောင့် လင်ဟိုင်မြို့စားအိမ်တော် ကနေ အခုချက်ချင်း ထွက်သွားမှာပါ။”
ထို့နောက် သူက ချင်းချန်ဇီထံသို့ လျှောက်သွားလိုက်သည်။ “သခင် ချင်းချန်ဇီ။ ဓားသခင် ပိုင်ရှောင်း အခု ဘယ်မှာရှိလဲ။ သူ့ကို ဆရာတင်ပြီး ဓားသိုင်း သွားသင်ချင်လို့ပါ။”
ထိုစကားကို ကြားလိုက်ရသည့်အခါ ရှိနေသည့် လူအားလုံး သွေးအန်မတတ် ဖြစ်သွားကြ၏။ နောက်ဆုံးမိနစ်ကျမှ အသည်းအသန် ကြိုးစားကြသူများကို သူတို့ မြင်ဖူးသော်လည်း ဤမျှ ရယ်စရာကောင်းသည့် အဖြစ်မျိုးကို တစ်ခါမှ မမြင်ဖူးချေ။
ဆယ်ရက်နေလျှင် ဓားသိုင်း ယှဉ်ပြိုင်ရတော့မည်ကို ယခုမှ ဆရာ လိုက်ရှာနေသည်လော။ ဤသည်က ဟာသ လုပ်နေခြင်းလော။
အပိုင်း ၁၆၃ + ၁၆၄ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team