အခန်း (၁၆၉+၁၇၀)
Vol. 17 Ch. 169+170
အပိုင်း ၁၆၉ + ၁၇၀
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ဓားသခင် ပိုင်ရှောင်းက ဒေါသတကြီး ကြိမ်းမောင်းတော့၏။ “ထွက်သွားစမ်း။ မထွက်သွားရင် မင်းကို ငါကိုယ်တိုင် ဆွဲထုတ်ပစ်မယ်။”
ကပ်ဘေးကိုးသွယ်ဓားသိုင်းမှာ လက်တွေ့တိုက်ခိုက်ရန်အတွက် သင့်တော်ခြင်း မရှိပေ။ ထိုအစား ဓားသိုင်း၏ အမြင့်ဆုံးအဆင့်ကို သဘောပေါက်နားလည်ရန်အတွက်သာ အသုံးပြုခြင်း ဖြစ်၏။ လောက၌ အခက်ခဲဆုံး ဓားသိုင်းပညာရပ်ပင်။
ထိုသို့တိုင်အောင် ဆိုလွန်က ထိုဓားသိုင်းကိုသုံးပြီး ကွေ့ချင်းရှောင်းအား ဆယ်ရက်အတွင်း အနိုင်ယူမည်ဟု ဆိုနေသည်။
ပါရမီ အလွန်ထူးချွန်လှသည့် ဓားသခင် ပိုင်ရှောင်းပင်လျှင် ကပ်ဘေးကိုးသွယ်ဓားသိုင်းအား သုံးနှစ်တိတိ လေ့လာခဲ့ရပြီး အနည်းငယ်မျှသာ အောင်မြင်မှုရရှိခဲ့၏။
အဘယ်ကြောင့်ဆိုသော် ကပ်ဘေးကိုးသွယ်ဓားသိုင်းသည် အပေါ်ယံ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများအပေါ် အခြေခံထားခြင်း မဟုတ်သောကြောင့်ပင်။ အတွင်းစိတ်စွမ်းအင် ၊ ဟန်ချက်ညီမှုနှင့် စွမ်းအားနယ်ပယ်များအပေါ်၌သာ လုံးဝ မှီခိုနေခြင်း ဖြစ်၏။
ဓားသခင် ဒေါသထွက်လာ၏။ “ထွက်သွားစမ်း။ ဒီလောကမှာ ငါ့ဓားသိုင်းကလွဲပြီး ဘာမှမရှိတော့ဘူး။ ငါ့ဓားသိုင်းကို စော်ကားရဲတဲ့သူတိုင်းက ငါ့ရန်သူပဲ။”
ဆိုလွန်က ထွက်မသွားချေ။ ထိုအစား မြေပြင်ပေါ်၌ ဒူးထောက်ချလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ “ကျွန်တော့်ကို ယုံပေးပါ။ ကျွန်တော် အတည်ပြောနေတာပါ။ ဓားသိုင်းပညာရပ်ကို ကျွန်တော် အရမ်းရိုသေလေးစားပါတယ်။ ဒီသိုင်းကို သင်ယူဖို့ အရာအားလုံးကို ရင်းထားတာပါ။ အပြင်က လက်တွေ့အချိန်မှာ ဆယ်ရက်ပဲ လေ့လာနိုင်ပေမဲ့ စိတ်ဝိညာဉ်ပုံရိပ်ယောင်ကမ္ဘာထဲမှာတော့ သုံးနှစ် ၊ ငါးနှစ် ဒါမှမဟုတ် အဲ့ဒီထက်ပိုပြီး အချိန်ယူပါလိမ့်မယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ ပိုင်ရှောင်းက သူ၏ တောင်ဝှေးကို ဖြည်းညင်းစွာ ချလိုက်၏။ သူက အံ့ဩသွားကာ မေးလာသည်။ “မင်းက ဓားသိုင်းကို လေ့လာဖို့ သမာဓိအလင်းကျင့်စဉ်ကို သုံးမလို့လား။”
ဆိုလွန် ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါတယ်။”
