အခန်း (၁၆၇+၁၆၈)
Vol. 17 Ch. 167+168
အပိုင်း ၁၆၇ + ၁၆၈
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ဤအန္တရာယ်များလှသည့် တောင်ထွတ်မှာ ဓားသခင် ပိုင်ရှောင်း တံခါးပိတ် ကျင့်ကြံနေသည့် နေရာပင်။
တောင်ထွတ်၏ အရှေ့ဘက်၌ ဂူတစ်ခုရှိနေပြီး ထိုဂူမှာ ပိုင်ရှောင်းကိုယ်တိုင် သူ၏ ဓားကိုအသုံးပြုကာ ထွင်းထုထားခြင်း ဖြစ်သည်။ ဂူထဲ၌မူ ဓားသခင် ပိုင်ရှောင်း ကျင့်ကြံနေ၏။
ဆိုလွန်က အရိုအသေပေးလိုက်သည်။ “အရှင် ဓားသခင်... ထျန်းရွှေမြို့စား ဆိုလွန် ဓားသိုင်းသင်ချင်လို့ လာဂါရဝပြုတာပါ။”
ဂူထဲမှ မည်သည့် တုံ့ပြန်မှုမှ ထွက်ပေါ်မလာချေ။
“အရှင် ဓားသခင်... မြို့စားကြီး ဆိုလုံရဲ့သား ဓားသိုင်းသင်ချင်လို့ လာဂါရဝပြုတာပါ။”
ယခင်အတိုင်းပင် ဂူထဲမှ တုံ့ပြန်မှု မရှိချေ။
“အရှင် ဓားသခင်... ပိုင်နက်ဆုံးရှုံးရတော့မည့် မြို့စားတစ်ယောက် လာဂါရဝပြုတာပါ။”
ဂူထဲမှ တုံ့ပြန်မှု မရှိဆဲပင်။
ဆိုလွန်က အသိပေးလိုက်သည်။ “အရှင် ဓားသခင်... ကျွန်တော် ဝင်ခဲ့မယ်နော်။”
ထို့နောက် သူ ဂူထဲသို့ လျှောက်သွားလိုက်၏။
သို့သော် ခြေလှမ်းအနည်းငယ် လှမ်းရုံရှိသေးချိန်၌ပင် အလွန်တရာ အစွမ်းထက်သည့် စွမ်းအင်တစ်ခု၏ တွန်းထုတ်ခြင်းကို ခံလိုက်ရသည်။
ဓားသခင် ပိုင်ရှောင်း၏ အသံက ဂူထဲမှ ထွက်ပေါ်လာ၏။ “ငါ ဧည့်သည်ရော တပည့်ပါ လက်မခံဘူး။ ပြန်တော့။”
ဆိုလွန်က ပြန်မေးလိုက်သည်။ “အတင်း ဝင်လာမယ်ဆိုရင်ရော။”
**--**--**--**--**--**--**--**
ဂူထဲရှိ ဓားသခင်က တုံ့ပြန်ခြင်း မရှိချေ။
ဆိုလွန်က ထပ်မေးလိုက်၏။ “အရှင် ဓားသခင်... အကယ်၍ ကျွန်တော် ဝင်လာနိုင်ရင်ရော။”
ဂူထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။ “ဆိုလွန်လား... ဒီလောကမှာရှိတဲ့ အရာအားလုံးမှာ တန်ဖိုးတစ်ခုစီ ရှိတယ်။ ဝင်ခွင့်ပြုရင် ငါ့ကို ဘာပေးနိုင်မလဲ။”
ဆိုလွန် အံ့ဩသွားရ၏။ ဤဓားသခင်၏ အသံမှာ ပြိုင်ဘက်ကင်း သိုင်းပညာရှင် တစ်ယောက်နှင့် မတူဘဲ ကုန်သည်တစ်ဦးနှင့် ပို၍ တူနေသည်။
ဓားသခင်က ဆက်ပြော၏။ “မဖြေခင် သေချာစဉ်းစား။ ငါ့ကို ဘာပေးနိုင်မလဲ။ အခု လက်ရှိ မင်းဆီမှာ ရှိနေတဲ့အရာလား။ ဒါမှမဟုတ် နောက်မှ ပေးနိုင်မယ့် အရာလား။ မင်းပေးမယ့်အရာက ငါ့ကို စိတ်လှုပ်ရှားစေနိုင်ရင် ဝင်ခွင့်ပြုမယ်။ ဒါပေမဲ့ အခွင့်အရေး တစ်ခါပဲ ရှိမယ်။”