ပိုင်ရှောင်းက ဆိုလွန်အား ခဏတာ စိုက်ကြည့်နေပြီးနောက် ခေါင်းရမ်းလိုက်၏။ “မဟုတ်ဘူး။ အဲ့ဒါက ပိုလို့တောင် မဖြစ်နိုင်သေးတယ်။ သမာဓိအလင်းကျင့်စဉ်ကို ဘယ်သူတွေ သီးသန့်ပိုင်ဆိုင်ထားလဲဆိုတာ မင်းသိလား။”
ဆိုလွန် ခေါင်းညိတ်လိုက်သည်။ “သိပါတယ်။ မြင့်မြတ်နတ်နဂါးကျောင်းတော်က စိတ်ဝိညာဉ် မဟာကျင့်ကြံသူတွေရဲ့ သီးသန့်ကျင့်စဉ်လေ။ လက်တွေ့အချိန်က မလုံလောက်လို့ သူတို့က စိတ်ဝိညာဉ်ပုံရိပ်ယောင်ကမ္ဘာထဲဝင်ပြီး အချိန်ကို ဆယ်ဆ ၊ အဆနှစ်ဆယ် ဒါမှမဟုတ် အဲ့ဒီထက်ပိုပြီး နှေးကွေးသွားအောင် လုပ်ကြတယ်။ ပြီးတော့မှ အဲ့ဒီလို နှေးကွေးသွားတဲ့ သမာဓိအလင်းကမ္ဘာထဲမှာ အပြင်လောကရဲ့ ပြဿနာတွေကို လေ့လာကြတာလေ။”
ဓားသခင် ပိုင်ရှောင်းက ထပ်မေးလိုက်သည်။ “ငါ ဘယ်အရွယ်ရောက်မှ သမာဓိအလင်းကမ္ဘာထဲ ဝင်ဖို့ နားလည်သွားလဲ မင်း သိလား။”
ဆိုလွန် ခေါင်းရမ်းလိုက်၏။ “မသိပါဘူး။”
ဓားသခင်က ဖြည်းညှင်းစွာ ပြောလိုက်သည်။ “အသက် ငါးဆယ့်ကိုးနှစ်မှာပဲ။ ငါချစ်ရတဲ့ မိန်းမ ဆုံးသွားပြီးနောက် လောကီအာရုံတွေ အားလုံးကို လုံးဝ စွန့်လွှတ်နိုင်တဲ့ အချိန်ကျမှသာ ငါ ဒီသမာဓိအလင်းကျင့်စဉ်ကို ကျင့်ကြံနိုင်ခဲ့တာ။”
ဓားသခင် ပိုင်ရှောင်းက ဆက်ပြော၏။ “ကွေ့ချင်းရှောင်းကို အနိုင်ယူဖို့ သမာဓိအလင်းကျင့်စဉ် သုံးမယ်ဆိုတဲ့ မင်းရဲ့ အစီအစဉ်က သီအိုရီအရတော့ ဖြစ်နိုင်ပါတယ်။ အနက်ရှိုင်းဆုံး သမာဓိအလင်းကမ္ဘာထဲ ရောက်နေတဲ့ အခြေအနေမှာ လက်တွေ့ ဆယ်ရက်က ဆယ်နှစ်အဖြစ် တကယ်ကို ပြောင်းလဲသွားနိုင်တယ်။”
“ဒါပေမဲ့ ငါ့ရဲ့ လက်ရှိအဆင့်နဲ့တောင် အပြင်လောကက ဆယ်ရက်ဆိုတာ သမာဓိအလင်းကမ္ဘာထဲမှာ တစ်နှစ်နဲ့ပဲ ညီမျှသေးတယ်။ ဒါကြောင့် သမာဓိအလင်းကျင့်စဉ်ကို သုံးပြီး ဓားသိုင်းကို သင်ယူဖို့ ကြိုးစားတာက ကွေ့ချင်းရှောင်းကို ရိုးရိုးတိုက်ခိုက်ရတာထက် အဆတစ်ရာလောက် ပိုခက်ခဲနေလိမ့်မယ်။ မင်း နားလည်လား။”
ဆိုလွန် ခေါင်းညိတ်လိုက်သည်။ “နားလည်ပါတယ်။”
သူ သေချာပေါက် နားလည်ထားပြီး ဖြစ်၏။ သမာဓိအလင်းကျင့်စဉ်မှာ ဤလောက၌ အမြင့်ဆုံး ကျင့်ကြံခြင်း ပုံစံပင်။ အထွတ်အထိပ်သို့ ရောက်နေသည့် စိတ်ဝိညာဉ်စွမ်းအားရှင်များသာလျှင် ဤအဆင့်သို့ ရောက်ရှိနိုင်ကြသည်။ ဤကျင့်စဉ်မှာ မြင့်မြတ်နတ်နဂါးကျောင်းတော်မှ မဟာကျင့်ကြံသူများ၏ သီးသန့်ပိုင်ဆိုင်မှု ဖြစ်လုနီးပါးပင်။