ချက်ချင်းပင် ဆိုလွန်တစ်ယောက် အတွေးနက်သွားတော့သည်။ သူ ဓားသခင်ကို မည်သည့်အရာ ပေးနိုင်မည်နည်း။
ဓားသခင် မည်သည်ကို လိုအပ်နေသည်နည်း။
သူ မည်သည့်အရာကိုမှ လိုအပ်နေမည် မဟုတ်ချေ။ လူတစ်ယောက်၏ ဘဝ၌ ဂုဏ်ကျက်သရေ ၊ စည်းစိမ်ဥစ္စာနှင့် အချစ်ကိုသာ ရှာဖွေတတ်ကြ၏။
ဓားသခင်သည် မြို့စားရာထူးနှင့် ငွေကြေးများကို ဂရုမစိုက်သလို တစ်ကမ္ဘာလုံး၌လည်း နာမည်ကျော်ကြားပြီး ဖြစ်သည်။
ယခု အသက် ၇၀ နီးပါး အရွယ်၌ သူသည် အရာအားလုံးကို ထွင်းဖောက်မြင်သိနေပြီဖြစ်ကာ အရာအားလုံးကိုလည်း ပိုင်ဆိုင်ထားပြီးဖြစ်၏။ သူ လိုအပ်နေသည့်အရာ မရှိနေပေ။
ဆိုလွန်ကဲ့သို့ သာမန်လူငယ်တစ်ယောက်က သူ့ကို ဘာများပေးနိုင်မည်နည်း။ အမှန်တကယ်တော့ ဘာမှ ပေးနိုင်မည် မဟုတ်ချေ။
ထိုသို့ဆိုလျှင် ဓားသခင်က အဘယ်ကြောင့် သူ့အား သေချာစဉ်းစားရန် ပြောရသနည်း။ သူ ဘာကို လိုအပ်နေသနည်း။
ဆိုလွန် မျက်လုံးမှိတ်ကာ ဓားသခင်၏ အသံကို ပြန်စဉ်းစားကြည့်လိုက်သည်။ အသံမှာ အထီးကျန်ဆန်လွန်းပြီး နက်ရှိုင်းကာ အသက်ဝင်မှု ကင်းမဲ့နေ၏။
ထို့ကြောင့် ဆိုလွန်က ပြန်ဖြေလိုက်သည်။ “လက်ရှိ ကျွန်တော့်ဆီမှာ ဘာမှ မရှိသလောက်ပဲ။ ဒါကြောင့် အရှင် ဓားသခင်ကို ကျွန်တော် ပေးနိုင်တာ အပြုံးတစ်ခုပဲ ဖြစ်နိုင်လိမ့်မယ်။”
ဓားသခင်က ငြင်းလိုက်၏။ “မင်းရဲ့ အပြုံးလား... အဲ့ဒါ ငါ မလိုအပ်ဘူး။”
ဆိုလွန်က ခေါင်းရမ်းလိုက်သည်။ “မဟုတ်ဘူး။ အရှင် ဓားသခင်ရဲ့ အပြုံးပါ။ အရှင် ဓားသခင်... ခင်ဗျား မပြုံးတာ ဘယ်လောက်ကြာပြီလဲ။ ပိုင်နက်ကို ဆုံးရှုံးရကတည်းက တစ်ခါမှ မပြုံးတော့တာ ဖြစ်နိုင်တယ်လေ။”
ပိုင်နက်ကို ဆုံးရှုံးရသည်ဟု ဆိုလွန် ပြောလိုက်သည့်အခါ ဓားသခင် ဆန္ဒအလျောက် စွန့်လွှတ်သည်ဆိုသည့် ဒဏ္ဍာရီကို မဆိုလိုဘဲ အဖြစ်မှန်ကို ဆိုလိုခြင်း ဖြစ်၏။
ဓားသခင် တိတ်ဆိတ်သွားသည်။ မှန်ပေ၏။ သူ မပြုံးသည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီ ဖြစ်သည်။ မည်သို့ ပြုံးရမည်ကိုပင် သူ မေ့လျော့နေ၏။ သူ၏ ဘဝမှာ အဆုံးအစမရှိ အထီးကျန်ဆန်ပြီး ခြောက်ကပ်သည့် ခရီးစဉ်တစ်ခုနှယ် ဖြစ်နေသည်။
ဓားသခင်က သဘောတူလိုက်၏။ “ကောင်းပြီ။ ကြိုးစားကြည့်။ ငါ့ကို ပြုံးအောင် လုပ်ဖို့ဆိုတာ အရမ်းခက်တဲ့ ကိစ္စပဲ။ သတ်ရတာထက် ပိုခက်နိုင်တယ်။ ဘယ်လို ပြုံးရမလဲဆိုတာ ငါ လုံးဝမေ့နေပြီ။”
မှန်ပေသည်။ ဓားသခင်ကဲ့သို့သော မဟာဆရာသခင် တစ်ယောက်ကို ပြုံးအောင်လုပ်ခြင်းသည် သူ့အား သတ်ပစ်ခြင်းထက် ပို၍ ခက်ခဲနေမည်သာ။
ဆိုလွန်က အစပျိုးလိုက်၏။ “ကျွန်တော် ဟာသတစ်ခု ပြောပြမယ်။”
ဓားသခင်မှာ စကားပင် မဆိုနိုင်တော့ချေ။ သူ၏ နှလုံးသားမှာ လှိုင်းဂယက် ကင်းမဲ့နေသော ရှေးဟောင်း ရေတွင်းအိုကြီးတစ်ခုကဲ့သို့ သေဆုံးငြိမ်သက်နေသည်။
လက်ရှိအချိန်၌ သူ အရှေ့ပိုင်းဘုရင် ကျန်းရှန်ကို အနိုင်ယူပြီး လောက၌ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာလျှင်ပင် ပြုံးနိုင်မည် မဟုတ်ပေ။
သို့သော် မထင်မှတ်ထားစွာပင် ဆိုလွန်က သူ့အား ဟာသတစ်ခု ပြောပြချင်နေ၏။
ဆိုလွန်က ဆက်ပြောသည်။ “တစ်ညမှာ ကွေ့ချင်းရှောင်း ရေချိုးနေတယ်။ ရုတ်တရက် ပြတင်းပေါက် အပြင်ဘက်မှာ အရိပ်တစ်ခုကို သူ မြင်လိုက်ရတယ်။ တစ်ယောက်ယောက်က သူ့ကို ချောင်းကြည့်နေတာပေါ့။”
“အဲ့ဒီလူရဲ့ ပုံစံက သူ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီး ချင်းချန်ဇီနဲ့ တူနေတယ်။ ဒါနဲ့ သူက အဝတ်အစား မြန်မြန်ဝတ် ၊ ခင်ဗျားဆီကို အသံကျယ်ကြီးနဲ့ ငိုယိုပြေးလာရော။ ပြီးတော့ ဂိုဏ်းတူမောင်နှမတွေ အကုန်လုံးကို ခေါ်လိုက်တယ်။”
“သူက ခင်ဗျားကို တိုင်တယ်... ချင်းချန်ဇီက သူ ရေချိုးနေတာကို ချောင်းကြည့်ပါတယ်ပေါ့။ ချင်းချန်ဇီကတော့ ငြင်းတာပေါ့။ ဒါပေမဲ့ ကွေ့ချင်းရှောင်းကတော့ ချင်းချန်ဇီမှ ချင်းချန်ဇီပဲ ဆိုပြီး အတင်းပြောတယ်။ ဘာလို့လဲဆိုတော့ သူ ကိုယ်တိုင် မြင်လိုက်ရလို့လေ။”
ဂူထဲမှ မည်သည့် တုံ့ပြန်မှုမှ မရှိချေ။
ဆိုလွန်က ဆက်ပြော၏။ “ဒါကြောင့် ဂိုဏ်းတူအစ်ကိုကြီး ချင်းချန်ဇီက ကောင်းကင်ကို လက်ညှိုးထိုးပြီး သစ္စာဆိုလိုက်တယ်။ အကယ်လို့ ကျွန်တော် ညီမလေး ကွေ့ချင်းရှောင်း ရေချိုးတာကို ချောင်းကြည့်မိရင် ကောင်းကင်က ကျွန်တော့်ကို မိုးကြိုးငါးခါပစ်ပြီး ခွေးသေသေပါစေတဲ့။”
ဆိုလွန် အနည်းငယ် ရပ်တန့်လိုက်သည်။ “ဝုန်းးး... မိုးကြိုးတွေ အများကြီး ပစ်ချလိုက်တာ... အဲ့ဒါတွေက အရှင် ဓားသခင် ခင်ဗျားဆီကို လာမှန်ရော...။”
ယခင်အတိုင်းပင် ဂူထဲမှ တုံ့ပြန်မှု မရှိပေ။ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ဆိုလွန် အနည်းငယ် ချမ်းစိမ့်သွားသည်ဟု ခံစားလိုက်ရ၏။
အချိန်ခဏအကြာ၌ ဂူထဲမှ ရယ်မောသံကြီး ထွက်ပေါ်လာသည်။