ဆိုလွန်က သမာဓိအလင်းကျင့်စဉ်ကို အသုံးပြုကာ ဓားသိုင်းကိုလေ့လာပြီး ကွေ့ချင်းရှောင်းကို အနိုင်ယူရန် ကြိုးစားနေခြင်းမှာ လုံးဝကို ယုတ္တိမရှိပေ။
ရေလုနေကြသည့် အိမ်နီးချင်း ရွာနှစ်ရွာထဲမှ တစ်ရွာက တစ်ဖက်ရွာကို ဖျက်ဆီးပစ်ရန်အတွက် နျူကလီးယားဗုံးကို တီထွင်ရန် ဆုံးဖြတ်လိုက်သကဲ့သို့ပင်။ ဗုံးတီထွင်ရခြင်း၏ အခက်အခဲမှာ ရွာတစ်ရွာကို သွားရောက်ဖျက်ဆီးရသည်ထက် အဆပေါင်း သောင်းချီ၍ ပိုမိုခက်ခဲပေလိမ့်မည်။
သို့သော် အခြားသူများအတွက် သမာဓိအလင်းကျင့်စဉ်မှာ ရေတွက်၍မရနိုင်သည့် နာကျင်မှုများနှင့် အခက်အခဲများကို ဖြတ်သန်းရမည်ဖြစ်သော်လည်း ဆိုလွန်အတွက်တော့ အလွန်လွယ်ကူနေလေမည်။
အဘယ်ကြောင့်ဆိုသော် သူ့ထံ၌ အသူရာမိစ္ဆာကြယ် ရှိနေသောကြောင့်ပင်။
အကယ်၍ သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို တိုးတက်စေရန် နဂါးစွမ်းအားကို ကျင့်ကြံရမည်ဆိုပါက သမာဓိအလင်းကျင့်စဉ်က အသုံးဝင်မည် မဟုတ်ချေ။ အခြား သာမန် ဓားသိုင်းတစ်ခုခုကိုသာ ရွေးချယ်ပြီး ယှဉ်ပြိုင်မည်ဆိုပါကလည်း သူ ကျိန်းသေပေါက် ရှုံးနိမ့်ပေလိမ့်မည်။
သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားနှင့် အမြန်နှုန်းမှာ ကွေ့ချင်းရှောင်းထက် အဆပေါင်းများစွာ နိမ့်ကျနေ၏။ နဂါးစွမ်းအားကို အသုံးမပြုဘဲ ယှဉ်ပြိုင်လျှင်ပင် သူ ရှုံးနိမ့်နေဦးမည်သာ။
သို့သော်လည်း ဆိုလွန်က နဂါးစွမ်းအားကို အသုံးမပြုဘဲ ကပ်ဘေးကိုးသွယ်ဓားသိုင်းကိုသာ အသုံးပြု၍ ယှဉ်ပြိုင်မည်ဟု ကြေညာထားသည်။
အပေါ်ယံကြည့်မည်ဆိုပါက ဤသည်မှာ ကွေ့ချင်းရှောင်းအတွက် ကြီးမားလှသည့် အားသာချက်တစ်ခု ဖြစ်နေ၏။ သို့သော် ကပ်ဘေးကိုးသွယ်ဓားသိုင်း၏ ထူးခြားသည့် လက္ခဏာမှာ ရှင်းလင်းလှသည်။ ဒုတိယကွက်သည် ပထမကွက်ကို အမြဲတမ်း အနိုင်ယူနိုင်ပြီး နဝမကွက်သည် အဋ္ဌမကွက်ကို အမြဲတမ်း အနိုင်ယူနိုင်ခြင်းပင်။
ဤသည်မှာ ဓားသိုင်း၏ မူလစွမ်းအားနယ်ပယ်က ဖန်တီးထားသည့် ပကတိစည်းမျဉ်းတစ်ခု ဖြစ်သည်။ ဓားသိုင်းအား ပိုမိုနက်နက်ရှိုင်းရှိုင်း လေ့လာနိုင်ပြီး ပိုမိုသဘောပေါက်နားလည်ထားသူကသာ ကျိန်းသေပေါက် အနိုင်ရလိမ့်မည် ဖြစ်၏။