“ဟားဟားဟား... ခွေးမသားလေး။ မင်းက ဒီအဘိုးကြီးကို ဒီလောက် ရိုင်းစိုင်းညစ်ညမ်းတဲ့ ဟာသမျိုး ပြောရဲတယ်ပေါ့။ ငါက မင်းကို လက်ဝါးတစ်ချက်တည်းနဲ့ သေအောင်ရိုက်သတ်မှာကို မကြောက်ဘူးလား။ ကွေ့ချင်းရှောင်းက မင်းရဲ့ စေ့စပ်ထားတဲ့ မိန်းကလေးလေ။ ဒါတောင် သူ့ကို ဟာသလုပ်ရဲသေးတယ်လား။ မင်းက တကယ့်ကို ကောက်ကျစ်အောက်တန်းကျတဲ့ ကောင်စုတ်လေးပဲ။”
ထို့နောက် ဓားသခင်က ခွင့်ပြုလိုက်သည်။ “ကောင်းပြီ။ ဝင်ခဲ့။”
ချက်ချင်းပင် သူ့ အရှေ့ရှိ အစွမ်းထက်သော စွမ်းအင်တံတိုင်းကြီး ပျောက်ကွယ်သွားပြီး ဆိုလွန် ဂူထဲသို့ ဝင်သွားလိုက်၏။
**--**--**--**--**--**--**--**
ဓားသခင် ပိုင်ရှောင်းက ထိုညစ်ညမ်းသော ဟာသကြောင့် ဆိုလွန်ကို တကယ်ပဲ ဝင်ခွင့်ပြုလိုက်ခြင်းလော။ သေချာပေါက် မဟုတ်ပေ။ ပိုင်နက်ဆုံးရှုံးရတော့မည့် ဆိုလွန် လာရောက်လည်ပတ်သောကြောင့်သာ ဖြစ်၏။ ဆိုလွန်သည် ပိုင်ရှောင်းနှင့် တူညီသည့် ပြဿနာကို ရင်ဆိုင်နေရသူ ဖြစ်သည်။
ပိုင်ရှောင်းက ဤအကြောင်းပြချက်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံနိုင်ခြင်း မရှိသည်သာ ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ လူအများရှေ့၌ ပိုင်ရှောင်းသည် ဓားသိုင်းပညာရပ်၌ အပြည့်အဝ နစ်မြုပ်နေချင်သောကြောင့် မိုင်ရာချီ ကျယ်ဝန်းသည့် သူ၏ ပိုင်နက်ကို ကိုယ်တိုင်ဆန္ဒအလျောက် စွန့်လွှတ်ခဲ့သည် မဟုတ်ပါလော။
ထို့ကြောင့် ဓားသခင်က ဆိုလွန်ကို စမ်းသပ်ရန်အတွက် အကြောင်းပြချက် တစ်ခုကို ကြုံသလို ဖန်တီးလိုက်ခြင်း ဖြစ်၏။
ဆိုလွန်၏ အဖြေ ဤမျှအထိ ထူးခြားနေမည်ဟု သူ မမျှော်လင့်ထားပေ။ ဓားသခင် မည်သည့်အရာကိုမှ မလိုအပ်ချေ။ သူ၏ နှလုံးသားမှာ သေဆုံးကာ စိတ်ပျက်လက်ပျက် ဖြစ်နေ၏။ သူ လိုအပ်နေသော တစ်ခုတည်းသော အရာမှာ အပြုံးတစ်ခုသာ...။
ဆိုလွန်၏ ဟာသသည် အလွန်ရိုင်းစိုင်းပြီး ဓားသခင်ကိုပင် လှောင်ပြောင်ထားသော်လည်း... ထိုအရာက သူ့ကို အမှန်တကယ် ပြုံးသွားစေသည်။
အတွင်းသို့ ဝင်သွားပြီးနောက် ပိုင်ရှောင်း ကျင့်ကြံနေသော ဂူမှာ စတုရန်းမီတာ အနည်းငယ်သာရှိပြီး အလွန်သေးငယ်ကြောင်း ဆိုလွန် တွေ့လိုက်ရ၏။ ကျောက်တုံးများမှလွဲ၍ အတွင်း၌ ဘာမှ မရှိပေ။
မှိန်ပျပျ အလင်းရောင်အောက်၌ ဒဏ္ဍာရီလာ ဓားသခင် ပိုင်ရှောင်း ၊ ဓားသိုင်းပညာ၏ နံပါတ်တစ် မဟာဆရာသခင်ကြီးကို သူ မြင်လိုက်ရသည်။
ဆိုလွန်၏ စိတ်ကူးထဲ၌ ဓားသခင် ပိုင်ရှောင်းမှာ အလွန်အစွမ်းထက်သော သိုင်းပညာကို ရှိထားသောကြောင့် ဆံပင်ဖြူနေသော်လည်း နုပျိုသည့် မျက်နှာကို ပိုင်ဆိုင်ထားသည့် မသေမျိုး အဘိုးအို တစ်ဦးကဲ့သို့ ဖြစ်နေမည်ဟု ထင်မှတ်ထားခဲ့၏။ နက်နဲ ၊ ဆန်းကြယ်ပြီး နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
သို့သော် အပြင်လက်တွေ့၌မူ ဓားသခင် ပိုင်ရှောင်းမှာ ဆိုးရွားလှသော အဘိုးအိုကြီး တစ်ဦးကဲ့သို့ ဖြစ်နေသည်။ သူ၏ ဆံပင်များမှာ လုံးဝ ဖြူဖွေးနေပြီး မျက်နှာမှာ ပိန်ချုံးကာ ခန္ဓာကိုယ်မှာလည်း နွမ်းနယ်နေ၏။ ယခုနှစ်၌ သူ အသက် ၆၉ နှစ် ရှိပြီဖြစ်သော်လည်း တကယ်တမ်း၌ အသက် ၈၀ ကျော်နေသည်ဟုပင် ထင်ရသည်။
လူတစ်ယောက် အလွန်အိုမင်းလာသည့်အခါ ၊ အထူးသဖြင့် မျက်နှာ အလွန်ပိန်ချုံးသွားသည့်အခါ၌ သူ၏ မျက်နှာသွင်ပြင်များကို ရှင်းလင်းစွာ မမြင်နိုင်တော့ချေ။ ထို့ကြောင့် သူတို့ ချောမောခြင်း ရှိမရှိ ၊ သို့မဟုတ် ရုပ်ဆိုးခြင်း ရှိမရှိကို ခွဲခြား၍ မရနိုင်တော့ပေ။
လက်ရှိ၌လည်း ဓားသခင် ပိုင်ရှောင်းမှာ အလွန် ပိန်ချုံးနေသောကြောင့် သူ ချောသလား ၊ ရုပ်ဆိုးသလား ဆိုသည်ကို ခွဲခြားသိမြင်ရန် မဖြစ်နိုင်နေချေ။
ဓားသခင် ပိုင်ရှောင်းက မေးလိုက်၏။ “ဘာဖြစ်လို့လဲ။ ဒီအဘိုးကြီးက မင်း စိတ်ကူးထားတာနဲ့ လုံးဝ ကွဲလွဲနေလို့လား။ စိတ်ပျက်သွားပြီလား။”
ဆိုလွန်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ ဒါပေမဲ့ ဒါက ကျွန်တော့် ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်တာပဲ။ မြို့စားတစ်ယောက်က သူ့ ကိုယ်ပိုင်ပိုင်နက်နဲ့ ဘိုးဘေးအမွေအနှစ်ကို ဘယ်တော့မှ ဆန္ဒအလျောက် စွန့်လွှတ်မှာ မဟုတ်ဘူးလေ။”
ဓားသခင် ပိုင်ရှောင်းက သက်ပြင်းချလိုက်၏။ “ဒါတွေ ဆက်မပြောကြရအောင်။ ပိုဝမ်းနည်းရုံပဲ ရှိမယ်။ အဲ့ဒါကို ဖြတ်သန်းခဲ့ရတဲ့ လူတစ်ယောက်အနေနဲ့ မင်းကို အကြံဉာဏ် နည်းနည်းလောက် ပေးပါရစေ။ မင်း သိုင်းပညာ ဘယ်လောက် အစွမ်းထက်ထက် အသုံးမဝင်ဘူး။”
“အစွမ်းထက်လွန်းတဲ့ စစ်ရေးအင်အား ဒါမှမဟုတ် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ အာဏာနဲ့ သြဇာလွှမ်းမိုးမှုတွေကို မင်း ယှဉ်တိုက်နိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ စွမ်းအားက နဂါးဧကရာဇ်ရဲ့အဆင့်ကို ရောက်နေရင်တော့ တစ်မျိုးပေါ့။”