ထို့အတွက်ကြောင့် ဆိုလွန်သာ ကပ်ဘေးကိုးသွယ်ဓားသိုင်း၏ နဝမကွက်ကို ကျွမ်းကျင်ပိုင်နိုင်သွားပါက သူ အနိုင်ရမည်မှာ သေချာနေလေပြီ။ သို့မဟုတ်ပါက ကောက်ကျစ်လှသော ဦးနှောက်ကို ပိုင်ဆိုင်ထားသည့် သူက အဘယ်ကြောင့် နိုင်မည်မသေချာသည့် လောင်းကြေးမျိုးကို အဆိုပြုရမည်နည်း။
လက်ရှိအချိန်၌ ဆိုလွန် လိုအပ်နေသည်မှာ အထူးချွန်ဆုံး ဓားသိုင်းမဟာဆရာသခင် တစ်ဦး၏ လမ်းညွှန်မှုပင်။ ထို့နောက် သူ သမာဓိအလင်းကမ္ဘာထဲသို့ ဝင်ရောက်ကာ ငါးနှစ် ၊ ရှစ်နှစ် သို့မဟုတ် ထိုထက်ပိုသော အချိန်အထိ လေ့ကျင့်လေမည်။
**--**--**--**--**--**--**--**
ဆိုလွန်က ဖြည်းညှင်းစွာ ပြောလိုက်သည်။ “အရှင် ဓားသခင်... ကံကောင်းစွာနဲ့ပဲ ကျွန်တော့်မှာ သမာဓိအလင်းကမ္ဘာထဲ ဝင်နိုင်တဲ့ ထူးဆန်းတဲ့ ပါရမီတစ်ခု ရှိနေတယ်။ အနက်ရှိုင်းဆုံး အဆင့်ကို လွယ်လွယ်ကူကူပဲ ဝင်ရောက်နိုင်တယ်။ ဒါကြောင့် အပြင်လောကက လက်တွေ့ဆယ်ရက်အတွင်းမှာ သမာဓိအလင်းကမ္ဘာထဲက ငါးနှစ် ဒါမှမဟုတ် ရှစ်နှစ်စာ အချိန်ကို ကျွန်တော် ရနိုင်ပါတယ်။”
ဓားသခင်၏ မျက်လုံးများ ပြူးကျယ်သွား၏။ သူက ထပ်ခါထပ်ခါ ခေါင်းရမ်းလိုက်သည်။ “မဟုတ်ဘူး။ အဲ့ဒါ လုံးဝ မဖြစ်နိုင်ဘူး။”
ထိုသည်က လုံးဝကို မဖြစ်နိုင်သည့် ကိစ္စပင်။ သမာဓိအလင်းကျင့်စဉ်မှာ လောက၌ အနက်ရှိုင်းဆုံးနှင့် အလျှို့ဝှက်အဆန်းကြယ်ဆုံး ကျင့်ကြံခြင်းနည်းလမ်း ဖြစ်သည်။
လူတစ်ယောက်၏ စိတ်အခြေအနေသည် ငြိမ်သက်နေသော ရှေးဟောင်းရေတွင်းအိုကြီး တစ်ခုကဲ့သို့ ဝမ်းနည်းခြင်း ၊ ဝမ်းသာခြင်းများ ကင်းစင်သွားသည့် အခြေအနေသို့ ရောက်ရှိလာရန် ဆယ်စုနှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ လေ့ကျင့်ထားခြင်း မရှိပါက သမာဓိအလင်းကမ္ဘာထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ချေ။
ထို့အတွက်ကြောင့် ဤလောက၌ အသက်လေးဆယ်မတိုင်မီ သမာဓိအလင်းကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့သူဟူ၍ တစ်ယောက်မှ မရှိခဲ့ဖူးချေ။
သို့သော် လူတစ်ယောက်အနေဖြင့် ထိုကျင့်စဉ်အား ကျွမ်းကျင်ပိုင်နိုင်သွားပါက သူတို့၏ ဓားသိုင်းပညာရပ်မှာ အံ့မခန်း တိုးတက်လာပေလိမ့်မည်။ ဓားသိုင်းကို လေ့လာရန်အတွက် သမာဓိအလင်းကမ္ဘာထဲ၌ အချိန်ကို ဆယ်ဆ ၊ ရာဆချဲ့ထွင်နိုင်ခြင်းသည် ကောင်းကင်ဘုံ၏ အလိုကို လုံးဝ ဆန့်ကျင်နေခြင်းပင်။ ဤသည်မှာ လက်တွေ့အားဖြင့် လိမ်လည်လှည့်ဖြားနေခြင်းသာ ဖြစ်၏။
ဆိုလွန်က ငြင်းခုံမနေတော့ချေ။ မျက်လုံးများကိုသာ မှိတ်လိုက်ပြီး စိတ်ထဲမှ အမိန့်ပေးလိုက်သည်။ “အသူရာမိစ္ဆာကြယ်... ငါ့ဦးနှောက်ကို ကာကွယ်ထား။ ငါ့စိတ်ဝိညာဉ်ကို ကာကွယ်ထား။ အပြင်လောကကို လုံးဝ ပိတ်ဆို့လိုက်တော့။ ငါ့စိတ်ထဲက အနှောင့်အယှက်ဖြစ်စေမယ့် အတွေးတွေ အားလုံးကို ရှင်းထုတ်ပြီး ငါ့ကို သမာဓိအလင်းကမ္ဘာထဲ ဝင်ခွင့်ပေး။”
အသူရာမိစ္ဆာကြယ်က တုံ့ပြန်လိုက်သည်။ “ဟုတ်ကဲ့ပါ သခင်။”
ချက်ချင်းဆိုသလိုပင် အသူရာမိစ္ဆာကြယ်က များပြားလှသည့် နဂါးစွမ်းအားများနှင့် စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်ကာ ဆိုလွန်၏ ဦးနှောက်ကို အပြည့်အဝ ကာကွယ်လိုက်ပြီး သူ့အား အပြင်လောကနှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်လိုက်၏။
လျင်မြန်စွာပင် ဆိုလွန်တစ်ယောက် သမာဓိအလင်းကမ္ဘာထဲသို့ ဝင်ရောက်သွားလေပြီ။
အသူရာမိစ္ဆာကြယ်သးက အနှောင့်အယှက်ဖြစ်စေမည့် အတွေးများကို ထုတ်ပေးသည့် ဆိုလွန်၏ ဦးနှောက်အစိတ်အပိုင်းများကို ရှာဖွေလိုက်ပြီး စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ထိုနေရာများကို ပိတ်ဆို့ပစ်လိုက်သည်။
ရလဒ်အနေဖြင့် ဆိုလွန်တစ်ယောက် အလွန်နက်ရှိုင်းသည့် သမာဓိအလင်းကမ္ဘာထဲသို့ ကျဆင်းသွား၏။
ပိုင်ရှောင်းက ဆိုလွန်၏ အသက်ရှူနှုန်းကို စစ်ဆေးရန် လက်လှမ်းလိုက်ပြီးနောက် ရင်ဘတ်ပေါ်သို့ လက်ကို တင်လိုက်၏။
ဆိုလွန်၏ အသက်ရှူနှုန်းမှာ ပိုမို နှေးကွေးလာသည်။ သူ၏ နှလုံးခုန်နှုန်းမှာလည်း တဖြည်းဖြည်း နှေးကွေးလာ၏။ နောက်ဆုံး၌ သေဆုံးနေသည့်အလား ထင်မှတ်ရသည်အထိ ဖြစ်လာသည်။
လူတစ်ယောက် နက်ရှိုင်းသည့် သမာဓိအလင်းကမ္ဘာထဲသို့ ဝင်ရောက်သွားသောအခါ ဦးနှောက်၏ အစိတ်အပိုင်း အနည်းငယ်မျှသာ ဆက်လက် အလုပ်လုပ်နေပြီး ခန္ဓာကိုယ်၏ ကျန်ရှိနေသည့် အစိတ်အပိုင်းများမှာ လုံးဝနီးပါး ရပ်တန့်သွားကြ၏။