ဆိုလွန်က တုံ့ပြန်လိုက်သည်။ “ဟုတ်ကဲ့။ လမ်းညွှန်ပေးလို့ ကျေးဇူးတင်ပါတယ် အရှင် ဓားသခင်။”
ဓားသခင်က မေးလိုက်၏။ “ငါ့ဆီ ဘာကိစ္စလာတာလဲ။”
“ဓားသိုင်းသင်ဖို့ပါ။”
ဓားသခင်က ထပ်မေးလိုက်၏။ “ဘာလို့ ဓားသိုင်း သင်ချင်တာလဲ။”
“ကွေ့ချင်းရှောင်းကို နိုင်ဖို့ပါ။”
ဓားသခင် မျက်လုံးမှေးကာ ဆိုလွန်ကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်၏။ “မင်းရဲ့ ပါရမီက ကောင်းပါတယ်။ အကယ်လို့ မင်း ဓားသိုင်းပညာမှာ အပြည့်အဝ နစ်မြုပ်ကျင့်ကြံမယ်ဆိုရင်တော့ နှစ်အနည်းငယ်အတွင်း ကွေ့ချင်းရှောင်းကို နိုင်ကောင်းနိုင်ပါရဲ့။”
ဓားသခင် ထိုသို့ ပြောလိုက်သောအချိန်၌ ဆိုလွန်၏ ကိုယ်ပိုင် သွေးကြောပါရမီနှင့် စိတ်ဝိညာဉ် အာရုံခံနိုင်စွမ်းကိုသာ အခြေခံ၍ အကဲဖြတ်ထားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤလောက၌ အသူရာမိစ္ဆာကြယ် ရှိနေသည်ကို မည်သူကမှ မသိကြချေ။
ဆိုလွန်က ချောင်းဟန့်လိုက်၏။ “ကျွန်တော်... အဲ...။ ကျွန်တော် ကွေ့ချင်းရှောင်းနဲ့ နောက်ဆယ်ရက်နေရင် သိုင်းပြိုင်ဖို့ ရှိတယ်။”
“အဟွတ်... အဟွတ်... အဟွတ်...” ထိုသည်ကို ကြားလိုက်ရသောအခါ ဓားသခင်မှာ သူ့တံတွေးနှင့်သူ သီးလုမတတ် ဖြစ်သွားရပြီး အပြင်းအထန် ချောင်းဆိုးလာတော့သည်။
ဆိုလွန် အလျင်စလို ရှေ့တိုးကာ သူ၏ ကျောကို ပုတ်ပေးလိုက်၏။
ချောင်းဆိုးရပ်သွားပြီးနောက် ဓားသခင် ပိုင်ရှောင်းက အပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။ “ထွက်သွားစမ်း။”
သူ၏ မဟာဆရာသခင်ဆိုသော ဂုဏ်ပုဒ်သာ မရှိလျှင် ဆိုလွန်အား နေရာ၌ပင် မြေကြီးထဲသို့ ကျွံဝင်သွားသည်အထိ အမှန်တကယ် ရိုက်ချလိုက်မိနေလေပြီ။
ဤခွေးမသားလေးက ဓားသိုင်းပညာကို ဘာများ မှတ်နေသနည်း။ ဘာမှ မရှိသော အခြေအနေကနေ စတင်ပြီး နှစ်ပေါင်းများစွာ ဓားသိုင်းကျင့်ကြံထားသည့် ကွေ့ချင်းရှောင်းကို ဆယ်ရက်အတွင်း အနိုင်ယူချင်နေသည်လား။
လောက၌ရှိသော ဓားကျင့်ကြံသူအားလုံးကို အမှိုက်များ ထင်မှတ်နေသည်လား။
ဆိုလွန်က ဆက်ပြောလိုက်သေး၏။ “ဒါ့အပြင် ကျွန်တော် နဂါးစွမ်းအားလည်း သုံးမှာ မဟုတ်ဘူး။ ဓားသိုင်းသက်သက်နဲ့ပဲ ပြိုင်မှာ။ အတိအကျ ပြောရရင် ကပ်ဘေးကိုးသွယ်ဓားသိုင်းနဲ့ ပြိုင်မှာပါ။”
အပိုင်း ၁၆၇ + ၁၆၈ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team