ခန္ဓာကိုယ်၏ စွမ်းအင်သုံးစွဲမှုမှာလည်း ပုံမှန်နှုန်း၏ အစိတ်အပိုင်း တစ်ခုအထိသာ ကျဆင်းသွားမည်ဖြစ်ပြီး တစ်ခါတစ်ရံ၌ တစ်ရာခိုင်နှုန်းအထိပင် ကျဆင်းသွားတတ်သေးသည်။
သဘာဝကျစွာပင် နှလုံးခုန်နှုန်းမှာလည်း သိသိသာသာကို နှေးကွေးလာပေလိမ့်လေမည်။ အဆုံး၌ ဆိုလွန်၏ နှလုံးခုန်နှုန်းမှာ တစ်မိနစ်လျှင် ဆယ်ကြိမ်အောက်သာ ခုန်တော့သည်။ ဤသည်က သူ အလွန်တရာ နက်ရှိုင်းသည့် သမာဓိအလင်းကမ္ဘာထဲသို့ ဝင်ရောက်သွားကြောင်း သက်သေပြနေခြင်းပင်။
ဓားသခင် ပိုင်ရှောင်းတစ်ယောက် လုံးဝကို မှင်တက်အံ့ဩသွားရ၏။
ဤမျှ ငယ်ရွယ်သူတစ်ယောက်က သမာဓိအလင်းကမ္ဘာထဲသို့ ဤမျှလွယ်ကူစွာ ဝင်ရောက်နိုင်လိမ့်မည်ဟု သူ မယုံကြည်နိုင်ဖြစ်နေမိသည်။ ထို့အပြင် အလွန်နက်ရှိုင်းသည့် သမာဓိအလင်းကမ္ဘာ အဆင့်လည်း ဖြစ်နေ၏။
မည်သည့် ဆေးဝါး သို့မဟုတ် လျှို့ဝှက်ကျင့်စဉ်များ၏ အကူအညီကိုမှ မလိုအပ်ချေ။ မျက်လုံးမှိတ်လိုက်ရုံဖြင့် အိပ်ပျော်သွားသကဲ့သို့ ၊ ရေသောက် ထမင်းစားရသကဲ့သို့ လွယ်ကူစွာဖြင့် ထိုအခြေအနေထဲသို့ ဝင်ရောက်သွားခြင်း ဖြစ်သည်။
ဤခွေးမသားလေးက အလွန်တရာ ရှားပါးလှသည့် ပါရမီရှင်တစ်ဦးပင်။ သူ၏ တည်ရှိနေမှုက ယုတ္တိမတန်လှချေ။
ဆိုလွန်၏ လုပ်ဆောင်ချက်က ဓားသခင်၏ လောကကြီးအပေါ် နားလည်ထားမှုအား လုံးဝကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။ ဤအခြေအနေအတိုင်းသာဆိုလျှင် ဆိုလွန်တစ်ယောက် ကပ်ဘေးကိုးသွယ်ဓားသိုင်းကို ဆယ်ရက်တာ လေ့လာပြီး ကွေ့ချင်းရှောင်းအား အနိုင်ယူမည် ဆိုသည်မှာ ကျိန်းသေပေါက် အမှန်တကယ် ဖြစ်လာနိုင်နေသည်။
ဓားသခင်က ဆိုလွန်၏ အပြစ်အနာအဆာကင်းလွန်းပြီး ချောမောလှသည့် မျက်နှာကို စိုက်ကြည့်လိုက်၏။
“မင်းက တကယ့် မိစ္ဆာကောင်ပဲ။”
ထို့နောက် ဆိုလွန်၏ ပခုံးကို ပုတ်လိုက်သည်။ “နိုးလာတော့။ မင်းကို ကပ်ဘေးကိုးသွယ်ဓားသိုင်း သင်ပေးမယ်။ ပြီးတော့ မင်း အံ့ဖွယ်ကိစ္စတစ်ခုကို လုပ်ပြမယ့်အချိန်ကို ငါ စောင့်နေမယ်။”
ဓားသခင် ပိုင်ရှောင်း၏ အသံမှာ အခြားကမ္ဘာတစ်ခုမှ ထွက်ပေါ်လာသည့်အလား ပဲ့တင်ထပ်သွားပြီး နက်ရှိုင်းသည့် သမာဓိအလင်းကမ္ဘာထဲသို့ အလွှာလိုက် ဖြတ်သန်းကာ အဆုံး၌ ဆိုလွန်ထံသို့ ရောက်ရှိလာသည်။
သဘာဝကျစွာပင် ဤသည်မှာ ဓားသခင် ပိုင်ရှောင်းက သူ၏ အားကောင်းလှသည့် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ အသံလွှင့်လိုက်သောကြောင့်သာ ဖြစ်နိုင်သည်။
အကယ်၍ အခြားလူတစ်ယောက်သာ ဆိုပါက လည်ချောင်းကွဲမတတ် အော်ဟစ်နေလျှင်ပင် နက်ရှိုင်းသည့် သမာဓိအလင်းကမ္ဘာထဲမှ လူတစ်ယောက်ကို နိုးလာအောင် လုပ်နိုင်မည် မဟုတ်ချေ။
ဆိုလွန် နိုးလာပြီး ဓားသခင် ပိုင်ရှောင်းကို ရိုသေစွာ အရိုအသေပေးလိုက်၏။ “ကျေးဇူးတင်ပါတယ် အရှင် ဓားသခင်။”
ဓားသခင် ပိုင်ရှောင်းက လက်ဝှေ့ယမ်းလိုက်သည်။ “ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး။ ငါ မလုပ်နိုင်ခဲ့တဲ့ ကိစ္စကို မင်း လုပ်နိုင်မလား ဆိုတာကိုပဲ ငါ မြင်ချင်တာ။”
သူ မလုပ်နိုင်ခဲ့သည့် ကိစ္စဆိုသည်မှာ သဘာဝကျစွာပင် သူ၏ မိသားစုပိုင်နက်နှင့် သွေးဆက်အား ကာကွယ်ခြင်းကို ရည်ညွှန်းခြင်းပင်။ ဤသည်ကပင် ဆိုလွန်အား မည်သည့် စည်းကမ်းချက်မှ မသတ်မှတ်ဘဲ ကူညီပေးရန် သူ သဘောတူခဲ့သည့် အကြောင်းအရင်း ဖြစ်သည်။
အစောက ဆိုလွန် ပြောခဲ့သလိုပင် မည်သည့် မြို့စားတစ်ယောက်ကမှ ကိုယ်ပိုင်ပိုင်နက်ကို ဆန္ဒအလျောက် စွန့်လွှတ်မည် မဟုတ်ချေ။
ပိုင်ရှောင်း တစ်ယောက် သူ၏ ပိုင်နက်ကို အဘယ်ကြောင့် စွန့်လွှတ်ခဲ့ရသနည်း ဆိုသည်ကို ဆိုလွန် အတိအကျ မသိသော်လည်း ကောလာဟလများ ပြောနေသကဲ့သို့ ဓားသိုင်းပညာရပ်၌ အပြည့်အဝ နစ်မြုပ်နေချင်သောကြောင့် မဟုတ်သည်မှာတော့ သေချာနေ၏။
အကယ်၍ ထိုအရာကသာ အမှန်ဖြစ်ပါက သူ၏ ပိုင်နက်များကို စွန့်လွှတ်ပြီးနောက် သူ၏ ဘဝတစ်လျှောက်လုံး တော်ဝင်မြို့တော်ထဲသို့ ဝင်ရောက်ရန် အဘယ်ကြောင့် ရှောင်ကြဉ်နေခဲ့သနည်း။ သူ အဘယ်ကြောင့် ဘုရင်မင်းမြတ်ထံသို့ တစ်ခါမှ မသွားခဲ့ရသနည်း။
**--**--**--**--**--**--**--**
ပိုင်ရှောင်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။ “စကြရအောင်။”
သူ သစ်သားဓားတစ်လက်ကို ကောက်ကိုင်လိုက်ပြီး ဓားလက်ကွက်တစ်ခုကို ညင်သာစွာ ဖွဲ့စည်းလိုက်၏။ ချက်ချင်းဆိုသလိုပင် သူ၏ အိုမင်းရင့်ရော်နေသည့် အငွေ့အသက်များက လုံးဝ ပျောက်ကွယ်သွားသည်။
ထိုအစား ထက်မြက်ကာ လွှမ်းမိုးနိုင်စွမ်းရှိသည့် ဓားဆန္ဒတစ်ခုက အစားထိုး ဝင်ရောက်လာ၏။
ပိုင်ရှောင်းက အေးစက်စွာ ပြောသည်။ “ကပ်ဘေးကိုးသွယ်ဓားသိုင်းထက် ခက်ခဲတဲ့ ဓားသိုင်းပညာရပ်ဆိုတာ ဒီလောကမှာ မရှိဘူး။ ဒါပေမဲ့ ဓားသိုင်းရဲ့ နိယာမတွေကို သဘောပေါက်ဖို့ ဒီကျင့်စဉ်ထက် ပိုကောင်းတာလည်း မရှိဘူး။ အခု ကပ်ဘေးကိုးသွယ်ဓားသိုင်းကို ငါ့ရဲ့ အမြန်ဆုံး အမြန်နှုန်းနဲ့ ကပြမယ်။ မှတ်မိသလောက် မှတ်ထား။”
“ဟုတ်ကဲ့။”
သူ စကားပြောလိုက်သည်နှင့် တပြိုင်နက် ဆိုလွန်၏ အမြင်အာရုံများ ရုတ်တရက် ဝေဝါးသွားရ၏။
ချက်ချင်းပင် ဓားသခင် ပိုင်ရှောင်း ပျောက်ကွယ်သွားသည်။ နတ်ဘုရားတစ်ပါးကဲ့သို့ ပုံရိပ်တစ်ခုက ဂူထဲ၌ အရိပ်တစ်ခုပမာ လျင်မြန်စွာ လှုပ်ရှားသွား၏။
ဂူတစ်ခုလုံး ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မူလက ဤဂူမှာ အလွန် သေးငယ်ပြီး ကျဉ်းမြောင်းလှသော်လည်း ဓားသိုင်းပညာရပ်၏ လွှမ်းမိုးမှုအောက်၌ အဆုံးအစမရှိ အကန့်အသတ်မဲ့သည့် လောကကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရ၏။
လောကထဲ၌ ပုံရိပ်တစ်ခုနှင့် ဓားတစ်လက်တည်းသာ ရှိနေသကဲ့သို့ပင်။
ဓားသိုင်းမှာ စကြဝဠာနတ်ဘုရား တစ်ပါး ကခုန်ကဲ့သို့ပင်။ အလွန်တရာ မှင်တက်ဖွယ်ကောင်းလှကာ အလွန်တရာ အံ့မခန်းဖြစ်ပြီး အလွန်တရာမှ ခမ်းနားလှသည်။
လှုပ်ရှားမှုတိုင်းက ရုပ်ပိုင်းဆိုင်ရာ အလှတရား၏ အထွတ်အထိပ်သို့ ရောက်ရှိနေ၏။ ဓားအက၏ အမြင်အာရုံ ရိုက်ခတ်မှုမှာ အလွန်တရာ ရင်သပ်ရှုမောဖွယ် ကောင်းလွန်းလှသဖြင့် ကြည့်ရသည်မှာ ဝမ်းနည်းဖွယ်ရာ ကောင်းလောက်သည်အထိပင် လှပလွန်းလှသည်။
အလွန်ကို မြန်ဆန်လွန်းလှ၏။ အစမှ အဆုံးတိုင်အောင် ဆယ်စက္ကန့်ခန့်သာ အချိန်ယူလိုက်ရသည်။ ထိုအချိန်တိုလေး အတွင်း၌မှာပင် ကပ်ဘေးကိုးသွယ်ဓားသိုင်း၏ သိုင်းကိုးကွက်နှင့် ပြောင်းလဲမှု ရှစ်ဆယ့်တစ်မျိုးလုံးတို့ ပြီးဆုံးသွားလေပြီ။
အပိုင်း ၁၆၉ + ၁၇၀ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
စာစဥ်လေးရဲ့ ဆယ်ပုံ ၁ ပုံပြီးဆုံးသွားပါပြီဗျ။ လက်ရှိအချိန်အထိ ဖတ်ရှုလာပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။ တစ်ရက် တစ်အုပ် တင်ပေးမယ်ဆိုတဲ့ ကတိကို အကောင်းဆုံး ကြိုးစားထိန်းသိမ်းသွားမည် ဖြစ်တာကြောင့် ဆက်လက်ပြီး အားပေးကြပါဦးနော်။ ^^